ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ရာစု ပင်လုံညီလာခံ အဖွင့်မိန့်ခွန်း


ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ရာစု ပင်လုံညီလာခံ အဖွင့်မိန့်ခွန်း
(နိုင်ငံတော်အတိုင်ပင်ခံ၏ ဖေ့စ်ဘွတ်မှ) မိုးမခ၊ စက်တင်ဘာ ၁၊ ၂၀၁၆

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ အခမ်းအနားဖွင့်ပွဲမိန့်ခွန်း (သြဂုတ် ၃၁၊ ၂၀၁၆၊ နေပြည်တော်)

ယနေ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနားကို ကြွရောက်လာကြတဲ့ ဧည်သည်တော်များ၊ ကိုယ်စားလှယ်များနဲ့တကွ၊ ယခုလို အချိန်အခါမှာ ကျွန်မတို့နဲ့အတူ စိတ်အားဖြင့် ရှိနေသူပုဂ္ဂိုလ်များအားလုံးနှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ၊ ကောင်းကျိုး လိုရာ ဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေလို့ ပဏမအားဖြင့် ဆုတောင်းမေတ္တာပို့သ ပါတယ်။

ဒီခန်းမကြီးဟာ ငြိမ်းချမ်းရေးကို မြတ်နိုး တန်ဖိုးထားတဲ့ ဧည့်သည်တော်များ၊ ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်များနဲ့သာ ပြည့်နေရုံမက၊ ကမ္ဘာတစ်ဝှမ်းက ကျွန်မတို့အပေါ် စိတ်ကောင်းစေတနာထားတဲ့ မိတ်ဆွေများရဲ့ မျှော်လင့်ချက်တွေ၊ ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ အိပ်မက် တမ်းတချက်တွေနဲ့ လျှံနေပါတယ်။ ဒီမျှော်လင့်ချက်တွေ ဖြည့်ဆည်းပေးဖို့၊ ဒီအိပ်မက်တွေ အကောင်အထည်အဖော် ပေးဖို့ဆိုတာ လွန်စွာ ကြီးမားတဲ့ တာဝန်ကြီးဖြစ်ပါတယ်။ ကြီးမားပေမဲ့ ကြီးလေးတယ်လို့တော့ မဆိုလိုပါဘူး။

ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ အနှိုင်းမဲ့ပျော်ရွှင်ချမ်းမြေ့မှုကြီးကို မခံစားသွားရရှာတဲ့ ဒီလောကကြီးမှ ထွက်ခွာသွားပြီဖြစ်တဲ့ နိုင်ငံချစ်ပုဂ္ဂိုလ်တွေအပေါ် သစ္စာစောင့်သိခြင်း၊ လက်ရှိပစ္စုပန် ကာလမှာ ငြိမ်းချမ်းမှုမရှိခြင်းရဲ့ ဒုက္ခတွေကို ခါးစည်းခံနေရတဲ့ ပြည်သူတွေအပေါ် ထားအပ်တဲ့ကရုဏကို အတည်ပြုခြင်း၊ ကျွန်မတို့ ထားခဲ့မယ့် ကောင်းမွေ၊ ဆိုးမွေမှန်သမျှကို ဆက်ခံရ မယ့် အနာဂတ်မျိုးဆက်သစ်တွေအားလုံးအပေါ် မေတ္တာ သက်သေထူခြင်းအရ ထမ်းဆောင်ရတဲ့ တာဝန် ဆိုတာဟာ ကြီးလေးတယ်လို့ မရှိနိုင်ပါဘူး။ သမိုင်းမှတ်ကျောက် တင်လောက်အောင် လုပ်ငန်းကြီးတစ်ခု အောင်မြင်အောင် လုပ်နိုင်ဖို့ ဘာနဲ့မှမတူတဲ့ ထူးခြားတဲ့ အခွင့်အရေးကြီးတစ်ရပ် ရခြင်းဖြစ်ပါတယ်။

