အေအေပီပီက ဒေါ်အောင်ဆန်းစုကြည်ထံ မေတ္တာရပ်ခံစာ ပို့


အေအေပီပီက ဒေါ်အောင်ဆန်းစုကြည်ထံ မေတ္တာရပ်ခံစာ ပို့
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၆


လက်ခံရရှိသော အေအေပီပီ၏ ထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နှိပ်စက်ညှင်းပန်းမှုကိုဆန့်ကျင်သော နိုင်ငံတကာစာချုပ် (Convention Against Torture- CAT) အား လက်မှတ်ရေးထိုးရန်အတွက် တိုက်တွန်းကြောင်း ရေးသားထားသည်။


အောက်ပါအတိုင်း ဖြစ်သည်။

ရက်စွဲ။ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ( ၁၅ )ရက်။ 

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် လက်နက်ကိုင်တပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များမှ ပြည်သူလူထုအပေါ် ညှင်းပန်းနှိပ်စက်မှုများကျူးလွန်ခဲ့သည့် သာဓက အများအပြားရှိခဲ့ပါသည်။ ထိုသို့သော ညှင်းပန်းနှိပ်စက်မှုများ ကို ရပ်တန့်နိုင်ရန်အတွက် နှိပ်စက်ညှင်းပန်းမှုကိုဆန့်ကျင်သော နိုင်ငံတကာစာချုပ် (Convention Against Torture- CAT) အား လက်မှတ်ရေးထိုးရန်အတွက် လိုအပ်နေပါသည်။ CAT အား အစိုးရမှ လက်မှတ်ရေးထိုးရန်အတွက် ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို (လက်ရှိ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်) မှ အဆိုတင်သွင်းရာ လွှတ်တော်မှ ထောက်ခံအတည်ပြုပေးခဲ့ပြီး ဦးသိန်းစိန်အစိုးရမှလည်း လက်မှတ်ရေးထိုးမည်ဟု ထုတ်ပြန်ပြောဆိုခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် ဦးသိန်းစိန်အစိုးရအနေဖြင့် အစိုးရသက်တမ်းကုန်ဆုံးသည်အထိ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပါ။

လက်ရှိမြန်မာနိုင်ငံ၏ အစိုးရအသစ်အနေဖြင့် ၄င်းကိစ္စအား အကောင်ထည်ဆောင်ရွက်သင့်ပါသည်။ ထိုသို့ဆောင်ရွက်ပါက နိုင်ငံတကာမျက်နှာစာတွင် အစိုးရအသစ်အနေဖြင့် လူ့အခွင့်အရေးကို အထူးအလေး ထားကြောင်း ပေါ်လွင်စေမည်ဖြစ်ပါသည်။ ထို့အပြင် လတ်တလောဖြစ်ပွားနေသော နှိပ်စက်ညှင်းပန်းမှု များကိုလည်း ဟန့်တားနိုင်ရာ ရောက်မည့်အပြင် တိုင်းရင်းသားများ၏ ယုံကြည်မှုပါ တိုးပွားလာစေနိုင်ပါသည်။ သို့ပါသောကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန် အလို့ငှာ နှိပ်စက်ညှင်းပန်းမှုကို ဆန့်ကျင်သော နိုင်ငံတကာစာချုပ် (CAT ) အား လက်မှတ်ရေးထိုးပေးပါရန် အတွက် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ လေးစားစွာဖြင့် မေတ္တာရပ်ခံ အပ်ပါသည်။
ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ကိုတိတ်နိုင် အတွင်းရေးမှူး +၆၆(၀)၈၁ ၂၈၇၈ ၇၅၁
ကိုဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀)၉၄၂၅ ၃၀ ၈၈၄၀