ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

နိုင်ဝင်းသီ ● သစ်ပင်တစ်ပင်နှင့်စကားစမြည် (သရော်စာ)


နိုင်ဝင်းသီ ● သစ်ပင်တစ်ပင်နှင့်စကားစမြည် (သရော်စာ)
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၆

ဇွန်လရဲ့မိုးရေစက်များတော့မဟုတ်။ သြဂုတ်လ နောက်ဆုံးပတ်ရဲ့ မိုးရေစက်များ။ဖွဲဖွဲလွင့်လွင့်ဖြာကျနေသော မိုးစက်နုမျှင်များအောက်၌ တစ်ပေခွဲခန့်ရှည်မည့် ငန်းပြားတစ်ချောင်းကို ကိုင်ပြီး ဟိုကြည့်ဒီကြည့်နှင့် ကျွန်ုပ်ကြည့်နေမိ၏။ ရာသီဥတုအနေအထားမှာ အားကစားသမားများ အကြိုက်ဖြစ်သော်လည်း ကျွန်ုပ်မှာ မကစားနိုင်သေးဘဲ အလုပ်များနေပါ၏။
မြေးဖြစ်သူ ကျောင်းသို့ယူသွားမည့်  အပင်ပေါက်တစ်ပင်ကို မည်သည့်အပင်နှုတ်ပေးလျှင် ကောင်းမလဲဟု စဉ်းစားနေရင်း ခေါင်းစားနေခြင်း ဖြစ်ပါ၏။ ထိုငတိပညာရည်နို့စို့နေ သော ကျောင်းတော်သာကြီးမှာ သစ်ပင်စိုက်ပွဲခြိမ့်ခြိမ့်သဲသဲကျင်းပပြုလုပ်မည်ဟု  မနေ့ကတည်း က  ထိုငတိက ပြောပြထားပါ၏။

ကျောင်းသားတယောက်လျှင် အပင်ပေါက်တစ်ပင်စီ ယူဆောင်လာရမည်ဟုလည်း ပြောပြ ထားပါ၏။ ခြံထောင့်၌ပေါက်နေ သော သရက်ပင်ပေါက်တစ်ပင်ကို အမြစ်ပါအောင်ဆွဲနှုတ်ပြီးတော့ပဲ ပေးလိုက်တော့မည်ဟု စိတ်ကို တုံးတုံးချလိုက်ပါ၏။ သရက်ပင်ပေါက်ကို နှုတ်ရန် အလယ်လောက်မှ ဆုပ် ကိုင်လိုက်ရုံနှင့် "ကျွတ်ကျွတ်..  ကျွတ်ကျွတ်" ဟူသောစုတ်ထိုးသံကိုကြားလိုက်ရသောအခါကျွန်ုပ်မှာ အံ့အားသင့်ရပါလေ၏။ ဆက်လက်၍"လုပ်လိုက်ရင် အရမ်းချည်းပဲဗျာ ဒီမှာဖြင့် နာလို့ သေတော့မယ်" ဟူသော အသံပါးပါး မျှင်မျှင်လေးကို ကြားရသောအခါ ပိုလို့ပင် အံ့သြရ ပါလေ၏။ အဆန်းတကာ အဆန်းဆုံးမှာ ညည်းညူပြီး စကားပြောနေသူမှာလူမဟုတ်ဘဲ ကျွန်ုပ်ဆွဲနှုတ်နေသော သရက်ပင်ပေါက် ဖြစ်နေခြင်းပင် ဖြစ်ပါလေ၏။ တော်တော်အာရုံနောက်စရာကောင်းသော သရက်ပင် ပေါက်ပင်ဖြစ်ပါလေ၏။

"သစ်ပင်နှုတ်တာများကွာ...ဘယ့်နှယ့်ကြောင့် ဒီလောက်ညည်းညူနေရတာလဲ"

"နာလို့အော်နေရတာပေါ့ဗျ၊ မနာဘဲနဲ့ ဘယ်သူက အော်မှာလဲ၊ ကဲ..ခင်ဗျားခေါင်းပေါ်က ဆံပင်မွေးတွေကို စုပြီး ကျွတ်ထွက်သွားအောင် ဆွဲနှုတ်လိုက်ရင် ခင်ဗျားဘယ့်နှယ့်နေမလဲ"

"ဟ.....ရမလားကွ၊ နာလွန်းကျင် လွန်းလို့ ငယ်သံပါအောင် အော်လိုက်မှာပေါ့"

