ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

နေနေ ● ကျနော့်မှတ်စု

 
နေနေ ● ကျနော့်မှတ်စု
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၆

(၁)
ကမ္ဘာကြီးမှာ အစီအစဉ်တွေရှိနေတယ်၊ အကန့်အသတ်တွေရှိနေတယ်၊ တစ်စက္ကန့်တောင် မယွင်းတဲ့ တိကျမှုမျိုးတွေ။ တစ်လက်မတောင်မယွင်းတဲ့ သေချာမှုတွေရှိနေတယ်၊ နားလည် ရခက်တယ်၊ အတိအကျလွဲတဲ့အခါ ဘယ်လိုမှညှိလို့ မရသလိုပဲ အမြီးအမောက်တည့်သွားပြန် ရင်လည်း ဘာမှမဟုတ်ပြန်ဘူး၊ ဒါကြောင့် အရာရာကို တန်းခိုးရှင်တယောက်ယောက် ဖန်ဆင်း နေတာဆိုရင် ဒီတန်ခိုးရှင်ဟာ သင်္ချာတော်တဲ့လူ (သို့မဟုတ်) သချာင်္ညံ့လွန်းတဲ့သူပဲ ဖြစ်ရမယ်လို့ ဆက်စပ်ကြည့် ဖူးတယ်၊ တော်တော်နောက်တဲ့ တန်းခိုးရှင်ပဲ၊

(၂)
အလွဲထဲမှာ နိုင်ငံရေးစနစ်တခုလွဲပြီးဆိုတာနဲ့ အကုန်လွဲကုန်တော့တာပဲလို့ပြောမိတယ်၊ လိုအပ် ချက်အရ လုပ်နေရတာပါလို့ ဆင်ခြေပေးကြတဲ့ခေတ်မှာ လူတိုင်းတခုတည်းနီးပါး လုပ်နေကြတယ်လို့မြင်တယ်၊ ဘဲအုပ်ထဲကို ခဲပစ်နေကြတယ်လို့ ထင် တယ်၊ ထိသူကောင်း၊ မထိသူ ဂျောင်းပဲ၊ တခါတလေ Presentation ခေတ်ကြီးပါကွာ၊ အလကားတွေပါကွာလို့ စိတ်အချဉ် ပေါက်မိတယ်၊  ကျနော်မှားပြီလို့ရေရွတ်မိတဲ့နေ့က ခင်ဗျားမှားရင် အားလုံးမှားမယ်၊ ခင်ဗျား မှန်ရင်လည်းအားလုံးမှန်တယ်လို့ သူငယ်ချင်းတယောက်က အေးအေးလူလူပြောတယ်၊ ဆရာ နှင်းခါးမိုးရဲ့ “လွမ်းလိုက်တာ စိတ္တရလေခါ” ဆိုတဲ့ကဗျာတပိုဒ်ကို သွားသတိရတယ်၊ အမှန်က ခေတ်Bကီးကိုက ခပ်ဝါးဝါးပဲထင်ပါရဲ့၊

(၃)
ဥသြဆိုတဲ့ငှက်မျိုးဟာ ဥကပေါက်တာနဲ့ သူအနားကအခြားမပေါက်သေးတဲ့ဥတွေကို အသိုက်ပေါ်ကနေ အပြင်ကို တွန်းချ ဖောက်ခွဲပစ်တယ်လို့ သူငယ်ချင်းတယောက်ကပြောတယ်။ အံသြစရာပဲ၊ အခြာပြိုင်ဖက်တွေမရှိအောင် အပြတ်ရှင်းတဲ့နေရာ မှာတော့ သိပ်လျင်တဲ့ငှက်ပဲလို့ သူက မှတ်ချက်ပေးတယ်။ ကိုယ်ကတော့ အတ္တကြီးလိုက်တာလို့ စိတ်ထဲက အပြစ်တင်မိတယ်၊ ဒီလို မကောင်းမှုတွေကြောင့်ပဲ အသက်အရွယ်ရလာတဲ့ ဥသြတိုင်း အဖော်မဲ့ဖြစ်ကြတာထင်ပါရဲ့၊ ဒီငှက်တွေရဲ့အသံကို ကဗျာဆရာတွေက လွမ်းဆွတ်ဖွယ်တခုအဖြစ် တင်စားတယ်၊ ကိုယ်က တော့ တခြားအဓိပ္ပာယ်တွေ ထပ်ဆင့်တွေးနေမိတယ်။ သူ ဘာကို လွမ်းဆွတ်နေတာလဲပေါ့။ မသိနားမလည်တဲ့အရွယ်မှာ မိုက်မဲခဲ့တာတွေအတွက် နောင်တရနေတာများလား…။

