ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လင်းငယ် ● ဆုံးရှုံးသွားသော လရောင်ညများ


လင်းငယ် ● ဆုံးရှုံးသွားသော လရောင်ညများ
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၆

လရောင်က အေးအေးဆေးဆေး ရှိနေသည်။ လျှပ်စစ်မီးကို မမြင်ဟန်ပြုကာ သူ့အလုပ် သူလုပ်နေလေသည်။ ကြွရွနေချင်သည့်မြို့ပြညကိုတည်ငြိမ်အောင် အေးမြသည့်အသွင်ဖြင့် ပြုစားနေ သယောင်။ သို့သော် ညက ညမျှသာ။ လက လမျှသာ။ ညက လကိုသတိမထားမိသည်မှာ မည်မျှ ကြာခဲ့ပြီနည်း။ အိမ်ရှေ့ (တိတိကျကျပြောရလျှင် တိုက်ခန်းသေးသေးလေးရှေ့ရှိ နေရာလွတ်ကလေး) မှာ ကော်ဖီတခွက်၊ ခြင်ရိုက်တံ တဖက်ကိုင်ရင်း အေးမြသည့်ဆောင်းညမှာ လရောင်ခံနေခြင်း ဖြစ် သည်။ စိတ်ကို ရွက်လွှင့်ရင်း အဝေးက ငယ်ဘဝ ရွာတလင်းပြင်ထဲကို ပြန်ရောက်နေမိသည်။ ဒီအချိန်ဆို မီးပုံဘေးနားမှာ အဖေတို့ အဘိုးတို့ ထန်းပင်မြစ်မီးဖုတ်ဖြစ်စေ၊ ပဲမြစ်ပြုတ်ဖြစ်စေ တခုခုစားကြရင်း စကားစမြီး ရှေးဟောင်းနှောင်ဖြစ်တွေ ပြောတတ်ကြသည့် အချိန်ပဲ။

ကျွန်တော်တို့ ကလေးတသိုက်ကတော့ တလင်းပြင်ထဲက မခြွေရသေးသည့် ကောက်လှိုင်းပုံများပေါ် စစ်တိုက်တမ်း၊ သိုင်းချ တမ်း၊ တူတူပုန်းတမ်း ကစားနေကြမည်။ နတ်ဖွက် (ဝှက်) တတ်သည်ဟု အမေက ပြောထားပြန်တော့လည်း အမှောင်ကြားထဲ ဝင်မပုန်းရဲပြန်။ အလင်းရောင်ရှိရာအောင် လိုက်ရှာသူမမြင်အောင် စပါးပုံများကွယ်ရင်း ဟိုပြေး ဒီပြေး ကစားကြမည်။ တခါ တခါတော့ လိုက်ရှာသူကို လှည့်စားဖို့အင်္ကျီလဲဝတ်ကြ၊ ပုဆိုးလဲဝတ်ကြသည်။ ကလေးဘဝကအပျော်များ အခုပင် ပြန်ရသ လိုတယောက်တည်း ကြိတ်ပြုံးပြုံးနေရာက စူးစူးဝါးဝါး အော်လိုက်သံတခုကြောင့် အာရုံပျက်သွားရသည်။

“တမိုင်မှာ ဘယ်နှစ်ဖာလုံရှိလဲ။ နေ့တိုင်း ပါးစပ်က အမြှုပ်ထွက်အောင် သင်ပေးနေတယ်။ ဒီဇင်ဘာကျောင်းပိတ်ရက်လည်း မနား။ တရက် နှစ်ချိန်သင်ပေးနေတာလည်း မတတ်ကြဘူးလား”

ပကတိလက်ရှိအခြေအနေကို ပြန်သတိထားမိလာရသည်။ ကိုယ်ရောက်နေရာ ပတ်ဝန်းကျင်ကို ပြန်ကြည့်မိသည်။

ကိုယ် ဒီရပ်ကွက်လေးကို ယာယီနေဖို့ ရွေးခဲ့မိသည့်အကြောင်းက တိတ်ဆိတ်လို့၊ လူနေသန့်လို့ ဆိုသည့်မှတ်ချက်များကြောင့်။ အမှန်တကယ်လည်း နေကြည့်သည့်အခါ တိတ်ဆိတ်အေးချမ်းလှသည်။ တိတ်ဆိတ်လွန်း၍ပင် မနေအောင် ဖြစ်ရသည်။ အခုပင်ကြည့်။ လျှပ်စစ်မီးရောင်တောက်နေသည့် လမ်းမများက တိတ်ဆိတ်လွန်းသည်။

