အဲလိုထူး - “ငါးလေးအိုးကပ်”



အဲလိုထူး - “ငါးလေးအိုးကပ်”
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၆

အခုလို မိုးတွင်းမှာဆို ချောင်းမြောင်းအစပ်တွေမှာ ငါးနုတ်ငါးဖွဲကလေးတွေ ခိုကပ်နေတတ်တယ်..၊ ဒါကို..ရေနွန်းလို့ခေါ်တဲ့ ယက်သဲ့အသေးစားလေးနဲ့ ကလော်ပြီး ဖမ်းလိုက်ရင် ဖြတ်ဖြတ်လူးဆွေ့ဆွေ့ခုန်နဲ့ ပါလာလေရော..၊ ပုဇွန်ဆိတ် ပေါက်စနကလေးတွေ ရောပေါ့..၊ ဒါကို.. ခရမ်းချဉ်သီး.. ငရုပ်သီးစိမ်း.. နံနံပင်ကလေးအုပ်ပြီး အိုးကပ် ချက်စားလိုက်လို့ ကတော့ ...

 ဖြူဖြူစင်စင်နဲ့ အရောင်အသွေးတွေမရောယှက် မညစ်နွမ်းသေးတဲ့ အဖြူအစိမ်းဝတ် အထက်တန်းကျောင်းသားဘဝတုန်းက အမေချက်ကျွေးတာ..၊ ထမင်းစားကျောင်းဆင်းရင် ဘူးရွက်ဟင်းချိုးကို ရှလူးရှလူးသောက်ပြီး ငါးလေးအိုးကပ်တစ်ဖဲ့လောက်ကို တမင်းလုပ်ထဲထည့်ပြီး ထိုးသွင်းလိုက်လို့ကတော့ ဆန်နို့ဆီဘူး တလုံးချက်လောက်ကတော့ တထိုင်တည်းနဲ့ လျှောလျှောလျူလျူ ဝင်သွားလိမ့်မယ်..။

အဲဒီငါးနုတ် ငါးသေး ရောရာကို မြို့စွန်မှာရှိတဲ့ တစ်နေ့လုပ်တစ်နေ့စား အိမ်ထောင်ရှင်မတွေ လာရောင်းတာ..။ သူတို့က လခစားတွေမဟုတ်သလို ပုံမှန်အလုပ်လည်း မရှိကြပါဘူး။ ဖားရှာ… ငါးရှာ… ထင်းခွေ.. ဖက်ခူး..နဲ့ ကြုံရာကျပန်း လုပ်ကိုင်စာသောက်နေကြတဲ့ တဲအိမ်စုကလေးက ဖြစ်ပါတယ်။ မြို့အခေါ်.. ကျူးကျော် ဆိုရမလားပဲ။ သူတို့တဲတွေအနားမှာ လယ်စိုက်လို့မရတဲ့ အင်းတိမ်ကြီး တခုရှိတယ်။ စမ်းချောင်းတစ်ခုနဲ့ ရေဝင်နေတဲ့ လယ်မြေတွေရှိတယ။ အဲဒီပတ်ဝန်းကျင်မှာ ကိုယ်တိုင်ယက်လုပ်ထားတဲ့ ယက်သဲ့အပေါက်အပြဲကလေးကို ဖာထေးပြီး ကမ်းစပ်တလျှောက် ဆောင့်ဆောင့် ထိုးရတယ်။ ငါးသေးသေးကလေးတွေကို ခြောက်လှန့်တဲ့သဘောပေါ့။ ကြောက်ကြောက်နဲ့ ဝင်လာတဲ့ငါးသေးသေးကလေးတွေကို အိမ်ထောင်ရှင်မက ပိန်းရွက်ခပ်လတ်လတ်ပေါ်ပုံပြီး သံလင်ပန်းအစုတ်နဲ့ လျှောက်ရောင်းတာ။ တပုံ ကို နှစ်ကျပ်.. သုံးကျပ်။

