ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ထွန်းဝင်းငြိမ်း ● သခင်အုန်းမြင့် ကိုကိုးကျွန်း ပို့ခံခဲ့ရစဉ်က (၂)


ထွန်းဝင်းငြိမ်း ● သခင်အုန်းမြင့် ကိုကိုးကျွန်း ပို့ခံခဲ့ရစဉ်က (၂)
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၆

● ကျွန်းပေါ်က ထောင်
ကျွန်းမှာ ကျွေးတဲ့အစားအသောက်ကတကယ့်ကိုဆိုးတာဘဲဗျ။ ရောက်ခါစ သုံးရက်လောက်က ဘာမှမပါဘဲ ကျွေးတာ။ အင်္ဂါနေ့တရက်ပဲ လောက်တက်နေတဲ့ ငါးခြောက်ကျွေးတယ်။ ကျန်တဲ့ရက်တွေမှာ ပိုးကိုက်ထားတဲ့ ခပ်ညံ့ညံ့ ပဲဟင်းချိုရယ် ငါးပိစိမ်းစားတဇွန်းနဲ့ လုံးတီး ဆန်ချက်ထားတဲ့ ထမင်းတပန်းကန်စာလောက် တပုံစံရတယ်။ ပုဒ်မငါးဆိုတာ အသား ရှစ်အောင်စရတယ်။ လ္ဘက်ရည်ချို ကော်ဖီ ရတယ်။ ဆပ်ပြာ၊ အုန်းဆီ၊ ကြက်ဥရတယ်။ အဲဒီအခွင့်အရေးတွေ ကျွန်းမှာ ဘာမှမပေးဘဲ အကုန်ရုပ်သိမ်းပစ်တယ်။ နိုင်ငံရေးသမားတွေ စိတ်ဓါတ်ကျပြီး စိတ်ဓါတ်ပျက်ပြားသွားအောင် မသေရုံတမယ် ကျွေးထားတာဘဲ။ ရောက်ခါစ ဘယ်မှမထွက်ရဘူး။ ရေချိုးတောင် မထွက်ရဘူး။ လေး၊ ငါးရက်နေမှ လေးယောက် တတွဲ၊ သုံးယောက်တတွဲ ထွက်ပြီး ရေချိုးရတယ်။

နေရတာက ထောင်ဆိုပေမယ့် ပြည်မမှာရှိတဲ့ထောင်တွေလို မဟုတ်ဘူး။ နေထွက်ရာကိုဝဲ ဦးတည်ပြီး အရှေ့တောင်ခပ် ယွန်းယွန်းကို မျက်နှာမူထားတဲ့ စတုဂံပုံသဏ္ဍာန် သံဆူးကြိုးကာထားတဲ့ဝင်းထဲမှာ သစ်သားအဆောက်အဦး ၁ဝ လုံးကို ၂ လုံးစီဘေးချင်းယှဉ်ပြီး ဆောက်ထားတာ။ စစ်တန်းလျား ဘားတိုက်တွေနဲ့ တူတယ်။

အဲဒီအဆောက်အဦးတွေကို တဆောင်စီခွဲပြီး သံကြိုးတွေ ထပ်ပြီး ကာထားသေးတယ်။ သံဆူးကြိုးဝင်းတွေက သိပ်မကျယ်ပါ ဘူး။ အလျားပေ ၁ဝဝ အနံပေ ၇ဝ လောက်ရှိတာပေါ့။ အဆောင်တွေရဲ့ ဘေးဘက်သံဆူးကြိုးတွေမှာ ဝင်းတံခါးကြီးတွေ တစ်ခုစီထားပြီး တစ်ဆောင်နဲ့ တစ်ဆောင် ကူးဖို့ အမြင့် ၄ ပေ အကျယ် ၃ ပေလောက်ရှိတဲ့ ငုံ့ပေါက် ကလေးတွေ ဖေါက်ထား တယ်။ ဒါပေမဲ့ တံခါးတွေကို အမြဲတန်း ပိတ်ထားတာပဲ။

