ထွန်းဝင်းငြိမ်း ● သခင်အုန်းမြင့် ကိုကိုးကျွန်း ပို့ခံခဲ့ရစဉ်က (၁)

  

ထွန်းဝင်းငြိမ်း ● သခင်အုန်းမြင့် ကိုကိုးကျွန်း ပို့ခံခဲ့ရစဉ်က (၁)
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၆

ဒီမိုကရေစီနဲ့ တရားမျှတမှု မထွန်းကားသေးတဲ့ နိုင်ငံတွေရဲ့ အစိုးရအပြောင်းအလဲဖြစ်ချိန်မှာ အာဏာကို ချုပ်ကိုင်ထားနိုင်သူ တွေဟာ သူတို့ရဲ့ ဆန့်ကျင်ဖက်အင်အားစုတွေကို အားနည်းသွားအောင် နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်လေ့ရှိပါတယ်။ အာဏာရှင် ခေတ်မှာတော့ တိုင်းပြည်နဲ့လူထုအတွက် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တရားမျှတမှုနဲ့ အမှန်တရားထွန်ကားအောင် ရပ် တည်ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံရေးသမားတွေ၊ သတင်းစာဆရာတွေ၊ စာပေအနုပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံရေးအပြောင်းအလဲတိုင်းမှာ ထိပ်ဆုံးက အဖိနှိပ်ခံရပြီး အနစ်နာခံ ရင်ဆိုင်ရလေ့ရှိပါတယ်။ အဲဒီထဲမှာ အမျိုးသား ခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိတ်ဆွေရင်းဖြစ်သူ၊ ကျော်လင်းစာပေကို ထူထောင်သူ၊ ဗမာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနယ်ထဲရောက်ရှိအောင် အဓိကကူညီပံ့ပိုးပေးခဲ့သူ၊ စစ်အစိုးရခေတ်မှာ နိုင်ငံရေးအကျဉ်း သားတွေကိုစောင့်ရှောက်ဖို့ ကမ္ဘာကြီးကို လှုံ့ဆော်ခဲ့သူ၊ သတင်းစာဆရာ တိုးတက်ရေး သခင်အုန်းမြင့်တို့လို ပုဂ္ဂိုလ်မျိုးတွေ ပါဝင်ပါတယ်။

၁၉၅၈ ခုနှစ်မှာ ဖဆပလ တည်မြဲအုပ်စုနဲ့ အဆင်ပြေတဲ့ ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရ တက်ပါတယ်။  အာဏာရ ဖဆ ပလအစိုးရထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် သဘောထားကွဲကြပြီး တည်မြဲနဲ့ သန့်ရှင်းဆိုပြီး အုပ်စု ၂ စုဖြစ်လာပါတယ်။ ငြိမ်းချမ်းရေးအတွက် သူပုန်တွေနဲ့ စေ့စပ်ဆွေးနွေးညှိနှိုင်းမယ်ဆိုတဲ့ ဦးနုရဲ့ သန့်ရှင်းအုပ်စုနဲ့ ငြိမ်းချမ်းရေးအတွက် လက်နက် ချ၊ အပြုတ်တိုက်ရေးဆိုတဲ့ တည်မြဲအုပ်စုဆိုပြီး ကွဲခဲ့ကြတာပါ။ ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးညှိနှိုင်းရေး လိုလား ကြသူတွေ၊ ထောက်ခံကြသူတွေကို အိမ်စောင့်အစိုးရက ဖမ်းဆီးနှိပ်ကွပ်ခဲ့ပါတယ်။ အဲဒီသူတွေကို ပြည်မနဲ့ မိုင် ၃ဝဝ နီးပါး ဝေးတဲ့ ကိုကိုးကျွန်းထောင်ကို ပို့ပစ်ပါတယ်။ သခင်အုန်းမြင့်ဟာ ကိုကိုးကျွန်းထောင်ကို ပထမဆုံးပို့ခံခဲ့ရတဲ့အထဲမှာ ပါဝင်ခဲ့ သူပါ။ သခင်အုန်းမြင့် မကွယ်လွန်မီ ၂၀၀၈ ခုနှစ်က သူ့ဘဝ ဖြတ်သန်းမှုတွေကို ကျနော်နဲ့ ညီဖြစ်သူ ဒီဇိုင်းစိုးဝင်းငြိမ်းတို့ဟာ နှုတ်ပြောသမိုင်း အစီအစဉ်အနေနဲ့ ဗီဒီယိုမှတ်တမ်းရိုက်ကူးထားပါတယ်။ အဲဒီအထဲကမှ ကိုကိုးကျွန်းထောင် ပို့ခြင်းခံခဲ့ရတဲ့ သခင်အုန်းမြင့်ရဲ့ အတွေ့အကြုံတွေကို မူရင်းအတိုင်း တင်ပြလိုက်ရပါတယ်။

