ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်ဥက္ကလာ ● ခိုဖြူခိုပြာများနဲ့ လာလေ အတူသွားကြစို့

မောင်ဥက္ကလာ ● ခိုဖြူခိုပြာများနဲ့ လာလေ အတူသွားကြစို့
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၆

အဟွတ် … အဟွတ်နဲ့ ရက်ရှည်ဖျားနာပြီး မိုးမခစာမျက်နှာထက်ကနေ ပျောက်ကွယ်သွားလို့ စာဖတ်သူများတော့မသိ၊ အကြွေးရှင်တွေကတော့ ပေးဆပ်ရမယ့်အကြွေးတွေ မပေးဆပ်ဘဲ  ဒီတကြိမ်  ဓါးတောင်ကို မကျော်နိုင်၊  မီးပင်လယ်ကိုလည်း မဖြတ်နိုင်တော့ဘဲ ပြည်သူများမေတ္တာအလွန်ထားတဲ့ ဗိုလ်အောင်သောင်း၊ ဗိုလ်စိုးဝင်း၊ ဗိုလ်ရှုပ်တွေနောက် လိုက်ရှာပြီလို့ မေတ္တာရှေ့ ထား ရှိနေကြမည်။

အဟမ်း .. အဟမ်း … အဲ့ဂလောက် မေတ္တာရှေ့ထား မတွေးလေနဲ့ ကျွန်ုပ်အဖို့ အဲ့ဂလို တာဝန်မဲ့  အလွန်ငြိမ်းချမ်းတဲ့ ဤ ကမ္ဘာမြေကြီးမှ ထွက်ခွာသွားလို့ မဖြစ်သေး … လေအဟုန်နဲ့ ပြောင်းလဲချိန်တန်လို့ ပြောင်းတော့မယ် ပြောင်းလဲမှုတွေကို စောင့်ကြည့်ဖို့ (စောင့်ပဲစောင့်ကြည့်တတ်တာ ကိုယ်တိုင်ဘာမှ မလုပ်တတ် - ကိုယ့်ကိုယ်ကို ပြောတာပါ။ ဘေးထိုင်ဘိုင်ကျ ဘု့ပြောနေတဲ့ နိုင်ငံရေးအရှုံးသမားတွေကို စောင်းပြောတာ မဟုတ်ပါဘူး)။  မြန်မာ့အရေး သုံးသပ်သူ အမည်ခံပြီး၊ ဖွဘုတ် ကနေ ဆရာကြီးလေသံနဲ့ ဝေဖန်လေကန်နိုင်ဖို့ သက်ရှင်ရအုံးမယ်လေ။

ပြန်ကောက်ပြောရရင် ကျွန်ုပ် စာမရေးနိုင်တာ အာဇာနည်မိုးကြောင့် လေးငါးရက်ဖျားပြီး အရှိန်သေခဲ့သလို အဂယ်တော့ နေပူတော်မှာ တခမ်းတနား ကျင်းပပြုလုပ်ခဲ့တဲ့  လူတိုင်းပါဝင်ဆင်နွှဲချင်၊ လိုချင်တာ အကုန်တောင်းနိုင်တဲ့ (ပေးနိုင်မပေးနိုင် တာကိုတော့ အာဏာကုန်ရှိတဲ့ မယ်တော်ကြီးနဲ့ ဘဝရှင်မင်းတရားကြီးရဲ့ သစ္စာရှင် ကာချုပ်တို့ စဉ်းစားဆုံးဖြတ်ပါလိမ့်မယ်) (၂၁) ရာစု ခေတ်သစ်ခေတ်ပေါ် ငြိမ်းချမ်းရေး စာတမ်းဖတ်ပွဲကြီးကို ဝင်စွက်ဖက်နိုင်ဖို့ နည်းလမ်းရှာ ခက်ခက်ခဲခဲ စာတမ်းပြုစု* (ကျွန်ုပ် ခက်ခက်ခဲခဲ လေ့လာရှာဖွေ မှတ်တမ်းပြုသည့် စာတမ်းမှာ “လွန်လေပြီသော (၆၉) နှစ်က ဗမာတစုနဲ့ တိုင်းရင်း သားတစု ပင်လုံရွာလေးမှာ နှစ်တရာကျော် အင်္ဂလိပ် ကျောချသမျှ ဆုံးခန်းတိုင်ဖို့ ဘာဘာညာညာ၊ ရှေ့မရှင်း နောက်ရှုပ် မှာတွေကို loosely သဘောတူညီခဲ့ပြီးနောက် ယူနီယံဂျက်ပြုတ်ကျ၊ မဟာဗမာအလံ တိုင်ထိပ်ရောက်တာနဲ့ တအုပ်စုနဲ့ တအုပ်စု ဆော်ပလော် တီးလာခဲ့သည်မှာ ယနေ့ထက်တိုင် မရပ်မနား။ ဒီလို အပြတ်မဆော်မရှင်းနိုင် သရေကျနေတော့ အခု ပွင့်လင်းဒီမိုခေတ်ကြီးမှာ ပွင့်ပွင့်လင်းလင်း ခွဲရေးတွဲရေး အပေးအယူကိစ္စတွေ ဆက်ပြောကြမယ်ပေါ့ … The End)။