ကျွန်တော်တို့ရောက်စက အတွင်းသံဆူးကြိုးဝင်းပဲ ကာပြီးကာစရှိသေးတယ်။ နောက်တော့ သံဆူးကြိုးအမြင့်တစ်ထပ် ထပ်ပြီးကာတယ်။ အပြင်သံဆူးကြိုးနဲ့ အတွင်းသံဆူးကြိုးကြားမှာ ပေ ၅ဝ လောက် ကြားအကျယ်ချန်ပြီး ကာထားတာ။ အတွင်းသံဆူးကြိုးက ၁၄ ပေလောက် မြင့်မယ်။ အပြင်သံဆူးကြိုးက ၁၆ ပေလောက် မြင့်တယ်။ အပြင်ဘက်မှာလည်း သံဆူးကြိုးခွေကြီးတွေ အလိပ်လိုက် ချထားသေးတယ်။




မီးဖိုအဆောက်အဦးကြီး ၂ ခုက ထောင်ရဲ့ ဘယ်ညာ ၂ ဘက်မှာ ရှိနေတာ။ တစ်ဖက်က ထမင်းစားခန်း၊ နောက်တစ်ဖက်က မီးဖိုခန်းပေါ့။ နောက်ပိုင်းမှာ ဘယ်ဘက်က မီးဖိုကြီးကို ထောင်ကျမီးဖို၊ ထမင်းစားခန်းကြီးကို ထောင်မှူးကြီးရုံခန်း၊ ညာဘက် အနောက်ဘက်မီးဖိုကြီးကို ပုဒ်မငါး မီးဖို၊ ထမင်းစားခန်းကြီးကို ဆရာဝန်ဆေးပေးခန်းဆိုပြီး ပြောင်းလိုက်တယ်။ ထောင်က ပင်လယ်ကမ်းစပ်နဲ့ ကိုက် ၁ဝဝ လောက် ဝေးတယ်။ ရေမျက်နှာပြင်ထက် ပေ ၄ဝ၊ ၅ဝ လောက် မြင့်တဲ့ သောင်စပ်မြေပြန့်ပေါ်မှာ ဆောက်ထားတော့ ပင်လယ်ရေပြင်ကို မလှမ်းမကမ်းမှာ မြင်နေရတာပေါ့။

● တင်းကြပ်တဲ့ အုပ်ချုပ်ရေး
နေ့တိုင်း ပဲရေလုံပြုတ်နဲ့ လုံးတီးဆန်ပေါ်မှာ ငပိကလေးလက်တဆစ်လောက်ကို အာဟာရအဖြစ် စားနေရတာဘဲ။ စားရေးသောက်ရေးနဲ့ ဆေးလိပ်ပြဿနာက နေ့တိုင်း တိုက်ပွဲဝင်နေရတာ။ ဒါကြောင့်မို့ ထောင်ဝင်းအတွင်းထဲက သဲပေါ်မှာ ပေါက်နေတဲ့ အရွက်နုကလေး တွေကိုနုတ် ရေဆေးပြီး တို့စားကြတာဘဲ။ ဘာပင်လဲ မခေါ်တတ်ဖူး။ မုံလာပင်ပေါက်နဲ့ ခပ်ဆင်ဆင်တူတော့ သဲမုံလာလို့ နာမည်ပေး ထားကြတာ။ ဆေးလိပ်အတွက် ကျွန်တော်တို့ နားပူလွန်းလို့ ဆေးရွက်ကြီး သုံးပိဿာလောက်ရတယ်။ အဲဒီတော့ အတော် အဆင်ပြေ သွားတယ်။ စက္ကူဆိုလို့ အတိုအစမကျန်အောင် ဝါဒါတွေက သိမ်းပစ်လိုက်တော့ လိပ်သောက်ဖို့ စက္ကူမရှိဘူး။ ဒါကြောင့်မို့ ရေချိုးသွားရင်း ရေတွင်းနားမှာ ပေါက်နေတဲ့ သဖန်းရွက်တွေ ကိုခူးပြီး သဲနဲ့ဖိပြီး လိပ်သောက်ရတာ။ အဲဒီ သစ်ရွက်တွေကို ထောင်မှူးတွေ့ရင် သိမ်းပြီး လွှင့်ပစ်တတ်သေးတယ်။

