မောင်မောင်စိုး - ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအားသုံးသပ်ချက် - အပိုင်း ၂


မောင်မောင်စိုး - ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအားသုံးသပ်ချက် - အပိုင်း ၂
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၆

NCA နှင့်သူ၏ ကော်မတီများခြေလှမ်းများ

ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေးဆောင်ရွက်ချက်များတွင် အဓိက ထင်ရှားသည့်မှာ NCA ဖြစ်သည်။ NCA နှင့်ပတ်သက်၍ ပိုမိုသည့် ထူးခြားချက်မှာ မြန်မာစစ်ဖက်ခေါင်းဆောင်များ၏ သဘောတူညီချက် ထောက်ခံချက်ရရှိပြီး မြန်မာစစ်ဖက်က ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကိုင်စွဲ ထားသည့် မူလည်းဖြစ်၍ နေသည်။ NCA ၏ အရေးပါနေသောအချက်မှာ ငြိမ်းချမ်းရေးခြေလှမ်းများနှင့် ပတ်သက်၍ အင်စတီကျူးရှင်းများ ပါနေခြင်း ဖြစ်သည်။ NCA အရ သတ်မှတ်ဖွဲ့စည်းထားသော ကော်မတီ ၂ ခု ညီလာခံ
၁ ခု အစည်းအဝေး ၁ ခုရှိသည်။

၁။ JMC ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ ( ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် ပါဝင်မှု  အချိုးအစား တပ်မတော် ၁ စု တိုင်းရင်းသားလက်နက်ကိုင် ၁ စု အရပ်သားဒေသခံ ၁ စု )


 ၂။ UPDJC ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (ပါဝင်မှု အချိုးအစား
အစိုးရ/ လွှတ်တော် / တပ်မတော် ၁ စု၊ တိုင်းရင်းသား လက်နက်ကိုင် ၁ စု၊ နိုင်ငံရေးပါတီများ ၁ စု၊
အစိုးရ ၉ / လွှတ်တော် ၂ / တပ်မတော် ၅ - စုစုပေါင်း ၁၆ ဦး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၁၆ ဦး။ တရားဝင်နိုင်ငံရေးပါတီများ ၁၆ ဦး။ စုစုပေါင်း ၄၈ ဦး ။
အစိုးရ/လွှတ်တော် /တပ်မတော် ၁ ပွင့်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၁ ပွင့်၊ တရားဝင် နိုင်ငံရေးပါတီများ ၁ ပွင့် ၊ ၃ ပွင့်ဆိုင် ဖွဲ့စည်းထားပြီး ၂၁ ရာစုပင်လုံညီလာခံကျင်းပရေးကို ပူးတွဲ ဦးစီးသည် ကော်မတီဟုဆိုရပါမည်။ )


၃။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ( ၂၁ ရာစုပင်လုံ ) ( UPDJC မှ ဦးစီးကျင်းပသည်)


 ၄။ JICM တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် အကောင်အထည်ဖေါ်မှု ဆိုင်ရာ ညှိနှို င်းအစည်းအဝေး ( လက်ရှိ ပါဝင်မှု - အစိုးရ/လွှတ်တော် / တပ်မတော် ၈ ဦး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၈ ဦး။ မှတ်ချက် ။ ။ ၎င်းအစည်းအဝေးမှာ အချိန်သတ်မှတ်ချက်မရှိပါ။ လိုအပ်လျင် လိုအပ်သလို ခေါ်ယူမည့်အစည်းအဝေးဖြစ်သည်။ ၎င်း အစည်းအဝေးတွင် တရားဝင် နိုင်ငံရေးပါတီများ မပါဝင်ပါ။ နှစ်ပွင့် ဆိုင်ဟုဆိုရမည်။ JMC/UPDJC နှင့် ညီလာခံတို့တွင် ညှိနှိုင်း မရသည်များကို နောက်ဆုံး အပြီးသတ်ညှိနှို င်းသည့်အစည်းအဝေးဟု ဆိုရပါမည်။ )

အထက်ပါ NCA အရ ဖွဲ့စည်းထားသော အင်စတီကျူးရှင်းများကား NLD အရပ်သားအစိုးသစ် ဆက်လက် လက်ခံသယ်ဆောင်ရသည့် အင်စတီကျူးရှင်းများဟုဆိုရပါမည်။ NLD အစိုးရသစ်အနေနှင့် ၎င်းတို့ အစိုးရ လွှတ်တော် ကိုယ်စားပြု လူပါဝင်မှု အား ပြောင်းလဲ၍ ရနိုင်သော်လည်း ထိုအင်စတီကျူးရှင်းများအတိုင်းသာ ဆက်လက်လုပ်ဆောင်နေရပါသည်။


