မြန်မာနှင့် နိုင်ငံတကာ မြန်မာနှင့် ကုန်ဈေးနှုန်းနှင့် မောင်မိုးသူ


မြန်မာနှင့် နိုင်ငံတကာ မြန်မာနှင့် ကုန်ဈေးနှုန်းနှင့် မောင်မိုးသူ 
(ကုမုဒြာဂျာနယ်၊ စက်တင်ဘာ ၁၀၊ ၂၀၁၆) (မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၆ 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီက လည်း မဝင်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း မဝင်ခဲ့ပါ။ ဒါပေမဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ အင်န်အယ်လ်ဒီ က ကြားဖြတ်မှာ ဝင်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင်လည်း ရွေးကောက်ပွဲဝင်ပါတယ်။ ကြားဖြတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဟာ အနိုင်ရရှိပြီးသမ္မတဦးသိန်းစိန်ရဲ့လွှတ်တော်အစိုးရရဲ့ ထင်ရှားတဲ့ အတိုက်အခံအဖွဲ့အစည်း ဖြစ်လာခဲ့ပါတယ်။

စစ်အစိုးရအသွင်ပြောင်း ဦးသိန်းစိန်ရဲ့ လွှတ်တော်အစိုးရဟာ ပြည်သူလူထုရဲ့ တိုး တက်ဖွံ့ဖြိုးမှုကို ဘာမှ မည်မည်ရရ လုပ် မပေးနိုင်ခဲ့ပါဘူး။ ဦးသိန်းစိန်ရဲ့ ပြည်သူ့အ ကြိုက် လုပ်ဆောင်နိုင်တဲ့ တစ်ခုတည်းသော အချက်ဟာ တစ်တိုင်းပြည်လုံးက မလိုလား မကြိုက်တဲ့ ဆန့်ကျင်ကြတဲ့ မြစ် ဆုံ စီမံကိန်းကို သူ့ရဲ့ ငါးနှစ်သက်တမ်းမှာ ရပ်ဆိုင်ထားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါတောင် မှ အဲသည်လို ရပ်ဆိုင်းထားတဲ့အတွက် ပေးလျော်မှုတွေရှိတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ စကားလုံးအား ဖြင့် အပတ်စဉ် မိဘပြည်သူများခင်ဗျားလို့ လေချိုသွေးစကားဆိုခဲ့ပေမဲ့ စကားနောက်မှာ တရားမပါတဲ့အတွက် ဦးသိန်းစိန်ရဲ့ မိန့်ခွန်းဟာ ကာတွန်းဆရာတွေရဲ့ လက်ချက်နဲ့ ဟာသဖြစ်သွားခဲ့ပါတယ်။

အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ဟာကြီးမားသည်ထက် ကြီးမားလာပါတယ်။တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်းအင်န်အယ်လ်ဒီခေါင်းဆောင်တွေကို ဖိတ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း အတိုက်အခံခေါင်းဆောင်အဖြစ်တရုတ်ပြည်ကိုသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ရည်ကိုင်ရည်နဲ့ပတ်သက်ပြီး အစောဆုံး အသိအမှတ်ပြုသူကတော့ စင်ကာပူက လီကွမ်ယုရဲ့သား ဖြစ်ပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအဖွဲ့အစည်းရဲ့ ခေါင်းဆောင်နေရာကို လက်ခံဖို့ တိုက်တွန်းသွားလို့ပါပဲ။