● ဖမ်းပုံ ဖမ်းနည်း
ကျနော်တို့ကို တရားရုံးတွေ ဘာတွေနဲ့ အမိန့်ချပြီးမှ ထောင်ထဲပို့တာ မဟုတ်ဘူးဗျ။ တစ်ခါတည်း ကောက်ဖမ်းပစ်လိုက်တာ။ ပုဒ်မငါး ငြိမ်ဝပ်ပိပြားရေးဥပဒေဆိုတာနဲ့ ဖမ်းတာပေါ့။ ၁၉၅၈ ခုနှစ် ဒီဇင်ဘာ ၁ ရက် ညပိုင်းမှာ ဖမ်းတာ။ ထောက်လှမ်းရေးတွေက ကျွန်တော်တို့ကို တွဲဖက်ထောင် ခေါ်သွားတယ်။။ အခုတော့ သီးသန့်ထောင်ခေါ်တာပေါ့။ အဲဒီအချိန်တုန်းက ဖမ်းတယ်ဆိုရင် ဖမ်းတဲ့အချိန်တိုင်း မနက် ၃ နာရီ ၃ နာရီခွဲပဲ။ ခေါ်သွားပြီးတော့ ထောင်ထဲတန်းထည့်တာ။ ထောင်ဆိုတာ ထောင်ပိုင်က ထောင်ပိတ်ချိန် ကျော်သွားရင် သေရေး ရှင်ရေးကိစ္စကလွဲလို့ ဘာအကြောင်းနဲ့မှ မဖွင့်ရဘူး။ ထောင်ဥပဒေက မနက်မိုးလင်း ထောင်ဖွင့်သံချောင်း မခေါက်မချင်း ထောင်မဖွင့် ရဘူး။ 



အဲဒီစည်းကမ်းတွေ ဘာတွေ တပ်က မလိုချင်ဘူး။ စစ်တပ်က သူတို့အမိန့်နဲ့ ထောင်ဖွင့်ခိုင်းပြီး လုပ်ချင်ရာလုပ်တာ။ ထောင် ကနေ လာထုတ်တော့လည်း မနက် ၃ နာရီခွဲပဲ။ တွဲဖက်ကနေပြီးတော့ ကျွန်တော်တို့ကို ထပ်ထုတ်တယ်။ အရေးထဲ နှင်းတွေကလည်း ကျလိုက်တာဗျာ။ အတော်လည်းချမ်းတယ်။ မနက်အစောကြီးကတည်းက  အင်းစိန်ဘူတာ ပလက်ဖောင်း ပေါ်မှာ ငုတ်တုတ်လေးတွေ ထိုင်နေရတာ။ ကျွန်တော်တို့ကို စစ်တပ် အစောင့်အရှောက်နဲ့ လိုက်ပို့တာ။ တပ်စိပ် တပ်စိပ်လား နှစ်စိပ်လား မသိဘူး။ များတော့ များတယ်။

