ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးထွန်းမြင့်၏ ဒေါ်အောင်ဆန်းစုကြည်သို့ ပေးစာ (၁၉၈၉ ခုနှစ်)


ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးထွန်းမြင့်၏ ဒေါ်အောင်ဆန်းစုကြည်သို့ ပေးစာ (၁၉၈၉ ခုနှစ်) 
(မိုးမခ မှတ်စုမှတ်တမ်း) စက်တင်ဘာ ၂၃၊ ၂၀၁၆

" ပုဂ္ဂိုလ်ရေးပေးစာ " လို့ ဆိုထားသော်လည်း "၂၁ ရာစု ပင်လုံ " အသံမြည်ဟိန်းနေ တဲ့ကာလမှာ ဒီပေးစာကို သိရှိလေ့လာ ဖတ်ရှုသင့်တယ်လို့ ယူဆပါ သဖြင့် ဖြန့်ဝေလိုက်ပါတယ်။

- စာရဲ့သက်တမ်းဟာ နှစ်ပေါင်း ၃၀ နီးပါးရှိနေပါပြီ။ (၁၉၈၉ - ၂၀၁၆ ယနေ့ကာလ)
- ပြည်ပ၌ ထုတ်ဝေသော "ရှမ်းပြည်ဘယ်လဲ " စာအုပ်မှ ကူးယူဖော်ပြပါတယ်။
- ထိုစာအုပ်၌ ပုံနှိပ်မှတ်တမ်းမပါရှိပါ။
- ထိုစာအုပ်မှာပါတဲ့ "လုန်းခွန်ကြာဦး" ရဲ့ အမှာစာမှ ရက်စွဲမှာ (၂၁-၃-၁၉၉၁) ဖြစ်ပါတယ်။

(တူမောင်ညို စုဆောင်း တင်ဆက်ပေးပါသည်)

သို့
ဒေါ်အောင်ဆန်းစုကြည်
အထွေထွေအတွင်းရေးမှူး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့။

တောင်ကြီးမြို့။ ၁၉၈၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀)ရက်

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား-

(၁၃၊၂၊၈၉) နေ့ ညနေ ထမင်းစားပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် ဆွေးနွေးတဲ့အခါ၊ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြောစရာရှိတာပြောပြီိး၊ ဒေါ်အောင်ဆန်းစုကြည်မှာ ကြိုတင်ချိန်းဆိုတဲ့ကိစ္စ ရှိနေလို့ဆိုပြီး၊ ထမင်းစားပွဲက ထွက်ခွာသွားတဲ့အတွက် ကျနော် ဒီစာကို ရေးလိုက်ရတာဖြစ်ပါတယ။ အဲဒီညနေကသာ ကျနော်ဘက်က ပြန်လည်ပြောဆိုခွင့်ရခဲ့ရင် ကျနော် ဒီစာကိုရေးဖို့ လိုချင်မှလိုမှာပါ။
နိုင်ငံရေးပြဿနာတခုဟာ တိုးလိုးတန်းလန်း မရှိအပ်ပါဘူး။ ပြေလည်မှုရှိဖို့ လိုပါတယ်။ ပြတ်သားတဲ့အဖြေတခု ရဖို့ လိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်တောင်ပိုငးခရီးထွက်လာမယ်လို့ ကြားသိရတဲ့အခါ ကျနော်တို့ရဲ့အဖွဲ့ချုပ် (ရှမ်းပြည်လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ်) အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ထံမှ တိုင်းရင်းသားလူမျိုးစုများပြဿနာနဲ့ ပတ်သက်လို့ တိကျတဲ့ သဘောထား ကြားရလိမ့်မယ်လို့ မျှော်မှန်းထားခဲ့ကြပါတယ်။

(၁၃၊ ၂၊ ၈၉) နေ့ မနက်ပိုင်းဆွေးနွေးပွဲမှာ အဲဒီတိကျတဲ့သဘောထားကို ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ မေးမြန်းကြဖို့ပါပဲ။ ဒါပေမယ့် ပရိုဂရမ် စီစဉ်သူတွေကပဲ၊ အဲဒီဆွေးနွေးပွဲဟာ ပါတီစုံ၊ လူစုံဖြစ်နေလို့ ဆွေးနွေးပွဲပြီးတဲ့အခါ ကျနော်တို့အဖွဲ့ချုပ်နဲ့ သတ်သတ်ဆွေးနွေးဖို့စီစဉ်ထားပါတယ်လို့ ကျနော့်ကိုပြောပါတယ်။ အဲဒီမနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် အခြားပြည့်နှက်နေတဲ့ အစီအစဉ်တွေကြောင့် ကျနော်တို့အဖွဲ့ချုပ်နဲ့ သီးခြားဆွေးနွေးဖို့ အချိန်မပေးနိုင်ခဲ့ပါဘူး။ ညနေပိုင်း ထမင်းစားပွဲကျတော့ ဒေါ်အောင်ဆန်းစုကြည်တို့ နောက်တနေ့မနက်ပြန်ကြတော့မယ်လို့ ကျနော်သိရတယ်။

ဦးမိုးသူရဲ့ ကြားဝင်စီစဉ်ပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည့်နဲ့ ကျနော်ရဲ့ ဆွေးနွေးပွဲဟာ ကြိုတင်စီစဉ်မှုမရှိဘဲ ရုတ်တရက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်၊

အမှန်ကတော့ ဒီကိစ္စမျိုးဟာအေးအေးဆေးဆေးအချိန်ယူပြီး အကြေအလည်ဆွေးနွေးရမယ့် ကိစ္စဖြစ်ပါတယ်။

အခုတော့ ကြိုတင်စီစဉ်မှုမရှိဘဲ ရုတ်တရက်ဖြစ်ပေါ်လာခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားတဲ့ဧည့်ပရိသတ်ကလဲ ဝိုင်းရံနေတဲ့အတွက် ကျနော့်ဘက်က အထူးသတိထားပြီး ပြောဆိုခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့အမျိုးသားခေါင်းဆောင်တယောက် အဖြစ်ရောက်ရှိနေတဲ့ အခါမျိုးမှာ ကျနော်တို့က ခေါင်းဆောင်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကျဆင်းစေမယ့် အပြုအမူအပြောအဆိုမျိုးကို ရှောင်ရမယ်လို့ ကျနော်ခံယူထားပါတယ်။ ဒါကြောင့်ပဲ ကျနော်ဟာ ဒေါ်အောင်ဆန်းစုကြည် စကား အရှည်ကြီး ပြောနေစဉ် ကျနော်နဲ့ သဘောထားခြင်းမတိုက်ဆိုငိပေမယ့် ကြားဖြတ် ဝင်ရောက်နှုတ်လှန်ထိုးခြင်း မပြုခဲ့ပါဘူး၊ ဒေါ်အောင်ဆန်းစုကြည် ပြောလိုတာပြောပြီးတော့မှပဲ ကျနော်ရဲ့ ထင်မြင်ယူဆချက်တွေကို အေးအေးဆေးဆေး ပြန်တင်ပြမယ် လို့ စိတ်ကူးခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်စုကြည်မှာ အရေးကြီးတဲ့ နောက်အစီအစဉ်တခုအတွက် ရုတ်တရက် ထွက်သွားရတော့ ကျနော့်အတွက် မကြေမလည်ဖြစ်ပြီး ကျန်ရစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီစာကို ကောက်ရေးရခြင်းဖြစ်ပါတယ်။ ဦးမိုးသူ ကိုတော့ ကျနော်အရိပ်အမြွက် ပြောပြခဲ့ပါသေးတယ်။