နေထိုင်ရေး ကြပ်တည်းမှုက ပြည်မအကျဉ်းထောင်တွေထက် အများကြီးဆိုးတာပေါ့။ ဒီလိုနေနေရတဲ့အထဲ တခါတလေ သင်္ဘောတွေ လာပြီး ပြန်ထွက်တဲ့အခါ အဆောင်တွေကို တစ်နာရီလောက် ပိတ်ထားသေးတယ်။ သင်္ဘောထွက်သွားပြီးမှ ပြန်ဖွင့်တာ။ အဲဒီအချိန်က နွေရာသီဆိုတော့ သင်္ဘောတွေ စက်လှေတွေ လာတဲ့အခါတိုင်း ရွာမလို့ခေါ်တဲ့ ကျွန်တော်တို့နေရာနဲ့ ၇ မိုင်လောက်ဝေးတဲ့ ကျွန်းရဲ့ မြောက်ဖျားဘက်မှာ ဆိုက်လေ့ရှိတယ်။ အဲဒီရွာမဘက်က သင်္ဘောထွက်တာ ကျွန်တော်တို့ကို ထောင်ပိတ် လူစစ်တာတွေ လုပ်သေး တယ်။ နေ့တိုင်းလည်း တလာစီတယ်။ အပြင်ရေချိုးသွားရင်း ကောက်လာတဲ့ အုန်းမှုတ်ခွက်ပဲ့တွေ ခရုခွံတွေကိုတောင် သိမ်းတတ် သေး တယ်။ အဲဒီခွက်တွေ ခရုခွံတွေက တခြားသုံးဖို့ မဟုတ်ဘူး။ ဟင်းထည့်စားဖို့နဲ့ ဟင်းခပ်ဖို့ ဇွန်းလုပ်ဖို့အတွက်ပေါ့။

ချိုးရေက လက်ယက်ရွံ့တွင်းက ရေတွေချိုးရတာပဲ။ သောက်ရေကလည်း အဲဒီရေကိုပဲ စစ်ပြီး သောက်ရတာ။ ဘယ်လိုပဲစစ်စစ် ထုံးနှစ်နဲ့ မလွတ်ပါဘူး။ ကျွန်တော်တို့ သောက်နေတဲ့ အဲဒီရေတွေကို ရေနွေးကျိုကြည့်လိုက်ရင် အောက်ခြေမှာ ထုံးလက် နှစ်လုံးလောက် တင်နေတာပဲ။ ရောက်ခါစက ကျွန်တော်တို့ထားတဲ့ထောင်နဲ့ ပင်လယ်ပြင်အကြားကွက်လပ်မှာ လေယာဉ်ပျံ ကွင်း  လုပ်ဖို့ဆိုပြီး အဲဒီနေရာက အုန်းပင်တွေကို ဘူဒိုဇာနဲ့ ထိုးလှဲပစ်တယ်။ အုန်းပင် ၇ဝဝ လောက်ရှိတယ်။ ကိုကိုးကျွန်းမှာရှိတဲ့ အုန်းပင်တွေက တစ်ပင်မှာ အလုံး ၃ဝဝ ကျော် ၄ဝဝ လောက် သီးတော့ အုန်းသီး အလွန်ပေါတယ်။ အဲဒီမှာ ဘူလ်ဒိုဇာမောင်းတဲ့ တပ်သားက အုန်းသီးတွေတင်လာပြီး သံဆူးကြိုး ကနေ ငတ်နေတဲ့ ကျွန်တော်တို့ကို ပေးတာတောင် အစောင့်ထောင်ကြပ်က ပေးခွင့်မပြုဘဲ ဖမ်းပြီး ရုံးတင်သေးတယ်။

