သစ်စိုး - ပျံတော့ပျံနေသား ..ဒါပေမဲ့ …


သစ်စိုး - ပျံတော့ပျံနေသား ..ဒါပေမဲ့ …
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၆


နောက်ဆုံးဆားကစ်ပြားကို ပင်မစက်အုံမှာ ခဲတို့ချိတ်ဆက်လိုက်ပြီး ပါဝါခလုတ်ကို အောက်ဘက် ဆွဲချလိုက်တာနဲ့တပြိုင်နက်ကုလားထိုင်ဟာ မြေပြင်ကနေ တဖြည်းဖြည်းကြွကာကြွကာနဲ့ လေထဲ ကို မြောက်တက်သွားတော့ မြေးမက အကြောက်အလန့်မရှိ “ဟေး” လို့ အသံဗြဲနဲ့ ထအော် လိုက်တာကို အိမ်ရှေ့က ဖြတ်သွားဖြတ်လာလုပ်နေသူတွေ ကြားသွားလို့လားတော့မသိ၊ ခြံတံခါးဝမှာ လူတွေက ပြိုးပြိုးပြာပြာနဲ့အုံခဲဝိုင်းကြည့်ကုန်ကြတာပေါ့။ ဟုတ်တယ်လေ။ ဖြစ်ချင်တော့ သမီးအလတ်မကမွေးတဲ့ ၇ နှစ်သမီးမြေးမက ကုလားထိုင်ပျံပေါ်မှာ။ ကုလားထိုင်လက်ရမ်းကို ဆုတ်ကျစ်နေရက်သားနဲ့အားရပါးရ အော်ဟစ်နေပြီး၊ ငမိုက်သား ကျွန်တော်မျိုးကိုယ်တိုင်က ရမုတ်ကွန်ထရိုးတကိုင်ကိုင်နဲ့ ကုလားထိုင်ပျံက အိမ်ရှေ့မှာ သွယ်တန်းချိတ်ဆက်ထားတဲ့ လျှပ်စစ်ဓာတ်ကြိုးတွေ၊ ဖုန်းကြိုးတွေနဲ့ငြိမှာစိုးလို့ခလုတ်ကို ဟိုဘက်ရွှေ့လိုက်…ဒီဘက်ကို ရွှေ့လိုက်။


ကိုယ့်အာရုံနဲ့ကိုယ်မို့ အိမ်ရှေ့ခြံဝကနေ ကျွန်တော်တို့ မြေးအဘိုးနှစ်ယောက်ရဲ့အတတ်ဆန်း ပျံသန်းနေပုံကို ဘယ်သူတွေများ စပ်စပ်စုစုလာကြည့် အားပေးနေကြမှန်းတောင်မသိရတာ မှန်တဲ့သစ္စာစကားပေါ့ဗျာ။ လူအုပ်ကြီးထဲမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ လုပ်အားပေးလိုလို၊ ဘာလိုလိုနဲ့တောက်တိုမယ်ရဆိုလား၊ ဘာဆိုလား ကောင်လေးတယောက်က နေကာမျက်မှန် မည်းမည်းကြီးတပ်ပြီး ၁၅၀၀ ကျပ်တန် အောင်ဘာလေ ဆင်းမ်းကဒ်သုံးစမတ်ဖုန်းက ကင်မရာနဲ့ ဓာတ်ပုံလှမ်းရိုက်နေတာတော့တွေ့မိရဲ့သားနဲ့။

သိပ်တောင်မကြာပါဘူး၊ မြို့နယ်ထောက်လှမ်းရေး အက်စ်ဘီဆိုလား၊ ဘီအက်စ်ဆိုလားမသိရတဲ့ ပုဂ္ဂိုလ်ဆရာတဦးက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုကြွခဲ့ပါဦးတဲ့။