ဒီစာဟာ ဝေဖန်ရေးလို့ပဲ ယူစစေလိုပါတယ်။ ဝေဖန်ရေးနဲ့ ကိုယ့်ကိုယ်ကို ဝေဖန်ရေးဟာ ဒီမိုကရေစီနိုင်ငံရေးရဲ့ အသက်ဖြစ်ပါတယ်။ ဝေဖန်ရေးကင်းမဲ့တဲ့ နိုင်ငံရေးဟာ ကမောက်ကမ မဖြစ်တတ်ရုံမျှမက အာဏာရှင်စနစ်ဆီသို့ လည်း ဦးတည်သွားတတ်ပါတယ်။

စာအလွန်ရှည်သွားမှာစိုးတဲ့အတွက် ကျနော်လိုရင်းကိုရေးပါတော့မယ် -

ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံတော်ကို တိုင်းရင်းသားလူမျိုးအချင်းချင်း ပြည်နယ်အချင်းချင်း တန်းတူညီမျှမှုကို အခိုင်အမာဆုံး အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ယူနီယံမျိုး တည်ဆောက်နိုင်မှသာ ပြည်နယ်များနဲ့ တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှမှု အမှန်တကယ်ရရှိပြီး အမှန်တကယ် သွေးစည်းညီညွှတ်မှုရနိုင်မယ်လို့ ခံယူထားပါတယ်၊ ဒီလိုခံယူထားတာဟာ အကြပ်ကိုင်တောင်းဆိုခြင်းမျိုးလည်းမဟုတ်သလို စိတ်ကူးယဉ်တောင်းဆိုခြင်းမျိုးလည်း မဟုတ်ပါဘူး၊ သမိုင်းစဉ်ဆက် သင်ခန်းစာအရပ်ရပ်ပေါ် အခြေခံပြီး ကျနော်တို့ရှမ်းအစရှိတဲ့ တိုင်းရင်းသားလူမျိုးများ လိုလားတောင်းတမှုအပေါ် ရပ်တည် ခံယူထားခြင်းသာဖြစ်ပါတယ်။

ဗဟိုအစိုးရတမျိုးတစားတည်းက ကြိုးကိုင်အုပ်ချုပ်တဲ့ ယူနီထရီ ယူနီယံမျိုးကိုတော့ လွတ်လပ်ရေးသက်တမ်းတလျှောက် တွေ့ကြဖြစ်ပျက် ခံစားမှုအရပ်ရပ်ကြောင့် ကျနော်တို့ ဘယ်လိုနည်းနဲ့မှ မလိုလား၊ မနှစ်သက်နိုင်ကြပါဘူး။

ဒေါ်အောင်ဆန်းစုကြည် သိရှိတော်မူသည့်အတိုင်း ယနေ့ကမ္ဘာပေါ်မှာ ဖက်ဒရယ်နဲ့ ယူနီထရီနိုင်ငံနှစ်မျိုးနှစ်စားထဲဘဲရှိပါတယ်။ တတိယအမျိုးအစားမရှိပါဘူး၊ ဒါဟာ သီအိုရီမဟုတ်ပါဘူး၊ လက်တွေ့သာဓကတွေပါ။

တရုတ်ပြည်သူ့တမ္မတနိုင်ငံတချို့က ဖက်ဒရယ်နဲ့ ယူနီထရီရောစပ်ထားတဲ့ နိုင်ငံလို့ ယူဆကြပါတယ်။ အမှန်ကတော့ တရုတ်ပြည်ဟာ ယူနီထရီနိုင်ငံဖြစ်ပါတယ်။ လူမျိုးစုတွေနဲ့ ပြည်နယ်တွေကို အထိုက်အလျောက်ကိုယ်ပိုင်အုပ်ချုပ်မှု အခွင့်အရေးတွေပေးထားတာ မှန်ပေမယ့် တကယ့်အနှစ်သာရအားဖြင့် ဗဟိုအစိုးရက ကြိုးကိုင်အုပ်ချုပ်တဲ့ ယူနီထရီနိုင်ငံဖြစ်တယ်ဆိုတာ ဘယ်သူမှမငြ်းနိုင်ပါဘူး။

ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ဟာ ယူနီထရီနိုင်ငံ စစ်စစ်ကြီးတွေဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံတွေမှာရှိတဲ့ ဒေသန္တရအုပ်ချုပ်ရေးများဟာ ဖက်ဒရယ်နိုင်ငံတွေကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရှိကြပါတယ်။ ဒါတောင်မှ အင်္ဂလိပ်မဟုတ်တဲ့စကော့၊ ဝေလနဲ့ အိုင်းရစ်လူမျိုးတို့ဟာ မကျေနပ်နိုင်လို့ အဲဒီထက်ပိုပြီးကိုယ်ပိုင်အုပ်ချုပ်မှုရှိတဲ့ သီးခြားပြည်နယ်တောင်းဆိုကြသေးတယ် မဟုတ်ပါလား။

ချက်ကိုစလိုဗက်ကီးယားနိုင်ငံဟာ နာဇီလက်အောက်ကလွတ်မြောက်ပြီးနောက် ယူနီထရီနိုင်ငံအဖြစ် တည်ထောင်ခဲ့ပါတယ်။ ချက်နဲ့ ဆလိုဗက်လူမျိုးဟူ၍ နှစ်မျိုးရှိရာ ချက်ကလူများစု ဆလိုဗက်က လူနည်းစုဖြစ်နေလို့ အခြေခံဥပဒေထဲမှာ ဆလိုဗက်လူမျိုးအတွက် တိကျခိုင်မာတဲ့အခွင့်အရေးတွေကို သီးခြား ထည့်သွင်းရေးဆွဲထားခဲ့ပါတယ်။ ဒါပေမယ့် လူမျိုးချင်း တန်းတူမှု မပြည့်ဝသေးဘူးလို့ ယူဆကြလို့ လွန်ခဲ့တဲ့ ၃-၄နှစ်ကပဲ ဖက်ဒရယ်အခြေခံဥပဒေသစ်ကိုရေးဆွဲပြီး ဖက်ဒရယ်နိုင်ငံအဖြစ် ပြန်လည် တည်ဆောက်ခဲ့ကြတယ် မဟုတ်လား။

အနာဂတ်မြန်မာနိုင်ငံတော် တည်ဆောက်ရာမှာ အနာဂတ်ခေါင်းဆောင်အဖြစ် အလားအလာ အများဆုံးရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူမျိုးစုအကြီးဆုံးတည်ရှိတဲ့ ရှမ်းပြည်နဲ့ လူမျိုးစုသဘောထား ကျေလည်ထားဖို့လိုပါတယ်။ တိကျပြတ်သား ထားဖို့လိုတယ် လို့ ယူဆပြီး၊ ကျနော်တို့အကျေအလည် ဆွေးနွေးထားဖို့ ဆန္ဒရှိခဲ့ကြခြင်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက် (၉)မှာပါရှိတဲ့ သဘောလားဟာ အားလုံးကိုခြုံငုံမိတယ်လို့ ဆိုခဲ့ပါတယ်။ သာမန်အားဖြင့် ကြည့်ရင် ခြုံငုံမိသလိုထင်ရပါတယ်။ သေသေချာချာလေ့လာ ကြည့်တဲ့အခါ တိကျမှုမရှိတဲ့အပြင်၊ ဝါးတားတား ဖြစ်နေတာတွေကို တွေ့ရတဲ့အတွက် ဦးမိုးသူ မှတဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနိုင်ဖို့ ကျနော်ခွင့်တောင်းခဲ့ခြင်းဖြစ်ပါတယ်။

ကျနော်က တိတိကျကျသဘောထားကို မေးလိုက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ဟာ နဲနဲစိတ်ဆိုးသွားတယ်လို့ ကျနော်ထင်ပါတယ်။ စိတ်ဆိုးသွားတာမဟုတ်ဘူးဆိုရင် ကျနော့်ကိုခွင့်လွှတ်ပါ။ ကျနော်အဲဒီလိုအကဲခတ်မိခဲ့လို့ပါ။