● ပထမကိုကိုးကျွန်း ရောက်ကြသူများ
ကျွန်တော်တို့ကျွန်းမှာ နေခဲ့ရတဲ့အခေါက်ကို ပထမကျွန်းလို့ခေါ်ကြတယ်။ ဇင်ယော် တထပ်သင်္ဘောနဲ့ ပို့တဲ့ အဲဒီအခေါက်မှာ ဗမာပြည် ကွန်မြူနစ်ပါတီက လေထီးဗိုလ်အုန်းမောင်၊ လမ်းစဉ်သတင်းအယ်ဒီတာ ကိုစောလွင်၊ ပမညတ သခင်ဗမောင်၊ မုတ္တမ သခင်ဗတင်၊ ပမညတ ကိုလှဝင်း၊ ငြိမ်းချမ်းရေးအဖွဲ့ ဗိုလ်ထွန်းစိန်၊ အလံနီ ကိုကိုလေးစတဲ့သူတွေ ၅၂ ယေက်ပါလာ တာပေါ့။ ကျွန်တော်တို့အပြင် ဒုတိယအသုတ်နဲ့ တတိယအသုတ် ထပ်ရောက်လာသေးတယ်။ ၁၉၅၉ ခု မတ် ၁၉ မှာ ဒုတိယအသုတ်ရောက်တယ်။ သခင်ဖေဌေး၊ ပမညတတွေနဲ့ ပုဒ်မငါး ၅ဝ ကျော်လောက် ပါတယ်။ သခင်ဖေဌေးနဲ့ ဟင်္သာ တခရိုင်က ဗကသ ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုအောင်ချမ်း၊ ကိုမောင်မောင်ကြီး၊ ကိုအောင်ထွန်း၊ ပီစီပီက ကိုဖိုးဆင့်အပါအဝင် ပုဒ်မငါး အကျဉ်းသား ၂ဝ ကျော်လောက်ကို ဘိုကလေးမြို့နယ်ထဲက ဂေါ်တူးကျွန်းအကျဉ်းထောင်ကနေ ခေါ်လာတာ။




တတိကအသုတ်က ၁၉၅၉ ခု မေလ ဂ ရက်မှာ ရောက်တာပေါ့။ ပုဒ်မငါး ၂၈ ယောက်ပါတယ်။ ဗိုလ်ချုပ်အကို ဦးအောင်သန်း ဆရာဇော်ဂျီရဲ့ညီ ဖျာပုံဦးလှသောင်း၊ သခင်မြသန်း၊ သခင်ခင်ဇော်၊ ကိုခင်မောင်အုန်း၊ ကိုဖေအောင်၊ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးအဖွဲ့က ဝတ်လုံကိုထွန်းတင်၊ မြသန်းတင့်၊ ကိုတင်စိုး၊ ကိုသန်းစော၊ ဖိုးသာဘေးတို့ ပါကြတယ်။ သုံးသုတ်ပေါင်း ၁ဝဝ ကျော် ရှိတယ်။ ဒုတိယ ကိုကိုးကျွန်းဆိုတာ ဗိုလ်နေဝင်းအာဏာသိမ်းတဲ့ တော်လှန်ရေးကောင်စီတက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်တော့ အကုန်လိုက်ဖမ်းထားတဲ့ တိုင်းရင်းသားတွေ၊ ဗကသ၊ တကသ ကျောင်းသားခေါင်း ဆောင်တွေ၊ လက်ဝဲနိုင်ငံရေးသမားတွေထဲက ၂၃ဝ ကျော် ကျွန်းပို့တဲ့ အခေါက်ကို ပြောတာ။ သူတို့က ၁၉၆၉ ကနေ ၁၉၇၁ ထိ သုံးနှစ်နီးပါးကြာ ကျွန်းမှာနေခဲ့ရတာ။ ကျွန်တော်တို့ ပထမ ကျွန်းက တနှစ်ကျော်လောက်ပဲ နေခဲ့ရတာပေါ့။