၆၄ ယောက်စီးတဲ့ ရထားတွဲကြီးကို အကုန် ပိတ်ထားပြီး အချုပ်တွဲ လုပ်ထားတာ။ ရထားတွဲထောင့်တွေမှာ ပြတင်းတံခါး ရှေ့ နှစ်ပေါက်နဲ့ နောက်နှစ်ပေါက်ပဲ သူတို့အတွက် လေဝင်ရုံလေးထားပြီး ကျန်တာတွေ ပိတ်ထားတာ။ ကျွန်တော်တို့ ခုနှစ် ယောက်ကြားမှာ ဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် ညှပ်ထိုင်လိုက်လာပြီး သွားကြရတာ။ သွားတဲ့လူတွေက ဇော် တွေချည်းပဲ။  လမ်းစဉ် သတင်းအယ်ဒီတာ ကိုစောလွင်၊ ပမညတ သဘာပတိအဖွဲ့ဝင် သခင်ဗမောင်၊ မုတ္တမကုမ္ပဏီက မန်နေဂျာ သခင်ဗတင်၊ ပမညတ ခေါင်းဆောင် ကိုလှဝင်း၊ တောထဲကမိလာတဲ့ ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံ အတွင်းရေးမှူး ဗိုလ်မျိုးမြင့်၊ အလံနီ ကိုကိုလေးရယ် ကျနော်ရယ်ပေါ့။ အဲဒီကိုကိုလေးက ဗိုလ်တထောင်မှာ လုပ်တယ်ဆိုတာက ကျွန်တော်တို့ အဖမ်းခံရပြီး နောက်ပိုင်းကျမှလုပ်တာ။

● သရက်ထောင်သို့
အဲဒါ ကျွန်တော်တို့ကို ရထားနဲ့ခေါ်သွားတယ်။ ပြည်ကိုပါသွားတယ်။ ပြည်မှာ တညအိပ်တယ်။ တစ်ညအိပ်ပြီးတော့ အောင်လံအထိ မော်တော်ကားနဲ့ခေါ်သွားတယ်။ ကားနဲ့ ဟိုဘက်ကူးပြီးတော့ သရက်ထောင်ပို့တယ်။ ကျနော်တို့အရင် ရန်ကုန်ထောင်ကြီးကပို့လိုက်တဲ့ ကိုတင်စိုး၊ ကိုဝေလင်းရယ် စောစံအေးရယ် နောက်ပြီးတော့ ရဲဘော်ဋ္ဌေးရဲ့မိန်းမ မလှရွှေ ရယ် သူတို့လေးယောက်က အရင်ရောက်နေနှင့်တယ်။ ကျွန်တော်တို့ ခုနစ်ယောက် ရောက်သွားတော့ သရက်ထောင် တစ် ထောင်လုံး ရှင်းထားတာတွေ့ရတယ်။ သရက်ထောင်က ဘယ်လိုရှိလည်းဆိုတော့ အဆောင်တွေကို ကြက်ခြေခတ်ကြီးလို ဆောက်ထားတာ။ အဲဒါကို အဆောင်သဘောမျိုးလုပ်ထားတာ နှစ်ထပ်ရှိတယ်။ ကျနော်တို့ကို အပေါ်ထပ်တင်ထားတာ။

ကျွန်တော်တို့ ခုနှစ်ယောက်ကို အနောက်ဘက်ဆုံးအဆောင်မှာ ထားတယ်။ အဲဒီ သရက်ရောက်သွားတော့ ထောင်ဗူးထဲမှာ ကျွန်တော်တို့ကို ထောင်ကျကနေ ထောင်ဝန်ထမ်းလိုလုပ်ရတဲ့ ထောင်တန်းစီးဖြစ်နေတဲ့ ယာစင်ဆိုတဲ့ကုလားက ကျွန်တော် တို့ ထောင်ဗူးအောက် ဝင်ဝင်ချင်းအောက်မှာ ပုံစံဆိုပြီး ထိုင်ခိုင်းတာ။ ကျွန်တော်တို့ ဘယ်သူမှမထိုင်ဘူး။ တခါတည်း ဟိုမှာ ရေးထားတာကျတော့ အကျဉ်းသားများကို နှိပ်စက်ညှဉ်းပန်းရေးမပြုရလို့ ရေးထားတာပဲ။ ပေကပ်ကပ်နဲ့ နံရံမှီပြီးတော့နေ တဲ့လူနဲ့ ကိုယ့်အိပ်ယာလိပ်ပေါ် ထိုင်တဲ့လူနဲ့။ ပုံစံမထိုင်ဘူး။ အလံနီက ဘယ်လောက်အသုံးမကျလည်းဆိုတော့ ဆောင့် ကြောင့်လေးသွားပြီးတော့ တန်းစီးရှေ့မှာသွားပြီးတော့ ပုံစံထိုင်တယ်လေ။ ပုံစံဆိုတာက အကျအနတော့ မဟုတ်ဘူး။ ဆောင့်ကြောင့်လေးထိုင်လို့။ အဆောင်ထဲရောက်လည်းရောက်ရော ကိုဗတင်ကြီးက ဆဲလိုက်တာဆိုတာ ဘာအလံနီလည်း အလကားအလံနီ အသုံးမကျတဲ့အလံနီတဲ့။ အဲဒီတော့လည်း ဘာမှမပြောရဲဘူး။ ခံနေတာပဲ။ ကိုကိုလေးဆိုတာ ကျွန်တော် တို့ထဲမှာ ခေါင်းကိုမဖော်နိုင်ဘူး။ ကိုဗတင်ဆိုတာ ဂိုလ်ရှယ်မဟုတ်ဘူး မုတ္တမဗတင်လို့ခေါ်တယ်။ နောက်ပြီးတော့ လက်သီး ပုန်းဗတင်လို့ခေါ်တယ်။ လက်သီးပုန်းဆိုတဲ့ စာအုပ်ထုတ်ဖူးတယ်။ သူလည်း နာမည်ကြီးပဲ။ အာရ်အက်ဖ်အေမှာ ရောက်နေတဲ့ စန်းစန်းတင်ရဲ့ အဖေပေါ့။