ကျနော် ဒီလိုသဘောထားသက်ရောက်တဲ့ မေးခွန်းမေးခဲ့တာ ဒေါ်အောင်ဆန်းစုကြည်မှတ်မိတယ်ထင် ပါတယ်။

ကြေညာချက် (၉)မှာ “ပြည်ထောင်စုကြီး၏ အနာဂတ်ခရီးလမ်းညွှန်များကို ချမှတ်နိုင်မည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှုညီလာခံတရပ်…” ခေါ်ယူမယ်လို့ဖေါ်ပြထားတယ်။ အဲဒီအမျိုးသားညီလာခံက ပြဌာန်းချက်များနဲ့ လမ်းညွှန်တရားများကို အခြေခံပြီး “…နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်တရပ်ကို ဒီမိုကရေစီတိုင်းပြည်ပြုလွှတ်တော်တွင် ညှိနှိုင်းရေးဆွဲမယ်…” လို့ လည်းဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခြေခံဥပဒေသစ်ရယ်၊ အဲဒီအခြေခံဥပဒေအရ တည်ဆောက်မည့်ပြည်ထောင်စုကြီးဆိုတာရယ် ဘယ်လိုနိုင်ငံအမျိုးအစားကိုဆိုလိုတာလည်း ဖက်ဒရယ်လား ယူနီထရီလား…  "  အဲဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မျက်နှာနဲနဲနီသွားပါတယ်။ တင်းလဲတင်းသွားပါတယ်၊ အသံလဲ နဲနဲမာလာတယ်လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် နဲနဲစိတ်ဆိုးသွားတယ်လို့ ထင်မိကြောင်း ကျနော်ဆိုခဲ့တာပါ။ မဟုတ်ဘူးဆိုရင် ကျနော် ဒုတိယအကြိမ်ထပ်ပြီး တောင်းပန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ပြည်ထောင်စုကို အင်္ဂလိပ်ဘာသာနဲ့ ယူနီယံလို့ပြန်ထားပါတယ်။ ကျမတို့ကလည်း ယူနီယံကိုပဲဆိုလိုတာ။ ဖက်ဒရယ်တို့၊ ယူနီထရီတို့ဆိုတာ သီအိုရီသဘောတရားတွေပဲ၊ လက်တွေ့နဲ့တခြားစီပါ၊ သီအိုရီတွေကိုနေရာတကာ လက်တွေ့သုံးလို့မရဘူး၊ ဘယ်လိုပြည်ထောင်စုမျိုးလည်း ဆိုတော့ ကျမ အခု မပြောနိုင်ဘူး။ အမျိုးသားညီလာခံရောက်မှ ဆွေးနွေးညှိနှိုင်းကြရမယ်။ ကျမအနေနဲ့တော့ အားလုံး သဘောတူဆုံးဖြတ်ထားတာကို လက်ခံမှာပဲ။ အဲဒီလိုပွင့်လင်းတဲ့စိတ်မျိုး ထားတယ်” စသဖြင့် အရှည်ကြီးပြောသွားပြီိးတဲ့နောက် “ ကျမအနေနဲ့ လူမျိုးစုတွေအပေါ်မှာ စေတနာအလွန်သန့်တယ် ဆိုတာတော့ ယုံကြည်ပါ။ အမျိုးသားညီလာခံမှာ အန်ကယ်တို့ကိုလည်း ညှိနှိုင်းမှာပါ..” လို့ပြောခဲ့ပါတယ်။ အဲဒီနောက် ကျနော့်အပေါ် ပုဂ္ဂလဓိဌာန်လား၊ ကျနော့်ကိုယ်စားပြုတဲ့အဖွဲ့ချုပ်ကိုပဲ ရည်ညွှန်းတာလား၊ ဒါကတော့ ကျနော် သေသေချာချာမပြောနိုင်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်စဉ်းစားတွေးတောတဲ့အယူအဆ(Preconceived Ideas) ) မထားရှိအပ်တဲ့အကြောင်း ပြစ်တင်ဝေဖန်သွားပါတယ်။ တဆက်တည်းအမျိုးသားညီလာခံကြီးကို (Preconcieved Ideas ) တွေနဲ့ လာလို့တော့မဖြစ်ဘူး၊ ကျမတို့လက်မခံနိုင်ဘူး၊ အားလုံးပွင့်လင့်တဲ့စိတ်ထား (With open mind )နဲ့ တက်ရောက်လာကြမှ ဖြစ်မယ်လို့ လည်းပြောခဲ့ပါတယ်။

(Preconceived Ideas )နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုပြုသလဲတော့ ကျနော်မသိဘူး-   လူတစ်ယောက်ဆီမှာ အယူအဆတခုစီတော့ရှိစမြဲပါ။  ကိစ္စခပ်သိမ်းဆောင်ရွက်ရာမှာ ကြိုတင်စဉ်းစား- တွေးတောမှုတော့ ရှိကြမှာအမှန်ပါပဲ-

နိုင်ငံရေးပါတီအဖွဲ့အစည်းတိုင်း နိုင်ငံရေးသမားတိုင်းမှာလည်း ဝါဒ သဘောတရား လမ်းစဉ်ရယ်လို့ အသီးသီးရှိကြစမြဲပါ။ နိုင်ငံရေးပါတီ ဒါမှမဟုတ်နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ဟာ ဆွေးနွေးပွဲ စည်းဝေးပွဲတခုကို တက်ရောက်တော့မယ်ဆိုရင် သဘောတရားတခုသို့မဟုတ် အယူအဆတခုကိုတော့ ကြိုတင်တွေးတောစဉ်းစားပြီး ယူဆောင်လာမှာမလွှဲပါ။

တိုင်းရင်းသားလူမျိုးစုံ အမျိုးသားညီလာခံသဘင်ကို တက်ရောက်လာကြမယ့်( ပုဂ္ဂိ္ဂ္ဂုလ်)၊ အဖွဲ့အစည်းအသီးသီးဟာလည်း တိုင်းရင်းသားသွေးစည်းညီညွှတ်ရေးနဲ့ ပတ်သက်လို့ မိမိတို့ကိုယ်ပိုင်အတွေးအခေါ် သဘောတရား အယူအဆများ ယူဆောင်မလာလို့ မဖြစ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ ( Preconceived Ideas ) ဆိုတာ ဒါတွေနဲ့မသက်ဆိုင်ဘူးလား၊ ကြိုတင်တွေးတောကြံဆထားတဲ့ အတွေးအခေါ်သဘောတရားအယူအဆ မကိုင်ဆောင်လာရတဲ့ ညီလာခံမျိုးကို ကျင်းပလို့ရမယ်လို့ ကျနော်မထင်မိဘူး၊ သဘောတရား အယူအဆမျိုးစုံကိုတော့ ယူဆောင်လာကြမှာပဲ၊ ညီလာခံမှာ ဒီသဘောတရားအယူအဆတွေကို ညှိနှိုင်းဆွေးနွေးကြရမယ်၊ တူညီတဲ့အဖြေကို ရှာကြရမယ်လို့ ကျနော်ယူဆတယ်။

ဒေါ်အောင်ဆန်းစုကြည်စကားပြောနေတုန်း ဤအချက်တွေကို ကျနော်ဝင်ပြော ချင်လိုက်တာ ပါးစပ်ယားနေတာပဲ။ ဝိုင်းအုံနေတဲ့လူအုပ်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသောအားဖြင့် ကျနော်ငြိမ်သက်စွာပဲ နားထောင်နေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား ကျနော့်စာဟာ မူလကြံရွယ်ထားတာထက် အများကြီးရှည်လျားလာတဲ့ အတွက် ကျနော့်ကိုခွင့်လွှတ်ပါ။ နိုင်ငံရေးဆိုတာပွင့်လင်းရပါမယ်။ အားမနာရပါဘူး၊ မပြောမပြီး မတီးမမြည်ဆိုသလိုပဲ၊ ပြောစရာရှိတာတော့ ကုန်အောင်ပြောပါရစေ။