အစိုးရမင်းများက ဖိတ်မန္တကပြုသွားတော့လည်း ကျွန်တော့်ခမျာ မနေသာတော့ဘဲ၊

ခေါက်ရိုးကျ ရှပ်အင်္ကျီလက်ရှည်တထည်ကိုကောက်စွပ်ပြီး အဲဒီရုံးပြင်ကန္နားဆီကို ချီတက်ရ တော့တာပေါ့။ အိမ်ကမိန်းမက ကျွန်တော့်ကို အကြောရှည်တယ်၊ ဘာရယ်ဆိုပြီး တဖျစ်တောက် တောက်နဲ့ပေါ့ဗျာ။ ဘာတတ်နိုင်ပါ့မလဲ။ ရုံးရောက်တော့ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမှာ မျက်နှာကြောမာတာတာ တရားသူကြီးအမျိုးသမီးရယ်၊ ရဲမှူးအဆင့်အရာရှိတဦးရယ်၊ အလကားနေရင်း ခေါင်းတညိတ်ညိတ်လုပ်တာ အကျင့်ပါနေတဲ့မြို့မိမြို့ဖ ပုဂ္ဂိုလ်ရယ်၊ နောက်ပြီးတော့ အနှီမြို့နယ်အုပ်ချုပ်ရေးမှူးရယ် ဒီလောက်ပါပဲ။ ကျွန်တော့်ကို သူတို့က နိဒါန်းသွယ်မနေတော့ဘဲ စာကိုယ်လိုရင်းတည့်တည့်နဲ့ ဖိတ်ခေါ်ရခြင်းအကြောင်းရင်းကို

ရှင်းပြရှာပါတယ်။


ဒီကုလားထိုင်ပျံနဲ့ ပျံသန်းနေတာဟာ ကျွန်တော့်မှာ ပျံသန်းမောင်းနှင်ခွင့် လိုင်စင်မရှိတာကြောင့် နိုင်ငံတော်ရဲ့တည်ဆဲဥပဒေတွေကိုချိုးဖောက်ရာရောက်နေတယ်လို့ စွပ်စွဲပြောဆိုသွားတာပါ။ အေးလေ။ ဥပဒေကိုမသိလို့ဘဲ ချိုးဖောက်ဖောက်၊ ဒါဟာလည်း ရာဇ၀တ်မှုမြောက်နေတာပဲဥစ္စာ။ အဲဒီအချိန်မှာ တရားသူကြီးအမျိုးသမီးက ကြက်တူရွေးစာအံသံနဲ့ “Ignorance of law is no excuse” ဆို လား၊ ဘိုအသံထွက်ခတ်အက်အက်နဲ့ “ဥပဒေကိုမသိလို့ ချိုးဖောက်တာဆိုပြီး ဆင်ခြေပေးလို့မဖြစ်နိုင်ကြောင်း” အစချီတဲ့ရာဇသတ်ကြီး ပုဒ်ထီးပုဒ်မ လက်ချာကို တစ်နာရီ ပျော့ပျော့လောက်ကြာအောင် နန်းစတော့ပ် ပေးပါလေရော။ ကိုယ်ကလည်း ဒီအပြစ်ကို ကျူးလွန်မိ သူပီပီ၊ မျက်လုံးလေးပေလကတ်ပေလကတ်နဲ့ သူတို့ပြောသမျှ ဆိုဆုံးမသြ၀ါဒတွေကို “ဟုတ်ကဲ့ ခင်ဗျ” လုပ်လိုက်၊ “နားလည်သွားပါပြီခင်ဗျ” လုပ်လိုက်၊ “မှန်ပါတယ်ခင်ဗျ” ဘာညာဖောရှောပေါ့။ စိတ်ထဲမှာတော့ တက္ကသိုလ်ကျောင်းသားဘ၀တုန်းကကြုံခဲ့ရတဲ့အရေး အခင်းအတွင်း လှည်းတန်း ဂါတ်တဲကိုကိုယ်တိုင်ကိုယ်ကျ မီးတင်ရှို့ခဲ့တဲ့အမှုမှာ ထောက်လှမ်းရေးတွေ မျက်စေ့ရှန်းပြီး လွတ်ခဲ့ ဖူးပေမယ့်၊ ဒီတခါတော့နာပြီဆိုတဲ့အတွေးနဲ့ သံဗုဒ္ဓေ ဂါထာတော်ကို အနုလုံပဋိလုံရွတ်နေရင်း ဇောချွေးတွေကိုရွှဲလို့။