အဲဒါနဲ့ ကျနော်တို့ခုနှစ်ယောက် တန်းစီတဲ့နေ့ကျတော့ နံပါတ်ကြီးကိုင်ရမယ်လို့ ပြောတယ်။ နံပါတ်ကြီးဆိုတာ အကျဉ်းသား ကိုယ်ရေး အချက်အလက် မှတ်တမ်းစာရွက်ကလေးပါပဲ။ ထုံးစံက အဲဒီစာရွက်ကလေးကိုင်ပြီး ရင်ဘတ်ရှေ့မှာ ကိုင်မြှောက် ပြထားရတာ။ ကျွန်တော်ကတော့ ခပ်တည်တည်ပဲ လက်ထဲမှာတော့ကိုင်ထားတယ်။ ပြောပြောချင်းတော့ မြှောက်သလို ဘာလိုလိုနဲ့ ပြီးတော့ချထားတာပဲ။ လက်ထဲမှာ ဒီလိုပဲ ဘေးတိုက်ချထားပြီး ကိုင်ထားတာပဲ။ အဲဒီမှာပေါ့ ကျွန်တော်ခုနပြောတဲ့ ကိုဝေလင်းနဲ့ စောစံအေးတို့ ထောင်ပိုင်နဲ့ စကားများကြတယ်။ ကုလားထောင်ပိုင်က ဒါနောက်ဆုံးသတိပေးတာတဲ့ ခပ်ပြတ် ပြတ် အမိန့်ပေးသလိုပြောတယ်။ သူက ပုံစံထောင်လို ကိုင်ချင်တာ။ သူက ကြိမ်းလားဝါးလားလုပ်တော့ ဟိုလူတွေက အကုန် လုံးကွန်မြူနစ်ပါတီက ဖြစ်နေတာကိုး။ ဟေ့ ထောင်ပိုင်ကြီး ခင်ဗျား ဒီလိုမပြောနဲ့လေ။ ခင်ဗျားက ထောင်ထဲမှာ ဘိန်းတွေ သွင်းပြီးတော့ ခင်ဗျားလူတွေကိုရောင်းခိုင်းနေတာ ကျုပ်တို့ အကုန်လုံးသိတယ်။ လုပ်ချင်ရာလုပ်လိုက်ရတယ်ဆိုပြီး အဲဒီလို ပြောလိုက်တာ။ သူတို့ ဘာမှမလုပ်ရဲပါဘူး။ တကယ်တမ်း ပြဿနာဖြစ်ရင် အဲဒီလိုလည်း ဖြေရှင်းကြရတာပေါ့။ သရက်မှာ နေရတာ အေးသလား မပြောနဲ့ဗျာ။ ကျွန်တော်တို့က ခုနစ်ယောက်ပဲ။ မလှရွှေပါတဲ့ သူတို့လေးယောက်ကို ကျွန်တော်တို့နဲ့ မထားဘူး။ တိုက်ထဲမှာ သပ်သပ်သွားထားတာ။ သူတို့က သရက်ထောင်မှာ အကုန်လုံး ကွန်မြူနစ်တွေပဲ စုထားမယ် ဆိုပြီးတော့ ရှင်းထားတာ။ မိလ္လာသိမ်းဖို့တို့ အလုပ်ကြမ်းလုပ်ဖို့တို့က ရာဇဝတ်မှုထောင်ကျထဲက နည်းနည်းပဲရှိတယ်။ 