အဲ့ဂလို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အနယ်နယ်အသီးသီးမှ ဝတ်စုံပြည့် တက်ရောက်လာကြတဲ့ လက်နက်ကိုင် vs. လက်နက်မကိုင် အထင်ကရပုဂ္ဂိုလ်ကြီးတွေ ဆွေးနွေးငြင်းခုန်ပွဲကြီးကို အဆင့်မြင့်ဘတ်စ်ကားကြီးကို အဆင့်မြင့်အဝေး ပြေးကားဂိတ်ကြီးမှ တိုးဝှေ့စီးပြီး အဆင့်မြင့် နေပူတော်သွားလမ်းကြီးကို ရင်တထိတ်ထိတ်နဲ့ ဖြတ်ကျော်ကာ အဆင့်မြင့်မြို့ တော်သစ်ကြီးဆီ ရောက်မြန်းသွားခဲ့တယ်။

အခုမှ တရေးနိုးထအော်တာကြောင့် ငြိမ်းချမ်းရေး စာတမ်းဖတ်ပွဲကြီးအကြောင်း ဘယ်သူတွေ ဘာပြော၊ ဘယ်အုပ်စု စိတ် ကောက်၊ ဘယ်အပေါက်ကထွက်ပြီး၊ ဘယ်ဂလိုတွေ ဖြစ်ကြတယ်ဆိုတာကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အချိန်နဲ့ တပြေးညီ တင်ပြခဲ့တဲ့ ညီလာခံသတင်းတွေကို မိုးမခစာဖတ်သူတွေ ခရေစေ့တွင်းကျ အကုန်သိပြီးပြီမို့ အပ်ကြောင်းထပ် မပြောတော့ပါဘူး။

သို့ပေငြား ကျွန်ုပ် လျှာရှည်ပြောလိုသည်မှာ  ဘယ်လူမှ ခွေးမထင်တဲ့ ခွေးလေခွေးလွင့်ပေါ၊ ခြင်ယင်ပေါ၊ မိုးလင်းမိုးချုပ် တ ဝုန်းဝုန်းနဲ့ အလစ်သုတ်မယ့် ကျီးတွေ၊ တချိန်လုံး ငိုညည်းတွားနေတဲ့ ခိုတွေ ပေါများလှတဲ့ ရွှေပြည်ကြီးမှာ လူမျိုးတစ်ရာ့တစ်ပါး အမျိုးမတူတဲ့ အမျိုးသားတွေ ရင်ကြားမစေ့နိုင်ဘဲ သေနတ်သမား၊ ဓါးသမားတွေ မင်းမူခဲ့တာ နှစ်ရာချီခဲ့ပြီ မဟုတ်လား။ အ ကြောက်ကြီးတဲ့ ကျွန်ုပ်လို ဓါးကြောက် သေနတ်အောက် နေခဲ့ရတဲ့ ပြည်သူတွေကတော့ ဖွတ်မရ ဓါးဆုံးအပြင် လည်မျိုပါ အနင်းခံ (အလှီးခံ) ရတဲ့ဘဝမှာ ပုံပြင်ထဲကလို ခပ်ညံ့ညံ့ ဖျံနှစ်ကောင် ငါးခွဲဖို့ ငြင်းခုန်ရန်ဖြစ်နေတုန်း မြေခွေး ဝင်ဆွဲသွားသလို အသွင်မတူသူတွေ တွဲရေးခွဲရေး ရတတ်မအေး ဖြစ်ခဲ့လို့ မြေခွေးတွေ ခေတ်ကောင်း၊ မြေစာပင် ကျောမွဲပြည်သူတွေ ဘဝ ပျက်ခဲ့တာ ကြာခဲ့ပေါ့။

အခုတကြိမ်မှသည် နောက်အကြိမ်ကြိမ်အခါခါ တွေ့ဆုံငြင်းခုန်ဖို့ လိုအပ်တဲ့ … အမျိုးအနွယ် ၁၃၅ plus ပါဝင်ဖို့ လိုအပ်တဲ့ သမိုင်းဝင်တယ်လို့ မှတ်တမ်းပြုချင်တဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲ (ဝါ) အထူးအခွင့်အရေး တောင်းဆို ပွဲကြီးကို နေပူတော်မှာ ဆန်ကုန်မြေလေး (တက်ရောက်လာတဲ့ ကိုယ်စားလှယ်ထောင်ချီကို လေးငါးရက် ကျွေးမွေးရတော့ ဆန်တွေ တော်တော်ကုန်ပြီး၊ အဲ့ဂလို လူဝကြီးတွေ (လူဝါးဝသူတွေ) တနေရာထဲမှာ စုကြတော့ မြေကြီးလေးတာပေါ့) ကျင်းပလိုက်တာ ပျော်စရာကြီး။