မြို့မိမြို့ဖဆရာသမားက အခုလိုခေတ်ပြောင်းစနစ်ပြောင်းကာလမှာ လူတွေအထိတ်တလန့် ဖြစ်စေမယ့် ကုလားထိုင်ပျံနဲ့ပျံသန်းမောင်းနှင်တာဟာ နိုင်ငံတော်မှာ လက်ရှိကျင့်သုံးနေဆဲ ဥပဒေတွေနဲ့ငြိစွန်းနေတယ်၊ ဒါပေမဲံ ကုလားထိုင်ပျံကိုဆက်လက်ပြီးစမ်းသပ်မောင်းနှင်တာမျိုးကို နောက်နောင်မှာ မလုပ်ဆောင်တော့ပါဘူးဆိုတဲ့အကြောင်း ၀န်ခံကတိကိုတော့ ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး၊ နိုင်ငံတော်ရဲ့စေတနာကို အမှန်တကယ် သိရှိနားလည်ပြီး ဖြစ်တယ်ဆိုတာ ကျမ်းကျိန်မယ်ဆိုရင် ဒီအမှုကနေ ပလပ်ပေးလိမ့်မယ်လို့ကမ်းလှမ်းလာပါတယ်။


အေးလေ။ ကိုယ်ကလည်း ကုလားထိုင်ပျံနဲ့ တက္ကစီဆွဲစားမှာမှ မဟုတ်တဲ့ဟာကိုး။ တရုတ်ရာဇ၀င်ကားတွေထဲကလို “၀မ်စွေ့၊ ၀မ်စွေ့၊ ၀မ့် .၀မ်စွေ့” ထလုပ်မိမတတ် ပျာယာခတ်ပြီး “ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်” ဆိုတဲ့နှုတ်ခမ်းပေါ်ကို ရွစိစိတက်လာနေတဲ့ မိတ္တဗလ ဋီကာသုံးစကားလုံးတွေကို န၀င်းကြေ၊ တြင်းကြေဖြစ်လောက်အောင် ၂၇ ခွန်း တိတိကို

ပြောချပစ်လိုက်တာပေါ့။


ဒီကိစ္စက ဒီလောက်နဲ့ပဲ နိဂုံးကမ္ပတ်အဆုံးသတ်သွားပြီလို့ကျွန်တော်တို့မိသားစုတွေ ထင်ထားကြပေမယ့်၊ လက်တွေ့မှာက မဟုတ်ဘူးခင်မျ။ သိပ်တောင်မကြာပါဘူးဗျာ။ တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံးရဲ့လမ်းညွှန်ချက်နဲ့ဆိုလား၊ တက္ကသိုလ်က ရူပဗေဒဌာနမှူး ပါမောက္ခတဦးခေါင်းဆောင်တဲ့အဖွဲ့တော်သားတွေ အိမ်ကို ပေါက်ချလာပြန်ကော။ မင်ရောင်အနီနဲ့ အထူးလျှို့ဝှက်လို့ တံဆိတ်နှိပ်ထားတဲ့စာအိတ်တအိတ်ကို ကျွန်တော့်လက်ထဲထိုးထည့်ပြီး ဖွင့်ဖောက်၊ ဖတ်ကြည့်ခိုင်းပါတယ်။ စာထဲမှာပါတာက “ယခုရောက်ရှိလာကြတဲ့ပုဂ္ဂိုလ်တွေကို ကုလားထိုင်ပျံရဲ့ပျံသန်းရေးစနစ် စက်မှုပိုင်းဆိုင်ရာတွေကို လက်တွေ့စစ်ဆေးခွင့်ပြုရမယ် ဖြစ်ကြောင်းဆိုတာရယ်၊ ဒီလိုမျိုးစစ်ဆေးတွေ့ရှိချက်တွေကို တာဝန်သိတဲ့နိုင်ငံသားတစ်ဦးအနေနဲ့ ပြင်ပမီဒီယာတွေဆီ မပေါက်ကြားရအောင် စောင့်ထိမ်းလိုက်နာပေးရမယ်ဖြစ်ကြောင်း” လို့ ရေးသားညွှန်ကြားထားတာပါ။