၂၀၁၅ ရွေးကောက်ပွဲကျတော့ ဒေါ် အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဟာ တစ်ချပ်မှောက်ဖဲစကားနဲ့ပြောရရင် အောက်ပြုတ်ရှိုးလိုက်ပါတယ်။ ကြည့်လေ လက်ရှိအစိုးရဖြစ်နေတဲ့ ကြံ့ခိုင်ရေးပါတီထက်ပင်ပိုမိုများပြားတဲ့ ကိုယ်စား လှယ်အဖွဲ့များနဲ့ ၂၀၁၅ မှာ ပြောင်းလဲချိန် တန်ပြီဆိုတဲ့ ပြည်သူ့ရင်ထဲကို ဒုတ်ဒုတ်ထိ ရောက်တဲ့ ကြွေးကြော်သံနဲ့အတူရွေးကောက်ပွဲကို တစ်ခဲနက်လာကြတဲ့ ပြည်သူလူထုဟာလက်သန်းတစ်ချောင်း မင်အစွန်းခံပြီး (တချို့ မဖျက်ဘဲတောင်ထားကြဆို ပဲ) ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ကို တစ်ခဲနက် အားပေးလိုက်တဲ့အတွက် ဒီချုပ်ဟာ တောင်ပြို ကမ်းပြို အနိုင်ရခဲ့ပါတယ်။

သည်နေရာမှာ သူတို့ပဲ နိုင်မယ်လို့ ယူဆထားတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး တို့ကို ၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်တဲ့ သူများလို့ ဒေါ် အောင်ဆန်းစုကြည်က ချီးကျူးစကား ပြောခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော်သုံးရပ်စလုံးမှာ အနိုင်ရရှိတဲ့အတွက် ပြည် ထောင်စုအစိုးရကို ဖွဲ့စည်းနိုင်တဲ့အပြင် တိုင်းနဲ့ ပြည်နယ်အစိုးရများကိုလည်းအင်န်အယ်လ်ဒီကဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ရှမ်းနဲ့ရခိုင်မှာ အင်န်အယ်လ်ဒီက အများစု အနိုင်မရပေမဲ့ ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရ ဖွဲ့စည်းရာမှာလည်း ပွရောင်းများပြားလှတဲ့ ဦးသိန်းစိန် ရဲ့ ဝန်ကြီးအဖွဲ့ကို ကျစ်လျစ်တဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။ သမ္မတအဖြစ်ကိုတော့ တိုင်းပြည်က ချစ်ခင်လေးစားတဲ့ ကဗျာ ဆရာကြီး မင်းသုဝဏ်ရဲ့သား ဦးထင်ကျော်ကို တင်မြှောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးနေရာပဲ ရယူခဲ့ပါတယ်။ နောက်မှ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် အတိုင် ပင်ခံရာထူးကို လက်ခံရယူခဲ့ ပါတယ်။
သမ္မတ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ လာအိုနိုင်ငံ အာဆီယံ အစည်းအဝေးကို သွားခဲ့ပါတယ်။ အစဉ်အလာအရ တရုတ်ကို မလှန်နိုင် မပြောနိုင်တဲ့ အာဆီယံဟာ ဒေါ်အောင်ဆန်းစုကြည် ရောက်သွားပြီးနောက်
တောင်တရုတ် ပင်လယ်အရေး ပြောဆိုလာနိုင်ခဲ့ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ တရုတ်သမ္မတနိုင်ငံကို မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်အဖြစ်၊ သူ့ရဲ့ ပထမဆုံးခရီး စဉ်အဖြစ်ရွေးချယ်ခဲ့ပါတယ်။တရုတ် ပြည်သူသမ္မတနိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်ကို
ကော်ဇော နီခင်း ကြိုဆိုခဲ့ ကြပါတယ်။ ပြည်သူများ စိုးရိမ်နေကြတဲ့ မြစ်ဆုံကိစ္စကိုတော့ ဒေါ်အောင်ဆန်းစု ကြည်ဟာ တရုတ်ပြည်ကို မသွားခင်မှာပဲ မြစ်ဆုံလေ့လာ ရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး တရုတ်ရောက် တော့ မြစ်ဆုံကို ဘာမှ မဆွေးနွေးခဲ့ပါဘူး။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲစာချုပ် ချုပ်ဆိုခဲ့ကြတဲ့အပြင် လက် ဆောင်အဖြစ် ဆေးရုံနှစ်ရုံနဲ့ တံတားတစ်စင်း တည်ဆောက်ပေးပါသေးတယ်။ မကြာ မတင် ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံကိုလည်း ထောက်ခံကူညီမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံအစည်းအဝေးကြီးကို ပြု လုပ်ကျင်းပခဲ့ပါတယ်။  သည် ၂၁ ရာစုပင်လုံ ဆိုတဲ့ စကားလုံးက ၁၉၈၉ ခုနှစ် ပင်လုံက အပြန် တောင်ကြီးမှာ ဒေါ်အောင်ဆန်း စုကြည် ပြောကြားခဲ့တဲ့ စကားပဲ ဖြစ်ပါ တယ်။

