မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအားသုံးသပ်ချက် - အပိုင်း (၇)


မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအား သုံးသပ်ချက် - အပိုင်း (၇)
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၆

● NCA နှင့် UWSA
UWSA သည်လည်း NCA ဆွေးနွေးရာတွင် မပါဝင်ခဲ့သကဲ့သို့ NCA ထိုးရန်မလိုအပ်ဟု ငြင်းပယ်ထားသော အဖွဲ့ဖြစ်သည်။ UWSP/UWSA အနေနှင့် NDAA မိုင်းလားအဖွဲ့နည်းတူ ၁၉၈၉ ခုနှစ်က ငြိမ်းချမ်းရေးစာချုပ်ဆိုထားခဲ့ပြီး သမတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားပြီး လွှတ် တော်ဆင့် စာချုပ်ချုပ်ဆိုရန်သာ ကျန်ရှိသည်ဟု ယူဆထားသည်။ ၎င်းတို့ ချုပ်ဆိုသောစာချုပ်များသည် ယခု NCA ထက်များ စွာစောသဖြင့် NCA လက်မှတ်ထိုးရန် မလိုအပ်ဟု ယူဆထားသည်။

UWSA အဖွဲ့အား NCA လက်မှတ်ထိုးရန် သမတဟောင်း ဦးသိန်းစိန်လက်ထက်က ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပါ။ လက်ရှိအစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများနှင့် UWSA ခေါင်းဆောင်များနှင့် မိုင်း လားတွင် တွေ့ဆုံခဲ့ပြီးနောက် UWSA အဖွဲ့အား နေပြည်တော်သို့ ဖိတ်ခေါ်ခဲ့သည်။ UWSP အတွင်းရေးမှူး ဦးပေါက်ယိုရိနှင့် ဦးကျောက်ကော့အန်းတို့ နေပြည်တော်သို့လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့အနေနှင့် ၂၁ ရာစုပင်လုံညီလာခံသို့တက်မည်ဟု ကတိပြုခဲ့ကြသော်လည်း NCA လက်မှတ်ထိုးရေးကို ရှောင်ရှားခဲ့ကြသည်။

၂၁ ရာစုပင်လုံကျင်းပရေးအတွက် UPDJC ပူးတွဲအစည်းအဝေးသို တက်ရောက်ရန် NDAA မိုင်းလားအဖွဲ့မှ ကိုယ်စားလှယ်စေ လွှတ်ခဲ့သော်လည်း UWSA မှ ကိုယ်စားလှယ်စေလွှတ်ခဲ့ခြင်းမရှိပေ။ သို့ဖြစ်ရာ ညီလာခံကျင်းပမည့်အခြေအနေနှင့် ပတ် သက်၍ နားလည်သဘောပေါက်မှု လွဲချော်ခဲ့သည်ဟု ယူဆရသည်။ ၂၁ ရာစုပင်လုံတွင် UWSA မှ တက်ရောက်သော ကိုယ် စားလှယ်အဖွဲ့မှာ ၁၇၁ စစ်ဒေမှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဦးဆမ်လော့ ဦးစီးအဖွဲ့ဖြစ်ရာ တပ်ရင်းအဆင့်သာဖြစ်၍ ကိုယ်စားလှယ်အဆင့်နိမ့်၍ လွှတ်သည်ဟု ယူဆရသည်။ ဤသို့ဖြစ်ရခြင်းမှာ NCA လက်မှတ်မထိုးသေးသောအဖွဲ့များ၏ ညီလာခံတွင်ပါဝင်ခွင့်နှင့် တင်ပြခွင့်တို့နှင့်ပတ်သက်၍ UPDJC ၏ ဆွေးနွေးချက်များနှင့်ပတ်သက်၍ ရှင်းလင်းစွာ UWSA အဖွဲ့မသိရသည့် အခြေအနေပေါ်တွင် မူတည်သည်ဟု သုံးသပ်ရသည်။

