ဆောင်းယွန်းလ ● ဘဝကို အပူတပြင်းလိုက်ရှာမိတယ်



ဆောင်းယွန်းလ ● ဘဝကို အပူတပြင်းလိုက်ရှာမိတယ်
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၆

တချို့က ဘဝပျက်တဲ့အကြောင်းကို ပြောကြတယ်
ငါတို့မှာ ပျက်စရာ ဘဝမရှိခဲ့
တချို့က ဘဝကူးကောင်းဖို့အကြောင်းကို ပြောကြတယ်
ငါတို့မှာ ကူးကောင်းစရာ ဘဝမရှိခဲ့
ယုတ်စွအဆုံးပြောရရင်
ငါတို့မှာ ဆိုးစရာ ဘဝနတ္ထိ
ကောင်းစရာ ဘဝနဲ့ ပျောက်စရာ ဘဝလည်းမရှိခဲ့

ရောက်လေရာအရပ်က လူဖြူလူမဲလူဝါတွေက
သူတို့ ဘဝအကြောင်း တနံတလျားပြောကြရင်
ငါတို့မှာ ဘဝအကြောင်းပြောစရာ တထွာတမိုက်ဘဝ မရှိခဲ့ပါဘူး

ငါတို့က
ဘဝဆန်တဲ့ ဘဝထဲမှာ
လူဆန်ဆန် လူဖြစ်ချင်ခဲ့ကြပေမယ့်
ငါတို့ လူသားဘဝကို ဆန်မရှိတဲ့ ဆန်အိုးထဲက စခဲ့ရပါတယ်
လူငယ်ပီပီ လူဖြစ်ချင်ခဲ့ပေမယ့်
ငါတို့ လူငယ်ဘဝကို အမှောင်ခန်းတွေထဲမှာ စတေးခဲ့ကြရပါတယ်
ကျောင်းသားစစ်စစ် ကျောင်းသားဖြစ်ချင်ခဲ့ပေမယ့်
ငါတို့ ကျောင်းသားဘဝကို မြေမြှုပ်မိုင်းတလုံးလို မြှုပ်နှံခဲ့ကြရပါတယ်
စစ်သားစစ်စစ် စစ်သားဖြစ်ချင်ခဲ့ပေမယ့်
ငါတို့ စစ်သားဘဝကို ပြည်သူ့တံတွေးခွက်ထဲ ပက်လက်မျှောချခဲ့ကြရပါတယ်
ရဟန်းစစ်စစ် ရဟန်းဖြစ်ချင်ခဲ့ပေမယ့်
ငါတို့ သံဃာဘဝကို သွေးအိုင်ထဲမှာ သရဏဂုံတည်ခဲ့ကြရပါတယ်
ပြည်သူစစ်စစ် ပြည်သူဖြစ်ချင်ခဲ့ပေမယ့်
ငါတို့ ပြည်သူဘဝကို မင်းမစစ်တဲ့တိုင်းပြည်မှာ သန္ဒေတည်ခဲ့ကြရပါတယ်

ငါတို့ရဲ့ ဘဝမဲ့နေ့ရက်တွေထဲမှာ
တစ်မနှုတ်လောက်လို့ ချေးစရာ တဆယ်က ရှားခဲ့ပြီး
သွားလေရာအရပ် ဖျက်တဲ့မိုးထဲ ဆိုးစရာကံက များခဲ့တယ်
ငါတို့ ပျော်အောင်မနေနိုင်ခဲ့တဲ့
ရောက်လေရာအရပ် ဘယ်နှစ်မျက်နှာဆိုတာ ငါတို့မသိခဲ့
ငါတို့ တည့်အောင် မပေါင်းနိုင်ခဲ့တဲ့
တွေ့ခဲ့သူပေါင်း ဘယ်နှစ်ယောက်ဆိုတာကိုလည်း ငါတို့မသိခဲ့

အခုလောလောဆယ်မှာ
ငါတို့ သိတာက
သောင်တင်နေတဲ့ ကံကြမ္မာကို ကျောက်ဆူးဖြုတ်ပြီး
ပျောက်နေတဲ့ ဘဝကို ရွက်လွှင့်ရှာဖို့ပဲ…။

ဆောင်းယွန်းလ (စက်တင်ဘာ ၂၆၊ ၂၀၁၆)