"အဲဒီသဘောမျိုးပဲပေါ့ ကိုယ့်လူရာ၊ ခင်ဗျားတို့နာတတ်ကျင်တတ်သလိုကျွန်တော်တို့လည်း နာတတ်ကျင်တတ်တာပဲပေါ့"

"ဟုတ်လို့လားငါ့ကောင်ရာ၊ မောင် ရင်တို့ သစ်ပင်တွေဟာ မောင်ရင်ပြောသလိုတကယ်ပဲ နာတတ်ကျင်တတ်လို့လားကွာ"

"ဟာဗျာ....ဒီလူ့နှယ်..ပြောရဆိုရတာ တော်တော်လက်ပေါက်ကပ်လှပါလား။
သစ်ပင်တွေမှာလည်း အသက်ဓာတ်နဲ့ဗျ၊ ဇီဝဖြစ်စဉ်နဲ့ဗျ၊ ဒီ သဘောသဘာဝလေးတောင် မသိဘူးလား ကိုယ့်လူရာ၊ အံ့ပါ့ဗျာ"

" အောင်မလေးကွာ ငါ့ကောင်ရာ..မင့်ဟာက အလေ့ကျပေါက်နေတဲ့ သရက်ပင်ပေါက် မို့လို့သာ တော်တော့တယ်၊ ဥယျာဉ်တွေ၊ တော်ဝင်နန်းတော်တွေထဲမှာများ သေချာစိုက်ထား ပျိုးထားတဲ့အပင်မျိုးဆိုရင် ဘယ်လောက်တောင်ကြီးကြီးကျယ်ကျယ်တွေပြောနေမလဲမဆိုနိုင်ဘူး"

"ကဲပါဗျာ...ခင်ဗျားအပိုတွေ လျှောက်ပြောမနေပါနဲ့ဗျာ၊ ခင်ဗျား အခုဘာလုပ်မှာလဲ၊ ကျွန်တော့်ကို နှုတ်မှာမို့လား၊ နှုတ်ပြီးရင် သစ်ပင်စိုက်ပွဲတော်ဆိုပြီး ခင်ဗျားတို့စိုက်ကြမှာမို့လား"

"ဒါပေါ့ကွ၊ အခုလို မိုးလေးဖြိုင်ဖြိုင် ကျနေတဲ့ရာသီမျိုးမှာ သစ်ပင်စိုက်ရမှာပေါ့ကွ"

"ရည်ရွယ်ချက်ကကောင်းသလိုလိုနဲ့ လုပ်ပုံလုပ်နည်းကတော့ အတော့်ကိုလွဲနေတယ်ဗျ ကိုယ့်လူရ"

"အောင်မယ်...မင်းလို မလောက်လေးမလောက်စား သရက်ပင်ပေါက်ကများကွာ..ကြီးကျယ်လို့"

"အသက်လည်း မငယ်တော့ပါဘူး ကိုယ့်လူရာ၊ ခုချိန်ထိ ခင်ဗျားသဘောမပေါက်သေးတာ များအံ့ပ့ါဗျာ၊ ကဲဗျာ...ခင်ဗျား ကိုကျွန်တော်မေးလိုက်မယ်၊ သစ်ပင်စိုက်ပွဲတော်ဆိုပြီး ခင်ဗျားတို့ တစ်နှစ် တစ်နှစ်စိုက်နေတဲ့သစ်ပင်တွေထဲက ဘယ်နှစ်ပင် များ ဖြစ်ဖြစ်မြောက်မြောက်ရှင်တာ ခင်ဗျားတွေ့ဖူးလဲ၊ ကဲ...ခင်ဗျားကို ကျွန်တော်မေးလိုက်ပြီ"

"ဒါကတော့......အင်း....အင်း"

"ပြောလေဗျာ၊ ဘယ်နှစ်ပင်များရှင်သလဲလို့"

"ဒါက ဘယ်လိုပြောရမလဲဆိုတော့ အင်း.....ဟိုနင်းပေါ့ကွာ"

"ဟိုနင်းဒီနင်းတွေလျှောက်ပြောပြီး အရူးကွက်မနင်းပါနဲ့ဗျာ၊ ခင်ဗျားကို ကျွန်တော်ရှင်းအောင်ပြောလိုက်မယ်၊ တစ်ပင်မှ မရှင်ဘူးဗျ၊ ဟုတ်တယ်မို့လား၊ စီမံချက်နဲ့ သစ်ပင်စိုက်ဆိုလို့သာ စိုက်လိုက်ကြရတာလေ၊ စိုက်ပြီးတော့လည်း ပြီးသွားတာပဲမို့လား၊ တချို့အပင်လေးတွေများ မနက်စိုက် ညနေသေပဲ၊ စိုက်ပြီးလို့လေးငါးရက်လောက်ရှင်တဲ့အပင်ဆိုတာခပ်ရှားရှားရယ်"

