ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခင်ဇော်မိုး ● မျှော်လင့်ချက် မနက်ခင်းများနှင့်အပြုံး


ခင်ဇော်မိုး ● မျှော်လင့်ချက် မနက်ခင်းများနှင့်အပြုံး
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၆

မြူနှင်းတွေပိတ်သည်း ယှက်လွှမ်းနေသည့် မိုးရာသီ၏မနက်ခင်းကြောင့် အကြည့်တွေ ကသီလင်တ ဖြစ်သွားမိသည်။ စင်္ကြဝ တေးမင်းသည် ရာသီမှား၍ ကန့်လန့်ကာချသည်များလားဟု ခြေဦးတည့်ရာ တွေးထင်မိသည်။ ပြတင်းပေါက်မှ မြင်တွေ့ ရသော ပြင်ပမြင်ကွင်းမှ ဖယ်သွေလိုက်တော့ ကြေးမုံပြင်မှာ ကျွန်တော့်ပုံရိပ်က ထင်ဟပ်သွားသည်။ ခြေရာလက်ရာ ပျက် ယွန်းနေသည့် ဆံပင်များကို ကျွန်တော့်လက်ချောင်းများဖြင့် ထိုးဖွပင့်တင်လိုက်သည်။

မနက်ခင်းပေါင်းများစွာ သေဆုံးသွားသော်လည်း ကျွန်တော့်အဖြစ်အပျက်များကတော့ မပြောင်းလဲသေးပါ။ ဒီကနေ့မနက် တွင်လည်း မနေ့ကအဖြစ်လိုပဲ နာရီပေါင်းများစွာကို ရုန်းကန်ရပါဦးမည်။ ဟိုအရင်သေဆုံးသွားသော မနက်ခင်းများထဲမှာ ရုန်းကန်ခဲ့ခြင်းများသည် နောက်ထပ်မနက်ခင်းတခုကို မွေးဖွားနိုင်ရုံမျှသာ။ ထို့ထက်မပို။ ကျွန်တော့်လို ရုန်းကန်သူများလည်း လက်ညိုးထိုးမလွဲ။ သို့သော် မနက်ခင်းလေးတွေကိုသာ မြိန်ရေရှက်ရေအဖြစ်နှင့် လည်ဆန့်မြိုချရင်း ကျွန်တော်တို့အများစု သည် ရှင်သန်နေကြရပါသည်။

မနက်ခင်း၏လေညင်းများမှာ မြေနံ့သင်းသင်းတွေနှင့် မြူခိုးရနံ့တွေက ပါလာတတ်သည်။ တညလုံးရွာထားသည့်မိုးရေနှင့် အရင်ရက်ကရွာထားသော မိုးရေတို့စုပေါင်းကာ တချို့လမ်းဘေး ရေအိုင်ခွက်များက ရေပုတ်နံ့တွေကလည်း ပင့်သက် အရှိုက်မှာ ကမန်းကတန်းတိုးဝင်လာသည်။ ဒီလိုပါပဲ။ ကျွန်တော်ခံစားလို့မှမ၀ခင် မနက်ခင်းလေးတွေဟာ ပန်းကောင်းအညွှန့် ကျိုးခဲ့ရ။ သက်ပြင်းကြမ်းကြမ်းကြီးတွေက မိုးကျရွှေကိုအလား။ မနက်ခင်းအစမှာပဲ ဇာတ်ဝင်ခန်း နေရာရသွားသည်။

မနက်ခင်းတိုင်းဟာ လှပတဲ့အပျိုစင်တဦးလို ကျွန်တော့်အတွက် တကြိမ်တခါမျှ ကောက်ကြောင်း မလှခဲ့။ ရုပ်ဆိုးအကျည်း တန်လွန်းသည်သာ။ မနက်ခင်းဟာ နေရောင်အလာမှာ ကိုယ်ဟန်ကြွကြွလေး ပြရုံရှိသေး၊ ကျွန်တော့်တို့ရပ်ကွက်ထဲမှာ ခွေးဟောင်သံတွေနှင့်စည်ကားနေပြီ။ ဟိုဘက်အိမ်မှ မိန်းမကြီးက ဆိုက်ကားမထွက်သေးသည့် သူ့ယောက်ျားကို အဆဲအဆို များဖြင့် ပရိတ်မွှန်းနေပြီ။ ကျွန်တော်တို့ အညတရရပ်ကွက်ကလေးမှာ နေ့စဉ် ရုန်းကန်လှုပ်ရှားနေသည်။ သို့သော် ဘာမျှ ထူးခြားမလာသေး။ မည်သူမျှ ချမ်းသာကြွယ်ဝမသွားသေး။ မနက်ခင်းတိုင်းမှာ ပြောင်းလဲခြင်းသည် စိုးစဉ်းမျှမရှိ။ ပကတိ ရှေးရိုးစွဲလို့။