တဖန်ညီလာခံတွင်လည်း UWSA အဖွဲ့အား လေ့လာသူကဒ်ပြားထုတ်ပေးခြင်း စာတမ်းဖတ်ကြားမှုနှင့်ပတ်သက်၍ ရှင်းလင်းစွာမသိရခြင်းနေရာထိုင်ခင်း အဆင်မပြေခြင်း စသည်တို့ကြောင့် UWSA အဖွဲ့ ညီလာခံအဖွင့်နေ့တက်ပြီးနောက် ၎င်းတို့တင် သွင်းမည့် စာတမ်းအား ကော်မတီထံအပ်နှံထားပြီး ညီလာခံမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။ တာဝန်ရှိသူများ လိုက်လံဆွေး နွေးသော်လည်း မရတော့ပေ။ တကယ်တော့ NDAA မိုင်းလားအဖွဲ့အားလည်းဖွင့်ပွဲနေ့တွင် လေ့လာသူကဒ်များသာထုတ်ပေးထားခဲ့ပြီးညပိုင်းရောက်မှ ကဒ်များပြန်လည်လဲပေးရန် အကြောင်းကြားခဲ့ကြသည်။ NDAA နားလည်မှုပေးခဲ့သော်လည်း UWSA အဖွဲ့ကတော့ သည်းမခံခဲ့ဟု ဆိုရပါမည်။

ဤပြဿနာနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော် UWSA အဖွဲ့အား အဆင်မပြေမှုများအတွက် မေတ္တာ ရပ်ခံချက်တစောင်ထုတ်ပြန်ခဲ့သည်။ အလားတူပင် UWSP ကလည်း ၎င်းတို့ထွက်ခွာရခြင်းအပေါ် ကြေညာချက် တ စောင်ထုတ်၍ တုန့်ပြန်ခဲ့သည်။ ၎င်းတို့အနေနှင့် ညီလာခံမှထွက်ခွာခြင်းသည် ညီလာခံအားဆန့်ကျင်ခြင်းမဟုတ်ဘဲ ညီလာခံ ၏အစီအစဉ်များ တရားမျှတမှုမရှိခြင်းအား ကန့်ကွက်ခြင်းဖြစ်သည်ဟုဆိုသည်။ ထို့ပြင် ၎င်းတို့အနေနှင့် ငြိမ်းချမ်းစာချုပ်နှင့် ပတ်သက်၍ လွှတ်တော်အဆင့်ကျန်ရှိသောစာချုပ်အား ချုပ်ဆိုပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖေါ်သွားမည်ဟုဆိုခဲ့သည်။ ထိုကြေညာချက်အရ UWSA အနေနှင့် NCA လက်မှတ်ထိုးရေးကို ပယ်ချထားသည်ဟုဆိုရမည်။

ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပြီးပါက NCA လက်မှတ်ရေးထိုးရန်လိုအပ်သည်ဆိုသည့်အချက်အား အစိုးရဘက်တောင်းဆိုသေည်လည်း UWSA က နောက်တဆင့်ကို လွှတ်တော်အဆင့်ဟု သတ်မှတ်ထားသည်ကို တွေ့ရပေသည်။ UWSA သည် ၁၉၈၉ ခုနှစ် အပစ်ရပ် လက်မှတ်ထိုးပြီးနောက် သမတဦးသိန်းစိန်လက်ထက် ၂၀၁၁ စက် တင်ဘာလ ၆ ရက်နေ့တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့တွင် ပြည်ထောင်စုအဆင့်လက်မှတ်ရေးထိုးထားပြီးဖြစ်ရာ လွှတ်တော်မှ အသိအမှတ်ပြု ရန်သာ လိုပေတော့သည်ဟု UWSA ကခံယူပြီး NCA ထိုးရန်မလိုအပ်ဟု ရပ်ခံထားသည်။

ထို့ပြင် UWSA သည် ယခုအစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးကော်မရှင်နှင့်ဆွေးနွေးသည့်အခါ MNDAA/TNLA/AA အဖွဲ့၃ ဖွဲ့ပါဝင်ရေးအားလည်း တောင်းဆိုလာသည်ကိုတွေ့ရသည်။ မူလက အဆိုပါ ၃ ဖွဲ့သည် UNFC နှင့် ကပ်လျက်ရှိသော်လည်း NCA လက်မှတ်ထိုးခွင့်ပြုရန် အစိုးရနှင့် တပ်မတော်၏ ငြင်းပယ်မှုကြောင့် UWSA နှင့် ပူးကပ်သွားသည်ဟု ယူဆရသည်။ ထို့ကြောင့် UWSA အနေနှင့် NCA လက်မှတ်ထိုးရေးအား ဆက်လက်ပယ်ချဖွယ်ရှိသည့်အပြင် MNDAA/TNLA/AA အဖွဲ့၃ ဖွဲ့NCA တွင်ပါဝင်ခွင့်ပြု ရေးည်လည်း UWSA နှင့်ဆွေးနွေးရာတွင် ပါဝင်နေမည့် ဆက်စပ်ပြဿနာတခုဖြစ်နေပေလိမ့်မည်။