အခုဒေါ်အောင်ဆန်းစုကြည်ထံ ဒီစာအရှည်ကြီးရေးနေသလို၊ တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ (၄၃) နှစ်တိတိက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ထံအလားတူ စာအရှည်ကြီးတစောင် ရေးသား ပေးပို့ခဲ့ဖူးပါတယ်။ ရှမ်း- မြန်မာဆက်ဆံရေးအတွက် သမိုင်းဝင်စာတစောင်လို့ အချို့ပုဂ္ဂိ္ဂုလ်တွေက အသိအမှတ်ပြုထားကြပါတယ်။ အဲဒီစာထဲက ဆီလျှော်တဲ့အချက်အချို့ကို အကျဉ်းမျှဖေါ် ပြပါရစေ။

၁၉၄၆ ခု ရွှေတိဂုံဘုရာားအလယ်ပစ္စယံမှာ ကျင်းပတဲ့ (ဖဆပလ) ပြည်လုံးကျွတ်ညီလာခံကို ကျနော်တို့ ရှမ်းပြည်ကလူငယ်ကိုယ်စားလှယ် (၁၀)ဦး တက်ရောက်ခဲ့ကြပါတယ်။ တရားဝင်ကိုယ်စားလှယ်တွေမဟုတ်ပါဘူး။ အင်္ဂလိပ်အာဏာပိုင်တွေမသိအောင် တိတ်တဆိတ် ခိုးတက်ခဲ့ရတဲ့ ကိုယ်စားလှယ်တွေပါ။

ကျနော်တို့ (၁၀) ဦးမှာ (၁) ကိုတင်ဝ၊ (၂)ကိုစံဖေ၊ (၃)ကိုခွန်ထီး၊ (၄) ကိုဘတင်၊ (၅) ကိုအုန်းဖေ(အုန်းသီးလူး)၊ (၆)ကိုအေးကျော်၊ (၇)ကိုသုတ၊ (၈)ကိုသန်းဖေ၊ (၉)ကိုမြမင်း၊ (၁၀) ကျနော်တို့ဖြစ်ပါတယ်။  အဲဒီ(၁၀)ယောက်အနက် ကိုခွန်ထီး နဲ့ ကျနော် (၃)ယောက်ပဲ ဒီနေ့အသက်ထင်ရှားရှိနေကြပါတယ်။

အဲဒီ ၁၉၄၆ ခု၊ ဖဆပလညီလာခံမှာ ကျနော်တို့ရှမ်းပြည်နဲ့ သက်ဆိုင်တဲ့ အဆိုတခုပါပါတယ်။ ကျနော်တို့ ရှမ်းပြည်လူငယ်များ တင်သွင်းတဲ့ အဆိုမဟုတ်ပါဘူး။ တောင်ကြီးမြို့မှာ ခဏခေတ္တ လာရောက်နေထိုင်ဖူးတဲ့ ဗမာမွတ်ဆလင်ကွန်ကရက် ကိုယ်စားလှယ် ဦးဖေခင်က တင်သွင်းခဲ့တာပါ။ ဖဆပလညီလာခံကိုယ်စားလှယ်အားလုံးထဲမှာ ဦးဖခင်တစ်ယောက်ပဲ ရှမ်းပြည်နဲ့နီးစပ်သူဖြစ်ပါတယ်။ အဆိုရဲ့ခေါင်းစည်းက “ ချွင်းချန်ထားသောနယ်များ မြန်မာပြည်မနှင့်ပူးပေါင်းရေး” လို့ဖြစ်ပါတယ်။ စကားလုံးအတိအကျတော့ ကျနော်မမှတ်မိဘူး။

အဆိုရဲ့စာကိုယ်မှာ- စက္ကူဖြူစာတမ်းအရ၊ ရှမ်းပြည်၊ ကချင်တောင်တန်း၊ ချင်းတောင်တန်းစတဲ့ နယ်များကို ဗမာပြည်ကခွဲထုတ်ထားတယ်၊ အဲဒီနယ်များက ဗမာပြည်နဲ့ ပူးပေါင်းလိုက အဲဒီနယ်သားများရဲ့ ဆန္ဒအတိုင်းဖြစ်စေရမယ်လို့ ဆိုထားပါတယ်။ အဲဒီလိုတောင်တန်းဒေသနယ်များကို ခွဲထုတ်ထားတဲ့အတွက် ဒီဖဆပလညီလာခံကြီးက ကန့်ကွက်တယ်လို့ ဆိုထားပါတယ်။

အဲ့ဒီအဆိုပါလာတဲ့အတွက် ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့က ဝမ်းမြောက်ဝမ်းသာကြိုဆိုလိုက်ပြီး ဖဆပလအလုပ်အမှုဆောင်အဖွဲ့နဲ့ ရှမ်းပြည်အရေးဆွေးနွေးနိုင်ရန်အတွက် အချိန်ပေးပါမည့် အကြောင်း ညီလာခံအတွင်းရေးမှူးထံ စာရေးပန်ကြားခဲ့ပါတယ်။

ကျနော့်ရဲ့ပန်ကြားချက်အရ ညီလာခံပြီးတဲ့နောက် ၁၉၄၆ ခု၊ ဖေဖေါ်ဝါရီလ (၈)ရက်နေ့မှာ ဖဆပလအလုပ်အမှုဆောင်အဖွဲ့နဲ့ ကျနော်တို့ ဆွေးနွေးပါတယ်။ ဆွေးနွေးပွဲမတိုင်မီ ဆွေးနွေးပွဲအတွက် လမ်းညွှန်မှုအဖြစ် ကျနော်တို့က မေးခွန်း(၈)ခု ကြိုတင်ပို့ထားခဲ့ပါတယ်။

ဖဆပလ အလုပ်အမှုဆောင်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ပြီး အောက်ပါပုဂ္ဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။

(၁) သခင်ချစ်၊ (၂) ဦးဘဖေ၊ (၃)ဦးတင်(မြန်အောင်)၊ (၄)ဦးချစ်မောင်၊ (၅)ဦးဆက်၊ (၆)ဦးဘဂျမ်း၊ (၇)ဦးအောင်စံဝေ၊ (၈)ဦးဘရှိန်၊ (၉) ဦးတင်(မြန်မာ့အလင်း)၊ (၁၀)ဦးတင်မောင်၊ (၁၁)ဦးဘချို၊ (၁၂) သခင်တင်- ။ အဲဒီဆွေးနွေးပွဲ ချင်းနဲ့ ရခိုင်ကိုယ်စားလှယ်များလည်း ပါဝင်တဲ့ပူးတွဲဆွေးနွေးပွဲဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အကျယ်မဖေါ်ပြတော့ပါဘူး။ ကျနော်တို့ ပေးပို့ထားတဲ့ မေးခွန်း (၈)ခုအနက် အမှတ် (၇) မေးခွန်းကိုပဲ အကျဉ်းချုပ်ဖေါ်ပြပါမယ်။

အမှတ် (၇) မေးခွန်းဟာ ...  ချွင်းချန်ထားတဲ့ နယ်များမပါဘဲ၊ ဗမာ့လွတ်လပ်ရေးကို ရနိုင်တယ်လို့ ဖဆပလကယူဆပါသလား၊ ချွင်းချန်ထားတဲ့ နယ်များမပါဘဲ ဗမာ့လွတ်လပ်ရေး ပေးရင်ကော ဖဆပလက ယူပါမယ်လားလို့ သဘောတက်ရောက်တဲ့မေးခွန်းဖြစ်ပါတယ်။

အဲဒီမေးခွန်းနဲ့ပတ်သက်လို့ ဆွေးနွေးပွဲရဲ့ တရားဝင်ထုတ်ပြန်တဲ့ မှတ်တမ်းမှာ အောက်ပါအတိုင်း အကျဉ်းချုပ်ဖေါ်ပြထားပါတယ်။

“မေးခွန်း (၇)နှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာသော အခြေအနေအရသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ..."