ဒီအခွင့်အရေးကြီးကို ကျွန်မတို့အားလုံး ပညာတတ်သိ၊ လုံ့လ၀ီရိယနဲ့ မိမိရရ ဆုပ်ကိုင်ပြီး အလင်းရောင်သန်းတဲ့ အနာဂတ်တစ်ရပ် ဖော်ထုတ်ကြပါစို့။မတူညီတဲ့ အမြင်သဘောထားတွေကို ပြည်သူတွေ ကောင်းကျိုးအတွက် ညှိနှိုင်းစွမ်းဖြစ်စေတဲ့ ပညာ ၊ လက်ခံသင့်တဲ့ အတွေးအခေါ် အပြုအမူအသစ်တွေကို လက်ခံရဲတဲ့သတ္တိ၊ ခက်ခဲတဲ့လုပ်ငန်းတွေကို အောင်မြင်သည်ထိ ဆောင်ရွက်နိုင်တဲ့ ၀ီရိယတို့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးမှာ ပါဝင်သူအားလုံးဟာ မိမိတို့ရဲ့ကဏ္ဍ သေးသည် ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ကြိုးပမ်းဆောင်ရွက် သွားမယ်ဆိုရင် ကျွန်မတို့မျှော်မှန်းတမ်းတနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင် တည်ထောင်စဉ်က ပြည်ထောင်စု တိုင်းရင်းသား အချင်းချင်း အပြန်အလှန် လေးစားခြင်း၊ ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းတို့မှာ အခြေခံမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေဟာ တန်းတူရည်တူအခွင့်အရေးတွေကို အာမခံခြင်း၊ ပြည်ထောင်စုသား တိုင်းရင်းသားအချင်းချင်း ပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်ယုံကြည်မှု ရယူပြီး ညှိနှိုင်းဆွေးအဖြေရှာခြင်းတို့အပေါ် အခြေခံမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ အမျိုးသားရင်ကြားစေ့ရေး မူကို အခြေခံတဲ့အစိုးရကလည်း ဒီရည်မှန်းချက်တွေကို အကောင်အထည် ဖော်ဖို့ စိတ်အားထက်သန် ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ဆိုင်ရာ သဘောတူညီစာချုပ် NCA ဆိုတာ ငြိမ်းချမ်းရေးအတွက် သာမက ကျွန်မတို့အားလုံး ရှည်ကြာစွာ မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် အစဦး ခြေလှမ်းဖြစ်ပါတယ်။

NCA နဲ့ပတ်သက်လို့ လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့တွေရှိသလို၊ အကြောင်းကြောင်းကြောင့် မထိုးရသေး တဲ့ အဖွဲ့တွေလည်း ရှိနေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးပြုလုပ်တဲ့အခါမှာ NCAကို အခြေခံ ပြီး ဆောင်ရွက်သွားရမှာ ဖြစ်တဲ့အတွက် ကျွန်မတို့ အစိုးရသစ် လက်ထက်မှာ NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့အဖွဲ့တွေ ပါဝင်လာနိုင်အောင် အထူးအလေးထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။အမျိုးသား ရင်ကြားစေ့ရေးဟာ ပြည်ထောင်စုသား အားလုံးနဲ့ဆိုင်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အချင်းချင်း ကြားက သင့်မြတ်ရေး လည်း ပါဝင်ပါတယ်။ NCA လက်မှတ်ထိုးပြီးဖြစ်တဲ့ အဖွဲ့တွေနဲ့ NCA မထိုးရသေးတဲ့ အဖွဲ့တွေကြားမှာ ၀ိဝါဒကွဲပြားမှုတွေ ဖြစ်ပေါ်နေရင် ကျွန်မတို့ ငြိမ်းချမ်းရေးခရီးဟာ နှောင့်နှေးကြန့်ကြာမှုတွေဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့ တိုင်းရင်းသား အချင်းချင်းကြားမှာ နားလည်မှု လွဲမှားတာတွေ စိတ်ဝမ်းကွဲပြားမှုတွေမရှိစေဖို့ ဘုံသဘောတူညီချက်ဖြစ်တဲ့ NCA ရဲ့ ထီးရိပ် အောက်မှာအားလုံးရောက်ရှိလာအောင် ကျွန်မတို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ အစိုးရဖြစ်လာတဲ့ ကျွန်မတို့ဟာ မဲဆန္ဒရှင်များအပ်နှင်းလိုက်တဲ့ လုပ်ပိုင်ခွင့် အာဏအရ နိုင်ငံသူနိုင်ငံသားတွေ ခေတ်အဆက်ဆက် မျှော်လင့်တောင့်တ ခဲ့ကြတဲ့ ရေရှည်တည်တံ့ခိုင်မြဲစေမယ့် ငြိမ်းချမ်းရေးကို ရယူပေးဖို့ ကြိုးပမ်းရန် ဆုံးဖြတ်ခဲ့ပါတယ်။

