ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်နေမျိုး ● ဟင်းလင်းပြင်မှာ လွင့်မျောသွားတဲ့ ကျောင်းစိမ်းဘောင်းဘီလေးတထည်


မောင်နေမျိုး ● ဟင်းလင်းပြင်မှာ လွင့်မျောသွားတဲ့ ကျောင်းစိမ်းဘောင်းဘီလေးတထည်
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၆

(၁)
အိုက်ခန်နှင့် အိမ်နီးချင်းသူငယ်ချင်း စိုင်းလွင်သည် ညီအစ်ကိုကဲ့သို့ ခင်မင်ကြသည်။ အရင်တုန်းကဆိုလျှင် သူတို့နှစ်ယောက် သည် တတွဲတွဲနှင့်ဖြစ်သည်။ အတူတူကစားကြသည်။ ရွာဘေးရှိ လယ်ကွင်းထဲတွင် ပုစွန် အတူတူဖမ်းကြသည်။ ငှက်ပစ် အတူတူထွက်ကြသည်။ ဘောလုံးကန်ရင် တဖက်တည်းတွင်သာ အတူတူ ကန်သည်။ အဲသည်လောက်အထိ သူတို့နှစ် ယောက်သည် တွဲမိကြသည်။ အခုတော့ သူတို့နှစ်ယောက်ပင် တော်တော်နှင့် မတွေ့ဖြစ်ကြ။

အခုရက်ပိုင်းအတွင်း ရွာဘေးပတ်ဝန်းကျင်တွင် မီးခိုးငွေ့များနှင့် ယမ်းနံ့များသာ ဖုံးလွှမ်းနေခဲ့သည်။ ရွာထဲရှိသူများ ရွာအပြင် သို့ ခပ်ဝေးဝေးမထွက်ကြရန် ဘောင်းဘီရှည်ဝတ်ထားသောသူများက လာ၍သတိပေးထားကြောင်း သိရသည်။ ရွာထဲရှိ ကလေးများလည်း အိမ်အပြင်သို့ပင် အရင်ကလို ထွက်ကစားသည့်သူ မရှိသလောက်ပင်ဖြစ်သည်။ မကစားရသည်မှာ နွေ ကျောင်းပိတ်ရက်ကတည်းကဆိုလျှင် တော်တော်ကလေး ကြာလှပြီဖြစ်သည်။ တခါတလေ ရွာပေါ်မှ သေနတ်များတင် ထားသော လေယာဉ်များဖြတ်သွားသည်ကိုလည်း မြင်ဖူးသည်။ လေယာဉ်များဖြတ်သွားပြီး မကြာမီတွင် ဆူညံ ပွက်လာရိုက် သံများ ရွာ၏မနီးမဝေးဆီမှ ကြားရတော့သည်။ သူ့အတွက်တော့ ဒါမျိုးတွေက ရိုးနေပြီဖြစ်သည်။ ထူးခြားသည့်တုန်လှုပ်ချောက် ခြားခြင်း မရှိခဲ့ပေ။ အိုက်ခန်တွင်သာမဟုတ်၊ ရွာထဲရှိသည့် အခြားသူများသည်လည်း ထို့အတွက် ထူးခြားသည့်အမူအရာ မရှိခဲ့ပေ။ အိမ်ထဲမှ အိမ်ပြင်မထွက်ရသည်မှတပါး အခြားမည်သည့်အရာမှ ထူးခြားမှုမရှိလှပေ။

ဒီနေ့တော့ မိဘများမရှိကြသောကြောင့် အိုက်ခန်သည် စိုင်းလွင်ကိုခေါ်ပြီး ရွာပြင် သွားကြရအောင်ဟု လက်ထဲမှ လောက် လေးခွကိုမြှောက်ပြီး ပြောလေသည်။ သိပ်မပြောလိုက်ရပေ။ စိုင်းလွင်သည် သူ့လက်စွဲတော် ကျွဲချိုလေးခွကိုကိုင်လျက် ထွက်ခဲ့တော့သည်။ အိမ်ကမိဘများသိလျှင် အရိုက်ခံရမည်မှန်းသိသော်လည်း လှောင်ချိုင့်ထဲကလွတ်သည့်ငှက်များနှယ် နှစ်ယောက်စလုံး လန်းဆန်းနေသည်။ ဒီလိုအချိန်မျိုးမှာမို့သာ အရိုက်ခံရနိုင်သည်ဖြစ်သည်။ အခြားအချိန်တွင်တော့ တော ထဲ မထွက်ရင်ကိုပင် ဆူပူကြိမ်းမောင်းသေးသည်။