အဲဒီက ကျွန်တော်တို့ ပြန်လာချိန်ထိတော့ နောက်ထပ် လူမတိုးဘူး။ အဲဒီကာလက စီးပွားရေးစီမံချက်တွေနဲ့လည်း ဖမ်း တယ်။ စီးပွားရေး သောင်းကျန်းတယ်ဆိုပြီးတော့ ဖမ်းလာတဲ့ ကျွန်တော်တို့နဲ့လည်းခင်တဲ့ နွားပွဲစားကြီး ဦးမြမောင်ရယ် နွားပွဲ စားကုလား တစ်ယောက်ရယ် ဦးထွန်းကြည်ဆိုတဲ့လူရယ် သူတို့ ၃ ယောက် မင်းတုန်းအချုပ်ထောင် ပြောင်းသွားရတယ်လေ။ မုတ္တမ သခင်ဘတင်ကြီးက ဝဝကြီးဆိုတော့ ရာသီဥတုအေးနေတဲ့ သရက်ရောက်တာ သူ့အတွက် အမှန်အကန် ဖြစ်နေတာ။ ကျွန်တော်တို့က အနွေးထည်အထပ်ထပ်နဲ့။ သူက အင်္ကျီတောင် ချွတ်နေလိုက်သေးတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့လည်းကျရော မိုးက ချလိုက်တာမှ တခါတည်းကို တနေကုန်ရွာချနေတာ တစ်ညလုံးရွာနေတာ။ အဲဒီအချိန်ထဲက အေးလိုက်တဲ့ဟာ။ အင်္ကျီချွတ်နေပါတယ်ဆိုတဲ့ ကိုဗတင်ကြီးလည်း ပါလာတဲ့အနွေးထည်တွေ ချပြီးတော့ ဝတ်ရတဲ့အပြင် စောင်ကြီးပါ ခြုံထားရ တာ။ မင်းတုန်းရောက်သွားတဲ့သူတွေက သရက်ကို အကြောင်းကြားစာဆိုပြီးတော့ ပို့တယ်လေ။ မင်းတို့ဆီမှာထက် ငါတို့ ဆီမှာ ပိုအေးတယ်တဲ့။ သူတို့က ပိုဆိုးမှာပေါ့။ အချုပ်ထောင်ဆိုတော့ သရက်ထောင်လို အုတ်ရိုးအကာအရံတွေ သိပ်ရှိမှာ မဟုတ်ဘူး။