တခုပဲ ရှိသည်။ ဘေးနားကပ်ရပ်မှာတော့ ကျူရှင်လေးတခုရှိနေခြင်းသာ။

ကျူရှင်ဆရာမ၏ အသံက အောင်မြင်ပေါက်မြောက်လှသည်။ ကျွန်တော့်ဘက်က အတိုင်းသား ကြားနေရသည်။ အသံ အောင်မြင်သလို လုပ်ငန်းလည်းအောင်မြင်ကာ ရပ်ကွက်ထဲမှာ သြဇာရှိလှသည်ကို တွေ့ရပြန်သည်။ မနက်ခင်း ကျောင်းမ သွားခင် ကျူရှင်တချိန်မှာဖြစ်စေ၊ ညနေဘက် ကျောင်းဆင်းပြီးပြီးချင်း ကျူရှင်တချိန်မှာဖြစ်စေ ကားကြီးကားငယ်များဖြင့် ကြိုပို့ လာလုပ်ကြသည်ကို မြင်နေရသည်မှာ နိစ္စဓူဝ မြင်ကွင်းဖြစ်နေပေပြီ။ အခုအချိန်အထိလည်း ကလေးများ စာသင်နေ ကြရတုန်း။ လက်ကနာရီကိုကြည့်လိုက်တော့ ကိုးနာရီထိုးဖို့ နည်းနည်းသာလိုတော့သည်။ ဆရာမအသံက နည်းနည်း ဒေါ သဝင်နေပုံရသည်။ ဆက်လက်ကြားရသည်များက ကိုယ့်အထင်ကို ပိုလို့ သေချာစေပြန်သည်။

“ငါမှာတော့ မနားပဲ သင်ပေးနေရတာ။ ဒီဇင်ဘာကျောင်းပိတ်ရက်လည်း မနားဘဲ သင်ပေးရ၊ စာမေးပွဲနီးလာတော့လည်း တရက် နှစ်ချိန် မနားတမ်း၊ နင်တို့က ဒါလည်း အခုထိ မရကြသေးဘူး”

ရင်ထဲမှာ နင့်သွားရသည်။

ကလေးတွေ စာတော်ဖို့လိုပါလားလို့လည်း တဆက်တည်း တွေးမိပြန်သည်။ ဆရာမတွေလည်း တော်တော်ကို မောရှာမှာပဲ။ အင်း ကလေးတွေလည်း အတူတူပါပဲလေ။ သူတို့လည်း မောရှာပေမှာပဲ။

နေ့လည်းခင်းက ဖတ်ထားသည့် ကဗျာတပုဒ်က စိတ်အတွေးထဲ ပြန်ဝင်လာသည်။

“ညောင်ပတစ္ဆေ ဝေလေလေ” ဆိုတာ သံယောဇဉ်ကို မသိမသာ စိုက်ပျိုးတတ်တဲ့ ကစားနည်းတမျိုးပေါ့။

ဆရာမအသံ ခဏငြိမ်သွားတော့ လရောင်ကို ကြည့်ရင် ကိုယ့်အတွေးနဲ့ကိုယ် အဖော်ပြန်လုပ် ရသည်။

တလင်းပြင် ရှင်းလင်းတဲ့ ညမျိုးများဆိုလျှင်တော့ ကလေးတစ်သိုက် အလျှိလျှို အလိုလို ညစဉ်နီးပါး စုစည်းမိကာ တညတမျိုး မရိုးရအောင် ကစားကြပြန်သေးသည်။ အဲသည်ထဲက ကစားနည်းနှစ်ခုကို မကစားချင်ခဲ့တာကို သတိရမိသည်။

ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်.. မိအေးလိုလို့ ဝဲပါတယ်ဆိုသည့် မိအေးကို အမိဖမ်းရသည့် ကစားနည်း။