သူတို့နှစ်ယောက်သည် အပြင်သို့ ခပ်လှမ်းလှမ်းကလေးအထိ ထွက်ဖြစ်ကြသည်။ လေးခွများကိုယ်စီနှင့်သွားကြသော်လည်း ဘာကိုမှတည့်အောင် ဖြစ်ဖြစ်မြောက်မြောက် ပစ်ခတ်နိုင်ခြင်းတော့ မရှိပေ။ တောထဲမထွက်ရတာကြာမြင့်လှပြီဖြစ်ရာ ယခု လို စိတ်လွတ်လက်လွတ် သွားလာနေရသည့်အချိန်တွင် မနက်ဖြန်ကျောင်းတက်ရမည်ကိုပင် မေ့သလိုဖြစ်နေသည်။

(၂)
အိုက်ခန်တယောက် ပျော်ရွှင်နေသည်။ ဒီနေ့သည် အရင်နေ့များနှင့်မတူအောင် လန်းဆန်းတက်ကြွနေသည်ကတော့ အမှန် ပင်ဖြစ်သည်။ သူ့အတွက် လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်းက ၀ယ်ခဲ့သော အဖြူဆွတ်ဆွတ်အင်္ကျီအသစ်ကလေးနှင့်  အ စိမ်းရောင်ဘောင်းဘီတိုလေးကို ကိုယ်တိုင် သပ်ရပ်စွာဝတ်ဆင်လျက် ကျောင်းသွားရမည်မှာ သူ့အတွက် မပျော်နိုင်စရာရှိပါ မည်လော။

လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက သူ့မိခင်က ဈေးသွားရင်းနှင့်ပင် သူ့ကို ကျောင်းအပ်ပြီးကြောင်း၊ ပြီးခဲ့သည့်နှစ်က အ ဆင့် ၂ ရသဖြင့် ကျောင်းဝတ်စုံအသစ်နှစ်စုံ ဝယ်လာခဲ့ကြောင်းပြောကတည်းက ကျောင်းသွားချင်လွန်းလို့ ဖင်တကြွကြွဖြစ် နေခြင်း ဖြစ်သည်။

အိမ်ထဲမှအပြင်ထွက်လိုက်သည်နှင့်ပင် အပြင်မှာသူငယ်ချင်းတို့ ဆုံနေပြီဖြစ်သည်။ သူ့အိမ်သည် ကျောင်းသို့သွားရာလမ်းထိပ် တွင်ရှိနေသောကြောင့် ရွာထဲရှိကျောင်းသားအားလုံးသည် အိုက်ခန်အိမ်တွင် ဆုံနေကြဖြစ်သည်။ သူအပြင်ရောက်သည်နှင့် အားလုံးသွားကြဖို့ ပြင်ကြတော့သည်။ ကျောင်းသို့သွားမည့်သူများထဲတွင် သူသာလျှင် အတက်ကြွဆုံးဖြစ်မည်ထင်သည်။ ကျန်သောသူများမှာ သူ့လောက်ပျော်ရွှင်ဟန်မရှိကြ။ အိုက်ခန်ကတော့ သူတို့ကို သိပ်ပြီးဂရုစိုက်မနေနိုင်။ ဒီနေ့မှသာ သူ သည် အပြင်သို့တရားဝင် ထွက်ခွင့်ရခြင်းဖြစ်သည် မဟုတ်လား။
ကျောင်းရောက်ရင် မတွေ့တာကြာပြီဖြစ်သော သူငယ်ချင်းများနှင့် တွေ့ရမည်။ အရင်လို ကျောင်းသို့ စောစောရောက်ပါက ဆော့ကြ ကစားကြဦးမည်။ ထမင်းစားချိန်ရောက်လျှင်လည်း ထမင်းမြန်မြန်ပြေးစားပြီး ဆော့ကြကစားကြမည်။ မုန့်စား ကျောင်း ဆင်းချိန်လည်း ဆော့ဦးမည်။ ကလေးဘာသာဘာဝ ဆော့ဖို့ကိုသာလျှင် အချိန်တွေတွက်ရင်းနှင့် အိုက်ခန်းကျောင်း သို့ လာခဲ့သည်။

