အဝေးရောက်နေဆဲ က၀ိအို ဒေါက်တာစိန်ဝင်းနဲ့ အင်တာဗျူး

မဆုမွန် ရိုက်ကူးတဲ့ ဗီဒီယိုဖိုင်

အဝေးရောက်နေဆဲ က၀ိအို ဒေါက်တာစိန်ဝင်းနဲ့ အင်တာဗျူး
(မိုးမခ) စက်တင်ဘာ ၂၀ ၊ ၂၀၁၆


စက်တင်ဘာ ၁၆ ရက်နေ့က ၀ါရှင်တန်ဒီစီ၊ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တခုမှာ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် NLD၏ အဝေးရောက်ညွန့်ပေါင်းအစိုးရ၏ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းနဲ့ တွေ့ဆုံနိုင်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာစိန်ဝင်း တို့ဟာ ကျဆုံးခဲ့လေပြီးသော လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည် ဦးဘ၀င်း ညီအကို နှစ်ဦးရဲ့ သားသမီးများ ဖြစ်ကြတဲ့အတွက် နှစ်ဝမ်းကွဲ မောင်နှမလည်း ဖြစ်ကြပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ ၀ါရှင်တန်ဒီစီအနီးက အမေရိကန်အထက်တန်းကျောင်း လေ့လာရေးခရီးစဉ်အပြီး ကားပေါ်မတက်ခင် လမ်းပေါ်မှာပဲ ကျောင်းဆရာဟောင်း ဒေါက်တာစိန်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခေတ္တ တွေ့ဆုံခဲ့ကြတာပါ။

မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ္တ တွေ့ဆုံလိုက်ရတဲ့ ဒေါက်တာစိန်ဝင်းနဲ့ မေးမြန်းခဲ့တာကို တင်ဆက်လိုက်ပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာများ ပြောဆို တင်ပြလိုက်နိုင်ပါသလဲ ခင်ဗျ။

ဖြေ။ ။ အချိန်တိုတိုလေး အတွင်းမှာ ဖြစ်တဲ့အတွက် ဘာမှ ပြောဆိုလိုက်ရတာ မရှိပါဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ အဓိကကိစ္စတခုဖြစ်နေတဲ့ အဝေးရောက် မြန်မာတွေ နိုင်ငံရေးခံဝန်ချက်တွေ လက်မှတ်ထိုးစရာမလိုဘဲ အိမ်ပြန်ခွင့်ရဖို့ ကိစ္စကိုကော ပြောဆို ဆွေးနွေးခွင့် ရလိုက်ပါသလား

ဖြေ။ ။ မရလိုက်ပါဘူး။ သို့သော် နောက်တနေ့ နယူးယောက်မှာ မြန်မာတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အစီအစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အဝေးရောက်မြန်မာတွေ ခံဝန်ချက် လက်မှတ်ထိုးစရာမလိုဖို့၊ ပြည်ပရောက် မြန်မာတွေရဲ့ တိုင်းပြည်အတွက် ၀ိုင်းဝန်ကူညီဆောင်ရွက်တာတွေ ကြိုဆိုဖို့ စတာတွေ အကျယ်တ၀င့် ပြောသွားပါတယ်။ ဘလက်လစ် ကိစ္စကိုလည်း ရှင်းလင်းသွားတာတွေ ကြားလိုက်ရပါတယ်။

မေး။ ။ ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူတွေအနေနဲ့ကော၊ NLD ရဲ့ အဝေးရောက်ညွန့်ပေါင်းအစိုးရကို ဦးဆောင်မှု ပေးခဲ့တဲ့ သူတဦးနေနဲ့ ယခုအချိန်မှာ မြန်မာပြည်မှာ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ပြယုဒ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီတို့ဦးဆောင်တဲ့ အစိုးရ၊ လွှတ်တော် စသည်ဖြင့် ပေါ်ထွန်းလာချိန်မှာ ပြည်တွင်း ပြည်ပက အင်အားတွေ ပိုမို တွေ့ဆုံနိုင်ကြဖို့ လိုအပ်တယ် မထင်ဘူးလား။

ဖြေ။ ။ ပြည်တွင်းမှာ ရှိတဲ့ အင်အားစုတွေက ယခင်ကလည်း ဖြတ်သန်း လုပ်ကိုင်ခဲ့ကြသလို ယခုလည်း ဆက်ပြီး လုပ်ကိုင်နေကြတယ်။ သူတို့နေရာနဲ့ သူတို့ ဆက်လက်ပြီး တည်ရှိနေကြပါတယ်။ ပြည်ပမှာ ရှိတဲ့ အင်အားစုတွေအနေနဲ့ကတော့ လိုအပ်တဲ့ နေရာတွေမှာ သူတို့ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေ၊ ပညာတွေ၊ သင်ခန်းစာတွေပေါ် အခြေခံပြီး တတ်စွမ်းသလောက် ဖြည့်စွမ်းပေးနိုင်ကြဖို့ပါပဲ။

မေး။ ။ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ဆက်လက် လှုပ်ရှားကြဖို့ လိုအပ်နေသေးတယ် ဆိုရင် ၊ ခုချိန်မှာလည်း ပြည်တွင်းမှာကော ပြည်ပမှာပါ တက်ကြွ အားပေး လုပ်ကိုင်နေကြတဲ့ အင်အားတွေ၊ နိုင်ငံတော်တွေ၊ အဖွဲ့အစည်းတွေကလည်း အများအပြားရှိနေပြီ ဆိုရင်၊ ဆရာတို့ အခမ်းကဏ္ဍကို ဘယ်လို ပြောချင်ပါသလဲ။

 ဖြေ။ ။ အခုအချိန်အခါမှာ ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ ၉၉ % လောက် ဦးဆောင်မှုတွေ လုပ်ကိုင်မှုတွေ ပေးနိုင်နေပြီ ဆိုရင် ကျနော်တို့အနေနဲ့က လိုအပ်နေသေးတဲ့ ၁% ကို ဖြည့်ဆည်းပေး နိုင်လိမ့်မယ် ထင်ပါတယ်။