အခုတော့..နှစ်ရာ သုံးရာ မရတော့ပါဘူး။ ၊ ငါးရာဖိုး.. တထောင်ဖိုးလောက် ပေးပါ... လုပ်ရတော့တယ်။ တဆယ်သား နှစ်ဆယ်သားလောက်တော့ ရှိကောင်း ရှိလိမ့်မပေါ့။ ငါးရောင်းတဲ့အမျိုးသမီးကလည်း
မျက်မှန်းတန်းသိနေပြီ ဆိုတော့။သူတို့က ကိုယ့်ကို ထောင်ကျမှန်းလည်း သိနေလို့ သနားစိတ်လည်း ရောချင်ရောမှာပေါ့။

တကယ်တော့… ကိုယ်တိုင်က ငါးမွေးတဲ့ကန်တွေဆီက လာမှန်း သူတို့ သိတယ်။  ထောင်ကျအကျဉ်းစခန်းတစ်ခုပေါ့။ ငါးကန်တွေအများကြီးရှိတယ်။ ထောင်သားတွေ.. အဲဒီငါးကန်တွေမှာ အလုပ်…လုပ်ကြရတယ်။ အဲဒီကန်ထဲမှာရှိတဲ့ ငါးမြစ်ချင်းလို ငါးတွေကို စားခွင့်မရှိဘူး။ ဒီလိုနေရာမျိုးမှာ အကျဉ်းကျခံဖို့တောင် ထောင်အခေါ် ဘောင်ချာဖြတ်ပြီး ရောက်လာကြရတာ။ ဒီအထဲမှာမှ… ဘောင်ချာကြီး… ဘောင်ချာသေး ဆိုတာရှိသေး။ နည်းနည်းလေး မဆိုသလောက် ကွဲပြားတာတော့ ရှိတာပေါ့။

ဆိုပါတော့.. ခန်းမလူကြီးဆိုရင် ရန်ကုန်မြို့လယ်ခေါင်က နံမည်ကြီးရွှေဆိုင်လုပ်ငန်းရှင်ကြီး၊ လူမျိုးခြား..၊ သူကတော့..ဘောင်ချာကို ဧရာမကြီး တပုံတည်း ဖြတ်လိုက်တော့ ခန်းမလူကြီးနေရာရောက်ပြီး ခန်းမရဲ့စတိုခန်းလို နေရာမျိုးမှာ တီဗွီနဲ့ ပန်ကာနဲ့ နေနိုင်တယ်။ သူ့အတွက် သီးသန့်ထားပေးတယ်တော့ မဟုတ်ဘူးပေါ့..၊ ခန်းမထဲက.. ပန်ကာနဲ့..တီဗွီ၊ သူက ဘာသာခြားဆိုတော့.. ငါးကို အမျိုးမျိုးလုပ်ပေးရတယ်..၊ သူ့အိမ်ကလည်း အပြည့်အစုံပို့ပေးထားတယ်။ ထောင်မှုး လမ်းလျှောက်သလို လမ်းပတ်ပတ်လည် တုတ်ကောက်နဲ့လျှောက်တာမျိုး လုပ်ခွင့်မရှိပေမယ့် သူပိုင်တဲ့ခန်းမက အကျယ်ကြီးဟာကို..၊ အထဲမှာ ပတ်လျှောက်နေလို့ ရတယ်..၊ ခန်းမထဲက ပရိဘောကမှန်သမျှက သူလှူထားတာ..၊ အဲ..သူ့အတွက်လည်း ငါးလေးအိုးကပ် ချက်ချက်ပေးရတယ်..။

