အီကြာအော် ● ဖွတ်ကလေး၊ ကော်ဖီအာနံ၊ ဘိုကီမွန်နှင့် ဘမသ အဖွဲ့ကြီး (သရော်စာ)

အီကြာအော် ● ဖွတ်ကလေး၊ ကော်ဖီအာနံ၊ ဘိုကီမွန်နှင့် ဘမသ အဖွဲ့ကြီး (သရော်စာ)
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၆

"ကော်ဖီ အလိုမရှိ
ကော်ဖီ အလိုမရှိ
ကော်ဖီ အလိုမရှိ"

ခက်သေးရွာလယ်တွင်ကား ရွာသားတချို့ ဆန္ဒပြနေကြသည်။

အီကြာအော်တယောက် ကော်ဖီအလွန်ကြိုက်သူ ဖြစ်သဖြင့် ကော်ဖီဆိုင်တွေကို ခက်သေးရွာသားတွေ သပိတ်မှောက်ရင်တော့ ခက်ရချေရဲ့ဟု တွေးမိလေသည်။

"ဟေ့ကောင် ဖွတ်ကလေး တို့ရွာမှာ ဘာတွေဖြစ်နေလို့ ကော်ဖီတွေ အလိုမရှိ အော်နေရတာလည်း၊ ချိုင်းလ်ဒလေဘာ ကလေးအလုပ်သမားတွေကို ကော်ဖီဆိုင်တွေမှာ အလုပ်ခန့်ထားလို့လား"

အိတ်တလုံးလွယ်လျက် ပွတ်ဖုန်းတလုံးနှင့် ခက်သေးရွာလယ်ကောင်တွင် ပိုကီမွန် အဖမ်းထွက်လာသော ဖွတ်ကလေးကို အီကြာအော်က ဘိုလို မတတ်တတတ်ဖြင့် ဖမ်းမေးလိုက်သည်။

"မဟုတ်ပါဘူး ဆရာအော်ရယ်၊ ယူနန်ပြည်က ကော်ဖီအာနံဆိုတဲ့တရုတ်ကြီးကို အလိုမရှိဘူး အော်နေကြတာ"

ဖွတ်ကလေးက မသိသူက မတတ်သူကို ဖြီးလေ့ရှိသော ခက်သေးရွာ ဓလေ့အတိုင်း အီကြာအော်ကို ရွှီးလိုက်လေသည်။

"နေပါဦး အဲဒီတရုတ်က ဘာလုပ်လို့ တို့ခက်သေးရွာသားတွေက မကျေမနပ် ဖြစ်နေကြရတာလည်း"

"ရွာအနောက်ဘက်ကရပ်ကွက်မှာ အရှုပ်တွေရှင်းဖို့ အမေပုက တာဝန်ပေးထားတယ်ဆိုလား ပြောနေကြတယ်"

ဤသို့ဆိုမှ အီကြာအော် သဘောပေါက်သွားသည်။

"အင်း ....၊ မင်းလည်း "ဘမသ" အဖွဲ့ဝင် ဖြစ်နေတာကိုး"

"ဆရာအော်က လုပ်ပြီ.....၊ "ဘမသ"ဆိုတာကြီးက ဘာကြီးတုန်း"

သူ့ဆရာ အီကြာအော်တယောက် ခက်သေးရွာသားတို့ထုံးစံအတိုင်း မဟုတ်က ဟုတ်က ရှာကြံပြောတော့မည်ဟု ဖွတ်က လေးက ရိပ်မိနေသည်။ တပည့်ကျော် ဖွတ်ကလေးတယောက်လည်း ခံရပေါင်းက များချေပြီ မဟုတ်ပါလား။

"ဘမသ" ဆိုတာ ဘာမှသေချာ မသိပဲ လျောက်ပြောတတ်တဲ့ ခက်သေးရွာက "ဘုမသိ ဘမသိ" အဖွဲ့ကြီးပေါ့ကွ"

"မင်းကို "ဘမသ" ဥက္ကဌ ခန့်သင့်တယ်"

"အဲဒါ တရုတ်လူမျိုးလည်း မဟုတ်ဘူး၊ ကော်ဖီတွေ အာနံတာတွေလည်း မဟုတ်ဘူးကွ..."