ကျောင်းသည် တခြားရွာတွင်သာ ရှိသည်။ အိုက်ခန်တို့သည် လမ်းလျှောက်၍သာ ကျောင်းတက်ကြသည်။ နှစ်မိုင်လောက် လမ်းလျှောက်ရမည်ဖြစ်သည်။ ကျောင်းသို့သွားသော လမ်းကလေးသည် လူတယောက်သာ ကောင်းကောင်းသွားလို့ရသော လမ်းကလေးဖြစ်သည်။ ဘေးနှစ်ဖက်တွင် မြက်ပင်များနှင့် ကိုင်းတောများသာရှိသည်။ ရွာနှင့်ဝေးလာသည်နှင့် ငှက်ကလေး တွေရဲ့ တကျီကျီ အော်သံကိုလည်း ကြားနေရပြီဖြစ်သည်။ ရာသီဥတုသည် တော်တော်လေး သာသာယာယာ ရှိလှ သည်။ လမ်းဘေးဝဲယာရှိ သစ်ပင်များ၊ ခြုံပုတ်များ၊ ၀ါးပင်များ၊ မြက်ပင်များသည်လည်း မိုးဦးကျစမို့ စိမ်းစိမ်းစိုစိုနှင့် လှပနေသည်။

ဒီလိုနဲ့ အိုက်ခန်တို့သည် ဟိုခြုံနှိုက် ဒီခြုံနှိုက်နှင့် ခရီးလမ်းတဝက်ပင် ရောက်ရှိနေပေသည်။ တောမှကျောင်းသားတို့၏ သ ဘာဝအတိုင်း လမ်းအတိုင်းဖြောင့်ဖြောင့်တန်းတန်းလျှောက်သည့် ကျောင်းသားက မရှိပေ။ မိန်းကလေးများသာ ဖြောင့်ဖြောင့် တန်းတန်း သွားကြသည်။ လယ်ကွင်းတခုကိုဖြတ်ပြီး ကုန်းပေါ်ရောက်သည်နှင့် နားနေကြနေရာဖြစ်သော ဇရပ်သို့ရောက် သည်။ ဒီနေရာသည် သူတို့တွေ မနက်စာထမင်းစားသော နေရာလည်း ဖြစ်ပေသည်။ မနက်စောစော လာခဲ့သည့်အတွက် ဒီနေရာရောက်မှသာ မနက်စာကို စားကြခြင်းဖြစ်သည်။     ခဏတဖြုတ်နားကြသည်။ ဒိုးခင်းတမ်းကစားကြသည်။ မိန်းက လေးတွေက ဇယ်ဖန်ကြသည်။ ကြက်ဖခွပ်တန်း ကစားကြသည်။ နာမည်ဝှက်တမ်း ကစားကြသည်။ ဒီနေ့ စိုင်းလွင် ကျောင်း မတက်ဘူးလား။ စိုင်းလွင်သည် သူတို့အဖွဲ့နှင့်ပါမလာမှန်း အခုမှ အိုက်ခန်သတိရသည်။ ဒါကြောင့် အိုက်ခန်တယောက်မဆော့ ဘဲ တယောက်တည်းထိုင်နေခြင်းကို သတိထားမိသည်။

(၃)
ကျောင်းဝင်းအတွင်းသို့ဝင်လိုက်သည့်အချိန်တွင် ပထမဆုံးမြင်လိုက်ရသည်မှာ ဆမ်ဘလီကွင်းထဲက ဝံ့ဝံ့ငွားငွားနှင့် ထည်ဝါ နေသည့် သုံးရောင်ခြယ် ကြယ်ဖြူတခုနှင့် နိုင်ငံတော်အလံကြီး ဖြစ်ပါသည်။ မနက်စာမသင်မီ ဆမ်ဘမီကွင်းထဲတွင် ကျောင်း သားများအားလုံး တန်းစီအလေးပြု၊ နိုင်ငံတော်သီချင်း သီဆိုကြရသည်။ တခါတရံ ကျောင်းအုပ်ဆရာကြီး၏ သြ၀ါဒများ ကိုလည်း နားထောင်ရသည်။ ဒီလိုမလုပ်ရသည်မှာ ကြာလှပြီဖြစ်သောကြောင့် အိုက်ခန်သည် လေထဲမှ အလံကိုကြည့်ရင်း ကြက်သီးများပင် ထခဲ့မိသည်။