 အားသာချက်တခုမှာ ငြိမ်းချမ်းရေးညီလာခံကို UPDJC မှ ကြီးမှူးကျင်းပခြင်းဖြစ်၍ အားလုံး စုပေါင်းတာဝန်ယူရသည့် အချက်ဖြစ်သည်။

အားလုံးပါဝင်ရေး

ယခင်အစိုးရလက်ထက် NCA လက်မှတ်ထိုးရေးနှင့် ငြိမ်းချမ်းရေး ညီလာခံကျင်းပရေး တို့တွင် ဖြစ်ပေါ်ခဲ့သော အားနည်းချက်မှာ အားလုံးပါဝင်ရေးပြသနာဟု ဆိုရပါမည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံတွင် " ပါဝင်သင့်သူ " အားလုံး ပါဝင်ရေးကို ကြိုးပမ်းသွားမည်ဟုဆိုခဲ့သည်။

၂၁ ရာစုပင်လုံအမြန်ဆုံးကျင်းပသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုပြီးမကြာမီတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများက သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ပြီး ငြိမ်းချမ်းရေးညီလာခံနှင့်ပတ်သက်၍ သူတို့၏သဘောထား
ကို ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ပထမအချက်မှာ ညီလာခံလုပ်ငန်းစဉ်သည်
NCA ပေါ်တွင် အခြေခံရေးဖြစ်ပြီး ဒုတိယအချက်မှာ MNDAA/ TNLA/ AA အဖွဲ့ ၃ ဖွဲ့အနေနှင့် လက်နက်စွန့်လွှတ်မှသာ ငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်ခွင့် ရနိုင်သည်ဟူသည့် အချက် ၂ ချက်က အဓိကဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က လက်တွေ့လုပ်ဆောင်ရာတွင် NCA လက်မှတ်မထိုးသေးသော အဖွဲ့များရော NCA ထိုးပြီးသောအဖွဲ့များပါ ပါဝင်အောင် ကြိုးစားသွားမည်ဟု ဆိုခဲ့ပြီး တချိန်တည်းတွင် NCA မထိုးရ သေးသည့်အဖွဲ့များ လက်မှတ်ရေးထိုးရေးကို ဆောင်ရွက်သွားမည်ဟုဆိုခဲ့သည်။ သို့နှင့် NCA လက်မှတ်မထိုးသေးသည့် UNFC ၇ ဖွဲ့ UWSA နှင့် NDAA တို့အား ညီလာခံတွင် ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်။ ထိုအဖွဲ့များနှင့် ဆွေးနွေးမှု ရလဒ်များကြောင့် ညီလာခံတွင် ထိုအဖွဲ့များပါဝင်ရန် အခွင့်
သာလာခဲ့သည်။ တချိန်တည်းတွင်၂၀၁၆ သြဂုတ်လ ၈ ရက်နေ့၌ ဒေါ်အောင် ဆန်းစုကြည်နှင့် ကာကွယ်ရေး ဦးစီးချုပ်အပါ တပ်မတော်အရာရှိကြီးတွေ့ဆုံ ညှိနှိုင်းမှု များကိုလည်း တွေ့ခဲ့ရ သည်။ ၎င်းတွေ့ဆုံမှု နှင့်ပတ်သက်၍ အသေး စိတ် သတင်းများ ထုတ်ပြန်ခြင်း မရှိသော်လည်း ငြိမ်းချမ်းရေးညီလာခံနှင့် ပတ်သက်၍ ညှိနှိုင်းမှုများရှိသည်ဟု သုံးသပ်ရသည်။