 နောက်… ငါးကန်စောင့် လုံခြုံရေးခေါင်းဆောင်လို့ ပြောရမလား..၊ တန်းစီးအကြီးဆုံးလို့ ပြောရမလား..၊ အခန်းလူကြီးထက်တော့ ကြီးတယ်..၊ ကျတဲ့နှစ်ကလည်း လေးဆယ်ကျော်..၊ သူဆိုရင် တပ်ထဲမှာနေတုန်းက လက်ရှိထောင်မှုးထက်တောင် ရာထူးကြီးမလားပဲ..၊ စီနီယာကျတာတော့ အမှန်..၊ အဆောင်(၅)မှာနေတုန်းက အတူတူ။ နောက်မှ.. မင်းမိန့်နဲ့ ဒီကိုရောက်ပြီး လူကြီးဖြစ်လာတာ။ လက်ရှိဝန်ကြီးတစ်ဦးရဲ့ ပီအေလုပ်ခဲ့ဘူးတယ်ဆိုတဲ့ သမိုင်းကြောင်းနဲ့ ထောင်ပိုင်လောက်ကို ဝန်ကြီးက ခွေးပြောသလို ပြောဆို ပစ်တာတဲ့။ ဒါနဲ့..ထောင်ပိုင်က သက်သာပေါ့ပါးအဖြစ် ဒီနေရာ ပို့လိုက်တာ၊ နှစ်ကတော့ လျှော့မသွားဘူး။ သူကတော့… ငါးလေးအိုးကပ်ရရင် အရက်ဖြူရှာတော့တာပဲ။ ငါးစာတွေသိုလှောင်တဲ့ ဂိုထောင်ကင်းတဲမှာ အရက်ဖြူကလေး လက်ဖက်ရည်ပန်းကန်လုံးထဲ ငှဲ့လိုက်.. ငါးအိုးကပ်တစ်ကောင်လောက် လျှာဖျားပေါ်တင်လိုက် လုပ်တော့တာပဲ။ တပ်မှာတုန်းက ဖိုက်တာ..၊ ပြီးတော့ လူက..ကရင်စပ်။

ထောင်မှုးမိန်းမက… ဦးလေးကြီးလို့ခေါ်တယ်..၊ ထောင်မှုးအိမ်က သူ့ခြံသူ့ဝန်းနဲ့။ ခန်းမနဲ့တော့ နီးတယ်..။ ဦးလေးကြီးရေလို့ လှမ်းခေါ်ရင် သွက်သွက်ကလေးသာ သွားလိုက်။ ဧည့်ခန်းဘက်တော့ ယောင်လို့တောင် မကြည့်မိစေနဲ့။ မီးဖိုချောင်ဘက်ကို ပတ်ပြီးသွား။ ကျွန်မ.. ရန်ကုန် ခဏသွားမလို့ဆိုရင်.. သိလိုက်တော့..။ ဟုတ်ကဲ့ပါခင်ဗျာ…၊ အစစအရာရာ အဆင်ပြေအောင် လုပ်ပါ့မယ်ပေါ့..၊ ထောင်မှုးမိန်းမက.. သဘောကောင်းပါတယ်..၊ ရန်ကုန်ကပြန်လာရင် ကိတ်မုန့်လေးဘာလေး စားရတယ်။ တကယ်တော့… ထောင်မှုးမိန်းမ ဝယ်လာတဲ့ကိတ်မုန့်က ကိုယ့်အိမ်မှာ ခွေးကျွေးတာ..။ ကိုယ့်မိန်းမက အခုချိန်ထိ..တိုရိုတာကရောင်းစီးနေတာ သူတို့မသိဘူး။ ထောင်ဝင်စာပို့ရင်း ဒီကိုလာတာတော့ စုတ်စုတ်ချာချာပေါ့..၊ ကားလမ်းမကြီးမှာ ကား ထားခဲ့ပြီး ဆိုင်ကယ်…ကယ်ရီကို တထောင်လောက်ပေးပြီး လာရတာ..။ ငပိကြော်..ဆေးပေါ့လိပ်လောက် ဆိုပေမယ့်.. ပုဇွန်ခြောက်အကောင်ကြီးနဲ့ ပိုက်ဆံအတန်ကြီးကိုတော့ ကွယ်ကွယ်ဝှက်ဝှက်ပေါ့..။ ဒီပိုက်ဆံနဲ့ပဲ.. ငါးသေးသေးပေါက်စက တွေဝယ်ရတာလေ.. ။

