သီရိဘုန်းစံ - အမေရိကန်အနှံ့ ခရီးဆန့်ခဲ့




သီရိဘုန်းစံ - အမေရိကန်အနှံ့ ခရီးဆန့်ခဲ့
ခရီးသွားဆောင်းပါး (အပိုင်း ၁)
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၆


နိုင်ငံတွင်းမှာပေမယ့် မအားလို့ မသွားရတဲ့သူတွေ၊ ရေခြားမြေခြားမို့ သွားဖို့ခက်တဲ့ သူတွေ၊ ကိုယ့်အိမ် ကိုယ့်ယာ ကိုယ့်ရွာလေးကိုပဲ နတ်ဗိမာန်အလား ထင်မှတ်ထားရသူတွေ ဗဟုသုတရစေဖို့၊ Road Trip ထွက်လို သူများလည်း လွယ်လွယ်ကူကူ အစီအစဉ်ဆွဲနိုင်စေဖို့ ရည်ရွယ်ရင်းနဲ့ရေးပါတယ်။ ကိုယ်ရောက်ခဲ့တဲ့နေရာတွေ လောက်ပါပဲ။

ပြည်နယ်ပေါင်း (၂၈) ပြည်နယ်ကို ကားနဲ့ မိုင်ပေါင်း (၁၁၀၀၀) ကျော် ရောက်ရှိဖြတ်သန်း မောင်းနှင်ခဲ့ရင်း ရရှိခဲ့တဲ့အတွေ့အကြုံများကို စေတနာအရင်းခံနဲ့ ပြန်လည်မျှဝေပါတယ်။

ဒီခရီးမှာ ပါတဲ့သူတွေကတော့

၁။ ကြခတ်ဝိုင်းဆရာတော် ဦးဉေယျဓမ္မာဘိဝံသ (ပဲခူး)

၂။ ဦးစန္ဒောသာရ (အောင်မင်္ဂလာမိုးကုတ်၊ တောင်ငူ)

၃။ ဦးစန္ဒာသီရိ (သီတဂူသံဃဝိဟာရ၊ ဖလော်ရီဒါ) စာရေးသူ

၎။ ဒေါ်ညိုညိုရည်

၅။ ဦးကိုကိုအောင်

၆။ ဒေါ်ယုယုနိုင် (ခ) ဒေါ်သီတာဦး

၇။ မထားထားလွင်

၈။ မောင်မောင်အောင်ခန့်ဇော် တို့ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ထေရဝါဒဓမ္မ ဗာဂျီးနီးယားအသင်းက ပင့်ဖိတ်မှူနဲ့ မြန်မာနိုင်ငံ ပဲခူးမြို့ ကြခတ်ဝိုင်းစာသင်တိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တဉေယျဓမ္မာ ဘိဝံသ၊ တောင်ငူမြို့ အောင်မင်္ဂလာ မိုးကုတ်ဝိပဿနာရိပ်သာ ဆရာတော် ဘဒ္ဒန္တစန္ဒောသာရ နဲ့ သနပ်ပင်မြို့က ဒကာမကြီး ဒေါ်ညိုညိုရည်တို့ သုံးဦးဟာ စင်္ကာပူလေကြောင်းနဲ့ မြန်မာပြည်ကနေ 5/25/2016 နေ့ ညနေ (၅း၃၀) မှာ စတင်ထွက်ခွာလာခဲ့ ကြတယ်။




စင်္ကာပူနဲ့ ရရှားနိုင်ငံများမှာ ခနရပ်နားပြီး အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတင်လေဆိပ်ကို 5/26/2016 နေ့ ဒေသစံတော် ချိန် နေ့လည် (၂း၁၀) မှာဆိုက်ရောက် လာကြပါတယ်။ ဆရာတော်များကို ဥက္ကလာဟိုးမားမြို့မှာနေကြတဲ့ ဒေါ်သီတာဦး၊ မထားထားလွင်၊ မောင်မောင်အောင်ခန့်ဇော် မောင်နှမများက ရှစ်ဦးဆန့်ဘင်ကားတစ်စီးကို တစ်လစာငှားထားပြီး ဟူစတင်မှာလာရောက်ကြိုဆိုကြပါတယ်။