သို့သော် မြန်မာစစ်ဖက်က လက်နက်စွန့်ရမည်ဟု သဘောထားပေးထားသော အဖွဲ့ ၃ ဖွဲ့နှင့်ပတ်သက်၍ NRPC မှ မည်သည့်သီးခြားသဘောထား မှ ထုတ်ပြန်ခြင်းမရှိပေ။ မြန်မာစစ်ဖက်သဘောထားကို လွန်ဆန်နိုင်ခြင်းမရှိ ဟု ယူဆရသည်။ သို့သော် ထို ၃ ဖွဲ့အားလက်နက်စွန့်မှ ငြိမ်းချမ်းရေးလုပ်ငန်း
စဉ်တွင် ပါဝင်ခွင့်ပြု မည်ဆိုသည်မှာ ဖြစ်လာနိုင်ဘွယ်မရှိသဖြင့် လမ်းပိတ်နေသည်ဟု ယူဆခဲ့ရသည်။ သို့သော် သြဂုတ်လဆန်းတွင် ထို ၃ ဖွဲ့နှင့်ပတ်သက်၍ လက်နက်စွန့်စရာမလိုဘဲ ငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်ခွင့်ရမည်ဆိုသည့် သတင်းထွက်လာ၍ မျှော်လင့်ချက်သစ်တရပ်ထွက်ပေါ်လာသည်။ ၂၀၁၆ခုနှစ်
သြဂုတ်လ ၉ ရက်တွင် ငြိမ်းချမ်းကော်မရှင်မှ ဦးသိန်းဇော် ဦးခင်ဇော်ဦး နှင့် ဦးအောင်ကြည်တို့နှင့် MNDAA/ TNLA/ AA တို့မှ ဥက္ကဌများ မိုင်းလားတွင် တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။ အဆိုပါတွေ့ဆုံမှု တွင် ငြိမ်းချမ်းရေးကော်မရှင်မှ အဆိုပါ ၃ ဖွဲ့အား ကြေညာချက်တရပ်ထုတ်ပြန်စေလိုပြီး ကြေညာချက်တွင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကြောင်း ဖေါ်ပြရန်တောင်းဆိုခဲ့သည်။  ထို ၃ ဖွဲ့ကတော့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးဆောင်ရွက်သွားမည်ဟု ဖေါ်ပြလိုသည်။ အဆိုပါဝေါဟာရ သုံးစွဲမှု များ နောက်ဆုံးချိန်ထိ နှစ်ဖက်ညှိ နှို င်း၍ မရခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်၏ NRPC သည်လည်း မြန်မာစစ်ဖက်၏ သဘောထားကို ကျော်လွန်၍ မရဟု သုံးသပ်ရပါသည်။

သို့နှင့် ၂၁ ရာစုပင်လုံစတင်ချိန်တွင် အဆိုပါ ၃ ဖွဲ့မပါဝင်နိုင်ခဲ့ပေ။ ထို့ ပြင်  ညီလာခံတွင် လေ့လာသူအဖြစ် တက်ရောက်မည့် NSCN(K) လည်း ရောက်မလာခဲ့ရာ ၂၁ ပင်လုံတွင် အားလုံး ပါဝင်ရေးသည် ပြီးမြောက်ခြင်းတော့ မရှိခဲ့ပေ။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အများစုပါအောင် စည်းရုံး နိုင်ခဲ့သည် ညှိနှို င်းဆွေးနွေးနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။

NCA လက်မှတ်မထိုးသေးသူများနှင့် နှင့်ညီလာခံ
UNFC တွင် အဖွဲ့ဝင် ၉ ဦး ရှိသည့်အနက် အစိုးရဖက်က KIO-KIA/ SSPP-SSA/ NMSP/ KNPP/ ANC/ LDU/ WNO တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့အား အသိအမှတ်ပြု လက်ခံဆွေးနွေးသည်။ TNLA နှင့် MNDAA အဖွဲ့ ၂ ဖွဲ့အား အသိမှတ်မပြု သေးချေ ။ အဆိုပါ UNFC အနေနှင့် DPN ခေါ် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့အား ဥက္ကဌ ခူဦးရယ် ၊ဒုဥက္ကဌ စဝ်စိုင်းထူး၊ ဒူကဘာဆွန်လွန်ဂွန်မော် တို့နှင့် ဖွဲ့စည်းထားသည်။

NRPC ငြိမ်းချမ်းရေးကော်မရှင်တို့နှင့် DPN တို့၏ဆွေးနွေးမှု ရလဒ် အရ UNFC အဖွဲ့ဝင်တို့ ၂၁ ရာစုပင်လုံသို့ တက်ရောက်ရန် သဘောတူခဲ့သော်လည်း ကျော်လွှားရန်ညှိနှို င်းရသည့် ပြသနာမှာ NCA သဘောတူညီချက်အရ ဖွဲ့စည်းထားသော ကော်မတီ ဆောင်ရွက်ပုံအဆင့်ဆင့်ပြသနာဖြစ်သည်။
NCA အရ ၂၁ ရာစုပင်လုံညီလာခံနှင့်ပတ်သက်၍ နိုင်ငံရေးမူဘောင်ရေးဆွဲရေး ကျင်းပရေးတို့နှင့် ပတ်သက်သည့် ဦးစီးသည်မှာ UPDJC ဖြစ်သည်။ သို့သော် NCA အရ လက်ရှိ UPDJC တွင် NCA လက်မှတ်ရေးထိုးပြီးသူများသာ ပါဝင်ခွင့်ရနေရာ NCA  လက်မှတ် မထိုးသူများအတွက် နေရာမရှိဖြစ်နေသည်။