ဖြစ်ရပ်အားလုံးသုံးသပ်ကြည့်လျင် လက်နက်ကိုင်အင်အားအများဆုံးလက်နက်အင်အားအများဆုံး ထိမ်းချုပ်နိုင်သည့် နယ် မြေအများဆုံးဖြစ်သည့် UWSA နှင့် ဆက်ဆံညှိနှိုင်းရေးသည် အလွန်အကဲဆတ်သည့် ပြဿနာတခုအဖြစ် တည်ရှိနေသည် ဟု ဆိုရမည်။

● NCA နှင့် ထို ၃ ဖွဲ့
MNDAA/TNLA/AA ထို ၃ ဖွဲကား NCA တွင်အားလုံးလက်မှတ်ထိုး ရေးအတွက်သော့ချက်ပြဿနာဟု ဆိုရပါမည်။ ထို ၃ ဖွဲ့ ပါဝင်ရေးအတွက် UNFC ၇ ဖွဲ့က ရပ်ခံသကဲ့သို့ UWSA/NDAA ကလည်း ရပ်ခံသည်။ ထို့ပြင် တရားဝင်နိုင်ငံရေးပါတီအများစုကလည်း ရပ်ခံကြသည်။ သို့ဖြစ်ရာ NCA တွင် အားလုံးပါဝင်လက်မှတ်ထိုးရေးအတွက် ထို ၃ ဖွဲ့ပြဿနာအား မည်သို့ ကြည့်မြင်ချဉ်းကပ်ဖြေရှင်းမည်ဆိုသည်က အရေးပါပေလိမ့်မည်။

ထို ၃ ဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စပြီးမှ ပေါ်လာသောအဖွဲ့များဖြစ်၍လည်းကောင်း၊ တိုင်းပြည်အချုပ်အခြာအာဏာကို ထိပါးစေသည်ဟူ၍လည်းကောင်း၊ အဆိုပါ ၃ ဖွဲ့ကို NCA လက်မှတ်ထိုးရေးတွင် ပါဝင်ခွင့်ပြုရန် တပ်မတော်က ငြင်းဆန်ခဲ့ သည်။ MNDAA သည် ၂၀၀၉ ခုနှစ်က ကိုးကန့်ဒေသ မှ အင်အားသုံးဖြေရှင်းဖယ်ရှားခံရပြီးနောက် ၂၀၁၃ မှစ၍ သံလွင်မြစ်အနောက်ခြမ်းတွင်ပြန်လည်လှုပ်ရှားခဲ့ပြီး ၂၀၁၅ နှစ်ဆန်းတွင် ကိုးကန့်ဒေသတွင်းပြန်လည်ဝင်ရောက်သဖြင့် တပ်မတော်နှင့် တိုက်ပွဲကြီးများ ၄ လနီးပါးဖြစ်ပွါးခဲ့သောအဖွဲ့ဖြစ်သည်။ လက်ရှိတွင် MNDAA တွင် တပ်ရင်း ၄ ရင်းပါ တပ်မဟာ ၃ ခုဖွဲ့ စည်းထားပြီး အင်အား ၂၀၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။

TNLA ကတော့ ၂၀၁၂ တွင် လူအင်အား ၄၀ ခန့်နှင့် ပြန်လည်အစပြုခဲ့ပြီး ယခုအချိန်တွင် တပ်မဟာ ၄ ခု ဗျူဟာ ၂ ခုနှင့် အင်အား ၆၀၀၀ ကျော်ခန့်ရှိသည့်အဖွဲ့ဖြစ်သည်။ AA ကား ၂၀၀၉ နှစ်မှ စတင်ဖွဲ့စည်းပြီး ကချင်ပြည်နယ်တွင် အင်အားအချို့၊ ထိုင်းနယ်စပ် ကရင်ပြည်နယ်တွင်း အင်အားအချို့၊ ရခိုင်ပြည်နယ်ထဲတွင် အင်အားအချို့ ရှိသည်။ ၎င်းတို့အဖွဲ့မှာ တပ်ဖွဲ့အ နေနှင့်ရော မြေအောက်လှုပ်ရှားမှု ပုံသဏ္ဌာန်နှင့်ပါ ပေါင်းစပ်လှုပ်ရှားနေရာ အင်အားခန့်မှန်းရန် ခက်ခဲသည်။ အင်အား ထောင်ဂဏန်းခန့်ရှိမည်ဟု ယေဘုယျ သုံးသပ်ရပေသည်။