ကျောင်းသားတွေ တယောက်မှကစားနေသည်ကို မမြင်ရ၍ အိုက်ခန်စိတ်ထဲတွင် ထူးဆန်း နေသည်။ စာသင်ခန်းကိုလှမ်းကြည့် လိုက်မှ ကျောင်းတက်ခေါင်းလောင်း ထိုးပြီးမှန်းသိသည်။ ဒါနဲ့ အိုက်ခန်တို့တစုသည် ကိုယ်အတန်းရှိရာသို့ ပြေးကြတော့သည်။ ပထမဆုံးနေ့မှာ နောက်ကျလို့ အဆူခံရမည်ကိုစဉ်းစားမိသောကြောင့် စိုးရိမ်စိတ်နဲ့ အခန်းနားရောက်မှ အခြားသူများကို ရှေ့ ကို ကျော်တက်ခွင့်ပေးလိုက်ပြီး ခြောက်ယောက်တွင် အလယ်လောက်မှ နေလိုက်သည်။

အိုက်ခန်နှင့်အတူ လေးတန်းကျောင်းသားခြောက်ယောက်တို့သည် သူတို့အခန်းရှိရာသို့ သွားကြလေသည်။ လေးတန်းအခန်း သည် နှစ်ထပ်ကျောင်းဆောင်လေး၏အောက်ထပ် အစွန်ဆုံး ဖြစ်သောကြောင့် အခန်းသို့သွားရင်း အခြားအခန်းမှနာမည်စာရင်းကိုခေါ်သံများကို ကြားနေရပြီဖြစ်သည်။ အခန်းရှေ့ရောက်လျှင် လူစာရင်းခေါ်ရန်ပြင်နေသော အတန်းပိုင်ဆရာမကို ရှေ့ဆုံးမှ ကျောင်းသားက လက်ငါးချောင်းထောင်ပြကာ အတန်းသို့ဝင်ခွင့်တောင်းသည်။ တောမှကလေးများသည် အပြင် ထွက်မည် (သို့) ဝင်မည်ဆိုလျှင် အတန်းပိုင်ဆရာမသို့ လက်ညှိုးထောင်၍ ခွင့်တောင်းရသည်။ လက်ညိုးတစ်ချောင်းတည်း ဆိုလျှင် တယောက်တည်းထွက် ခွင့်တောင်းသည်။ နှစ်ချောင်းဆိုလျှင် နှစ်ယောက်လို့အဓိပ္ပါယ်ရှိကြောင်း တောက ဆရာမ များ နားလည်သည်။ အတန်းပိုင်ဆရာမ၏ခေါင်းညိတ်အချက်ပြသံနဲ့အတူ အားလုံးအတန်းသို့ ကိုယ်စီဝင်ထိုင်ကြလေသည်။ အိုက်ခန်သည် ဒီတခါတွင်မှ မဆူသောမငေါက်သောဆရာမကိုကြည့်ပြီး ဆရာမက အရင်ကထက် ပိုပြီးကြည့်ကောင်းနေ သည်ဟုပင် စိတ်ထဲမှမြှောက်မိသေးသည်။ နောက်နေ့တွင်သော ကျောင်းနောက်မကျအောင် လာမှဖြစ်မည်ဟု စိတ်ထဲမှ မှတ်လိုက်ပြီး လွတ်သောခုံမှာ ဝင်ထိုင်လိုက်သည်။

အတန်းပိုင်ဆရာ လူစာရင်း စခေါ်သည်။ ကျောင်းသား စုစုပေါင်း ၂၀ ယောက်သာလျှင်ရှိမည်ထင်သည်။ ကျောင်းသား ကျောင်းသူ တယောက်ချင်းနာမည်ကို ခေါ်သည်။ ပထမတယောက် ဆရာမ နာမည်ခေါ်လိုက်သည်။ ရှိပါတယ်ခင်ဗျာဟု ပြန်ဖြေသံကြားသည်။