ထို့ပြင် ၂၁ ရာစုပင်လုံတွင် NCA လက်မှတ်မထိုးသေးသူများ၏ အများနည်းတူ ပြောရေးဆိုခွင့်ပြသနာ သဘောထားတင်ပြမှု ပြသနာဖြစ်သည်။

၎င်း ပြသနာများကို ၂၀၁၆ သြဂုတ်လ ၁၁/၁၂/၁၃ ရက်များ၌ ရန်ကုန် NRPC ၌ NCA လက်မှတ်ထိုးထားသော အဖွဲ့များ DPN နှင့် NDAA မိုင်းလားကိုယ်စားလှယ်တို့ တက်ရောက်ဆွေးနွေးကြသည်။ ( UWSA ကိုယ်စားလှယ် တက်ရောက်ခြင်းမရှိပါ ) ထို့နောက် ၂၀၁၆ သြဂုတ် ၁၅/၁၆ တွင် နေပြည်တော်၌ UPDJC အစည်းအဝေးပြု လုပ်ပြီးနောက် NCA လက်မှတ်မထိုးသေးသော အဖွဲ့များပါ ပါဝင်သည့် UPDJC ပူးတွဲကော်မတီ ဖွဲ့စည်း၍ ညီလာခံအားဦးစီး
ရန် အဖွဲ့အားလုံး စာတမ်းဖတ်ကြားခွင့် စကားပြောခွင့်ပြု ရန် ဆုံးဖြတ်နိုင်ခဲ့ပြီး ၂၁ ရာစုပင်လုံတွင် NCA လက်မှတ်မထိုးသေးသူများပါ ပူးပေါင်း ပါဝင်ဆွေးနွေးနိုင်သည့် အခွင့်အလမ်းပွင့်ခဲ့သည်။

UNFC ၏ DPN နှင့် PPST ၏ CT

UNFC နှင့် DPN အားအထက်တွင် ရှင်းလင်းဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။

 PPST ဆိုသည်မှာ Peace Process Steering Team ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ဆိုသည့် NCA လက်မှတ်ထိုးထားသော အဖွဲ့ ၈ ဖွဲ့ စုစည်းဖွဲ့စည်းထားခြင်းဖြစ်ပြီး အလုပ်အဖွဲ့အနေနှင့် CT Coordination Team ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တခုဖွဲ့စည်းထားသည်။ အထက်ပါ လက်မှတ် မထိုးသေးသည့် အဖွဲ့များ၏ DPN နှင့် NCA လက်မှတ်ထိုးပြီးသောအဖွဲ့များ၏ CT တို့သည် ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေးကြပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံး မျက်နှာစုံညီအစည်းအဝေးတရပ်ကို ၂၁ ရာစုပင်လုံညီလာခံ မတိုင်မှီ ပြု လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

သို့နှင့် ၂၀၁၆ ဇူလိုင်လ ၂၆ မှ ၃၀ ထိ ကချင်ပြည်နယ် KIO/ KIA ထိမ်းချု ပ်ရာဒေသရှိ မိုင်ဂျာယာန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးပြု လုပ်ခဲ့သည်။ UWSA/ TNLA/ MNDAA/ NSCN(K) ၄ ဖွဲ့မှအပ ကျန် ၁၇ ဖွဲ့တက်ရောက်ခဲ့သည်။ မိုင်ဂျာယာန်ညီလာခံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု အချို့ ဖေါ်ပြခဲ့ကြသော်လည်း NRPC အနေနှင့် သွားလာရေးနှင့်ပတ်သက်၍ အကူအညီများ ပေးခဲ့သည်။ ထို့ပြင် မိုင်ဂျာယာန်ညီလာခံသည် ၂၁ ရာစု ပင်လုံညီလာခံတွင် တင်ပြကြမည့် နိုင်ငံရေးမူဘောင်များနှင့်ပတ်သက်ပြီး ဘုံသဘောတူညီချက် ရရှိရန် ဆွေးနွေးညှိနှိုင်း ကြသည်ဖြစ်ရာ ၂၁ ရာစုပင်လုံညီလာခံဦးတည်ချက်အောက်တွင် ရှိသည်ဟု ဆိုရပါမည်။