ကျနော်တို့ရဲ့ မေးခွန်း(၈) ခုစလုံးကို ဗိုလ်ချုပ်အောင်ဆန်း တစ်ဦးတည်းကပဲ ဒိုင်ခံဖြေကြားခဲ့ပါတယ်။ တစ်နေရာမှာ ဦးဘဖေကဝင်စွက်ပြီး ပြောလိုက်တဲ့စကားများဟာ ကျနော်တို့အသည်း ကျွဲဝင်ခတ်လိုက်သလို ခံ စားခဲ့ရပါတယ်။ ဆွေးနွေးပွဲတရားဝင်ထုတ်ပြန်တဲ့မှတ်တမ်းမှာ အားလုံးအကျဉ်းချုံးပဲ ရေးထားပါတယ်။ အမှန်တကယ်ဖြေကြားစဉ်က ဗိုလ်ချုပ်ဟာ ခပ်ရှည်ရှည်ဖြေကြားပါတယ်။ မေးခွတ်း ( ၇) ခုကိုဖြေကြားစဉ် ချွင်းချတ်ထား တဲ့နယ်များမပါဘဲ ဗမာ့လတ်လပ်ရေးရနိုင်မယ် ၊ အခြေအနေအရ ယူတန်ယူရမှာပဲလို့ ပြောခဲ့ပါတယ်။ တနည်း အားဖြင့်ပြောရရင် ဖဆပလဟာ ချွင်းချန်ထားတဲ့ နယ်များ မပါချင်နေပါစေ ၊ ဗမာပြည်မအတွက် သီးခြားလွတ် လပ်ရေးကို ယူတန်ယူရမယ်လို့ ခံယူထားခြင်းဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ကျနော်တို့ကိုယ်စားလှယ်အဖွဲ့ဟာ အတော်ပဲမကျေမလည်ဖြစ်ခဲ့ပါတယ်။ တခြားမေးခွန်းတွေနဲ့ ပတ်သက်လို့လဲ ဘဝင်မကျခဲ့ကြပါ။ ကျနော်တို့ ရှမ်းပြည်ကိစ္စအပြင် ချင်း ၊ ရခိုင်ကိစ္စများကို ဆက်လက်ဆွေးနွေးပြီး နောက် တခြားကိစ္စများရှိနေတဲ့အတွက် ဗိုလ်ချုပ်ဟာ ဆွေးနွေးပွဲကို အကျဉ်းချုံးပြီး ထွက်ခွာသွားခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မကျေမလည်ဖြစ်ခဲ့မှုနဲ့ ပတ်သက်ပြီး ကျနော်တို့ ရှမ်းပြည်ပြန်ရောက်ပြီးတဲ့နောက် ၁၉၄၆ခုနှစ် ၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းဆီ အထက်တွင်ဖော်ပြခဲ့တဲ့အတိုင်း ဝေဖန်ချက် စာတန်းရှည်ကြီတစ်စောင်ကို ရေးသားပေးပို့ခဲ့ပါတယ်။ စာထဲမှာ မေးခွန်း ၈ ခုရဲ့ အဖြေများကို တစ်ခုစီဝေဖန်ပြီး ကျနော်တို့ ရှမ်းပြည်လူငယ်အဖွဲ့ရဲ့ ခံစားချက်နဲ့သဘောထားကို ပြန်လည်တင်ပြလိုက်ပါတယ်။ စာပါအကြောင်း အရာအားလုံးကို ဒီစာမှာ မဖော်ပြတော့ပါဘူး။ အထက်ပါမေးခွန်း ၇ ခုနဲ့ပတ်သက်တဲ့ ဝေဖန်ချက်နဲ့ ကျနော်တို့ရဲ့ သဘောထားကိုပဲ အကျဉ်းချုံးဖော်ပြပါတယ်။

ကျနော်တို့ရဲ့ပေးစာမှာ မေးခွန်း ၇ ခုနဲ့ပတ်သက်၍ ချွင်းချန်ထားသောနယ်များမပါဘဲ ဗမာ့လွတ်လပ် ရေးရနိုင်သည်ဟု ဖဆပလက ယူဆနေပါသည်။ “ ဤသဘောထားသည် ဖဆပလ၏မူလဖြစ်ပါသည်။ ( ချွင်းချန်ထားသော နယ်များအရေးကို ဖဆပလသည်) ကိုယ့်အရေးဟု သဘောမထားဘဲ သူ့အရေးဟုသဘော ထားသည်” လို့ ဝေဖန်လိုက်ပြီး ကျနော်တို့ရဲ့ ခံယူချက်သဘောထားကို အောက်ပါအတိုင်း ရေးသားလိုက်ပါ တယ်။

“ တိုင်းရင်းသားလူနည်းစုတွေ မပါဝင်ဘဲ စစ်မှန်ခိုင်မြဲသော ဗမာ့လွတ်လပ်ရေးကို ဘယ်နည်းနဲ့မျှမရနိုင် ၊ မရရှိနိုင်သဖြင့် ဗမာလည်းနစ်နာမည် ၊ လူနည်းစုများလည်း နစ်နာမည်။ ရှမ်းကို သနားလို့မဟုတ် ၊ ဗမာ့အရေးပင် ဖြစ်ရမည်”

တခြားဝေဖန်ချက်နဲ့ သဘောထားအကြံပေးချက်များကိုတော့ အလွန်ရှည်လျားသွားမှာစိုးလို့ ဒီစာမှာ မ ဖော်ပြတော့ပါ။ အဲဒီကျနော်တို့ရဲ့ပေးစာကြောင့် ၁၉၄၆ ခု မတ်လမှာ ကျင်းပခဲ့တဲ့ ပထမ ပင်လုံ ညီလာခံတက် ရောက်ဖို့ စေလွှတ်ခဲ့တဲ့ သခင်နု၊ ဦးဘဂျမ်း ၊ မန်ဘခိုင်တို့ပါဝင်တဲ့ ဖဆပလကိုယ်စားလှယ်အဖွဲ့ကို ရှမ်းပြည် ရောက်တဲ့အခါ ကျနော်တို့လူငယ်များနဲ့ အကျေအလည်ဆွေးနွေးဖို့ ဗိုလ်ချုပ်က အထူးတာဝန်ပေးလိုက်ကြောင်း အဖွဲ့ခေါင်းဆောင်သခင်နုက ကျနော်တို့ကို ပြောပြပါတယ်။ ပင်လုံညီလာခံအတွင်း ကျနော်တို့အချိန်ယူပြီး အ တော်ကြာအောင် ဆွေးနွေးလိုက်ရလို့  ပြဿနာပြေလည် သွားခဲ့ပါတယ်။ သခင်နုဟာ ယနေ့တိုင်အသက်ထင်ရှား ရှိနေပါသေးတယ်။

ကျနော်တို့ပေးစာဝေဖန်ချက်နဲ့ သဘောထားကြောင့်လို့ ကျနော် မပြောရဲပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ဟာ နောက်တစ်ခါ ဗမာ့လွတ်လပ်ရေးအကြောင်းပြောတိုင်း ချွင်းချန်ထားတဲ့နယ်များကိုလည်း တပါတည်း လွတ်လပ်ရေးပေးရမယ်လို့ ထည့်ပြောလာတာတွေ့ရပါတယ်။ ဘိလပ်ဆွေးနွေးပွဲများမှာလည်း အဲဒီအတိုင်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့တာ တွေ့ရပါတယ်။