● အင်းစိန် ပြန်ပို့ခြင်း
အဲဒီလို အသေးစိတ်တွေကတော့ အလံနီက ကိုကိုလေးရဲ့ ဘာလဲဟဲ့ ကိုကိုးကျွန်းဆိုတဲ့ စာအုပ်ထဲမှာ ရေးထားတာ အပြည့်အစုံပါတယ်။ အတော်စုံပါတယ်။ လူစာရင်းပါ ပါတယ်။ ကျွန်းကို အသုတ်လိုက် ဘယ်သူတွေ ရောက်လာတယ်၊ နောက်တစ်သုတ် ဘယ်သူတွေ ရောက်လာတယ်  စသဖြင့်ပေါ့။ နောက်တော့ ကျနော်တို့ကို သရက်ကနေ ပြန်ခေါ်တယ်။ အပြန်ကျတော့ လမ်းမှာ အလာတုန်းကလို တစ်ည မအိပ်ရတော့ဘူး။ မနက်ပိုင်း ခပ်စောစော သရက်ကနေပြီး အောင်လံ ဘက်ကူးပြီးတော့ အောင်လံကနေ ရန်ကုန်ကို ကားနဲ့ တောက်လျှောက်မောင်းတာ။ စစ်ကားနဲ့ ခေါ်လာပြီးတော့ မှော်ဘီ ရောက်လည်းရောက်ရော ညနေလေးနာရီလောက်ပဲ ရှိသေးတယ်။ ရိုးမအနောက်ခြမ်းတောထဲကို ဝင်သွားတာပဲဗျာ။ တော ကြီးကိုးဗျ။ အဲဒီလိုတောမျိုး အထက်အညာမှာ တခါပဲတွေ့ဖူးတယ်။ ကျနော်တို့ကို တောထဲက တပ်ထဲမှာထားတယ်။ အဲဒီက မှ အင်းစိန်ကို ည ၇ နာရီ လောက်မှပို့တာ။ အင်းစိန်ထောင်ကို ခေါ်လာတယ်။ အဲဒါတွေအကုန်လုံး ကျွန်တော်တို့ အိမ်က လူတွေက ကြိုသိနေတယ်။ သူတို့သိတော့ ကျွန်တော်တို့ ရောက်လာတဲ့ ည ၈ နာရီခွဲမှာလည်း သူတို့က ကျွန်တော် တို့ကို လှမ်းကြည့်လို့ မြင်နေရပြီ။ မသဲမကွဲပေါ့။ ကျွန်တော်တို့ ပါလာတယ်ဆိုတာလည်း သိတယ်။ လာမယ်ဆိုတာကိုလည်း သူတို့ကသိတယ်။ သူတို့ကတော့ ကိုကိုးကျွန်းပို့မယ်ဆိုတာပါ သိနေပြီ။

ကျွန်တော်တို့ သရက်မှာတုန်းက ငါတို့ကို ရန်ကုန်ပြန်ခေါ် ရမှာပဲဆိုပြီး ထင်ထားတာ။ ကျွန်တော်ကလည်း အနွေးထည်တွေ လဲနေပြီ။ ဘောင်းဘီတို့ အင်္ကျီတို့ အဝတ်အစားတွေနဲ့ စားစရာ သောက်စရာတွေ အကုန်လုံး ကိုဝေလင်းတို့အုပ်စုကို ပေး ပစ်ခဲ့တာ။ ကျွန်တော့် ရှမ်းဘောင်းဘီနှစ်ထည်နဲ့အနွေးထည်တော့ ပါလာခဲ့တယ်။ စောင်တွေ ခေါင်းအုံးတွေကိုတော့ ကျွန် တော်က မထားခဲ့ဘူး။ အကုန်သယ်တယ်။ ကိုဗတင်ကြီးက မုတ္တမကုမ္ပဏီကဆိုတော့ ကျွန်တော်တို့ ဖမ်းသွားကတည်းက ငါးခြောက်တွေ၊ စားစရာတွေ အဝတ်အစားတွေ အများကြီး ပါလာတာကိုး။ သူကလည်း သရက်ကလူတွေကို အကုန်ပေး ပစ်ခဲ့တာ။ တို့ရန်ကုန်ကျရင် လွတ်တော့မှာပဲ ဆိုပြီးတော့ပေါ့။ ဘယ်ဟုတ်မလည်း ရန်ကုန်ကျတော့ ကြိုးတိုက်လုပ်ထားတဲ့ နှစ်တိုက်ထဲကို ထည့်ပိတ်ပစ်လိုက်တာ။ အဲဒီတုန်းက ထောင်ပိုင်ကြီးက ဦးဘတင်။ သူက လူလည် သိပ်နပ်တယ်။ ကျွန်တော် တို့ကို လာပြီးတော့ ဘုရား တရား လေးစားဖို့ပေါ့ဗျာ။ သွားဖို့ လာဖို့ ပြင်ဆင်ဖို့ ကျန်းမာအောင်နေဖို့ ဆိုတာမျိုးတွေနဲ့ သူက ဘာမှ အထွေအထူး မပြောဘူး။ အဲဒီထဲက ကျွန်တော်တို့က သိပြီ။ ကျနော်တို့ကို ကိုကိုးကျွန်းပို့တော့မှာပဲ ထင်တယ်လို့။ အိမ်နဲ့လည်း မတွေ့ရဘူးလေ။ အိမ်နဲ့တွေ့ရရင် မလွတ်တောင်မှ ထောင်ဝင်စာ လည်းရ ပစ္စည်းလည်းရမယ်ပေါ့။ ကျွန်တော်က အနွေးထည် အိပ်ယာလိပ်တော့ ပါလာသေးတယ်။