ခုဦးရယ်ပြောသည့် အဆင်သင့်မဖြစ်မှု
၂၀၁၆ ဇူလိုင်လကုန်တွင် ကျင်းပခဲ့သည့် မိုင်ဂျာယာန်ညီလာခံတွင် ဘုံသဘောတူညီချက်များ ဆွေးနွေးမှု မပြီးပြတ်၍ DPN နှင့် CT မှ ချင်းမိုင်တွင် ဆက်လက်ဆွေးနွေးကြရန် ဆုံးဖြတ်ခဲ့ကြပြီး ထိုသို့ဆွေးနွေးချိန် လုံလောက်ရန် ၂၁ ရာစုပင်လုံကို ၂၀၁၆ စက်တင်ဘာ လကုန်မှ ကျင်းပရေး တင်ပြရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ၂၀၁၆ သြဂုတ်လ ၃၁ ရက်နေ့တွင် ညီလာခံကျင်းပရန် ကြေညာသည့်အခါ DPN ခေါင်းဆောင် ခူဦးရယ်မှ တိုင်းရင်းသားတွေ ဘက်မှ အဆင်သင့်မဖြစ်သေးဟု ဆိုလိုက်ခြင်းသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးမူဘောင်ဆွေးနွေးညှိနှိုင်းခြင်းအတွက် အချိန်တစ်လခန့်
လိုနေသေးခြင်းကို ဆိုလိုခြင်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် ၂၁ ရာစုပင်လုံညီလာခံတွင် ဖက်ဒရယ်မူအခြေခံအချက်အလက်များနှင့်ပတ်သက်၍ စုစုစည်းစည်း တသဘောတည်း ရပ်ခံနိုင်ရေး ကြိုးစားနေကြသည်ဟု ဆိုနိုင်ပါသည်။

အရင်လိုခြင်း၏အကျိုး အပြစ်
အများစုဝေဖန်သုံးသပ်သူများကတော့ ၂၁ ရာစုပင်လုံညီလာခံအား  ၂၀၁၆ သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပခြင်းရန် ဆုံးဖြတ်ခြင်းသည် အနည်းငယ်လောလွန်းသည်ဟု သုံးသပ်ကြသည်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ နှစ် ၇၀ ကြာမြင့်ပြီဖြစ်သော ထိုပြသနာအား အချိန်မဆွဲသင့်တော့ အမြန်ဆုံး ကျင်းပရန်လိုအပ်သည်ဟူသော ရပ်တည်ချက်ဖြင့် တွန်းတွန်းတိုက်
တိုက်ပြု လုပ်ခဲ့သည်။

ဤသို့ အမြန်နှုံးဖြင့် ပြု လုပ်ရသဖြင့် ၂၁ ရာစုပင်လုံညီလာခံအတွက် စီစဉ်ဆောင်ရွက်မှု အချို့တွင် အားနည်းမှု များရှိခြင်း ပြင်ဆင်ဆွေးနွေးညှိနှိုင်းမှု အချို့တွင် အချိန်မလုံလောက်ခြင်းရှိခဲ့သော်လည်း ပွင့်လင်းသည့် ညိနှိုင်းမှု များရရှိခဲ့ခြင်း ညီလာခံတက်ရောက်သူများ မိမိတို့အမြင်ကို ပွင့်လင်းစွာ
ပြောဆိုခွင့်ရခဲ့ခြင်း ရှေ့တဆင့်တက်ရမည့် လမ်းစကို ရှာဖွေနိုင်သည့် အခွင့်အလမ်းရရှိခြင်း၊ လိုအပ်ချက်များကို သဘောပေါက်နားလည်ခွင့်ရခြင်းတို့ ကြောင့် အကျိုးဖြစ်ထွန်းများလည်း ရှိခဲ့သည်ဟုဆိုရမည်။ အဓိကအကျိုး ကျေးဇူးမှာ ရှေ့ဘယ်လိုဆက်ကြမည်ဆိုသည်ကို အားလုံး စဉ်းစားနိုင်သည့် အခွင့်အလမ်းကောင်း ရခဲ့ခြင်းပင်ဖြစ်သည်။

ဆက်လက်ဖေါ်ပြပါမည်

Mg Mg Soe ( မောင်မောင်စိုး )