အောင်ပြည့်စုံ ● မြန်မာမိုက်ကယ်ဂျက်ဆင်



အောင်ပြည့်စုံ ● မြန်မာမိုက်ကယ်ဂျက်ဆင်
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၆
 

မြန်မာပြည်မှာ မိုက်ကယ်ဂျက်ဆင်ဖြစ်ရတဲ့အတွက် ကျွန်တော်ဂုဏ်ယူပါတယ်။
ပြည်တွင်းရုပ်သံလိုင်းတလိုင်းမှာ မိုက်ကယ်ဂျက်ဆင်အတု အင်တာဗျူး။
ကျွန်တော့အသက်မွေးဝမ်းကျောင်းဟာ မိုက်ကယ်ဂျက်ဆင်ဖြစ်ပါတယ်၊
Billie Jean သီချင်းဟုတ်လား ကျွန်တော်မသိဘူး အခုခေတ်က အဲ့ဒီသီချင်းမရှိတော့ဘူး
အဲ့ဒါဆို မိုက်ကယ်ဂျက်ဆင်က ဘာလို့ ရှိနေသေးတာလဲလို့ ပရိသတ်တွေကမေးကြပါတယ်
မိုက်ကယ်က မြန်မာပြည်အတွက် လိုအပ်နေသေးလို့ ရှိပေးနေတာပါ
မြန်မာပြည်ရဲ့နိုင်ငံရေးအနေအထားမှာ မိုက်ကယ်ရှိသင့်တယ်တဲ့ ရုပ်သံကြည့်ပြည်သူတယောက်က ပြောကြား -
ကျွန်တော်တို့ဟာ အားယားနေတော့ ရုပ်မြင်သံကြားခေတ်နဲ့ပဲ ပြီးဆုံးမှာပါ။
ထိုအခါ မိုက်ကယ်ဟာ မြန်မာပြည်မြေပုံကို အလွတ်ဆွဲပြနိုင်ခဲ့ပါတယ် ဒါဟာ လှည့်ကွက်
ကျွန်တော်တို့ကြီးပြင်းလာရတဲ့ပတ်ဝန်းကျင်က အားလုံးလှည့်ကွက်တွေချည်းပဲဗျ -
မြန်မာမိုက်ကယ်ဂျက်ဆင်က ပြောသည်။
ထိုခေတ်အခါက ဖျော်ဖြေရေးလောကဟာ ဘာသားတရားထက် လူတွေကို ပိုပြီးယုံကြည်စေသည်။
မိုက်ကယ့်ကို ကျွန်တော်အတုလုပ်ယူတော့ ပထမဆုံးရင်ဆိုင်ရတာက သူ့ကိုချစ်တဲ့စိတ်
ပြီးတော့ မြန်မာနိုင်ငံကို တခြားတိုင်းသူပြည်သားတွေလို အများနည်းတူချစ်တာပဲ။
မိုက်ကယ်ကို ကျွန်တော်ဈေးရောင်းပါတယ် မိုက်ကယ်ကို ကျွန်တော်ဆန်ဝယ်ရတယ်။
မြန်မာမိုက်ကယ်ဂျက်ဆင်လို့မေးရင် နိုင်ငံကိုယ်စားပြုရတဲ့ မျက်နှာနဲ့ပေါ့
သူ့ဘဝမှာ ကျွန်တော်မပါဝင်ရပေမယ့် ကျွန်တော့ဘဝမှာတော့ သူဟာကျွန်တော်၊
သူ့ မျက်မှန်အနက်ရောင်ကတော့ အစစ်ပေါ့ ကျွန်တော့မျက်မှန်ကတော့ အတု
သူ့ အသားအရောင်တွေပြောင်းသွား ကျွန်တော့အသားအရောင်က ဒီအတိုင်း
သူ့ နှဖူးပေါ်ခွေကျနေတဲ့ ဆံပင်ကောက်ကောက်လေးတွေကအစစ်
သူ့ လက်အိတ်အဖြူပေါ်ကစိန်ပွင့်တွေကတော့ စိန်အစစ်တွေပဲဖြစ်ပါတယ်။
ဖြစ်ခဲ့လေတဲ့ ဘဝများစွ ငါ့အခု မိုက်ကယ်ဂျက်ဆင်ဘဝ စိန်တပွင့်မှ အစစ်မဟုတ်
ကျွန်တော်တို့နိုင်ငံတော်အလံကို အလေးပြုပြီး ဦးခေါင်းကိုပြန်မတ်လိုက်တဲ့အခါ
ကျွန်တော်တို့ခေါင်းပေါ်က မိုးကောင်းကင်မှာရှိတဲ့ စိန်ပွင့်တွေဟာ အတုတွေချည်းပဲ၊

၂၀၁၆ ၁၊ ဇူလိုင်
၃း ၁၃ ပီအမ် / ရန်ကုန်

အောင်ပြည့်စုံ