ကျွန်မတို့ရဲ့ ပြည်ထောင်စုသား အားလုံးအပေါ် ယုံကြည်မှု အပြည့်အ၀နဲ့ ငြိမ်းချမ်းရေးခရီးကို လျှောက်လှမ်းဖို့ ကျွန်မတို့ စတင်ခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ညီညွတ်ရေး မတည်ဆောက်နိုင်ရင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့အားလုံး ညီညွတ်မှ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းပါမယ်။ ကျွန်မတို့နိုင်ငံငြိမ်းချမ်းမှ အခြားဒေသအတွင်း နိုင်ငံတွေ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတွေနဲ့ ရင်ဘောင်တန်း နိုင်မှာပါ။

အချိန်လွန်နေပြီဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ကျွန်မတို့ဆွေးနွေးရမယ်။ ညှိနှိုင်းရမယ်။ ဒီလိုမျိုးနိုင်ငံရေး စားပွဲဝိုင်းမှာ စေ့စပ်ညှိနှိုင်း အဖြေရှာကြမယ်ဆိုရင် အားလုံးသဘောတူ လက်ခံနိုင်မယ့် မူဘောင်တစ်ခု မရှိမဖြစ်လိုအပ်ပါတယ်။

NCA သဘောတူညီမှုအရ နိုင်ငံရေး သဘောတူညီမှု မူဘောင် Political Dialogue Framework ကို ပြီးခဲ့ကာလမှာ ရေးဆွဲခဲ့ကတည်း ကပြောင်းလွယ်၊ ပြင်လွယ် ဆောင်ရွက်နိုင်အောင် လုပ်ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။ ရွေးကောက်ပွဲ အပြီးမှာ နိုင်ငံရေးအခင်းအကျင်းတွေ ပြောင်းလဲလာနိုင်တဲ့ မျော်မှန်းလာနိုင်တဲ့ ကျွန်မတို့ ဒီလိုတိုက် တွန်းခဲ့ပဲဖြစ်ပါတယ်။

ကျွန်မတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်စဉ်က စပြီး နိုင်ငံရေးဆွေးနွေး၊ မူဘောင် ပြန်လည်သုံးသပ်ရေး လုပ်ငန်းတွေကို NCA လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့တွေနဲ့ ညှိနှိုင်း ဆောင်ရွက် ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ လက်မှတ် မထိုးရသေးတဲ့ လက်ကျန် အဖွဲ့တွေ ပါဝင်လာနိုင်အောင်လို့ ဆောင်ရွက်ပေးခဲ့တယ်။

လက်နက်ကိုင် ပဋိပက္ခတွေရဲ့ မူလဇာစ်မြစ်ဖြစ်တဲ့ နိုင်ငံရေးပြသ၁နာ တွေကို ဖြေရှင်းနိုင်ဖို့ အဓိကလိုအပ်ချက်ဟာ အပြန်အလှန် နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်း အဖြေရှာနိုင်ဖို့ဖြစ်တယ်ဆိုတာကို အမြဲပဲခံယူထားခဲ့ပါတယ်။ပြည်သူလူထုအားလုံးရဲ့ လွတ်လပ်ရေး အတွက် မျှော်လင့်ချက်ကို ညီညွတ်ခြင်း ပေါင်းစည်းခြင်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့ ပင်လုံစိတ်ဓာတ်ဟာ ဆိုရင် ကျွန်မတို့လက်ရှိ ရောက်ရှိနေတဲ့ ၂၁ ရာစုအတွက်လည်း မရှိမဖြစ် လိုအပ်ချက်တွေပါပဲ။

ကျွန်မတို့အားလုံး မျှော်မှန်းတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လို့ ရှိရင် ကျွန်မတို့ တိုင်းရင်းသားတွေ အားလုံး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တန်းတူညီတူ စုပေါင်းဆွေးနွေးညှိနှိုင်း အဖြေရှာစေမယ့် ၂၁ ရာစုမှာ ညီလာခံဖြစ်နိုင်ဖို့ ဒါပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီး စတင်ဖြစ်ပေါ်လာစေတဲ့ နောက်ခံ အတွေးအခေါ် တွေ ဖြစ်ပါတယ်။

ကျွန်မတို့အစိုးရရဲ့ ဦးစားပေး လုပ်ငန်းစဉ်ကြီး တစ်ခု အနေနဲ့ ဒီမှာ စတင် ကျင်းပနိုင်ဖို့ အတွက် ၂၀၁၆ ခုနှစ် မေလ ၉ ရက်နေ့ စတင်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ ညီလာခံအကြို ပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းပြီး တစ်ဖက်မှာ လည်း Myanmar Peace Centre ကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။