သည်ညီလာခံကြီးကို ဒေါ်အောင် ဆန်းစုကြည်က စုစည်းလုပ်ဆောင်ပေး သူရဲ့နေရာမှာသာနေခဲ့ပြီး လက်နက် ကိုင်အဖွဲ့အစည်းများဖြစ်တဲ့ မြန်မာ့တပ်မ တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပွင့်ပွင့်လင်းလင်း ရင်ဖွင့် ပြောပြခွင့် ရရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အဲသည် ညီလာခံရဲ့ ထူးခြားချက်ကတော့ ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းပါ တက်ရောက် မိန့်ခွန်းပြော ကြားခဲ့ခြင်း ဖြစ်ပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများအားလုံးဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရှေ့မှာ ပြောဆိုကြရတဲ့အပြင် ရုပ် မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့ ပါတယ်။

တစ်ဆက်တည်းမှာပဲ ရခိုင်ကိစ္စအတွက် အကြံပေးကော်မတီအဖြစ် ငြိမ်းချမ်း ရေး နိုဘယ်ဆုရှင် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် ဟောင်း ကိုဖီအာနန်ကို ခန့် အပ်လိုက်ခြင်း ဖြစ်ပါတယ်။
ဘန်ကီမွန်းတို့ ၊ ကိုဖီအာနန်တို့က တွေ့ဆုံဖို့ ခွင့်တောင်းလို့တောင် မရနိုင်သူ များ ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးက ဝမ်း မြောက်ဝမ်းသာပဲ ဘန်ကီမွန်းက ငြိမ်းချမ်း ရေး ညီလာခံကို တက်၊ ကိုဖီအာနန်က ရခိုင် အကြံပေးအလုပ်ကို လက်ခံခဲ့ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလွန် ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ရည် လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။

သည့်နောက် လာအိုမှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးကို နိုင်ငံခေါင်း ဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပါတယ်။ အဲသည်မှာ ဂျပန် ဝန်ကြီးချုပ်၊ အိန္ဒိယဝန်ကြီးချုပ်၊ နယူးဇီလန် ဝန်ကြီးချုပ်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲသည်မှာပဲ အမေရိကန် သမ္မတဘိုဘားမားက ဒေါ်အောင်ဆန်း စုကြည်ဟာ မကြာမတင် အမေရိကန်ကို လာရောက်မယ့်အကြောင်း ပြောကြားခဲ့ပါတယ်။ ဒေါ် အောင်ဆန်းစုကြည် အမေရိကန်ကို မသွားရောက်မီမှာပင် အမေရိကန်အစိုးရက မြန် မာနိုင်ငံအပေါ် ကန့်သတ် ချက်များကို ဖြေလျှော့ပေးဖို့ ကြိုတင်ဆုံးဖြတ်ချက်များ ချမှတ်ပြီး ဖြစ်ပါတယ်။