(၁၃ ၊ ၁ ၊ ၄၇ ) နေ့လည် (၁၂) နာရီ ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ “ ဗမာလူမျိုးတို့၏ လိုလားချက်မှာ လွတ်လပ်ရေးပင်ဖြစ်၍ မိမိတို့၏စိတ်ထဲတွင် မြန်မာပြည်လွတ်လပ်ရေးဆိုရာ၌ ကရင် ၊ ရှမ်း ၊ ကချင် ၊ ကရင်နီ စသော နယ်ခြားဒေသအားလုံးက တပြိုင်နက်လွတ်လပ်ရေးကိုဆိုလိုကြောင်း” ဟူ၍၄င်း ……

(၂၂၊ ၁၊ ၄၇) နေ့ ဆွေးနွေးပွဲတွင်လည်း “ နယ်ခြားဒေသများကို ဘုရင်အစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင် ထားရှိသည့် မြန်မာပြည်၏ လွတ်လပ်ရေးဆိုသည်မှာ အဓိပ္ပါယ်မရှိပါ” ဟူ၍၄င်း ပြောဆိုခဲ့ကြောင်း တရားဝင်မှတ်တမ်းများအရသိရပါတယ်။

ဒီစာကိုအဆုံးမသက်ခင် ကျနော်တို့ တိုင်းရင်းသားလူမျိုးများလိုလားတဲ့ ဖက်ဒရယ်မူနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက်တစ်ချက်ကိုတော့ ပြောပြထားချင်ပါတယ်။

ကျနော်တို့က ဖက်ဒရယ်မူလို့ ပြောလိုက်ရင် မြန်မာပြည်မက ပုဂ္ဂိုလ်တော်တော်များများဟာ “ခွဲထွက် ရေး ၊ ပြည်ထောင်စုပြိုကွဲရေး” လို့ တမုတ်ဟုတ်ချင်း အဓိပ္ပါယ်ကောက်လိုက်ကြပါတယ်။ ဒီလိုအဓိပ္ပါယ်မျိုး ကောက်အောင် တမင်ဖန်တီးလှုံ့ဆော်သူတွေထဲမှာ နေးရှင်းသတင်းစာ ၊ အထောက်တော်သတင်းစာနဲ့ တည်မြဲ ဖဆပလခေါင်းဆောင်အချို့ဟာ ထိပ်ဆုံးကပါဝင်ခဲ့ပါတယ်။ အဲဒီနောက် ၂၆ နှစ် တစ်ပါတီအာဏာရှင်အုပ်စုက တဖက်သတ် ချဲ့ထွင် ဖန်တီးလိုက်တဲ့အခါ မြန်မာပြည်သူအများစုထဲမှာ ဒီလွဲမှားတဲ့ အဓိပ္ပါယ်ကောက်ချက်ဟာ နက်ရှိုင်းစွာ စိမ့်ဝင်သွားခဲ့ပါတယ်။ ၂၆ နှစ်လုံးလုံး ကျနော်တို့ဖက်က ပြန်လည်ရှင်းလင်းခွင့် ချေပခွင့်လုံးဝမရှီခဲ့ပါ။ ယခု ဒီမိုကရေစီအရိပ်အရောင်ကလေး သန်းလာတော့မှပဲ ကျနော်တို့ဘက်က ပြည်လည်ချေပရှင်းလင်းလာနိုင် ပါတယ်။ အခုမှပဲ ဖက်ဒရယ်ဆိုရင် နိုင်ငံတော်သစ္စာဖောက်မှုလောက် ကြီးကျယ်တဲ့ရာဇဝတ်မှုကြီးလို့ ယူဆလာခဲ့တဲ့ ပုဂ္ဂိုလ်အချို့က “ ဟာ့ ဒီအတိုင်းဆိုရင် ဖက်ဒရယ်ဆိုတာ ဘယ်ဆိုးလို့တုန်း” ဟူ၍ပင် အမြင်ပြောင်းလာ တယ်လို့ပင် ကြားသိရပါတယ်။

ကမ္ဘာပေါ်မှာ ဖက်ဒရယ်နိုင်ငံတွေ အများကြီးရှိနေတာ ဒေါ်အောင်ဆန်းစုကြည် အသိဖြစ်ပါတယ်။ ဘယ် ဖက်ဒရယ်နိုင်ငံတွေဟာ ပြိုကွဲကုန်ကြပါသလဲ ၊ ခွဲထွက်ကုန်တာကော ရှိပါသလား။

ကျနော်တို့ရှမ်းပြည်ဟာ ဗမာပြည်နဲ့ မပေါင်းဘဲ သီးခြားနိုင်ငံအဖြစ်နေချင်ခဲ့ရင် ပင်လုံစာချုပ်ကို ချုပ်ဆို ခဲ့ကြမှာမဟုက်ပါဘုး။ တိုင်းပြည်ပြုလွှတ်တော်ထဲလည်း ပါဝင်ခဲ့မှာ မဟုက်ဘူး။ သီးခြားနိုင်ငံအဖြစ် လွယ်လွယ်ကလေး နေုထိုင်ခဲ့ပါတယ်။ အင်္ဂလိပ်က နောက်ဆုံးအချိန်ထိ သီးခြားနေဖို့ သွေးထိုးမြောက်ပင့်ပေးခဲ့တာ ဒေါ် အောင်ဆန်းစုကြည်လဲ ကြားဖူးမှာပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ ခွဲထွက်ခွင့်ကို မူအားဖြင့် မကြိုက်ခဲ့တာ အမှန်ပါ။ ဟိုကာလအခြေအနေအရ ကျနော်တို့လူမျိုးစုများရဲ့ ဆန္ဒကိုလိုက်လျော်တဲ့အနေနဲ့သာ လက်ခံခဲ့တာပါ။ ဒါကြောင့် ခွဲထွက်ခွင့်ကို မလိုလား တဲ့ မြန်မာလူမျိုးစုကို ဒီလိုဖျောင်းဖျပြောဆိုခဲ့တယ် မဟုက်ပါလား။

“ ခွဲထွက်ခွင့်ပေးရမယ် ၊ မခွဲထွက်ချင်အောင် လုပ်ပြရမှာက ကျုပ်တို့ (ဗမာ)တွေရဲ့တာဝန်….”

အဲဒီခွဲထွက်ခွင့်ဟာ ကျနော်တို့ရှမ်းပြည်ကို ရည်ညွှန်းပြောဆိုခဲ့တာပါ။အဲဒီအချိန်မှာ ပြည်နယ်ဆိုလို့ ကျနော်တို့ ရှမ်းပြည်တစ်ပြည်ထဲပဲ ရှိနေပါတယ်။ ကရင် ၊ ကချင်တို့ ပြည်နယ်မဖွဲ့ရသေးပါဘူး။ ကရင်နီတော့ သူတို့ကိုယ်တိုင်လွတ်လပ်တဲ့နိုင်ငံအဖြစ် သက်မှတ်ထားကြဆဲဖြစ်ပါတယ်။

ပြီးတော့ ပင်လုံညီလာခံမှာ ဗိုလ်ချုပ်နဲ့ကျနော်တို့ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များသဘောတူ နားလည်မှုရရှိခဲ့တာ ရှိပါသေးတယ်။ ပင်လုံချုပ်မှာ မဖော်ပြထားပေမယ့် (Gentleman’s Agreement) လို့ ခေါ်ရ မှာလား ကျနော်မပြောတက်ဘူး။ ကျနော်တို့ကတော့ အဲဒါကို ပင်လုံစိတ်ဓါတ်လို့ သက်မှတ်ထားပါတယ်။ အဲဒီ သဘောတူနားလည်မှုတွေက -