အဲသည့်ကစားနည်းမှာက ကလေးတွေကို ကြီးစဉ်ငယ်လိုက် တန်းစီတတ်ကြတဲ့အခါ နောက်ဆုံးမှာ လူကောင်ရော အသက် ပါငယ်သည့်ကလေးများက နေရာရသည်။ စဉ်းစားကြည့်ပါ။ ရှေ့ဆုံးကလူက ရွှေစွန်ညိုကို ရအောင်ကထားမည်။ ရွှေစွန်ညိုက မရမက ရှောင်ကာ နောက်ဆုံးကလူကို ဖမ်းဖို့ကြိုးစားမည်။ နောက်ဆုံးကလူကတော့ ရှေ့ဆုံးလူ တလှမ်းဆို ဆယ်လမ်း လောက် ဘေးကို ဘက်ပြေးရသည်။ ရထားတွဲကြီးလို တွဲထားထားသော လူတန်းမှာ အမြီးတရမ်းရမ်း လုပ်တိုင်း နောက်ဆုံးလူ ပြေးရသည်မှာ ဖတ်ဖတ်မောတော့သည်။ သည်တော့ နောက်ဆုံးမှာ ကိုယ်လည်း နေရာမယူချင်သလို နေရာရသူကို သနား ကာ မကစားချင်။ ကစားလျှင်လည်း ရွှေစွန်ညို ဘယ်တော့မှမလုပ်။ ရှေ့ဆုံးမှ ကာပေးသူသာ လုပ်ချင်ခဲ့သည်။ သြော် က လေးဘဝ အတွေးများ။

ညောင်ပင်တစ္ဆေ ကစားနည်းကရော ဘာထူးသေးလဲ။

ညောင်ပင်တစ္ဆေ ဝေလေလေ… နင် ဘယ်ကိုင်းမှာနေ၊ ငါ တောင်ကိုင်းမှာနေ၊ နင်ဘာသီးစား …ငါ ညောင်သီးစား …စသည်။
ဒီလိုနှင့်ပင် ကလေးဘဝကစားကြရင်း ညီရင်းအစ်ကိုပမာ သံယောဇဉ်တွေ ဖြစ်ကြရသည်ကို မသိခဲ့။

အခုပင် အဝေးကရောက်တဲ့အခိုက်မှာ ငယ်သူငယ်ချင်း ကစားဖော်တွေကို လွမ်းတနေမိသည်ကော။ ကျော်သူ၊ အောင်ဆန်း ဦး၊ ကုလားတို့တွေ နေကောင်းကြပါစ ...။

“ကျောင်းသားတစ်ယောက်ဟာ တရက်ကို (၁၅၀) မိနစ် ကျောင်းစာကျက်တယ်။ နာရီနဲ့ဆို ဘယ်လောက်ဖြစ်မလဲ ပြောစမ်း”  နားထဲကို တစွန်းတစ ဝင်လာပြန်သည့်ဆရာမအသံ။

ငါတို့ရော တစ်ရက်ကို ဘယ်နှစ်နာရီလောက် ကစားခဲ့ကြပါလိမ့်။ ပြောရရင်တော့ ရယ်စရာ ကောင်းနေဦးမည်။ ထိုအချိန်က နာရီတွေရှိမှန်းပင် မသိ။ မနက်ခင်း သူငယ်ချင်းတွေ ကျောင်းသွားရင် အတူ သွားသည်။ ဘယ်နှစ်နာရီ ကျောင်းတက်မှန်း ရေရေရာရာ မသိ။ ကျောင်းရောက်တော့ လွယ်အိပ်ချကစားကြသည်။ ဖုန်တလုံးလုံးနှင့်။ ခေါင်းလောင်းထိုးသံကြားတော့ ကျောင်းခန်းထဲ ပြေးဝင်သည်။ ဘယ်နှစ်နာရီထိုးရင် ခေါင်းလောင်ထိုးသလဲကတော့ ဆရာကြီးသာ သိမည်။ နေလည့်ခင်း ထမင်းစားကျောင်းဆင်းချိန် ရွာထိပ်မှာ ရှိသည့် ကျောင်းကနေ အိမ်ကို အပြေးပြန် လာကာ အမေချက်ထားခဲ့သည့်ထမင်းကို ကိုယ့်ဘာသာ လှန်လော ခူးခပ်ကာ အမြန်စားကြမည်။ ပြီးလျှင် ကျောင်းမှာ ပြန်ဆုံကာ ထပ်ကစားကြမည်။ ဖုန်တလုံးလုံးနှင့်။
ခေါင်းလောင်းထိုးလျှင် နေ့ခင်း ကျောင်းတက်မည်ကို သိမည်။ တခါတလေတော့လည်း ဆရာကြီးက ပါးစပ်နဲ့သာ အော်ပြော သည်။ အားလုံး အတန်းထဲဝင်ကြဖို့။ ကစားလိုက် စာသင် လိုက်၊ စာသင်လိုက် ကစားလိုက်။