ဒီနေရာမှာ အခွင့်ကြုံတုန်း MPC ကိုထူထောင်ပြီး အပစ်အခတ် ရပ်စဲအောင် ကြိုးပမ်းခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်ခဲ့တဲ့ အစိုးရအဖွဲ့၊ ယခင်အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက် များကို ကျွန်မတို့ ယခု ဆက်လက်ပြီးတော့ တည်ဆောက် သွားပါမယ်။

NCA အရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ဥပဒေပေါ်မူတည်ပြီး UPDJC ကို ပြင်ဆင်ဖွဲ့စည်းရာမှာ ကျွန်မကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ပြီး UPDJC အစည်းအဝေးကို ၂ ကြိမ် ကျင်းပခဲ့ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ ညီချက် အကောင်အထည်ဖော်ရေး ညှိနှိုင်း အစည်းအဝေးJICM ကိုလည်းတစ်ကြိမ် ခေါ်ယူ ကျင်းပနိုင်ခဲ့ပါတယ်။

NCA လက်မှတ်ရေးထိုးပြီးသာ အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ၂ကြိမ်တွေ့ဆုံခဲ့ပါတယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့များနှင့် ပတ်သက်၍ ဆိုလျှင် UNFC ခေါင်းဆောင်တွေနဲ့ ရန်ကုန်မှာတွေ့ဆုံခဲ့ပြီး “၀” အထူးဒေသ၂ နှင့် အထူုးဒေသ ၄ မိုင်းလားက ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ညီလာခံ ကျင်းပတဲ့ အခါမှာ ကျွန်မတို့ အစိုးရသက်သက်ချည်း မဟုတ်ဘဲ အစိုးရလွှတ်တော်နဲ့ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့စတဲ့ သုံးပွင့်ဆိုင်ပူးတွဲကျင်းပတဲ့ အနေအထားမျိုး ဖြစ်အောင် ပူးတွဲကော်မတီတစ်ရပ်ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှာလည်း လက်မှတ်ထိုးပြီး သားရော လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေရော ပါဝင်လာအောင် အားလုံး ညှိနှိုင်းပြီး ဆောင်ရွက်ပါတယ်။

လုပ်ရမယ့် အလုပ်တွေ များပြားလှတာကြောင့် ညီလာခံ ကျင်းပမယ့် အချိန်ကို ရွှေ့ဆိုင်းပေးဖို့ အချို့ပြောကြတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မတို့အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့လို့ နှစ်ပေါင်းများစွာကတည်းက မကျင်းပနိုင်ခဲ့တဲ့ ညီလာခံကြီးကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပါပြီ။

ဒီအတွေ့အကြုံကြောင့် ပါဝင်ပတ်သက်သူတွေအကြားက ယုံကြည်မှုတွေပိုမိုခိုင်မာလာစေခဲ့ပြီ ဖြစ်ပါတယ်။ မတူညီတဲ့ အမြင်သဘောထားတွေ ရှိနေကြပေမယ့် ၂၁ ပင်လုံညီလာခံ အောင်မြင်ရေးကို ဘုံရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ကြလို့ အခုလို ဒီနေရာမှာ စုစည်းနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဟာ ရာစုနှစ်တစ်ဝက်ကျော် နှစ်ပေါင်း ခုနစ်ဆယ်နီးပါး သက်တမ်းရှည်ကြာခဲ့ပြီ ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မှာ ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက် ခဲ့ကြပါတယ်။ အကြောင်း အမျိုးမျိုး ကြောင့် ငြိမ်းချမ်းရေးပန်းတိုင်နဲ့ အလှမ်းကွာဝေး ခဲ့ရပါတယ်။ မအောင်မြင်ခဲ့တဲ့ အချိန်တွေကို သင်ခန်းစာယူပြီး ကျွန်မတို့ခေတ်၊ ကျွန်မတို့အချိန်အခါ ကျွန်မတို့အားလုံး စုပေါင်းပြီး သမိုင်းသစ်ကို ရေးကြရမှာပဲဖြစ်ပါတယ်။