အိမ်ကမိန်းမကတော့ ကမ္ဘာဦးအစကတည်းက အမျိုးသမီးတွေ မျိုးရိုးစဉ်ဆက်စောင့်ထိန်း လိုက်နာခဲ့တဲ့ထုံးတမ်းကျင့်ဝတ်မပျက်လေရအောင် ပွစိပွစိနဲ့ပေါ့။ ဟုတ်တယ်လေ။ ကျွန်တော်ကလည်း ကျွန်တော်။ အကြောရှည်ပါဘိသနဲ့။ သူအကြံပေးသလိုအဲဒီကုလားထိုင်ပျံကို မီးရှို့ဖျက်ဆီးပစ်လိုက်ရင် ပြီးနေရဲ့သားနဲ့။ အခုတော့ ကျွန်တော့်ဆီ ကြွချီလာကြသူ ပညာရှင် တသိုက်ကို ကုလားထိုင်ပျံရဲ့နည်းနာနိဿယပိုင်း ဖွဲ့စည်းတည်ဆောက်ပုံတွေ အလုပ်ပျက် အကိုင်ပျက်နဲ့ ရှင်းပြရဦးတော့မှာ။ သူရို့ကလည်း လက်ပ်တော့ပ်ကိုယ်စီနဲ့။ ဒစ်ဖရင်ရှိတ်လုပ်လိုက်။ အင်တီဂရိတ်လုပ်လိုက်။ ပါရှယ်တွေကော။ အော်ပရေတာတွေ

ကော။ စုံစိပွထလို့။ စိတ်တိုင်းကျ တွက်ချက်ပြီးတ့အခါကျမှ တယောက်မျက်နှာတယောက် ငေးစိုက်ကြည့်ရင်း၊ အချင်းချင်းလေးလေးတွဲ့တွဲ့ခေါင်းခါယမ်းပြနေတာကို ကြည့်မောနေရတာ ကျွန်တော် ၁၆ နှစ်သားအရွယ်တုန်းက ငယ်ရည်းစားဆီကအဖြေပြန်စာဖတ်ခဲ့ရသလို ရင်တဖိုဖိုနဲ့။ အဖွဲ့ခေါင်းဆောင်ပါမောက္ခက အဲဒီ့ကုလားထိုင်ပျံကို သူကိုယ်တိုင်လက်တွေ့စမ်းသပ်စီးနင်း ကြည့်ချင်ပါတယ်တဲ့။


လုပ်လိုက်လေကြာသလားလို့။ ကျွန်တော်ကလည်း သူရို့ဒီလိုမှတောင်းဆိုလာပါ့မလားလို့စိတ်

ပူနေမိတာကိုး။ ဒါနဲ့ ကျွန်တော့်ဆီ အလည်အပတ်ရောက်ရှိလာကြသူ ဂုဏ်သရေရှိ လူကြီးမင်း အပေါင်းကို တယောက်ချင်းစီကုလားထိုင်ပျံအစီးခိုင်းကြည့်လိုက်တော့ သူရို့တွေလည်း သဘောတွေကျ၊ တဟီးဟီးတဟားဟားနဲ့။ ဒါလိုဆိုရင် ကျွန်တော့်အိမ်ရှေ့မှာ လူတွေနဲ့ ကြပ်သိပ်နေတော့မှာလား၊ ဟုတ်စ။ ကြံကြီးစည်ရာဗျာ။ ကျန်ွတော့်အိမ်ရှေ့မှာ လူတွေက ဖြတ်သန်းဖြတ်လာများလှသနဲ့။ ဘယ်လိုလုပ်ပြီး အိမ်ခြံထဲပျံသန်းရဲမှာမှတ်လို့။

မြို့ပြင်ဘက် ၁၂ မိုင်အကွာက ကျွန်တော်ဝယ်ထားတဲ့ခြံထဲမှာ တိုးတိုးတိတ်တိတ် ကြိတ်ဝိုင်း သဘော ခိုးလုပ်တာမို့ ဘယ်သူတွေ မြင်နိုင်မှာမို့လို့လဲ။ လူတွေ ၀က်ဝက်ကွဲ သိသွားကြရင်ဖြင့် သူရို့ခမျာများလည်း အထက်လူကြီး အဘတွေ၊ အမတွေဆီက မျက်နှာမရ ခြေထောက်ရ၊ ကျွန်တော်ကိုယ်တိုင်ကလည်း ခံဝန်ချက်ဖောက်ဖျက်မှုနဲ့ မော်စကိုတနေရာရာကို ရောက်သွား နိုင်တာ ခင်ဗျားတို့သိနေပြီးသားနဲ့။ လာမေးနေသေး။