" အနည်းအကျဉ်းလောက်တော့ ရှင်ရင် ရှင်မှာပါကွာ၊ ဒီလောက် အများကြီးစိုက်တဲ့ဟာ"

"မရှင်ပါဘူးကိုယ့်လူရာ၊  တစ်နှစ်တစ်နှစ် မိုးဖြိုင်ဖြိုင်ရွာတိုင်း ခင်ဗျားတို့တမြို့လုံးမှာ သစ်ပင်မျိုးစုံကို ရာနဲ့ထောင်နဲ့ချီပြီး ခြိမ့်ခြိမ့်သဲသဲ စိုက်လာခဲ့ကြတာပဲ၊ အကုန်ရှင်ဖို့မပြောနဲ့၊ စိုက်ခဲ့သမျှရဲ့  အပုံငါးဆယ်ပုံလို့တစ်ပုံ ရှင်သွားရင်တောင် ခင်ဗျားတို့မြို့ပေါ် နေပြောက်တစ်ချက် ထိုးမှာမဟုတ်ဘူး၊ ပြီးတော့ ဂေဟစံနစ်ကောင်းမွန်လာဖို့ကိုလည်း အဲဒီသစ်ပင်တွေက အကူအပံ့ လုပ်ပေးဦးမှာ"

"ကြီးကြီးကျယ်ကျယ်တွေ လျှောက်မပြောပါနဲ့ကွာ၊ မင်းထက်ငါနားလည်ပါတယ်"

"နားလည်တယ်သာပြောတယ်၊ လုပ်လိုက်ရင် တလွဲချည်းပါပဲလားကိုယ့်လူရာ၊အေးလေ ခင်ဗျားတို့ဟာက စိုက်ချင်လွန်းလို့ စိုက်လာခဲ့ရတာမှ မဟုတ်တာ၊ ရုံးချုပ်က ခိုင်းလို့တို့၊ အထက်ကစိုက်ခိုင်းလို့တို့၊ စီမံချက်ရှိလို့တို့ဆိုပြီးတာဝန်အရစိုက်နေရတာဆိုတော့ ဘယ်လိုလုပ်ပြီး ရှင်မလဲဗျာ"

"အထက်ကခိုင်းရင်တော့ လုပ်ရတာပေါ့ကွ သူငယ်ချင်းရ၊ မလုပ်ရင်ဂိသွားမယ်လေကွာ၊ မင်းကဝန်ထမ်းမဟုတ်တော့ ဒါတွေပြောလို့လည်း နားလည်မှာမဟုတ်ပါဘူးကွာ"

"အဲဒီ  အထက်ဆိုတာတွေက လည်းဂေါက်သီးတွေဖြစ်ဖို့များတယ်ဗျ၊ မိုးလေး ဖြိုင်ဖြိုင်ရွာတာနဲ့ သစ်ပင်တွေ စိုက်ခိုင်းတော့ တာပဲ"

"သူတို့ကိုလည်း သူတို့အထက်ကစိုက်ခိုင်းလို့ နေမှာပေါ့ကွာ၊ အားအားယားယား ဘယ်သူက လာစိုက်ချင်မှာမို့လို့လဲ"

"အဲဒီ အထက်တို့၊ ရုံးချုပ်တို့ဆိုတာကလည်း ရယ်စရာတော့ အကောင်းသားဗျကိုယ်စိုက်ခဲ့တဲ့အပင်တွေကို သေသလား၊ ရှင်သလားလည်း သူတို့ခမျာမသိရှာဘူး၊ သစ်ပင်တွေ စိုက်ကြပြီဆိုရင် တိုက်ပုံတွေတကားကား၊ ပုဝါတွေတယမ်းယမ်းနဲ့ ရှေ့ဆုံးက စိုက်ကြတော့တာပဲ။ ဒီကြားထဲ မိုးရွာချလိုက်ရင် သူတို့ကို ထီးပြေးမိုးပေးရသေးတယ်၊ အပင်ပေါက်တွေဘေးမှာ ငုပ်တုတ် မေ့နေတဲ့ ခင်ဗျားတို့တွေကတော့ အဲဒီလူကြီး သစ်ပင်စစိုက်ပြီဆိုတာနဲ့ ကယောင်ကတမ်းနဲ့ ကိုယ့်ရှေ့က အပင်လေးကို မြေကြီးထဲကို ထိုးထည့်ပေါ့ဗျာ"