အဲဒီနောက် ဆရာတော်များကို သီတဂူဆရာတော်ကြီး တည်ထောင်ထားတဲ့ အော်စတင်က သီတဂူဗုဒ္ဓဝိဟာရကျောင်းကို ဆက်လက်ပင့်ဆောင်လာကြပါတယ်။

ဟူစတင်နဲ့ အော်စတင်ဟာ (၁၇၄) မိုင်ဝေးပြီး ကားမောင်းချိန် (၂) နာရီ (၅၆) မိနစ် ကြာပါ တယ်။




ရှေ့ဆက်မယ့် Road Trip ခရီးစဉ်တစ်လျှောက်လုံးအတွက် တည်းခိုနေထိုင် စားသောက်စရိတ်တွေကို ဦးကိုကိုအောင်+ဒေါ်သီတာဦးတို့က၊ ကားနဲ့ပတ်သက်တဲ့ကုန်ကျ စရိတ်တွေကို မောင်မောင်အောင်ခန့်ဇော်က၊ မြန်မာ-အမေရိကန် အသွားအပြန်လေယာဉ် လက်မှတ်ဖိုးကို မထားထားလွင်ကတာဝန်ယူပြီး မောင်နှမတစ်စု ညီညီညွတ်ညွတ် လှူဒါန်းကြ တယ်လို့ သိရပါတယ်။

May 27, 2016 in Texas
မေလ ၂၇ ရက်နေ့မှာ
အောင်စတင်မြို့ရဲ့အလှအပတွေကို သွားရောက်လေ့လာကြည့်ရှူကြတယ်။



အော်စတင်မြို့ဟာ တက္ကဆက်ပြည်နယ်ရဲ့မြို့တော်ဖြစ်ရုံသာမက "live music capital of the world." လို့တင်စားထားတဲ့ အမြဲသက်ဝင်လှူပ်ရှားနေတဲ့ကမ္ဘာ့တေးဂီတမြို့တော်ကြီး လည်းဖြစ်ပါတယ်။ ညနေစောင်း ပိုင်း South part Street ထဲလှည့်လည်ကြည့်ရှူမယ်ဆိုရင် နေရာမလပ် တီးမှူတ်သီဆိုဖျော်ဖြေနေကြသူတွေ၊ မီးရောင်စုံကြားမှာ ကြွကြွရွရွ အလှပြ ကနေ ကြသူတွေ၊ Country song ကို ငြိမ့်ငြိမ့်ငြောင်းငြောင်း တီးခတ် သီဆိုနေကြသူတွေကြားထဲမှာ ကိုယ်တိုင်ပါဝင် စီးမျောသွားပါလိမ့်မယ်။



သစ်ပင်တောတောင်များအကြား ကော်လိုရာဒိုမြစ်ကြီးဖြတ်စီးထားတဲ့ အော်စတင်မြို့ရဲ့ အလှဟာလည်း အံ့မခန်းပါပဲ။ တောင်ကုန်းတောင်ကြားများမှာ လမ်းလျှောက်လိုသူများ၊ မြစ်အတွင်း ရေဆင်းကူးချင်သူများ၊ လှေလှော် ဘုတ်စီးရင်း အပျင်းပြေငါးမျှားလိုသူများရဲ့ မွေ့လျှော်ပျော်ပိုက်ရာ ဘုံဗိမာန်တစ်ခုဆိုရင်လည်း မှားလိမ့်မယ်မထင်ပါဘူး။




ထိုးထိုးထောင်ထောင် မိုးမျှော်တိုက်တွေရဲ့ကြားမှာ ငွားငွားစွင့်စွင့် ကြွားကြွားဝင့်ဝင့်ကြီး ရှိနေတဲ့ ပြည်နယ်လွှတ် တော်အဆောက်အဦးကြီးကလည်း ကမ္ဘာလှည့်ခရီးသည်များ မဖြစ်မနေဝင်ရောက်လေ့လာသင့်တဲ့ အဆောက် အဦးကြီးပဲဖြစ်ပါတယ်။ လူကြီးတွေအစည်းအဝေးရှိနေလို့ ဘယ်သူ့မှဝင်ခွင့်မပြုဘူးဆိုတာမရှိပါဘူး။ အထက် လွှတ်တော်၊ အောက်လွှတ်တော် စည်းဝေးခန်းမတွေမှာ စည်းဝေးသူတွေကစည်းဝေး၊ ဆိုင်ရာရုံးခန်း ပြခန်းတွေ မှာ တာဝန်ကျသူတွေက ကိုယ့်အလုပ်ကိုယ်လုပ်၊ ခရီးသည်တွေက လှည့်လည်လေ့လာ ဘာမှအနှောက်အယှက် မရှိပါဘူး။