ကိစ္စ၀ိစ္စတွေ ပြီးစီးသွားတော့ အဖွဲ့ခေါင်းဆောင်ပါမောက္ခထုတ်ပြလာတဲ့စာရွက်ပေါင်းစုံပေါ်မှာ လက်မှတ်တွေ ခဏခဏရေးထိုးခဲ့ရသေးဗျား။ ကျွန်တော်လက်မှတ်ရေးနေတုန်း အဲဒီ အနှီပါမောက္ခ က လက်မှတ်ထိုးရမယ့်နေရာကို ပြပေးသလိုလို၊ ဘာလိုလိုနဲ့ ခင်ဗျားကုလားထိုင်ပျံက တကယ့်ကို မိုက်တာ။ ခင်ဗျားမိန်းမ မြှောက်ပေးသလို၊ မီးရှို့မပစ်နဲ့ဗျ။ သမ္မတကြီးဆီမှာ အယူခံဝင်လို့ ရနိုင်တယ်ဆိုပြီး ကျွန်တော့်ပုဆိုးခါးကြားထဲမှာ စာရွက်စတစကို မသိမသာနဲ့ထိုးထည့်သွားလေရဲ့။

သူတို့ပြန်သွားမှ ခါးကြားထဲညှပ်သွားတဲ့စာရွက်ပိုင်းကိုဖြေကြည့်မိတော့ နိုင်ငံတော်သမ္မတရုံးရဲ့ ၀က်ဘ်ဆိုက်ထ်လိပ်စာဖြစ်နေတာကိုး။ president-office.gov.mm တဲ့။

ကျွန်တော်လည်း အိမ်ပြန်ရောက်ရော၊ အိမ်ကမိန်းမက ဓာတ်ဆီပုံးနဲ့ မီးခြစ်တလုံးကိုင်ပြီး အဆင်သင့်ကို ထိုင်စောင့်နေတာ။ ကျွန်တော်ကလည်း အတောင်၂၀ အောက်ဝတ် ခတ်ညံ့ညံ့ယောက်ျားတွေထုံး၊ နှလုံးမူပြီး ယောက်ျားတို့မာယာ၊ သဲ ၁၀ဖြာနဲ့ အရူးသိုင်းကွက်နင်းလို့ အဲဒီကုလားထိုင်ကို အမေရိကန်က NASA အဖွဲ့ဆီချိတ်ဆက်ရောင်းတုပ်ပစ်လိုက်ရင် ဒေါ်လာငွေ ဘီလျှံချီပြီး အများကြီးပဲရတော့မလိုလို အာဖန်တီးလိုက်တော့ သူလည်းလေ၊ လောဘသားပေမို့ ပျော့ခွေကျသွားတော့တာပေါ့။


ပထမအကြပ်အတည်းကလွတ်မြောက်သွားတာနဲ့၊ ဒုတိယအကြော့ ကံစမ်းမဲများပေါက်လေ မလားလို့ သမ္မတ၀က်ဘ်ဆိုက်ထ်ဆီကို အင်တာနက်ကတဆင့်လှမ်းပြီး မေးလ်တစောင် ပို့လိုက်မိတာ..။ တော်တော်တော့ ကြာတယ်ခမျ။

ကျွန်တော့်မေးလ်ကလည်း ပြန်စာမရ၊ ဘာမရနဲ့။ သမ္မတ၀က်ဘ်ဆိုက်ထ်ကို ရောက်လာတဲ့ မေးလ်မှန်သမျှ တာဝန်ယူစစ်ဆေးရတဲ့ပုဂ္ဂိုလ်ကြီးတွေက စိတ်မထင်ရင်၊ စိတ်မထင်သလို ခေါက်ထားပစ်တတ်တာ ကြားဖူးနားဝရှိနေတော့လည်း လည်တမော့မော့နဲ့ပေါ့။ စောင့်ရတဲ့ ဒုက္ခဆိုတာ သေးတာမှမဟုတ်တာကိုး။ အစပိုင်းတုန်းကတော့ မိန်းမက အားတက်သရောနဲ့ ခဏခဏမေးနေရှာပါတယ်။ တနှစ်လောက်ကြာလာတော့လည်း သူ့ယောက်ျား ငရွှီးအကြောင်း ကောင်းကောင်းသိနေသူပီပီ၊ စကားစပ်တာတောင် မသိချင်ယောင်ကိုဆောင်နေပါကော။