ထို ၃ ဖွဲ့နှင့်ပတ်သက်၍ မူလက လက်နက်စွန့်ရမည်ဟု တပ်မတော်က ဆိုထားသော်လည်း သြဂုတ်လဆန်းတွင် လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ကြောင်း ကြေငြာချက်ထုတ်ပြန်ပါက ၂၁ ရာစုပင်လုံညီလာခံတွင်ပါဝင်ခွင့်ပြုမည်ဟု ဆိုခဲ့သည်။ သို့နှင့် NDAA မိုင်းလား၏ကြားဝင်စီစဉ်ပေးမှု အရ ၂၀၁၆ သြဂုတ်လ ၉ ရက်နေ့တွင် ငြိမ်းချမ်းကော်မရှင်မှ ဦးသိန်းဇော် ဦးခင်ဇော် ဦးနှင့် အကြံပေးအဖွဲ့မှ ဦးအောင်ကြည်တို့သည် မိုင်းလားမြို့၌ MNDAAဥက္ကဌ ဖုန်တရွှင်၊ အတွင်းရေးမှူး ဦးထွန်းမြတ်လင်း ULA/AA ခေါင်းဆောင်ဗိုလ်မှူး ချုပ်ထွန်းမြတ်နိုင် PSLF/TNLA ဥက္ကဌ တာ့အိုက်ဖုန်းတို့နှင့်တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာ၌ အဆိုပါ ၃ ဖွဲ့ကြေညာချက်တခု ထုတ်ပြန်ရန်ငြိမ်းချမ်းကော်မရှင်က တောင်းဆိုခဲ့သည်။ ထိုကြေညာချက် တွင် ဖေါ်ပြရန်နှစ်ဖက်ညှိနှို င်း၍ မရသည့်အချက်မှာ တပ်မတော်ဘက်က အဆိုပြုသော"လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ် ရေး" အား အဆိုပါ ၃ ဖွဲ့မှ "လက်နက်ကိုင်ပဋိပက္ခဖြေရှင်း" စသည့်ဝေါဟာရနှစ်ခု ညှိနှိုင်း၍မရခဲ့ပေ။ အကယ်၍သာ ညှိနှိုင်း၍ ရခဲ့ပါ ညီလာခံတက်ရန် ဖိတ်စာတခါတည်းပေးခဲ့သည်ဟု ငြိမ်းချမ်းရေးကော်မရှင်ဘက်မှဆိုသည်။

ဤတွင်တွေ့ရသည့်အချက်တခုမှာ ဤပြဿနာသည် ဝေါဟာရပြဿနာသက်သက်မဟုတ်ဘဲ အတွင်းသဘောများပါသည်ဆိုခြင်းဖြစ်သည်။ ထို့ ကြောင့်လည်း ၂၀၁၆ သြဂုတ်လ ၁၁/၁၂/၁၃ နေ့ကကျင်းပသောအစည်းအဝေးများတွင် "နိုင်ငံရေးပါတီ" အစား "တရားဝင်နိုင်ငံရေးပါတီ" ပြောင်းလဲသတ်မှတ်ခြင်း ၂၀၁၆ သြဂုတ်လ ၁၅ ရက်နေ့ကကျင်းပသော UPDJC အစည်း အဝေး၌ "ညီလာခံကိုယ်စားလှယ်"အစား ညီလာခံတက်ရောက်သူ" ဟု ဝေါဟာရများပြောင်းလဲသတ်မှတ်ခြင်းသည် အတွင်း သဘောများ များစွာပါသည်ဟု ဆိုရပါမည်။

နောက်တချက်မှာ ထို ၃ ဖွဲ့နှင့်ပတ်သက်၍ ညီလာခံတက်ရောက်ခွင့်ရပြီးပါကလည်း အစိုးရက မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို ရှင်းလင်းစွာမသိရသေးပေ။ ပုံမှန် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပြီး NCA လက်မှတ်ထိုးခွင့်ပြု မပြု ရှင်းလင်းစွာမသိရသေးပေ။ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်နိုင်ရေးအတွက် အားလုံး NCA ထိုးရမည်ဟု ဆိုထားသော်လည်း အဆိုပါ ၃ ဖွဲ့အား NCA ထိုးခွင့်ပြု မပြု ရှင်းလင်းမှုမရှိသေးဟု ဆိုရမည်။