မနက်ခင်းတခုပြီးတခုမှာ အိပ်ရာနိုးထနိုင်ဖို့ ကျွန်တော်တို့ကိုယ်မှာ ချွေးတွေနစ်လို့။ ကျွန်တော်တို့နားတွေမှာ တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး ပြောလိုက်တဲ့စကားတွေကြောင့် အူလို့။ ရပ်ကွက်ဈေးထဲက အဒေါ်ကြီးလည်း နေရောင်စလိုက်တွေနှင့် တနေကုန် ကလို့။ ပွဲရုံ၊ ဆိပ်ကမ်း၊ ကုန်တင်ကုန်ချ ကူလီအလုပ်သမားတွေလည်း ၀ိုင်းထဲကလက်ဝှေ့သမားလို အင်္ကျီဗလာနှင့် လက်ဖျံက သွေးကျောတွေထလို့။ မနက်ဖြန်မနက်ခင်းတခုကို မြင်နိုင်ကြဖို့၊ နိုးထနိုင်ကြဖို့၊ မိသားစုထမင်းဝိုင်းလေးမှာ လက် ဆုံစားကြဖို့ပေါ့။

မနက်ဖြန်မနက်ခင်းတိုင်းဟာ အတွေးတွေနှင့် အနာဂတ်လှလှလေးတွေပါပဲ။  ရုန်းကန်နေကြသည့် အားလုံး ဦးနှောက်ကို အလုပ် လုပ်ကြရ၊ ပါးစပ်ကို အလုပ်လုပ်ကြရ၊ ခြေလက်တို့ဖြင့် ရုန်းကန် အလုပ်လုပ်ကြရ။ ကျွန်တော်တို့အားလုံးဟာ ယနေ့ အတွက်၊ မနက်ခင်းအနာဂတ်တွေအတွက် ရုန်းကန်ကြရသည်။

ရုန်းကန်ရင်း ဆုံးရှုံးခြင်းတွေလည်းပါခဲ့သည်သာ။ ကျွန်တော်တို့ ချွေးနှင့်အားနှင့်လုံ့လထုတ်ပြီး ရုန်းကန်ခဲ့ပေမယ့် မနက်ခင်း တွေကတော့ ဘာမှပြောင်းလဲခြင်းမရှိသေး။ လမ်းဘေးရေချမ်းစင်လေးလည်း ယိုင်နဲ့နေပြီ။ သက္ကရာဇ်တွေလည်း တဖြည်း ဖြည်း ဇရာအိုနေပြီ။ လမ်းထိပ်ကသစ်ပင်ကြီးလည်း ပင်စည်တွေလေတိုးသလိုမျိုး ဝဖြိုးလို့။ အကိုင်းအခက်ဖြာဖြာ တွေက တော့ အရင်လိုမရှိတော့။ မီးကြိုးဖြင့်မလွတ်၍လား၊ ထင်းအလိုရှိ၍လား ကျွန်တော်မသိ။ နတ္ထိဖြစ်နေရှာသည်ကိုပင် ကျွန် တော်သိပါသည်။ အာလုံးပြောင်းလဲပေမယ့် မနက်ခင်းတွေကတော့ မပြောင်းလဲသေးပါ။ ရုန်းကန်ကြရင်း အိုမင်းသွားကြ သည်။ သေဆုံးသွားကြသည်။

ရွေ့လျားနေသည့် ခေတ်သက္ကရာဇ်တွေဟာ ပို၍သာလွန်ကောင်းမွန်လာမည်ဟု ကျွန်တော်တို့ ရပ်ကွက် ထဲကလူတွေနည်းတူ ပြည်သူအားလုံး မျှော်လင့်ထားကြပါလိမ့်မည်။ ကျွန်တော်တို့တတွေဟာ လက်ရှိ ဘ၀ဆင်းရဲမွဲတေခြင်းများမှ တနေ့တရက်မှာ ကွင်းလုံးကျွတ်လွှတ်မြောက်နိုင်ရန် ကြိုးစားကြသည်။ ကျွန်တော်တို့ကိုယ်ပေါ်က ချွေးစက်များကိုလည်း နာကျင်စွာ ကျိန်း မောင်းခဲ့ဖူးပါသည်။ လှပမှုမရှိသောနေ့ရက်များကို ကျိန်းမောင်းခဲ့ဖူးပါသည်။ အနာဂတ်မနက်ခင်းတွေဟာ လှပလိမ့်မည် ဟုသာ။