(၁) ယခုယာယီပူးပေါင်းခြင်း (ပင်လုံစာချုပ်) သည် နောင်ပူးပေါင်းရေး ခွဲထွက်ရေးကို မထိခိုက်စေရပါ။

(၂) နောင်ပူးပေါင်းခဲ့သော်လည်း ခွဲထွက်လိုက ပြန်ခွဲထွက်နိုင်ခွင့် ရှိစေရမည်။

(၃) တိုင်းပြည်ပြုလွှတ်တော်ခေါ်ပြီးနောက် မပူးပေါင်းနိုင်သေးလျှင် ပူးပေါင်းလိုသည့်အခါ ပူးပေါင်းနိုင်ရန် လမ်းဖွင့်ပေးထားမည်။

(၄) ရှမ်းပြည် - ပြည်တွင်းကိုယ်ပိုင်အုပ်ချုပ်မှု လုံးဝလွတ်လပ်မှုရှိရမည်။

(၅) ရှမ်း စသည့်လူမျိုးများ၏ စာပေယဉ်ကျေးမှုများကို မစော်ကား မထိခိုက်စေရပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ မိမိကိုယ်တိုင်က ခွဲထွက်ခွင့်ကို မလိုလားပေမယ့် လူမျိုးစုများအပေါ် အဲဒီထိ အောင် လိုက်လျော်ပါတယ်။ သဘောထားကြီးခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျနော်တို့လူမျိုးစုများဟာ ဗိုလ်ချုပ်ကို ချစ် ခင်ကြတယ် ၊ ကြည်ညိုကြတယ် ၊ လေးစားကြတယ် ၊ ယုံကြည်ကြတယ်။

အမှန်ကတော့ ခွဲထွက်ခွင့်ဆိုတဲ့ကိစ္စဟာ လက်တွေ့ဆောင်ရွက်ရာမှာ မလွယ်ကူသလို မလိုလားအပ်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။

လူမျိုးစုသဘောတရားမှာ လူမျိုးစုများရဲ့ အခွင့်အရေးကို ကာကွယ်ဖို့တွက် လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်ရန် လူမျိုးစုသဘော တရားရေးဆရာကြီးများက ခွဲထွက်ခွင့်တို့ ကနဦး ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီလက်နက်ကို တကယ်လက်တွေ့အသုံးချဖို့ မလွယ်သလို အသုံချဖို့လဲ မလိုအပ်ပါဘူး။ ဒါကြောင့် ခေတ်သစ်သမိုင်းတစ်လျှောက်မှာ ခွဲထွက်ခွင့်ကို အသုံးချခဲ့တဲ့သာဓကများ ကျနော်တို့ မတွေ့ကြရပါဘူး။ ဖက်ဒရယ်နိုင်ငံအများစုရဲ့ အခြေခံဥပဒေများမှာ ခွဲထွက်ခွင့်ပြဌာန်းချက်များကို ထည့်သွင်းရေးသားထားခြင်းမရှိပါဘူး။ ဆိုဗီယက်ယူနီယံနဲ့ ယူဂိုဆလားဗီးယားပြည်ထောင်စု အခြေခံဥပဒေများမှာသာ လူမျိုးစုများ ကျေနပ်နှစ်သိမ့်စေ ဖို့အတွက် (မူ) သဘောအဖြစ် ထည့်သွင်းရေးသားထားတယ်လို့ ကျနော်ယူဆပါတယ်။ တကယ်လက်တွေ့ အသုံးချလို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

ကျနော်တို့မြန်မာနိုင်ငံ လွတ်လပ်ရေးသက်တမ်း ၁၄ နှစ်ကာလအတွင်းမှာလည်း ကျနော်တို့ခွဲထွက်ဖို့ မ စဉ်းစားပါဘူး။ ခွဲထွက်ခွင့်ကို အသုံးချမယ်ဆိုရင် အသုံးချနိုင်တဲ့ ၁၉၅၈-၅၉-၆၀-၆၁ ခုနှစ်များမှာတောင် ကျနော် တို့ လက်တွေ့အသုံးချဖို့ မကြံစည်ခဲ့ကြပါဘူး။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေက အတိအလင်းခွင့်ပြုထားတဲ့အပြင် အဲဒီကာလရဲ့ ရှမ်းပြည်နိုင်ငံရေး အခြေအနေအရ တကယ်လို့ ကျနော်တို့က ခွဲထွက်ချင်တယ်ဆိုရင် ဒီမိုကရေစီ နည်းလမ်းနဲ့အညီ တရားဥပဒေဘောင်အတွင်းကပင် အလွယ်တကူ ခွဲထွက်သွားနိုင်ခဲ့ပါတယ်။ ဒီမိုကရေစီပြင်ပ မှာ တားဆီး ပိတ်ပင် ဖျက်ဆီးမှုများ ပေါ်ပေါက်လာခဲ့ရင်တော့ ကျနော်မပြောတက်ပါဘူး။

ဒါက ၁၉၆၂ ခုနှစ် မတိုင်မှီကာလရဲ့ အခြေအနေနဲ့ ဖြစ်ရပ်အမှန်ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် ဒီဘက်ကာ လမှာ ကျနော်တို့ ရှမ်းပြည်အစရှိတဲ့ လူမျိုးစုပြည်နယ်တွေဟာ မြန်မာပြည်မနဲ့အတူ တစ်ပါတီအာဏာရှင်စနစ်ရဲ့ ဒါဏ်ကို အလူးအလှိမ့် ခံရပါတယ်။ မြန်မာလူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးများဟာ အချင်းချင်းသွေးစည်းညီ ညွှတ်မှု ပို၍ပို၍ လိုအပ်လာတယ်လို့လဲ ကျနော်တို့နားလည်လာပါတယ်။

ဒါကြောင့် တိုင်းရင်းသားလူမျိုးများ သွေးစည်းညိညွှတ်ရေး အလွန်လိုအပ်လာတဲ့ကာလမျိုးမှာ ခွဲထွက် ခွင့်ဆိုတာ သာ၍ပင် မလိုလားအပ်ဘူးလို့ ကျနော်ထင်ပါတယ်။ တိုင်းရင်းသားသွေးစည်းညီညွှတ်မှု ထာဝစဉ် တည်တံ့ခိုင်မြဲစေဖို့အတွက် ကျနော်တစ်ယောက်အနေနဲ့ဆိုရင် ခွဲထွက်ခွင့်ကို စွန့်လွှတ်ဖို့ဝန်မလေးပါဘူး။ တစ် နည်းအားဖြင့် ဖက်ဒရယ်ယူနီယံခေါ် စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်မယ့် အခြေခံဥပဒေသစ်ရေးဆွဲတဲ့အခါ ခွဲထွက်ခွင့်အခန်းကဏ္ဍကိုဖြုတ်ထားဖို့ ဝန်မလေးပါဘူး။ ဒါမှလဲ တိုင်းရင်းသားလူမျိုးစုများအကြား တည်ရှိနေ တဲ့ သံသယတွေကင်းစင်သွားမယ်လို့ ကျနော်ယူဆပါတယ်။ ဒါက ကျနော်တစ်ဦးတည်းရဲ့ သဘေားထားပါ။