အခန်းမှာ ကူဖော်လောင်ဘက် ကောင်လေးတစ်ယောက် ခေါ်ထားတာရှိတယ်။ ခေါ်ထားတယ်ရယ် မဟုတ်ပါဘူး၊ သူလည်း.. သူ့အကန့်နဲ့ ရောက်လာတာပေါ့။ တပ်ကြပ်ကြီးစာရေး အဆင့် ရှိတယ်။ ပညာတတ် လူရည်သန့်ကလေး။ အမှားအယွင်းတခုထဲမှာ အမှုတွဲပါပြီး ဒီကိုရောက်လာတာ၊ ဟေ့ကောင်… ထမင်းအိုးကို သေသေခြာခြာကြည့်ချက် မှာရတယ်၊ ထောင်မှုးစားတာက ဆန်အကောင်းစား..၊ ကိုယ်တွေစားတဲ့ဆန်လို ပွက်ပွက်ဆူအောင် ထားလို့မရဘူး..၊ ပန်းကန်ထဲမှာ ထမင်းလုံးကလေးတွေ စီနေမှ။ စောစောက ဝယ်လာတဲ့ ငါးအသေး ပုဇွန်ရောရာကို အမှိုက်သရိုက်ဖယ်ပြီး ရေစင်စင် ဆေးရတယ်၊ ဒါမှ.. ဒိုက်စော် ရွံ့စော်မနံမှာ..၊ ဆီကို ပါလေဟန် ထည့်ပြီး မွှေးနေအောင်လုံး..၊ ထောင်မှုးကြိုက်တယ် ဆိုတာကလည်း ဆီနည်းနည်းကြောင့်..၊ ထောင်မှုးက ကျန်းမာရေး လိုက်စားတယ်၊ တောခရမ်းချဉ်သီးနှစ်လုံးလောက်ကို ဖြစ်ညှစ်ပြီး ပစ်ထည့်၊ ပွက်ပွက်ဆူရာကနေ ရေခြောက်လာပြီဆိုတော့မှ ငရုပ်သီးစိမ်းတောင့် ထက်ခြမ်းရယ်… နံနံပင်အရွက် နုကလေးရယ်ကို ဆိတ်မွှာပြီးထည့်။ ထောင်ထဲမှာချက်တဲ့ ဟင်းနဲ့တူအောင်လည်း လုပ်ရသေးတယ်..၊ ငံပြာရည်အစား မျှင်ငပိကိုရေဖျော်ပြီးထည့်၊ ဒါမှ အရသာက ပိုပြီးလေးပင်မှာ၊ ရေခြောက်ခန်းပြီး ဒယ်အိုးနုတ်ခမ်းသားခြောက်ပြီ ဆိုတော့မှ မီးဖိုခွင်ပေါ်ကချ..၊ သူ့တိုက်ထဲက ယူလာတဲ့ကြွေပန်းကန်ပြားအသေးကို ပုဆိုးနဲ့ပြောင်နေအောင်သုတ်..၊ ပုဂံအလယ်တည့်တည့်မှာ မောက်မောက်ကလေးပုံ..၊ ထမင်းကိုလည်း ဒီလိုပဲ..၊ အလယ်အရစ်ဝိုင်း မပြည့်တပြည့်လောက်ထည့်ပြီး အဘရှေ့မှာ ချပေးမှ..၊ သူ့မိန်းမထားခဲ့တဲ့ ကြက်တို့..ဝက်တို့လည်း ရှိတာပေါ့။ ဒါပေမယ့် ထောင်မှုးက ငါးလေးအိုးကပ် ကြိုက်တယ်..၊ ခင်ဗျားအိမ်လည်း လာတွေ့ခိုင်းလေဗျာ.. ၊ဒီစကားလောက်ကြားနာခွင့်ရတာပင် တန်ဘိုးကြီးလှ၊ ပြီးမှ.. ကိုယ့်အခန်းကိုယ်ပြန်ပြီး ငါးလေးအိုးကပ်ကို…. အိုးနယ် စားလိုက်တော့တယ်။ ဒီဆန်ကမှ ကိုယ့်အိမ်မှာစားနေကျ ဆန်။ ငါးလေးအိုးကပ်က အမေချက်ကြွေးနေကျ လက်ရာ…။