● အစာငတ်ခံတိုက်ပွဲ
၁၉၅၉ ခု ဒီဇင်ဘာလ ၁ ရက်နေ့မှာ အလံနီပါတီက သခင်ဖေဋ္ဌေးက တစ်ဦးချင်းအနေနဲ့ အစာငတ်ခံတိုက်ပွဲ စတိုက်တယ်။ သူ့ရဲ့ တောင်းဆိုချက်တွေက လုံးဝလွှတ်ပေးရေး၊ ပြည်မထောင်သို့ ပြောင်းရွှေ့ပေးရေးနဲ့ ပုဒ်မ ၅ အခွင့်အရေး အပြည့်အဝ ရရှိရေး၊ ရရှိထားတဲ့ အထူးတန်းအခွင့်အရေးများ ရရှိရေးတွေပေါ့။

သခင်ဖေဋ္ဌေးက ထောင်ထဲမှာ ၁၁ နှစ်ကျော် ကြာအောင်နေနေရတဲ့သူ။ ၁၉၄၉ ခုနှစ်လောက်က အဖမ်းခံရပြီး မတရားသင်း ပုဒ်မနဲ့ ထောင် ၂ နှစ်ချထားတာ။ နှစ်စေ့တော့ လွှတ်မပေးဘဲ ပုဒ်မ ၅ နဲ့ ဆက်ပြီးတော့ ချုပ်ထားတာ။ သူက နှိပ်စက်ခံရတဲ့ ဒဏ်တွေကြောင့် ခေါင်းနဲ့ လည်ပင်းကြီးစောင်းပြီး ခြေလက်တွေ မသန်စွမ်းသူဖြစ်တယ်။ လမ်းသွားရင် တုတ်ကောက်နဲ့ထောက် နားနားပြီးသွားရတာ။ ရေချိုးတဲ့အခါ၊ ထမင်းစားတဲ့အခါ၊ နောက်ဖေးနောက်ဖီသွားတဲ့အခါ လူတစ်ယောက်အကူအညီ မပါဘဲ မဖြစ်နိုင်ဘူးပေါ့။

သူလို ဒုက္ခသည်ကြီးတစ်ယောက်ကို နှစ်ရှည်လများလည်း ဖမ်းဆီးထားသေးတယ်။ ဂေါ်တူကျွန်းထောင်ကနေ ကိုကိုးကျွန်း ထောင် ပို့ပြီးတော့လည်း ညှင်းပန်းထားသေးတယ်။ သည်းမခံနိုင်လောက်အောင် ဖြစ်နေရတော့ ထိပ်ဆုံးကနေ တိုက်ပွဲဝင် တော့ တာပေါ့။ သခင်ဖေးဋ္ဌေးက ဒီဇင်ဘာလ ၁ ရက်နေ့မှာ အစာငတ်ခံဆန္ဒပြဖို့ အာဏာပိုင်တွေကို အကြောင်းကြား လိုက်တာနဲ့ သူတို့လည်း တော်တော် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတာပဲ။ သခင်ဖေဋ္ဌေးအနေနဲ့ တစ်ဦးချင်းဆုံးဖြတ်ချက်အရ လုပ်တာဖြစ်ပေမယ့် သူ့တိုက်ပွဲကို တခြားပါတီ အဖွဲ့အစည်းတွေက ထောက်ခံကြပါတယ်။ ဝန်းရံပေးဖို့ ဆုံးဖြတ်ထားကြတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မီးပြသင်္ဘောနဲ့ ဒုတိယထောင်မင်းကြီးဦးငြိမ်းလှိုင် ဗဟိုလုံခြုံရေးကောင်စီက အထူးတာဝန်နဲ့ စေလွှတ်လိုက်တဲ့ ဗိုလ်ကြီးလှမောင်တို့အပြင် တခြား ဗိုလ် ၃၊ ၄ ယောက်ပါလာတယ်။ ရောက်ရောက်ချင်းပဲ ထောင်ထဲကို လှည့်ပတ်ကြည့်ပြီး သခင်ဖေဋ္ဌေးနဲ့ သွားတွေ့တယ်။ ထောင်မင်းကြီးနဲ့ ဗိုလ်ကြီးလှမောင်တို့က သခင်ဖေဋ္ဌေးကို သည်းခံပြီး စောင့်ပေးပါ။ တောင်းဆိုချက်တွေကို စာနှင့်ရေးပြီး တောင်းဆိုကာ အစာငတ်ခံတိုက်ပွဲကိုရပ်လိုက်စေချင်တယ်။ တောင်းဆို ချက်တွေကို စဉ်းစားပေးပါမယ်ဆိုပြီး ကတိပြုဝန်ခံပြောဆိုတော့ သခင်ဖေဋ္ဌေးက အဲဒီနေ့မှာပဲ အစာငတ်ခံတိုက်ပွဲကို ရပ်ပေး လိုက်တယ်။