၁၉၄၇ ခုနှစ်က ကျနော်တို့ ခွဲထွက်ခွင့်ကို ရေးကြီးခွင်ကျယ်ပြောခဲ့ကြတာလဲ နယ်ချဲ့ရဲ့ ကာလကြာရှည် သွေးခွဲအုပ်ချုပ်မှုကြောင့် တိုင်းရင်းသားလူမျိုးချင်း ကြီးမားစွာ သွေးကွဲနေကြပါတယ်။ သံသယတွေ ရှိနေခဲ့ကြပါ တယ်။ ဒါကြောင့် သဘောတရားအရ စိတ်ဆန္ဒအရ ဇွတ်အတင်းခွဲထွက်ခွင့် တောင်းဆိုခဲ့ကြခြင်းဖြစ်ပါတယ်။ ယခုအခါ ရှမ်း အစရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာလဲ လူလားမြောက်လာကြပါပြီ။ အတွေးအခေါ် ရင့်ကျက် လာကြပါပြီ။

တန်းတူညီမျှမှုကို အခိုင်အမာအာမခံချက်ပေးတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ထားလျှင် ခွဲထွက်ဖို့ဆိုတာ မလိုအပ်တော့တဲ့အပြင် ခွဲထွက်ချင်တဲ့စိတ်ထားမျိုးလဲ ပေါ်ပေါက်လာမှာ မဟုက်ဘူးလို့ ကျ နော်ယုံကြည်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား - ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့လေးစားကြည်ညိုတဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးဖြစ်တဲ့အတိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်ရင် ကျနော်တို့ထက် အများကြီးပို၍သိပါ တယ်။ ဒါပေမယ့် ပညာရှိသတိဖြစ်ခဲဆိုတဲ့ မြန်မာဆိုရိုးစကားအတိုင်း ဗိုလ်ချုပ်အောင်ဆန်းမြွတ်ကြားခဲ့တဲ့ စကား တစ်ခွန်းကိုတော့ ကျနော်ပြောပြပါရစေ။ ဗိုလ်ချုပ်အောင်ဆန်းက ( A leader must lead) ခေါင်းဆောင်တစ် ယောက်ဟာ ခေါင်းဆောင်ရမယ်လို့ မိန့်ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့မြန်မာအမျိုးသား ၊ နိုင်ငံရေးမှာ ဖခင်ရဲ့ခြေရာကိုနင်းပြီး ခေါင်း ဆောင်အဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်ပါတယ်။ ဖခင်ကြီး မိန့်ကြားခဲ့သလို ရဲရဲဝင့်ဝင့်ကြီး ခေါင်းဆောင်ပြ စမ်းပါ။ အမျိုးသားညီလာခံကျမှ အများဆုံးဖြတ်တဲ့မူကို လက်ခံမယ်ဆိုတဲ့ နောက်မြီးဆွဲဝါဒမျိုးကို စွန့်လွတ်ဖို့ ကျနော်လေးစားစွာ တောင်းပန်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ခွဲထွက်ခွင့်ကို မူအားဖြင့် မနှစ်သက်တာအမှန်ပါ။ မြန်မာလူများစုကလည်း မ နှစ်သက်ဘူးဆိုတာသိပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလူမျိုးများ သွေးစည်းရေးကို ဦးစားပေးလိုက်လျော်တဲ့ အနေနဲ့ ခွဲထွက်ခွင့်ကို လက်ခံခဲ့တယ်။ ရဲရဲဝင့်ဝင့်ခေါင်းဆောင်ပြီး ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့တယ်။ အခြေခံဥပဒေ ရေးဆွဲတဲ့အခါ ခွဲထွက်ခွင့်ကို ထည့်သွင်းရေးဆွဲပေးဖို့ ဖဆပလပဏာမညီလာခံမှာ ဦးဆောင်ပြီး လမ်းညွှန်မှု ချ ပေးခဲ့ပါတယ်။

ယခုလဲ ခိုင်မာတဲ့တိုင်းရင်းသားလူမျိုးများ သွေးစည်းညီညွှတ်ရေးရနိုင်ဖို့အတွက် စစ်မှန်တဲ့ပြည်ထောင်စု မျိုးကို တည်ဆောက်မှဖြစ်မယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်လက်ခံပါလျှင် ဖခင်ကြီးကဲ့သို့ ရဲရဲ ဝံ့ဝံ့ ခေါင်းဆောင်ပြစမ်းပါ။ စစ်မှန်တဲ့ပြည်ထောင်စုနဲ့ပတ်သက်လို့ (၂၆) နှစ်လုံးလုံး တဖက်သက်အဓိပ္ပါယ်ဖွင့်ပြီး ထူထပ်စွာ တိုက်ပစ်ခဲ့တဲ့ ၀ါဒမှိုင်းကြီးကို ပြည်သူလူထုကြီးအပေါ်မှာ ကင်းစင်လွင့်ပျောက်သွားအောင် ပြတ်ပြတ် သားသား ဦးစီးလမ်းပြဆောင်ရွက်ပေးပါလို့ ကျနော်အနူးညွှတ်ပန်ကြားပါတယ်။

ဝေးလံသေးတဲ့ အနာဂတ်မြန်မာနိုင်ငံတော်တည်ဆောက်ရေးကိုပဲ ရှေ့တန်းတင်ညွှန်းတယ်လို့ ကျနော် တို့ကို အပြစ်မတင်ပါနဲ့။ ကျနော်တို့ဟာ ယခုလောလောဆယ် ဒီမိုကရေစီ အရေးတော်ပုံကြီးကို ပြီးမြောက် အောင်မြင်သည်အထိ တိုင်းရင်းသားလူမျိုးများအားလုံး လက်တွဲမဖြုတ်တမ်း ဆင်နွဲကြရဦးမယ်ဆိုတာကိုလဲ မျက်ခြေမပြတ်ကြပါဘူး။

ဒီမိုကရေစီအရေးတော်ပုံကြီး မအောင်မြင်ဘဲနဲ့ အနာဂါတ်မြန်မာနိုင်ငံတော်ကြီး တည်ဆောက်မှုဆိုတာ စိတ်ကူးယဉ်အိမ်မက်ပဲဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့မှ မတည်ဆောက်နိုင်ဘူးဆိုတာကိုလည်း ကျနော်တို့ နား လည်သဘောပေါက်ကြပါတယ်။

ဒါပေမယ့် အနာဂါတ်မြန်မာနိုင်ငံတော်ကို တည်ဆောက်တဲ့အခါ၊ အလွန်အရေးကြီးတဲ့ တိုင်းရင်းသားလူ မျိုးများ သွေးစည်းညီညွှတ်မှုကိုလည်း ကြိုတင်တွေးတော စဉ်းစာမထားလို့မဖြစ်ပါဘူး။

အေးအတူ ၊ ပူအမျှ ၊ ဥမကွဲသိုက်မပျက် ထာဝရပူးပေါင်းဆိုတာကို ကြွေးကြော်နေရုံ ၊ ဆန္ဒပြုနေရုံနဲ့ မရ နိုင်ပါဘူး။ ခိုင်မာတဲ့အခြေခံရရှိမှ အောင်မြင်မယ်ဖြစ်ပါကြောင်း လေးစားစွားတင်ပြပြီး ဒီစာကို နိဂုံချုပ်ပါတယ်။

ထာဝစဉ်လေးစားလျှက်

ဦးထွန်းမြင့်
ဦးစီးနာယက
ရှမ်းပြည်တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်
၁၆၂ - ရေထွက်ဦးလမ်း ၊ ကံအရှေ့ရပ် - တောင်ကြီးမြို့
(နာယကကြီး ဦးထွန်းမြင့်မှ ဒေါ်အောင်ဆန်းစုကြည်ထံ ပုဂ္ဂိုလ်ရေးပေးစာဖြစ်ပါသည်။ ရ-တ-ဒ-ဖ အဖွဲ့ဝင်များ သိရှိလေ့လာနိုင်ရန် ပေးပို့ပါသည်။ )

အမှုဆောင်အဖွဲ့
ရ-တ-ဒ-ဖ (ဌာနချုပ်)
တောင်ကြီးမြို့
-ကန့်သတ်-