(၄)
ကိုယ်တို့ခေတ် ဒီဘက်ခေတ်မှာ ဘုန်းကြီးကျောင်းနဲ့လူငယ်တွေကင်းကွာလာလို့ မြန်မာ့တွေရဲ့ ချစ်စရာကောင်းတဲ့ဓလေ့တချို့ ဆုံးရှုံးသွားတယ်လို့ ကိုယ့်အဖေက ခဏခဏ နှမြောတယ်။ “နင်တို့ကိုစာသင်ပေးထားတာ ငါတို့ကို ပြန်ခံပြောဖို့မဟုတ်ဘူး” လို့ အမေကလည်း ပြောတယ်။ မူလတန်းမှာကျောင်းအုပ်ဆရာမလုပ်နေတဲ့ ကိုယ့်အမက အမေ့ကို ခဏခဏ ခံပြောတာကိုး။ ကိုယ်အစ်ကိုကျတော့ တမျိုး၊ အမေ့ကို ရှေ့မှာကပ်ချွဲပြီး ကွယ်ရာမှာ လုပ်ချင်တာလုပ်တယ်။ ပြောရရင် ရုံးရောက်ဂါတ်ရောက်ပဲ။ အမေကတော့ သူ့သားနောက်က တကောက်ကောက်၊ တခါတလေ ငွေကုန်လူပမ်းဖြစ်လာတဲ့ အမေက “လူတွေက ပညာပိုတတ်လာရင် ပိုမိုက်မဲသွားကြတယ်၊ နင်တို့ကို ပညာမသင်ပေးရင် ကောင်းမယ်” လို့ ပြောတယ်။ ပြန်မပြော နားမ ထောင် ကိုယ်ကျတော့ ဘွဲလည်းရရော အစအန ပျောက်သွားပြန်တယ်။ အမေကတော့ “ပညာတတ်လေ ပိုမိုက်လေ” ဆိုတဲ့ သူ့အယူအဆကို သေတဲ့အထိ ယုံကြည်သွားတော့မယ်။

(၅)
ဒီရက်တွေမှာ မလွတ်လပ်ခြင်းဆိုတာကို ပိုမိုခံစားမိလာတယ်။ သေကွဲရှင်ကွဲ ဇနီးမောင်နှံတွေ၊ မိသားစုတွေ၊ သေကွဲ ရှင် ကွဲချစ်သူတွေကို စာနာမိလာတယ်။ တကယ်တော့ ကျနော်တို့ ကိုယ်တိုင်က ကုက္ကိုလ်ပင်တွေ့ရင် ရှောင်ရှောင်ပြေးနေရတဲ့စိတ္တဇရောဂါသည်တွေလေ။ ကလေးဘ၀ ခပ်ငယ်ငယ်က သူငယ်ချင်းတသိုက်နဲ့ လွတ်လွတ်လပ်လပ် ဆော့ကစားရင်း နှီးခဲ့ဖူးတဲ့ ကုက္ကိုလ် ပင်အရိပ်တွေကို နောင်နှစ်အနည်းငယ်အကြာမှာ ငွေတောင်းတတ်တဲ့ ရဲစားကျက်အဖြစ် မြင်လာတယ်။ ရဲဝတ်စုံမြင်ရင် လန့်တယ်။ ကုက္ကိုလ်ပင်မြင်ရင် လန့်တယ် ကုက္ကိုလ်ပင်အရိပ်တွေ အရင်လိုအေးချမ်းပေမယ့် ကျနော်တို့ရင် ထဲမှာ အအေးချမ်းတော့၊ ကြာတော့ စိတ္တဇလိုတောင် ဖြစ်လာတယ်။

(၆)
ကော်ပိုရေးရှင်းတွေမကောင်းဘူးလို့ ဂျွန်ကပြောတယ်။ ငါတို့လို မယဉ်ကျေးတဲ့အစိုးရ အုပ်ချုပ်နေတဲ့နိုင်ငံက လူတွေအတွက် တော့ ကမ္ဘာကြီးပူးနွေးလာတဲ့ကိစ္စကို အခုချိန်မှာ အလေးအနက် မထားမိသေးပါဘူးလို့ ရိုးရိုးသားသား ပြောလိုက်တယ်။  မြန်မာပြည်မှာ နိုင်ငံရေးသမားတွေ ထပ်မလိုတော့ဘူးဆိုတဲ့ ကိုယ့်အမြင်ကိုလည်း ပြောပြတယ်။ အမျိုးသားကြေးရတတ်တွေ မရှိခင်မှာ အိန္ဒိယလိုခေတ်ပညာတတ်တွေနဲ့ ဂုဏ်သိက္ခာရှိရှိအလုပ်လုပ်တဲ့ မြန်မာပညာရှင်တွေကို မွေးထုတ်ပေးဖို့ ပိုလိုလားတယ်လို့ ပြောတယ်။ မျက်စိထဲမှာ မျက်တွင်းဟောက်ပက်နဲ့ စက်ရုံအလုပ်သမလေးတွေရဲ့သွေးဖျောနေတဲ့မျက်နှာကို မြင်တယ်။ နေပူထဲမှာ ချွေးသံရွဲရွဲနဲ့ ဆောက်လုပ်ရေးလုပ်သားတွေကို သတိရတယ်။ အဖြေမထွက်ပေမယ့် ရင်းနှီးတဲ့ စိတ်နဲ့ပဲ စိတ်အားထက်သန်စွာငြင်းခုံခဲ့ကြတဲ့ နေပူပူနေ့တနေ့ပါပဲ။ ဒီနေ့ နေ့လည်စာကိုတော့ သက်သက်လွတ်ဆိုင်မှာ ဂျွန်ကပဲ ကျွေးတယ်။