ဒါကြောင့် မနက်ခင်းတိုင်း မနက်ခင်းတိုင်းမှာ ကျွန်တော်တို့အားလုံး၏ မျှော်လင့်ချက်များ ရှိနေပါသည်။ မနက်ခင်းတိုင်းဟာ ကျွန်တော့်တို့အားလုံး၏အဖိုးမဖြတ်နိုင်သော သယံဇာတများလည်း ဖြစ်ပါသည်။

စောစောစီးစီး အတွေးတွေနှင့်ငေးမောနေသည့် ကျွန်တော့်အား အမေက မနက်စာစားဖို့လှမ်းခေါ်ရင်း သက်ပြင်းရှည်ကြီးချ လိုက်သည်ကို တွေ့ရသည်။ ပြီးတော့ အမေသည် ကျွန်တော့်ကို ရီဝေစွာကြည့်ရင်း အမေ့မျက်ဝန်းလေးတွေက စကားတွေဆို လျက်။ ကျွန်တော့်စိတ်အတွေး စိတ်အမောတွေကို အမေက တီတိုးဖြေသိမ့်လျက်။ ကျွန်တော့်ရင်ထဲက အကြောင်းတွေကို အမေသိသလို အမေနှစ်သိမ့်တေးကိုလည်း ကျွန်တော် ကြားနိုင်ပါသည်။ ပြီးတော့ အမေ့ကို ကျွန်တော်ပြုံးပြလိုက်ပါသည်။ အမေကလည်း ပြန်၍ပြုံးပြပါသည်။ အဲ့ဒီအပြုံးက ဘာသာစကားတွေကိုတော့ ကျွန်တော်နှင့်အမေကလွဲ၍ မည်သူမျှ မသိနိုင် ပါ။ ကျွန်တော့်မျှော်လင့်ခြင်းတွေကို အမေအလွတ်ရသလို အမေ့၏ ဖြစ်တည်လိုမှုတွေကိုလည်း ကျွန်တော်အလွတ်ရပါသည်။

မနက်ခင်းတိုင်းတွင် ကျွန်တော့်မှာကြီးမားသော မျှော်လင့်ချက်ရှိပါသည်။ ကျွန်တော်ချစ်ရသော တဦးတည်းသော အမေ့ အပြုံးပန်းများကို မနက်ခင်းတိုင်းမှာမြင်လိုသည့် မျှော်လင့်ချက်တခုပင်။ ကျွန်တော့်ဘဝမှာ အမေ့အရိပ် အမေ့မေတ္တာတွေ အောက်မှာ ရှင်သန်ခွင့်ရခြင်းသည် ကျွန်တော့်စိတ်ကိုပို၍ ကျန်းမာစေသည်။ ကျွန်တော့်မျှော်လင့်ချက်တွေကို ပို၍ ခရီးဝေး သွားစေနိုင်သည်။ အမေအရိပ်မှာ ခုံလုံရှင်သန်ခွင်ရခြင်းသည် ဘဝကို ယုံကြည်မှုရှိစေခဲ့သည်။ ရပ်ကွက်ထဲက ဦးကြီး တယောက်က ပြောဖူးပါသည်။ အလုပ်ကအပြန်မောပန်းလာပေမယ့် သား သမီးနှင့် ဇနီးမျက်နှာ ချိုချိုသာသာမြင်လိုက်ရလျှင် ပင်ပန်းသမျှပျောက်ကွယ်သည်ဟုဆိုသည်။ ပြီးတော့ သူ့အတွက် မျှော်လင့်ချက်မနက်ခင်းတွေထဲမှာ သူတို့တတွေ၏အပြုံး တွေဟာ သူအတွက်အလိုအပ်ဆုံးဖြစ်သည်ဟု အားမာန်အပြည့်နှင်ပြောပြခဲ့သည်။ ထို့အတူ ကျွန်တော့်ဘ၀မှာလည်း ရုန်း ကန်နေရသော နေ့ရက်တိုင်းသည် အမေ့အပြုံးတပွင့်နှင့် တာဆုံးအောင်ပြေးနိုင်ပါသည်။ ကျွန်တော်တို့ အားလုံးဟာ မျှော်လင့်ချက်တွေနှင့် ခရီးဆက်နေကြပါသည်။  ဒါကြောင့် မျှော်လင့်ချက်မနက်ခင်းတွေမှာ အမေ့အပြုံးတွေဟာ ကျွန်တော့် ဘဝတွက် တန်ဖိုးကြီးသည့် အားဆေးတခွက်ပင်ဖြစ်ပါသည်။

ခင်ဇော်မိုး