ဆရာမရဲ့အသံသည် ဒီနေ့မှ ပိုပြီးသာယာနေသည်ဟုတောင် ထင်မိသည်။ မကြားရတာ ကြားပြီမို့လား၊ ဒါမှမဟုတ် အိုက်ခန် စိတ်ထဲတွင် အရာရာက လှပနေသည်မို့ပဲလား မပြောတတ်ပါ။ ဆရာမသည် နာမည်စာရင်း တယောက်သာခေါ်ရသေး သော်လည်း အိုက်ခန်စိတ်ထဲတွင် သူ့နာမည် မရောက်နိုင်သေးပါလားဆိုပြီး စောင့်နေရသည်ကို စိတ်မရှည်သဖြင့် ဖင် တကြွကြွ ဖြစ်နေသည်။ ဆရာမက မော့မကြည့်ပဲ ဆက်ပြီး ဆက်ပြီး ခေါ်နေသည်။

ဒီတကြိမ်တွင်တော့ အိုက်ခန် မတ်တပ်ထရပ်လိုက်သည်။ ရှိပါတယ်ခင်ဗျာဟု ပြောမည်အပြုတွင် နောက်မှ အခြားကျောင်းသား တယောက်အသံကို ကြားသောကြောင့် စိတ်စောပြီး မတ်တပ်ရပ်လိုက်မိမှန်း သတိပြုမိသည်။ ဟိုကြည့်ဒီကြည့် ကြည့်ပြီး ရှက်သလိုဖြင့် ပြန်ထိုက်လိုက်သည်။ သည်နောက်တွင်တော့ နာမည်ကို သေချာဂရုစိုက်နားထောင်နေလိုက်သည်။ နောက် ထပ်တယောက်သည်လည်း သူမဟုတ်ပါ။ ၁၀ ယောက်မြောက်လောက်တွင်တော့ သူ့နာမည်ကို ခေါ်သံကို ကြားလိုက် ရ သည်။ သူ ပျော်ရွှင်သွားလေသည်။ ဒီအသံကိုကြားချင်၍ စောင့်နေသည်မှာ တော်တော်ကြာသွားပြီမဟုတ်လား။

မတ်တပ်ရပ်လိုက်သည်။ လန်းဆန်းတက်ကြွမှုအပြည့်ရှိသည့်အသံနှင့် “ရှိပါတယ် ခင်ဗျာ” ဟု အော်လိုက်သည်။ သူ့အသံ သည် အခြားကျောင်းသားများ အသံထက်ပိုပြီး တည်ငြိမ်သည်ဟုထင်ပြီး ဘယ်သူမှဂရုစိုက်သည့်ပုံမပြဘဲ တည်တည်ငြိမ်ငြိမ် ပင် ပြန်ထိုင်လိုက်သည်။

ဆရာမသည် အိုက်ခန်အသံမကြားသောကြောင့် နောက်တကြိမ် ပြန်ခေါ်သည်။

“သားလေး မောင်အိုက်ခန် ကျောင်းမလာဘူးလား” ဟုမေးပြီး ဆရာမဆီမှ နောက်ထပ် မောင်အိုက်ခန်ဟုခေါ်သံ မကြားရ တော့ပေ။

(၄)
မနေ့က ရွာအပြင်ဘက်တွင် လက်နက်ကြီးကျည်ဆံတစ်ခု ကျရောက်ခဲ့သည်။ အရင့်အရင်များတွင်လည်း အခုလိုအဖြစ်မျိုး ကြုံဖူးသည်။ ရွာအပြင် ဇရပ်တွင်မူ အမျှပေးဝေနေသံတခု ကြားရသည်။ နောင်ဖြစ်လေရာဘ၀တိုင်းတွင် ဒီလိုအဖြစ်ဆိုးမျိုး မင်းတို့ညီအစ်ကို ကင်းဝေးကြပါစေဟု ငိုနေသော မိန်းမကြီးနှစ်ယောက်မှလည်း ဘုန်းကြီးရှေ့တွင် ရေစက်ချ အမျှဝေနေ သည်။

ခဏကြာသောအခါ ငိုသံပါကြီးနှင့် ယောကျာ်းကြီးတယောက် အသံကြားလိုက်ရသည်။

အမျှ ......... အမျှ......... အမျှ..........

မောင်နေမျိုး
၁၀၊ ၉၊ ၂၀၁၆
illustration : Toni Demuro