● အင်းစိန်မှ ကိုကိုးကျွန်း
ကိုကိုးကျွန်းပို့မယ့်နေ့ကျတော့ ကျနော်တို့ကို အင်းစိန်ထောင်ကနေ အစောကြီးထုတ်တာ။ ၁၉၅၉ ခု ဇန်နဝါရီလ ၃ဝ ရက်နေ့ ပေါ့။ ကျနော့်အိမ်ကသူတွေ ကြိုသိကြတယ်။ သိတာက ဒီလိုဗျ။ ရေတပ်က ဗိုလ်မှူးသိန်းဟန်ဆိုတဲ့လူက ပြောတာ။ သူက လည်း ကျနော်တို့ရပ်ကွက်ထဲက အရှေ့အစွန်ဆုံးအိမ်မှာ နေတာကိုး။ သူပြောလို့ အိမ်ကသိတာ။ အိမ်ကသိတော့ ကျွန်တော့် အမျိုးသမီးက သံလျက်စွန်း ရတနာပုံရေဆိပ်မှာ လာစောင့်ကြည့်နေကြတာ။ သင်္ဘောပေါ်တင်ခါနီးတော့လည်း ကျနော်တို့ကို ကုန်းပတ်ပေါ်မှာ အကုန်မတ်တပ် ရပ်ခိုင်းထားတယ်လေ။ ဓါတ်ပုံတွေမှာ တွေ့မှာပေါ့။  



အိပ်ယာလိပ်က ချထားရတော့ သင်္ဘောပေါ်တက်တဲ့အခါ ကျွန်တော့်အိပ်ရာလိပ်ကို သူတို့က သယ်မလာခဲ့ဘူး။ ဗိုလ်မှူးသိန်း ဟန်က သဘောင်္ပေါ်တက်ပြီး စစ်ဆေးတော့မှ ဦးအုန်းမြင့်အိပ်ယာလိပ်ရောတဲ့ ဟိုမှာကျန်နေခဲ့ပြီ သယ်ပေးမယ့်လူမရှိလို့ဆိုပြီး ပြောလိုက်တယ်။ ကိုယ်တိုင်သယ်မယ်ဆိုတော့လည်း မသယ်ရဘူးလို့ ပြောတယ်။ ဗိုလ်မှူးသိန်းဟန်ကိုယ်တိုင် ဟိုအိပ်ယာ လိပ်တင်ဆိုပြီး တပ်သား တယောက်ကို ခိုင်းလိုက်တော့မှ ရောက်လာတယ်။ တင်ပေးလိုက်ပြီးတော့ သူကိုယ်တိုင်သဘောင်္သား ၁၆ ယောက်နေတဲ့ အခန်းကို စစ်ကြည့်တာ။ စစ်ကြည့်တော့ လေဝင်ပေါက်တွေ ပိတ်ထားတာ တွေ့တာပေါ့။ မော်တော်ကားတို့ ရထားတို့ဆိုရင် အမိုးပေါ်မှာ ရှိတယ်မဟုတ်လား။ အပေါ်မှာလှန်လိုက်လို့ရှိရင် လေဝင်တယ်။ ပိတ်လို့လည်းရတယ်။ အဲဒါ မျိုးတွေ အကုန်ပိတ်ထားတာ။ ဗိုလ်မှူးသိန်းဟန်က ဒီအတိုင်းဆို အကုန်သေကုန်မှာပေါ့ဆိုပြီး လွှတ်ခနဲကိုပြောတာ။ လိုက်ပို့ တဲ့ထောင်မှူးက ကာလကတ္တားတို့ တချို့နေရာတွေမှာဆိုရင် ဒိထက်များတဲ့လူတွေတောင်နေသေးတာ ဒီမှာက ၁၆ ယောက် ပဲ နေနေတာဆိုပြီး လေဝင်ပေါက်တွေကို ပိတ်သွားတယ်။ စစ်တပ်ကလိုက်ပို့တဲ့ ဗိုလ်က အောင်ထွန်းဆိုတာပေါ့ ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့ ဂုတ်ဂုတ် ဂုတ်ဂုတ်ဖြစ်သွားမယ်ဆိုပြီးပြောတဲ့ကောင်။ နောက်ကျတော့ အဲဒီကောင်ကနေတဆင့် မင်းသား ကြီး ကိုထွန်းဝေက ပို့လိုက်လို့ဆိုပြီး ကျွန်တော့်ဆီကို ပစ္စည်းတွေ လာပို့ဖူးတယ်။