"ကိုဖီအာနန်ဆိုတာ ယူအန်လို့ခေါ်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အထွေထွေ အတွင်းရေးမှူးဟောင်းကွ...၊ ယူနန်ပြည်နယ်က မဟုတ်ပါဘူး"

"မှားတဲ့အခါလည်း မှားပေမပေါ့ ဆရာအော်ရယ်"

"ဒီမှာ ကော်ဖီရဲ့ပုံ"
အီကြာအော်က ပွတ်ဖုန်းမှ ဂူဂဲလ်လုပ်၍ ကိုဖီအာနန်၏ပုံကို ခက်သေးစတိုင်ဖြင့် ဆရာကြီးလုပ်ပြီး ပြလိုက်လေသည်။

"သူ့ပုံက နားကွင်းနဲ့ မိုက်တယ်နော် ဆရာအော်"

သူပြောကာမှ အီကြာအော်က အဝေးကြည့်မျက်မှန်ကို ချွတ်ပြီး အနားကပ်၍ သေချာကြည့်လိုက်လေသည်။ အသက်က ရလာ၍ အနီးကလည်း မှုန်လာချေပြီ မဟုတ်ပါလား။

"ဟာ ဒီပုံက ကော်ဖီ အဲ ကိုဖီအာနန်ရဲ့ပုံ မဟုတ်ဘူးကွ၊ မော်ဂန်ဖရီးမင်းပုံ၊ သူက ဟောလီးဝုဒ်က မင်းသား၊ ဧကန္တတော့ "ဘမသ" အဖွဲ့ဝင်တွေ လက်ချက်ပဲနေမယ်"

အီကြာအော်က ခက်သေးရွာဓလေ့အတိုင်း သူလွဲသည်ကို ဘမသကို လွဲချလိုက်လေသည်။

"မင်းတို့က "ကော်ဖီ အလိုမရှိ "ဆိုလို့ ငါ့မှာ စိတ်ပူလိုက်ရတာ၊ ငါ ကော်ဖီအလွန်ကြိုက်တာ မင်း သိတယ်မဟုတ်လား၊ တို့ခက်သေးရွာက အဆိုတော် ချစ်ကောင်းရဲ့ "ကော်ဖီဆိုရင် ခါးခါးသောက်မိတယ်" ဆိုတဲ့သီချင်းက တို့ငယ်ငယ်က အသည်းစွဲပေါ့ကွ"

အီကြာအော်က အသက် ငါးဆယ်ကျော် ခက်သေးရွာသားပီပီ ခေတ်ဟောင်းကို ကြုံတုန်းလေး ပြန်လည် တူးဖော်လိုက်လေသည်။

"အမေပုက... ခက်သေးရွာငြိမ်းချမ်းရေးအတွက် ဆရာအော်ပြောတဲ့ ယူအန်က ဘိုကီမွန်လား ပိုကီမွန်ဆိုလား နေပူတော်ကို ခေါ်ထားသေးတယ်"

"သေလိုက်ပါတော့ ဖွတ်ကလေးရယ် ဘယ်ကသာ ပိုကီမွန်လည်း၊ အမေပုသာ သိရင်တော့ ရွာလယ်ချောင်းခေါင်းနှစ်ပြီး သေနိုင်တယ်၊ မင်းကလည်း "ဘမသ" အဖွဲ့ဝင် ပြီသပေတယ်၊ အဲဒါ ယူအန်အဖွဲ့ကြီးရဲ့ လက်ရှိ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်ကွ၊ ပိုကီမွန် မဟုတ်ဘူး"

"မသိဘူးလေ ဆရာအော်ရဲ့၊ ကျုပ်လည်း ကြားဖူးနားဝလေးနဲ့ ပြောရတာ"

"မင်းလုပ်တာနဲ့ ပိုကီမွန် လိုက်ဖမ်းတဲ့ ဂိမ်းသမားတွေ ခက်သေးလွှတ်တော်ထဲမှာလာပြီး သူ့ကို လိုက်ဖမ်းနေဦးမယ်"

ထိုစဉ်အခါတွင် မီးဖိုချောင်မှ ဟင်းချက်ရင်း ထွက်လာသော ဒေါ်အွန်မေးက လှမ်းပြောလိုက်သည်။

"ကိုအော်.....၊ တော်တို့ ဆရာတပည့်နှစ်ယောက်  ဘုမသိ ဘမသိ "ဘမသ တွေ မဘသ တွေ" လုပ်မနေနဲ့၊ ရှင် ကော်ဖီသောက်ချင်ရင် အိမ်မှာ ကော်ဖီကုန်နေပြီ၊ ကော်ဖီသောက်ချင်ရင် ကိုခိုနီဆိုင်မှာ ကော်ဖီမှုန့် သွားဝယ်ဦး"

ဤသို့ဆိုလျှင် အီကြာအော်တယောက် "ဘမသ" အဖွဲ့ဝင်မဟုတ်သော်လည်း ခက်သေးရွာသားအများကဲ့သို့ပင် "မယက" အဖွဲ့ဝင်ဖြစ်နေရကား ခိုနီဆူပါမားကက်သို့ ကော်ဖီဝယ်ရန် အပြေးမနှေးထုံးစံအတိုင်းဈေးဝယ်ထွက်ရပြန်လေတော့သတည်း။          ။

သဗ္ဗေသတ္တာ ကမ္မသကာ
အီကြာအော်