အခုဆိုရင် တစ်နိုင်ငံလုံးမှာ ရှိနေကြတဲ့ နိုင်ငံသူနိုင်ငံသားတွေ အားလုံးဟာ စိုးရိမ် မျှော်လင့်ချက်များနဲ့ စောင့်ကြည့်နေကြပါပြီ။ မငြိမ်းချမ်းသေးတဲ့ နယ်မြေဒေသတွေမှာ ရှိနေတဲ့ တိုင်းရင်းသား တိုင်းရင်းသူတွေဟာလည်း ကျွန်မတို့ရဲ့ ညီလာခံကြီး ဘယ်လိုဖြစ်လာမလဲ ဆိုတာကို အားကိုးတကြီး စောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။ စစ်ဘေးရှောင်ဖို့ ဟိုဟိုဒီဒီ ပြေးလွှားနေကြရတဲ့ ဒုက္ခသည်တွေထဲမှာ အရွယ်အမျိုးမျိုး ပါနေပါတယ်။သူတို့အားလုံးရဲ့ မှေးမှိန်အားပျော့နေတာ ကြာခဲ့ပါပြီ။ ဒီတစ်ခါတော့ ဘယ်လိုဖြစ်လာမလဲဆိုတာကိုလည်း မဝံမရဲ မျှော်လင့်နေကြပါတယ်။သူတို့ရဲ့ ဒုက္ခ သုက္ခတွေကို ကျွန်မတို့ မေ့လို့မဖြစ်ပါဘူး။

ဒီကနေ့မှာတော့ ကျွန်မတို့ရဲ့ နိုင်ငံရေး ပြသ၁နာတွေကို အဖြေရှာဖို့ နိုင်ငံရေးဆွေးနွေးပွဲက တစ်ဆင့် ငြိမ်းချမ်းရေးလမ်းကို စတင်လျှောက်လှမ်းလိုက်တာ ဖြစ်ပါတယ်။ ဘယ်အထိရောက်မလဲ၊ ငြိမ်းချမ်းရေးကို လျှောက်လမ်းနိုင်မှာလား ဆိုတာ မြန်မာသာမက ကမ္ဘာကပါ စောင့်ကြည့်နေပါတယ်။ ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့ ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေ စိတ်ကူးအိပ်မက်တွေကို ဖြည့်ဆည်း နိုင်မလား ဆိုတာကတော့ ဒီကနေ့ ညီလာခံခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ ခေါင်းဆောင်တွေ အားလုံးအပေါ်မှာ မူတည်ပါတယ်။

လူဘောင်အသိုင်းအဝိုင်းရဲ့အစုအဖွဲ့တွေအားလုံးပါဝင်ပတ်သက်မှုမရှိဘဲလူထုအခြေပြုအဖွဲ့တွေ ငြိမ်းချမ်းရေးက မရရှိနိုင်ပါဘူး။ လူထုအခြေပြုအဖွဲ့တွေ တိုင်းရင်းသားဒေသနဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာ အရေးကြီးပြီး တက်ကြွတဲ့ အခန်းကဏ္ဍမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။ ကျွန်မတို့တိုင်းပြည်အတွက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိဖို့ အားကြိုးမာန်တက် ဆောင်ရွက်ကြတဲ့ သူတွေကို ဒီနေရာကနေ ချီးကျုးဂုဏ်ပြုလိုက် ပါတယ်။

အထူးသဖြင့် ကျွန်မတို့လူငယ်တွေရဲ့ စွမ်းပကားနဲ့ တက်ကြွမှုတွေအတွက် ချီးမွမ်းအားရမိပါတယ်။ ပြီးခဲ့တဲ့ရက်အတွင်းမှာ လူငယ်တွေဟာ ၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံကြိုဆိုပွဲတွေ လုပ်လာတာ တွေ့ရပါတယ်။ဒီအတွက်လည်း အထူးကျေးဇူးတင်ပါတယ်။

ပြည်သူလူထုရဲ့ ထောက်ခံမှုမရရှိဘဲ ဘယ်ငြိမ်းချမ်းရေးဖြစ်စဉ်မှ အောင်မြင်မှာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ခေါင်းဆောင်တွေသက်သက်က အထက်က ချပေးနိုင်တဲ့အရာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ညီလာခံခန်းမတွေမှာသာ မွေးဖွားပေါ်ပေါက်လာတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက် ပြည်သူတွေအားလုံးရဲ့ တက်ကြွတဲ့ ပါဝင်လှုပ်ရှားမှု ထောက်ခံအားပေးမှု တွေလိုအပ်ပါတယ်။ အနာဂတ်တစ်ခု ပေါ်ပေါက်လာဖို့အတွက် ကျွန်မတို့ တိုင်းသူ ပြည်သား အားလုံးဟာ မဆုတ်မနစ်တဲ့ သတ္တိနဲ့သန္နိဋ္ဌာန်ကို အကြိမ်ကြိမ် ချခဲ့ပြီးဖြစ်ပါတယ်။ ရှေ့လာမယ့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေး ညှိနှိုင်းမှုတွေဟာ ဘယ်လောက် ခက်ခဲပါစေ၊ ကိုယ့်ရဲ့ ခေါင်းဆောင် တွေက ဥာဏ်အမြော်အမြင် သတ္တိ စာနာမှုတွေနဲ့ ဆောင်ရွက်ကြတာကို ပြည်သူ လူထုက လိုချင်တဲ့ငြိမ်းချမ်းရေးကို ရနိုင်မှာဖြစ်ပါတယ်။