မည်သို့ဆိုစေ အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးအတွက်ဆိုလျင် ပါဝင်သည့်ဘက်အားလုံးအား နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိသောထွက်ပေါက်ပေးရန်လိုအပ်ပါသည်။ ထွက်ပေါက်ပိတ်ထားသကဲ့သို့ဖြစ်ပါက ပြင်းထန်သည့် ရုန်းကန်မှုများကို ကြုံ တွေ့ရမည်မှာ ဓမ္မတာပင်ဖြစ်သည်။

9/8/2016 နေ့ ထို ၃ဖွဲ့နှင့် ညှိနှိုင်းမှု မပြီးပြတ်ခဲ့ပေ။ ထို ၃ ဖွဲ့အနေနှင့်၎င်းတို့ ဗဟိုကော်မတီနှင့် ပြန်လည်ညှိနှိုင်းရမည်ဆိုကာ မတင်မကျနှင့်ရပ်တန့်သွားခဲ့သည်။ ၂၀၁၆ သြဂုတ်လ ၁၅ ရက်နေ့ နေပြည်တော်တွင်ပြုလုပ်သောUPDJC အစည်းအဝေးတွင် တရားဝင်နိုင်ငံရေးပါတီများက အဆိုပါ ၃ ဖွဲ့ပါဝင်ရေးကိုတောင်းဆိုရာ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးဦးခင်ဇော်ဦးက အဆိုပါ ၃ ဖွဲ့ကြေညာချက်ထုတ်ပြန်သည်ကို စောင့်ဆိုင်းနေကြောင်း၊ အကယ်၍ မထုတ်ပြန်ပါကလည်း မိမိတို့ထပ်မံသွား ရောက်ဆွေးနွေးဦးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော် ၂ ရက်ခန့်အကြာတွင် အဆိုပါ ၃ ဖွဲ့က "လက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေး" ဆိုသည့် ဝေါဟာရပါသည့် ကြေညာ ချက်အား ထုတ်ပြန်လိုက်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဦးခင်ဇော်ဦးက "တက်ချင်တိုင်းတက်ရအောင် တောင်ပြုံးမဟုတ်ဘူး "ဖိတ်စာတွေ အမှိုက်ပုန်းထဲလိုက်ပြီ" ဟု ပြင်းပြင်းထန်ထန်ပြောလိုက်ရာ ပွဲဆူသွားပြီး နားမခံသာအောင်ဖြစ်ခဲ့သည်။

သို့သော် တဖက်ကကြည့်လျင် ဦးခင်ဇော်ဦးပြောသကဲ့သို့ စေ့စပ်ညှိနှိုင်းနေဆဲကိစ္စတခုကို ဆက်လက်ညှိနှိုင်းမှုမရှိဘဲ ကြားခံ မိုင်းလားအဖွဲ့မှတဆင့် ဆက်သွယ်ညှိနှိုင်းမရှိဘဲ ဤသို့သဘောထား ထုတ်ပြန်ခြင်းသည် အဆိုပါ ၃ ဖွဲ့အနေနှင့် ဆက်လက် ညှိနှိုင်းမှုလမ်းကြောင်းကို ဖြတ်တောက်ပစ်ရာရောက်ပေသည်။