(၇)
အတန်ကြာအဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတယောက် အဝေးမြေက ဖုန်းဆက်လာတယ်။ တိုင်းပြည်ပြန်လည် တည်ဆောက်ရေးဆိုတဲ့ခေါင်းစဉ်ကို စကားစပ်မိကြတယ်။ တကယ်တော့ သူက လက်တွေ့သမား။ ကိုယ်က အတွေးသမား၊ မတူပေမယ့်ချစ်တဲ့စိတ်နဲ့ စကားတွေက မြစ်တစင်းလို ညင်ညင်သာသာ၊ ကျနော့်အမှားတွေကိုထောက်ပြပါလို့ သူပြော လာတော့ လောလောဆယ်စကားရှာမရသေး။  ဥပဒေလေ့လာဖို့ သူက အကြံပေးတယ်။ တကယ့်တကယ်မှာ တာဝန်ကြီးကြီး မယူနိုင်ပေမယ့် ကိုယ်ထမင်းကိုယ်စားပြီး တိုင်းပြည်တည်ဆောက်ရေးမှာ တတ်နိုင်သလောက် ၀ိုင်းအကြံပေးချင်တယ်လို့ ပြောတယ်။ တကယ့်အရေးပါတဲ့အလုပ်တွေလုပ်တဲ့အခါ ကွက်ကွက်ကလေးကိုမြင်တာမဟုတ်ဘဲနဲ့ တစုံလုံးကိုမြင်တတ်ဖို့ အတွက်လည်း သူက အကြံပေးတယ်။ အင်္ဂလိပ်စကားကို မိခင်ဘာသာစကားလိုပြောတဲ့ သူက “မြန်မာစကားလုံးတွေ ရှား တယ်ဗျာ၊ ကျနော်အခုမှ မြန်မာစကားလုံးတွေ ပြန်လေ့လာနေတယ်” တဲ့။ ကိုယ်ရယ်နေလိုက်တယ်၊ ကျနော်တို့မျိုးဆက်တွေ စာများများဖတ်ဖို့လိုတယ်ဆိုတဲ့ ကိုယ်အမြင်ကို ပြောပြတော့ သူလည်း လက်ခံသွားပါတယ်။       

(၈)
ခေတ်စမ်းစာပေ (ကဗျာ) ကို အသစ်တီထွင်ခဲ့သူတဦးဖြစ်တဲ့ ဆရာဇော်ဂျီနဲ့ အနှစ်တရာလောက် အသက်ကွာတဲ့ မျိုးဆက် အသစ်တခုကို ဇော်ဂျီရာပြည့်အခမ်းအနားမှာ ချိတ်ဆက်ပေးကြည့်တယ်၊ နိုင်ငံတိုင်းခေတ်တိုင်းမှာ ယဉ်ကျေးမှုခေါင်းဆောင်နဲ့တော်လှန်ရေးခေါင်းဆောင်ဆိုပြီး ရှိကြတယ်လို့ မှတ်သားဖူးတယ်။ မြန်မာပြည်မှာတော့ နိုင်ငံရေးဘက်မှာ ဗိုလ်ချုပ်အောင် ဆန်း၊ ယဉ်ကျေးမှုဘက်မှာ သခင်ကိုယ်တော်မှိုင်း၊ ဆရာဇော်ဂျီကိုလည်း သူတို့ခေတ်ရဲ့ယဉ်ကျေးမှုခေါင်းဆောင်တဦးအဖြစ် စဉ်းစားကြည့်တယ်။ ဆရာဇော်ဂျီကဗျာတွေကို ကျနော် သိပ်မဖတ်ဖူးဘူးဗျာလို့ ဒီဘက်ခေတ်ရဲ့လူငယ်ကဗျာဆရာယောက် ပြောတာနဲ့ မရှေးမနှောင်းမှာပဲ ဇော်ဂျီ့ကဗျာတွေမဖတ်ဘူးဘဲနဲ့ ကဗျာဆရာလုပ်လို့မရဘူးဆိုတဲ့ ၀ါရင့်စာရေးဆရာယောက်ရဲ့ အမြင်တခုကိုဖတ်ရတာ တိုက်ဆိုင်လွန်းတယ်။ စာပေသည် ဘာအတွက်ညာအတွက် ဆိုတာတွေကို ငြင်းခုံရင်း ဇာတ်လမ်း မဆုံးဘဲ ဂိုဏ်းတွေသာ တရုန်းရုန်းပေါ်ခဲ့တာလည်း ကြားဖူတယ်။  ဒါပေမဲ့ တောင်ထိပ်တိုင်းက အလင်းရောင်အားလုံးမှာ အလှတမျိုးစီရှိတာပဲလို့ ခံစားမိတယ်။ စေတနာအရောင်တွေ အဝေးတောင်ကုန်းတွေဆီကပျံနှံ့လာတယ်။