အဲ့ဂလိုနဲ့ အပစ်အခုတ်ရပ်စဲရေး ပြန်ဆွေးနွေးတဲ့ ပျော်စရာပွဲတော်ကြီးမှာ စားလိုက်သောက်လိုက်၊ ဟောလိုက်ပြောလိုက်နဲ့ ရိုက်လိုက်ကြတာ ကြောက်စရာလန့်စရာ (မသိလို့က အော်စကာပွဲ (Oscar)၊ ဂရမ်မီ (Grammy) ပွဲ ရောက်နေသလား အောက်မေ့ရတယ်)။ ခန်းမအပြင်မှာရိုက်၊ ခန်းမထဲမှာရိုက်၊ စင်ပေါ်ကလူကို ရိုက်၊ စင်အောက်ကလူကို ရိုက်၊ ငိုက်မြည်းသူကို ရိုက်၊ ပြုံးသူကို ရိုက်၊ မုန်းသူကို ရိုက်ကြပြီး ဖွဘုတ်ပေါ်တင် ဖွလိုက်ကြွားလိုက်ကြတာ ဟိုလေးတကြော်ကြော် … ဘယ်ခေါင်း ဆောင်ကြီးနဲ့ ရိုက်ထားတာ၊ ဘယ်ပညာရှင် မြန်မာ့အရေး သုံးသပ်သူ ပုဂ္ဂိုလ်ကျော်ကြီးနဲ့  တွဲရိုက်၊ အပ်ကြောင်းထပ်တွေကြောင့် နားမခံသာဖြစ်လို့ ကိုယ်ဘာသာ Selfie ရိုက်ထားပုံ အဲ့ဂလို အဲ့ဂလိုနဲ့ ဟိုရိုက်ဒီရိုက်နဲ့ ဘတ္ထရီ (battery)၊ မမ်မိုရီ (memory) ကုန်အထိ အဂယ့်ကို ပျော်စရာကြီး။

ကိုယ့်စရိတ်ကိုယ်စား (ကပ်စား) ကာ မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတဦးအဖြစ် လူသိများသော (ရပ်ကွက်အတွင်း လဘက်ရည်ဝယ်တိုက်လို့ နားပိတ်နားထောင်ခဲ့ကြတဲ့ လက်တစုပ်စာ အသိအမှတ်ပြု)  ဘယ်အဖွဲ့အစည်း၊ ဘယ်အုပ်စု၊ ဘယ်လူမျိုးကိုမှ ကိုယ်စားပြုခွင့်မရတဲ့ ကျွန်ုပ်အဖို့ ဘယ်သူတွေ ဘာတွေဟောပြောပြီး၊ ဘယ်သူတွေ ဘာတွေဆွေးနွေး မယ်ဆိုတာကို ဂဃနဏ ကြိုမသိဘဲ အမောင်တောင်မှန်း မြောက်မှန်းမသိ သူများတွေသွားလို့ ဓါတ်ပုံရိုက်ရအောင် သွားခဲ့ ပေမယ့်  ဘာပြောလို့ ပြောရမှန်းမသိအောင် ၀ရုန်းသုန်းကား ပြီးဆုံးသွား (တချို့ ဆရာများက မှတ်ချက်ပြုသေး “a very smooth and flawless convention”)  တဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေထက် ရှည်လျားထွေပြားမယ့် ပင်လုံ-နေပြည်တော် ဇာတ်လမ်းတွဲကြီးကို ရင်တမမနဲ့ ဆက်လက်စောင့်ကြည့်ဖို့ လူသူအလွန်နည်းတဲ့ နေပူတော်ကနေ အလွန်ညစ်ပတ်ပေတေ ကျပ်တည်းလှသော ရန်မကုန်သေးတဲ့ ရန်ကုန်မြို့ ဟောင်းသို့ အဆင့်မြင့်ဘတ်စ်ကားကြီးစီးပြီး ပြန်လာခဲ့ပြန်။

အဲ့ဂလိုနဲ့ ငယ်စဉ်ဘဝကနေ ဒီနေ့အထိ ကျွန်ုပ်တို့ ရွှေပြည်မိုးကောင်ကင်မှာ ချိုးဖြူငှက်တွေ ပျံသန်းနေတာတော့ မတွေ့မိ၊ တိုက်အို တိုက်ကြား ခိုအောင်းနေတဲ့ (ချိုးနဲ့တူတဲ့) ခိုတွေကတော့ တပုံတပင် ကျီးထိုး၊ ခွေးဟောင် တညံညံနဲ့ ဆက်ညည်း ညူနေရှာပေါ့။