ပြဿနာတခုလုံးအရကြည့်လျင် အဆိုပါ ၃ ဖွဲ့၏ "လက်နက်ကိုင်ပဋိပက္ခဖြေရှင်းသွားရေး" ဆိုသည့်မူနှင့်ပတ်သက်၍ ပြဿ နာမရှိပေ။ မှန်ကန်သည်ဟု ဆို၍ရပါသည်။ သို့သော် လောလောဆယ်ကာလတွင် ထိုဝေါရသုံးစွဲမှုနှင့်ပတ်သက်ပြီး ညှိနှိုင်း ဆဲကာလဖြစ်ရာ ထပ်မံညှိနှိုင်းသည့် လမ်းကြောင်းအား ဖွင့်ထားရန်လိုအပ်သည်။ မိမိအမြင်အရဆိုလျင် ထိုသို့သောကာလတွင် အဆိုပါ ၃ ဖွဲ့အနေနှင့် ကြေညာချက်ထုတ်ပြန်ရန် မလိုအပ်ပေ။ အဖွဲ့အစည်းတခုအနေနှင့် မိမိရပ်တည်ချက် ခိုင်မာသည်ကို ပြသရန် လိုအပ်သကဲ့သို နည်းပရိယယ်အရ ပျော့ပြောင်းရန်လည်း လိုအပ်သည်။ လက်ရှိကာလတွင် နိုင်ငံရေးပြဿနာကိုစားပွဲဝိုင်းပေါ်တွင် ဆွေးနွေးရန် လိုအပ်သည်ဟု ယူဆသူအားလုံးသည် နည်းပရိယာယ် ပျော့ပြောင်းစွာကျင့်သုံးရန် လိုအပ် သည်။ အဆိုပါ ၃ ဖွဲ့အနေနှင့် ကြေညာချက်ထုတ်လိုက်ခြင်းသည် နောက်တကြိမ် တွေ့ဆုံညှိနှိုင်းမှု ဖျက်လိုက်သကဲ့သို့ ဖြစ် သွားခဲ့ပေသည်။ မိမိအမြင်အရဆိုလျင် အဆိုပါကြေညာချက်ကို ထုတ်ပြန်ခြင်းမပြုဘဲ နောက်တကြိမ် သို့မဟုတ် နောက် ထပ်အကြိမ်ကြိမ်တွေ့ဆုံ၍ နှစ်ဖက်လက်ခံနိုင်သည့် အဖြေတခုကို ရှာသွားသင့်သည်ဟု ယူဆပါသည်။ ရပ်တည်ချက်နှင့် နည်းပရိယယ်ပျော့ပြောင်းမှုသည် လက်တွေ့နယ်ပယ်တွင် ကျင့်သုံးရာ၌ အတော်ပင်ရှုပ်ထွေးသည်ကတော့ အမှန်ပင်ဖြစ် သည်။

မည်သို့ဆိုစေ အဆိုပါ ၃ ဖွဲ့ညီလာခံတွင် ပါဝင်လာရေး NCA လက်မှတ်ထိုးရာတွင် ပါဝင်လာရေးသည် NCA လက်မှတ်ထိုး ရာတွင် သို့မဟုတ်ညီလာခံတွင် အားလုံးပါဝင်ရေးအတွက် သော့ချက်ပြဿနာဖြစ်သည်ကတော့ အမှန်ပင်ဖြစ်သည်။ ထို ပြဿနာသည် ပထမအကြိမ်ညီလာခံအပြီးတွင် ဖြေရှင်းနိုင်ရန် ဦးစွာကြိုးပမ်းရမည့် တာဝန်ဖြစ်သည်။ တကယ်တော့ MNDAA နှင့် TNLA တို့မှာ မူလကတည်းက UNFC တွင်ပါဝင်သူများဖြစ်ပြီး ULA/AA မှာလည်း UNFC အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားသူဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေနှင့် NCA ဆွေးနွေးစဉ်ကာလက UNFC နှင့် အတူပါခဲ့သည်ဖြစ်ရာ NCA လက်မှတ်ထိုးရန် မခက်ခဲပေ။ အစိုးရနှင့် တပ်မတော်က လက်တွေ့တည်ရှိနေသောအခြေအနေကို အသိမှတ်ပြု ရန်သာ လိုအပ်ပါသည်။

မိမိအမြင်အရ ခက်ခဲနေသည်မှာ NCA လက်မှတ်ထိုးပြီး တပ်များနေရာချထားမှု ဖြစ်ပုံရသည်။ ရှမ်းမြောက်ရှိ TNLA တပ်ဖွဲ့ တပ်နေရာချမှု အားတပ်မတော်အနေနှင့် သိပ်ပြဿနာမရှိသော်လည်း ကိုးကန့်ဒေသတွင်း MNDAA တပ်များနေရာချထားမှု အထူးသဖြင့် ရခိုင်ပြည်နယ်တွင်း AA တပ်ဖွဲ့များနေရာချထားမှုများနှင့်ပတ်သက်ပြီး တပ်မတော်အနေနှင့်အသိမှတ်ပြုပေး ရန် ခက်ခဲနေဆဲဖြစ်သည်ဟု သုံးသပ်ရပါသည်။ သို့သော် အဆိုပါ ၃ ဖွဲ့ပြဿနာသည် NCA တွင်အားလုံးပါဝင်လက်မှတ်ထိုးရေး ညီလာခံတွင်အား လုံးပါဝင်၍ နိုင်ငံရေးအရဆွေးနွေးဖြေရှင်းရေးအတွက် အရေးပါသည့်သော့ချက်ပြဿနာဖြစ်သည်ကို တော့ သတိပြုကြရမည်ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe ( မောင်မောင်စိုး)