ဒါတွေ ဒါတွေကတော့ မြန်မာနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်လို ရှားပါး ထူးချွန်တဲ့ ခေါင်းဆောင်တစ်ယောက်ကို ရရှိလိုက်တဲ့အတွက် နိုင်ငံတကာ မျက် နှာစာမှာ အောင်မြင်ထင်ရှားခဲ့တဲ့ ဖြစ်ရပ် များ ဖြစ်ပါတယ်။
မောင်မိုးသူရဲ့ ဒုတိယခေါင်းစဉ်ဖြစ်တဲ့ မြန်မာနိုင်ငံနှင့် ကုန်ဈေးနှုန်းကျတော့ သည်လိုခင်ဗျ။ ကုန်ဈေးနှုန်းက တက်ပြီး ရင်းတက် ဖြစ်လာခဲ့တာ ဘယ်လိုမှ တား ဆီးမရတဲ့ အခြေအနေကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ကုန်ဈေးနှုန်းကြီးလာတာ တက်လာ တာဟာ သူ့ရဲ့စရိုက်လက္ခဏာအရ ထုတ် ကုန်ပစ္စည်းများ၊ စိုက်ပျိုးမှုများ စသည်ဖြင့် စားသုံးကုန်များ၊ လူသုံးပစ္စည်းများ ထုတ် လုပ်မှုအခြေအနေအရ ကြီးမား မြင့်မား လာတာ ဖြစ်ပါတယ်။
ကာတွန်းဆရာတစ်ယောက်က ရေး ပါတယ်။ ဒီမိုကရေစီအစိုးရဟာ အစစ အရာရာ ကော်မရှင်ဖွဲ့စည်းပေမဲ့ ကုန်ဈေးနှုန်းကျဆင်းရေးကော်မရှင် မဖွဲ့စည်းသေး ကြောင်း ပြောင်မြောက်တဲ့ သရော်ချက်ကို မောင်မိုးသူ ဖတ်ရပါတယ်။

ဒါပေမဲ့ မောင်မိုးသူရဲ့အယူအဆက တော့ ပြောင်းပြန်ခင်ဗျ။ ကုန်ဈေးနှုန်းကတော့ သူ့ဘာသာသူ၊ သူ့သဘာဝနဲ့သူ့ အတိုင်း ရှိပါစေပေါ့။ ဒါပေမဲ့ အရေးအကြီး ဆုံးကတော့ ပြည်သူလူထုရဲ့ဝင်ငွေကိုတိုးမြင့်ရရှိအောင် စီမံပေးဖို့ပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

သည်အကြံဉာဏ်ကလည်း မောင်မိုးသူရဲ့ ကိုယ်ပိုင်အကြံဉာဏ်ပဲခင်ဗျ။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မောင်မိုးသူ ရဲ့ မဒမ်ရှိစဉ်က ကုန်ဈေးနှုန်းကြီးလိုက်တာ၊ ကြီးလိုက်တာလို့ ပြောတဲ့အခါမှာ မောင်မိုးသူရဲ့ ညွှန်ကြားချက် အကြံဉာဏ် က မင်း ပိုက်ဆံပိုရှာပေါ့ကွာ ဖြစ်ပါတယ်။

ကုန်ဈေးနှုန်းဆိုတာ ဆန်ပေါချိန် ကျ၊ ဆန်ရှားချိန်မှာတက်မှာဖြစ်သလို လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုများမှာလည်း အားလုံး အပြိုင်အဆိုင် ထုတ်လုပ်နေကြတာဖြစ်တဲ့အတွက် သူ့အခြေအနေနဲ့ သူ့ဈေးကွက်နဲ့ သူတက်နိုင်ကျနိုင် ဖြစ်နေမှာပါပဲ။ အရေးကြီးတာက စားသုံးသူများက ဝယ်ယူစားသုံးနိုင်တဲ့ ဝင်ငွေရှိကြဖို့ပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားပေါင်း လေးသန်းလောက်ရှိသ တဲ့။ ဘာဖြစ်လို့လဲ၊ ထိုင်းနိုင်ငံမှာ အလုပ် သွားလုပ်ရင်ရတဲ့ ဝင်ငွေက မြန်မာနိုင်ငံမှာရတဲ့ ဝင်ငွေထက် များပြားလို့ပါပဲ။
ဒါကြောင့် ကုန်ဈေးနှုန်းကျဆင်းဖို့ မောင်မိုးသူ မပြောချင်ပါ။

မောင်မိုးသူ ပြောချင်တာက မြန်မာ ပြည်သူပြည်သားများရဲ့ ဝင်ငွေ တိုးပွား မြင့်မားအောင် လုပ်ဆောင်ပေးဖို့ လိုအပ် ကြောင်း ပြောချင်တာပါပဲ။

မြန်မာနှင့် နိုင်ငံတကာပါ။

မြန်မာနှင့် ကုန်ဈေးနှုန်းနှင့် မောင်မိုးသူပါ။