နေ့လည်ပိုင်းမှာ အော်စတင်မြို့နဲ့ (၄၇) မိုင်ခန့်ဝေးတဲ့ Johnson City ကိုသွားရောက် လေ့လာကြတယ်။ ဂျွန်ဆင်စီတီဆိုတာ တက္ကဆက်ပြည်နယ်သား သမတဂျွန်ဆင်ရဲ့ နေအိမ်တော်ရှိရာကို ခေါ်တာပါ။

ဂျွန်ဆင်ဟာ ဒုတိယသမတအဖြစ်တာဝန်ထမ်းဆောင်နေစဉ်အတွင်း (၁၉၆၃) ခုနှစ်က သမတဂျွန်အက်ဖ် ကနေဒီ အလုပ်ကြံခံရတဲ့အတွက် လေယာဉ်ပေါ်မှာပဲ အရေးပေါ်ကျမ်းသစ္စာ ကျိန်ဆိုပြီး သမတဖြစ်လာ ခဲ့သူဖြစ်ပါတယ်။ သူနေထိုင်ခဲ့တဲ့ ဂျွန်ဆင်စီတီ အိမ်ဖြူတော်မှာ သူ့နဲ့သူ့မိသားစုရဲ့ အသုံးအဆောင်တွေ၊ ရုံးခန်းတွေ၊ စီးခဲ့တဲ့ ကားတွေ လေယာဉ်တွေကို ပြသထားပါတယ်။




သမတကတော် လေဒီဘတ်ဂျွန်ဆင်က တက္ကဆက်တစ်ပြည်နယ်လုံးကို လေယာဉ်နဲ့ပန်းမျိုးစေ့တွေကြဲဖြန့် ခဲ့တဲ့အတွက် နေရာတိုင်းမှာ တောပန်းလေး တွေပွင့်ပြီး တစ်ကွင်းလုံးလှနေလေ့ရှိတယ်။




အမေရိကန်နိုင်ငံက ပြည်နယ်ပေါင်း (၅ဝ) ရှိတဲ့ထဲမှာ တက္ကဆက်ပြည်နယ်ဟာ အကျယ် (၂၆၂၄၀၀) စကွဲယားမိုင် ကျယ်ဝန်းပြီး၊ လူဦးရေက (၂၀၁၆) ခုနှစ်စစ်တမ်းအရ ခန့်မှန်းခြေ ၂၇.၄ သန်းခန့်ရှိတဲ့ အကြီးဆုံးပြည်နယ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံက (၂၆၂၀၀၀) စကွဲယားမိုင်ကျယ်ဝန်းပြီး လူဦးရေ (၂၀၁၄) ခုနှစ်စစ်တမ်းအရ ခန့်မှန်းခြေ ၅၃.၇ သန်းခန့်ရှိတာဖြစ်တော့ တက္ကဆက်ပြည်နယ်ထက် စကွဲယားမိုင် (၄၀၀) လောက်သေးငယ်ပြီး လူဦးရေကတော့ ထက်ဝက်လောက်ပိုများနေတယ်လို့ နှိုင်းယှဉ်လေ့လာ မိပါတယ်။



တက္ကဆက်ပြည်နယ်ဟာ ကောင်းဘွိုင်လို့ လူသိများတဲ့ နွားကျောင်းသားတို့ရဲ့ ဘူမိနက်သန်လည်းဖြစ်ပါ တယ်။ Longhorn လို့ခေါ်တဲ့ ချိုအရှည်ကြီးနဲ့နွားတွေကို ဒီပြည်နယ်မှာ အများဆုံး တွေ့မြင်ခဲ့ရတယ်။

မေတ္တာဖြင့်-
သီရိဘုန်းစံ
အပိုင်း (၂) ဆက်ရန်