(၉)
ဒီတလောမှာခံစားမိတာက ကျနော်တို့ဆီမှာ ကျနော်တို့ခေါင်းဆောင်တွေမှာ ညှိနှိုင်းဆောင် ရွက်နိုင်တဲ့အရည်အချင်း မရှိဘူး ဆိုတာပဲ။ ဒါကြောင့် အားကြီးတဲ့လူတယောက်ဆီ အဆုံးအဖြတ်တွေအားလုံး ပုံရောက်သွားတယ်။ ကြာတော့ လူတော်ကြီး လည်း အာဏာရှင်ဖြစ်ပြီး ကျနော်တို့ဘက် (ဒီမိုကရေစီဘက်) မှာလည်း အာဏာရှင် တယောက်ပြီးတယောက် ပေါ်နေ တာပဲ။ ဒါကြောင့် ကျနော်တို့လူမျိုးတွေ ညှိနှိုင်းဆောင်ရွက်တတ်တဲ့ အကျင့်ကိုမွေးမြူဖို့ လိုနေတယ်၊ အသေချပြီးသားအစီ အစဉ်တွေမှာ တယောက်ယောက်က တမျိုးဝင်ပြောလိုက်ရင် လက်ခံလေ့မရှိဘူး၊ ဖျက်မျဉ်းတခုလို့မြင်တယ်၊ တကယ်တော့ အသေဆုပ်ကိုင်ထားတဲ့အတွက် တိုးသာ ဆုတ်သာမလုပ်နိုင်တဲ့ ပြဿနာဖြစ်တယ်၊

(၁၀)
သားကိုသတိရတယ်လို့ အမေက အဝေးကလှမ်းပြောတယ်။ အားလုံးကျန်းမာပါတယ်၊ မေတ္တာပို့ ဆုတောင်းပါတယ်လို့ ပြောတယ်။ အဆက်အသွယ်ပြတ်တောက်သွားတဲ့  (၃-၄) နှစ်အတွင်း မှာ အမေ့အသံတွေ အိုစာသွားသလိုပဲ။ ကျနော်သိတဲ့ လူတချို့ကွယ်လွန်ကုန်တာကို ပြောပြတယ်။ ဆန်ဈေး၊ ဆီဆေး၊ စပါးဈေး၊ ရွှေဈေး၊ အမေက ပိုက်ဆံ အရေအတွက်တွေ အကြောင်း ပြောတယ်။ ကျနော်က ငွေကြေးတန်ဖိုးတွေအကြောင်းပြန်ပြောပြတော့ အမေ ငြိမ်ငြိမ်လေး နားထောင်နေတယ်။ ခေတ်ကိုက ဒီလိုပဲ။  နေထိုင်ကောင်းအောင်နေပါအမေ။

(၁၁)
မိတ်ဆွေကြီးတယောက်ဆီက စာလာတယ်။ မိုးဦးကျမှာ ခေါင်မှာမိုးယိုနေတာပြင်ရလို့ စာမရေးအားဘူးလို့ ပြောတယ်။ စိတ် တွေတည်လို့မရဘူးတဲ့၊  ကျနော်မှာတော့ ပြင်စရာခေါင်မိုးလည်း မရှိဘူး၊ အဲ့လိုပဲ လွတ်လပ်တဲ့ခြေထောက်တစုံလည်း မရှိဘူးလို့ စာပြန်လိုက်တယ်။ သူ များတကာလို အတောင်တစုံ မတောင့်တပါဘူး၊ မိုးယိုတတ်တဲ့ခေါင်းမိုး တစုံနဲ့၊  လွတ်လပ်တဲ့ ခြေထောက်တစုံကိုပဲ ကိုယ်ပိုင်ဖြစ်ချင်တာပါ။

နေနေ