တနှစ်၊ သုံးလနဲ့ရှစ်ရက်အကြာကျမှ၊ အိမ်ဖုန်းကနေတဆင့် အဆက်အသွယ်လုပ်လာပါတော့တယ်။ သမ္မတရဲ့သိပ္ပံနဲ့နည်းပညာပိုင်းဆိုင်ရာအကြံပေးတဲ့ဗျား။ အသက်ကတော့ သိပ်မကြီးသေးပါဘူး။ လွန်ရောကျွံရောမှ ၄၀၊ ၄၅ နှစ်လောက်။ အိမ်က သမီးအကြီးမနဲ့မှ အရွယ်တူလောက်ရှိဦးမယ်။ ရုရှပြန်။ စစ်တပ်ကနေအရပ်ဘက်ပြောင်းလာတာ သိပ်မကြာသေးဘူးဆိုလား။


ကျွန်တော်ကလည်း ဒါတွေကို သိပ်ပြီးစိတ်ဝင်တစားရှိလှတာမှ မဟုတ်ရတာ။

သူကလေတပ်မှာ ဗိုလ်မှူးအထိတာဝန်ထမ်းဆောင်ဖူးတော့ aerodynamics နည်းပညာနဲ့ နီးစပ်ပုံတော့ အပေါ်သား။ ကုလားထိုင်ပျံကို ကိုယ်တိုင်ကိုယ်ကျစီးနင်းကြည့်တယ်။ ကျွန်တော့်ကိုလည်း အစီးခိုင်းတယ်။ ကျွန်တော့်ကို ထွေထွေထူးထူးတော့ မေးစမ်းမနေပါဘူး။ ဒီကုလားထိုင်ပျံက အလေးချိန် ပေါင်ဘယ်လောက်တင်နိုင်မလဲတ့။ဲ ဒီမေးခွန်းတခုတည်းပါ။ ကျွန်တော်က အလွန်ဆုံး ပေါင် ၁၅၀ ထက် မပိုနိုင်ပါဘူးလို့ ပြန်ဖြေတော့၊ သူက စိတ်မ၀င်စားသလိုနဲ့ အန်ကယ်လ်က စစ်တပ်ထဲမှာရော အမှုထမ်းဖူးသေးသလားတဲ့။ ကျွန်တော်က စစ်တပ်ဆိုလို့အိမ်မှာ ရေတောင်စစ်မသောက်ဖြစ်ပါဘူးလို့ခပ်ငေါ့ငေါ့ပြန်ဖြေတော့၊

သူက အင်္ဂလိပ်လို That is a point ဆိုပြီး၊ သူ့စကားနဲ့သူ သဘောကျလို့လားတော့မသိ၊ တခွိခွိနဲ့ အကြာကြီး ရယ်နေလိုက်သေး။

တော်တော်ကြာအောင် ရယ်မောနေပြီးမှ သူ့အတက်ရှီကေ့စ်သေတ္တာသေးသေးလေးထဲမှာ အသင့်ပါလာတဲ့ နိုင်လွန်ပိတ်စ (အလျား ၃ပေ၊ အနံ ၆ လက်မလောက်) တစကို ဆွဲထုတ်ပြီး၊ ကျွန်တော့်ကုလားထိုင် နောက်မြီးမှာ ဆူပါဂလူးနဲ့အသေအချာကိုကပ်ပေးလိုက်တာပေါ့။ အဲဒီနိုင်လွန်စရဲ့အပေါ်ဆုံးညာဘက်အစွန်းမှာ နိုင်ငံတော်သမ္မတရုံးတံဆိပ်တုံးကို အကျအနကို ရိုက်နှိပ်ထားတာဗျ။

တံဆိပ်တုံးအောက်မှာက ကွန်ပြူတာစာလုံးနဲ့ဆို ပွိုင့် ၁၆ လောက်ရှိလောက်တဲ့ မြန်မာဝါကျတကြောင်း။

“ဤကုလားထိုင်ပျံယာဉ်သည် လက်ရှိတည်ဆဲသိပ္ပံပညာဆိုင်ရာ နည်းနာနိဿယအရပ်ရပ်တို့ဖြင့် ပျံသန်းခုတ်မောင်းနေသည်မှာ မဟုတ်ရကြောင်း ထောက်ခံအပ်ပါသည်”။

ပြီးတော့ ပုံ၊ သိပ္ပံနှင့်နည်းပညာဦးစီးဌာန (စစ်ဆေးရေး)၊ ညွှန်ကြားရေးမှူးချုပ်တဲ့။

ကဲ၊ မှတ်ကရော။


သစ်စိုး