ဆရာကြီးကလည်း ကစားသည့်အတွက် ဘယ်တော့မှ မဆူပူ။ ညနေကျောင်းဆင်းရင်လည်း အမေ့ခိုင်းတာ နည်းနည်းပါးပါး လုပ်၊ ညစာ စောစောစားကာ ကစားဖို့ တာစူကြပြန်သည်။ ပျော်ရွှင်မှုပတ်ခြာလည်ခဲ့သော၊ လွတ်လပ်ပေါ့ပါးခဲ့လွန်းသော ကိုယ့်ပိုင် ကလေးဘဝများ။

အမေကလည်း ငါ့သား စာ၊ အဖေကလည်း စာ၊ ကျောင်းမှာလည်း စာ၊ ကျုရှင်မှာလည်း စာ ဘဝမျိုးမှာ အခုကလေးတွေ ဘာ စာတွေသင်ရပါလိမ့်။

ကိုယ့်ကလေးဘဝကဖြင့် စိတ်လက်ပေါ့ပါးခြင်းဖြင့် ပညာကိုသင်ယူခဲ့ရသည်လို့ တွေးမိတော့ ကဗျာဆရာရဲ့မေးခွန်းကို ဘေး နားက ကျူရှင်ဆရာမလေးကို ပြေးလို့ မေးလိုက်ချင်မိသည်။

မြေဓာတ်ဟာ သူတို့နဲ့တည့်ကြောင်း ကလေးတွေသိအောင် မပြောပြတော့ဘူးလား တဲ့။

အထူးသဖြင့် အခုလို လရောင်သာသောည၊ ရာသီကြည်သော ည။ လင်းပွင့်သောညမျိုးမှာဖြင့် ကလေးများ မြေဓာတ်ကို တည့်မတည့် ပြေးလွှားဆော့ကစား ဖို့ မသင့်လေသလား။ ခေတ်ရဲ့ တောင်းဆိုသံလား။ လိုဘများရဲ့အတောမသတ်မှုလား။ လမင်းကတော့ ကိုယ့်မေးခွန်းတွေကို လှောင်ပြုံး ပြုံးနေဦးမယ့် ထင်ပါရဲ့။ ဟဲ့ တောသားလေး နင်တို့ ခေတ်ကလိုများ အောက်မေ့နေသလားလို့ မေးကောင်း မေးချင်နေပေလိမ့်မယ်။ ဟုတ်ပါတယ် လမင်းကြီးရေ ခင်ဗျားကို ကျုပ်ပြန်ပြောရမှာပဲ။ ကဗျာတပုဒ်အဖြစ်ပေါ့။

လရောင်ရှိပါရဲ့
လမ်းတွေ ခြောက်ကပ်တိတ်ဆိတ် နေလိုက်ပုံများ
အရိပ်အောက် ရနံ့ဆုံးရှုံးရသလိုမျိုး
ခပ်ဆင်ဆင်လည်း တူချင်တူလိမ့်မှာပေါ့
တည့်တည့်မတ်မတ်ကြီး နာကျင်ရပါတယ်။ (သဲထူး)

ကဗျာဆရာကတော့ တည့်တည့်မတ်မတ်ကြီးကို နာကျင်သတဲ့။

ကိုယ်ကတော့ လွမ်းလွမ်းဆွေးဆွေး နာကျင်ရပါတယ်။ အခု အိပ်ရာထဲမှာ အိပ်မောကျနေတဲ့ လသားအရွယ် ကိုယ့်သားလေး ကို တွေးမိပြန်တော့ လေးလေးပင်ပင် ခံစားရပါတယ်။

ငါ့သားလေး ကြီးလာရင်ရော ဘယ်လို လုပ်ရပါ့။

ငါ့သားလေးအတွက် ညောင်ပင်တစ္ဆေကစားဖို့ အဖော်များ ရှာလို့ရမှာပါစ ...။

လင်းငယ်