ဒီကောင်က နာမည်ကြီး။ ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့ ဂုတ်ဂုတ် ဂုတ်ဂုတ်ဖြစ်သွားမယ်ဆိုတာ ထွက်ပြေးမယ်၊ ဆူမယ်၊ ပူမယ် မကြံနဲ့ စက် သေနတ်နဲ့ ပစ်သတ်မယ်လို့ ပြောလိုက်တာပဲ။ စက်သေနတ် ပစ်ရင် ဂုတ်ဂုတ်ဂုတ်ဂုတ်လို့ အသံမြည်တယ်လေ။ ကျွန်တော်တို့ ကုန်းပတ်ပေါ် မတက်ရဘူး။ အထဲမှာနေရတာ။ အထဲမရောက်ခင်မှာ လာပြီးတော့ တလာစီိတယ်ဗျာ။ အဲဒီလို ရှာဖွေရေး လုပ်ကတည်းက မီးခြစ်တို့ ဘာတို့ အကုန်လုံး သိမ်းထားရမှာ။ အဲဒါကို အထဲရောက်တော့ မီးခြစ်ရော ဆေးလိပ်ရော ပါတဲ့သူက ပါလာတယ်ဗျာ။ သဘောင်္ဝမ်းခေါင်းထဲမှာ သောက်ပါလေရော။ အကုန်လုံး အသက်ရှူကြပ်ကုန်တာပေါ။့ အဲဒါနဲ့ မသောက်ဖို့ တားကြတယ်။ ကျွန်တော် တို့က အိပ်လို့မရတော့ဘူး။ သဘောင်္သား ၁၆ ယောက်နေတဲ့အခန်းကို ကျနော်တို့ ၅၂ ယောက်ထည့်ထားတော့ လူတွေကအကုန်လုံး ကျောချလို့လည်း မရဘူး။ ထိုင်လို့ရှိရင်တော့ ကျုံ့ကျုံ့လေး ထိုင်ရတယ်။ အဲဒီလို မထိုင်နိုင်တော့ တယောက်ကိုတယောက် မှီတဲ့သူမှီ၊ လှဲတဲ့သူကလှဲ၊ ထိုင်တဲ့သူ ကထိုင်၊ ခေါင်းအုံးတဲ့သူ ခေါင်းအုံးပြီး ဖြစ်သလို ဒုက္ခခံခဲ့ကြရတာ။

စားဖို့သောက်ဖို့က ပေါင်မုန့်နဲ့ ငါးပိကျော်ပေးတယ်။ ဆာကလည်းဆာနေတော့ မဆိုးဘူးဗျ စားလို့ကောင်းတယ်။ အောက်က လူတွေက ရေတောင်မှ အနိုင်နိုင်။ အပေါ်က အစောင့်တွေက လိမ္မော်သီးတွေ အစားအသောက်တွေ စားပြီး ရေထဲပစ်ချကြ တယ်။ လိမ္မော်ခွံတွေ ရေပေါ်မှာ ပေါလောပေါလောနဲ့ မြောနေတာကို ကျနော်တို့ဘေးက အပေါက်ကနေကြည့်တော့ တွေ့နေ ရတယ်။ နှစ်ရက်လောက်ကြာတော့မှ ပြည်မရန်ကုန်မြို့နဲ့ ၂၆၇ မိုင်ကျော်ဝေးတဲ့ ကိုကိုးကျွန်းကိုရောက်တယ်။ ရန်ကုန်က မနက်အစောကြီးကတည်းက ထွက်သွားတာ ကျွန်းကို နောက်နေ့ ညနေ နေဝင်မှ ရောက်တာပဲ။ ရောက်သာသွားတယ် သင်္ဘောကုန်းပတ်ပေါ် တက်ခွင့်မရဘူး။

(ဆက်လက်ဖော်ပြပါမည်)