ကျွန်မတို့ ကြိုးပမ်း ဆောင်ရွက်မှုတွေဟာ ဒီကနေ့ ဒီအခန်းထဲမှာရှိတဲ့ လူတွေရဲ့ အကျိုးစီးပွားအတွက် အဓိက မဟုတ်ပါဘူး။ နောင်မျိုးဆက်သစ်တွေ ကြီးပြင်းလာဖို့အတွက် ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေဟာ ဆုံးရှုံးနစ်နာမှုတွေ၊ စိတ် အနာတရတွေ ဘယ်တော့မှ မရသင့်တော့ပါဘူး။

ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရမှသာ ကျွန်မတို့တိုင်းပြည် ကြီးပွားတိုးတက်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မတူကွဲပြားမှုတွေဟာ ပျော်ရွှင်ဂုဏ်ယူဖွယ် ဖြစ်လာပါမယ်။ နောက်ဆုံး ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ရင်သွေးတွေအဖြစ် မိမိတို့ရဲ့ ပင်ကိုယ် အရည်အချင်း တွေကို ဖော်ထုတ်ပြီး ပွဲလယ်တင့်သွားနိုင်မှာပါ။

နောက်ဆုံး နိဂုံးချုပ်အနေနဲ့ ကြမ်းတမ်းခက်ခဲလှတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းအပေါ်မတိမ်းမစောင်း လျှောက်လှမ်းခဲ့နိုင်အောင် အားပေးကူညီခဲ့ကြတဲ့ ကျွန်မတို့ ပြည်သူတွေနဲ့ မိတ်ဆွေတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။

မှန်ကန်တဲ့ အဖြေကို အတူတကွ ရှာဖွေ ဖော်ထုတ်မယ်ဆိုရင်၊ ကျွန်မတို့ရဲ့အိပ်မက်တွေ လက်တွေ့အကောင်အထည် ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်အိပ်မက်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့ အိပ်မက်ရှင်ဟာ အားလုံးရဲ့ တကယ့်အရှင်သခင် ဖြစ်တယ်ဆိုတဲ့ စကား ရှိပါတယ်။

တစ်တိုင်းပြည်လုံးရဲ့ အိပ်မက်တွေကို အမှန်တကယ် လက်တွေ့ အကောင်အထည် ပေါ်လာအောင် လုပ်နိုင်တယ် ဆိုရင် ကျွန်မတို့ဟာ အမှန်တကယ် ကိုယ့်ကိုယ် ကိုယ် လွှမ်းမိုးနိုင်တဲ့ အရှင်သခင်တွေ ဖြစ်ကြမှာပါ။

ကျွန်မတို့ရဲ့ လွတ်လပ်တဲ့နိုင်ငံရဲ့ ဖခင်ကြီးတွေဟာ ကိုယ့်တိုင်းပြည်ရဲ့ ကံကြမ္မာကို ကိုယ့်ဘာသာ ဖန်တီးနိုင်တဲ့ အခွင့်အရေးကို မျှော်မှန်းခဲ့ပါတယ်။ ရရှိဖို့ကြိုးစားခဲ့ပါတယ်။ ရှင်းလင်းတိကျတဲ့ ရေရှည်အမြင်၊ ခိုင်မာတဲ့သန္နိဋ္ဌာန်တို့နဲ့ ညီညွတ် ယုံကြည်ခြင်းတို့ရဲ့ ခိုင်မာတဲ့စုစည်းမှုအတွင်းက ဒီအခွင့်အရေးကို ၀င့်ကြွားစွာ ကျင့်သုံးကြပါစို့။ အားလုံးကို ကျေးဇူးတင်ပါတယ်။