"ဟေ့ကောင်.....စကားကိုကောင်းကောင်းမွန်မွန်ပြောပါကွ"

"ကျွန်တော်ပြောတာ မဟုတ်လို့လား၊ ခင်ဗျားပဲ ဒီလိုပုံစံမျိုးနဲ့ အနှစ် နှစ်ဆယ်လောက် စိုက်လာခဲ့ပြီးပြီမို့လား"

"မင်းကိုငါပြောခဲ့ပြီးပြီိလေ၊ စိုက်ဆိုရင် စိုက်ရပါတယ်လို့"

"သူ့အရပ်နဲ့သူ့ဇာတ်ကတော့ ဟုတ်နေတာပဲ၊ နေပါဦးဗျ၊ မေးစမ်းပါရစေဦး၊ခင်ဗျားပြောတဲ့ အဲဒီအထက်ကလူတွေဆိုတာဟေ့...မနှစ်က မောင်ရင်တို့စိုက်ခဲ့တဲ့ သစ်ပင်တွေထဲက ဘယ်နှစ်ပင် ရှင်သလဲဆိုတာ မေးတဲ့မြန်းတဲ့လူ တယောက်တလေများ မရှိဘူးလား"

"တော်တော်ခွကျတဲ့ကောင်ပါလားကွာ၊ သူတို့မလဲ စိုက်ဆိုလို့သာစိုက်ခိုင်းနေရတာပေါ့ကွာ၊ ရှင်တာတို့ သေတာတို့ကို ဘယ် သိကြမှာလဲကွ၊ အဲဒီတော့ မောင်ရင့်ကို ကိုယ်ပြောလိုက်မယ်။ ဘာမှစောဒကတက်ဖို့ မစဉ်း စားနဲ့သူငယ်ချင်း၊ စိုက်ဆိုလို့ရှိ ရင်စိုက်သာ စိုက်ပစ်လိုက်၊ ဟုတ်ပြီလား"

"အံ့ပါရဲ့ဗျာ၊ နှစ်ပေါင်းများစွာ စိုက်လာတဲ့ အပင်တွေထဲမှာ ဘယ်နှစ်ပင်ရှင်သန်သလဲ။ ဘယ်လောက်ဖြစ်ထွန်းမှုရှိသလဲဆိုတာ တခါမှမစူးစမ်းဘဲနဲ့ မိုးရွာတာနဲ့ သစ်ပင်တွေ စိုက်ကြဟေ့ ဆိုပြီးဆော်သြနေတာ ခင်ဗျားတို့ဆီမှာပဲရှိမယ်ထင်ပါရဲ့"

"ဟာကွာ....ဒီကောင်တော့ကွာ..ဟေ့ကောင်..မင်းတော်မလား၊ မတော်သေးဘူးလား"

"ဆင်ခြင်တုံတရားကင်းမဲ့တဲ့ ခင်ဗျားတို့လို ဦးနှောက်အဆံချောင်တွေနဲ့လည်း စကားမပြောချင်ပါဘူးဗျာ၊ ငပြိန်းကြီးတွေ၊ တလုံးချိုင့်ကြီးတွေ၊  ဝါးတားတား မှုန်တုန်တုန် ကောင်ကြီးတွေ"

"ဟား ....ဒီကောင်ကတော့......ပြောလေကဲလေ ပါပဲလားကွာ"

ကျွန်ုပ်၏ ဒေါသကား အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ရေနွေးကရားတအိုးကဲ့သို့ ပွက်ပွက်ဆူသွားလေ၏။

အကယ်၍ သင်လမ်းကြုံမည်ဆိုပါက ကျွန်ုပ်လို ဆယ်အိမ်မှူးရာထူး အခိုင်အမာရှိလေသူပုဂ္ဂိုလ်တဦးကို ပမာမခန့်ဆက်ဆံ သွားခဲ့လေသော အဆိုပါ သရက်ပင်ပေါက်စနလေးအား  အုတ်ခဲကျိုးနှင့်ပဲ ထုခဲ့လေသလား။

ဒါမှမဟုတ် ပဉ္စငါးပါးစလုံးပါသွားအောင် တပင်လုံးကိုပဲ နုတ်နုတ်စင်းခဲ့လေသလား သိရှိရအောင် ကျွန်ုပ်၏ အိမ်ဂေဟာသို့ ဝင်ရောက် မေးမြန်းနိုင်ပါကြောင်း။   ။
                            

နိုင်ဝင်းသီ
၃၀  ၊ ၈  ၊ ၂၀၁၆
နေ့လည်  ၁၁း၅၈
သန်လျင်မြို့