ပြည်မမှာလည်း အိမ်စောင့်အစိုးရသက်တမ်းပြည့်ခါနီး နောက်အစိုးရကို အာဏာလွှဲရတော့မှာတွေနဲ့ ကျွန်းတိုက်ပွဲကို ဆက် ပြီး မကြီးထွားစေချင်တာလည်းပါမှာပေါ့။ အဲဒီကာလကစပြီး ရေဒီယိုနားထောင်ခွင့်တွေ ပြန်ရတယ်။ ကျွန်းကို စရောက်က တည်းက ရုပ်သိမ်းထားတဲ့  ပုဒ်မငါး အခွင့်အရေးတွေ ပြန်ပေးတယ်ဆိုပြီး ဆေးလိပ်၊ နို့ဆီစသောပစ္စည်းတွေ ထုတ်ပေးတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့လောက် ကျတော့ ပါလီမန်ဖျက်သိမ်းလိုက်တဲ့သတင်းတွေ ရွေးကောက်ပွဲကျင်းပပေးတော့မယ်ဆိုတဲ့ ကြေညာချက်တွေကို ကြားရတော့တာပေါ့ဗျာ။

● နှုတ်ဆက်ခဲ့ပြီ ကျွန်းဌာနီ
ဒီဇင်ဘာလ ၂၃ ရက်နေ့ ညဘက်မှာ ကိုကိုးကျွန်းမှ နိုင်ငံရေးအကျဉ်းသားတွေကို ဒီဇင်ဘာလ ၃၁ ရက်နေ့အမီ ပြန်ခေါ် မည်ဖြစ်ကြောင်း ရေဒီယိုက ကြားရတယ်။ အဲဒီနေ့ကစ သင်္ဘောလာမည့်ရက်ကိုမျှော်ပြီး နိုင်ငံရေးအကျဉ်းသားတွေ ပျော်ကြ တာပေါ့။ ၈ ဆောင်ဘက်က စာရေးဆရာမြသန်းတင့်၊ ကိုတင်စိုး၊ ဘိုးသာတေး၊ ကိုခင်မောင်အုန်းတို့ လူသိုက်တွေက မြို့မ ငြိမ်းရဲ့ ပြည်တော်ဝင်သီချင်းကို သံပြိုင်ဆိုနေကြတာဘဲ။ အစောင့်ဝါဒါများတွေလည်း ဘာမှမတတ်နိုင်ဘူး။ တံခါးတွေလည်း အလိုလိုပွင့်နေပြီ။ ထောင်ဝင်းထဲမှာရှိတဲ့ အုန်းပင်တွေက အုန်းသီးတွေကိုလည်း ထောင်မှူးတွေအလစ်မှာ အစောင့်ဝါဒါတွေ ရှေ့မှာပဲ အကုန်တက်ခူးပြီး စားပစ်လိုက်ကြတာ။ 




ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ အထူးလွှတ်လိုက်တဲ့ သီဟသင်္ဘောက ကိုကိုးကျွန်း ၇ မိုင် အကျဉ်းထောင်ကို ဆိုက်ကပ်လာ တယ်။ ညနေ ၅ နာရီလောက်မှာ ထောင်က ကျွန်တော်တို့အားလုံး လူ ၁ဝဝ ကိုထုတ်ပြီး သင်္ဘောပေါ်ကို တင်ထားလိုက်တယ်။ နောက်နေ့ နံနက် ၆ နာရီခွဲလောက် ထွက်ပြီး ကျွန်းမြောက်ဖက်ဖျားလေယာဉ်ပျံကွင်းတည်ရှိတဲ့ ရွာမဘက်က တံတားဆောက် ဖို့ တိုင်းတာနေကြတဲ့ ဗမာ့ရေတပ်မတော်က အင်ဂျင်နီယာတွေ တင်ခေါ်ခဲ့တာ။ မနက် ၁ဝ နာရီလောက် ထွက်လာပြီး ရန်ကုန်ကို နောက်တစ်နေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့တစ်နာရီမှာ ရောက်တယ်။

● အင်းစိန်က နောက်ဆုံးနေ့ရက်များ
ဒီရောက်တော့ ကျွန်တော်တို့ကို အင်းစိန်ထောင်ကြီး ပို့လိုက်တာပေါ့။ ကျွန်တော်တို့ ကိုကိုးကျွန်းပြန်တွေကို သီးခြားတိုက်ထဲ မှာ ထားတယ်။ သက်ဆိုင်ရာတွေရဲ့ အထူးအမိန့်အရ သီးခြားခွဲထားတာတဲ့။ အင်းစိန်ထောင်ရောက်တော့ ထောင်ဥပဒေ အတိုင်း ခံစားခွင့်တွေ အတိအကျရတော့ စားသောက်နေထိုင်ရေးက အဆင်ပြေပါတယ်။ ဘယ်တော့လွှတ်ပေးမယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ နောက်တခု က ကိုကိုးကျွန်းထောင်ထက်ဆိုးဝါးတဲ့ ဂေါ်တူကျွန်းထောင်ပို့ပစ်မယ်ဆိုတာတွေနဲ့လည်း ခြိမ်းခြောက်တုန်းပဲ။ ထောင်ထဲက ဆိုရိုး စကားတခုရှိတယ်။ ထောင်ဆိုတာ အဝင်လွယ်သလောက် အထွက်ခက်သတဲ့။ သိပ်မှန်တာဘဲ။ ဖမ်းတုန်းက လွယ်လွယ်လေး ထည့်လိုက် တာဘဲ။ သူတို့က လွှတ်ပေးဖို့ကျတော့ နည်းမျိုးစုံနဲ့ စီစစ်လိုက်တာ။ ရိုက်နှက်၊ ခြိမ်းခြောက်၊ နိုင်ငံရေး အညွန့်ကျိုးအောင် ကတိဝန်ခံချက် လက်မှတ်တွေ ထိုးခိုင်း။ စိတ်ဓါတ်တွေ မပျက်ပျက်အောင် ငွေကြေးတွေ၊ ရာထူးတွေ၊ အခွင့်အရေးတွေနဲ့ နိုင်ငံရေးသမားတွေကို ဖျက်ဆီးပစ်တယ်ဆိုတာ စစ်အုပ်စု ထုံးစံဘဲ။

၁၉၆ဝ ခု ဇန်နဝါရီ ၁၆ ရက်နေ့မှာ တစ်သုတ်၊ မတ်လ ၃၁ ရက်နေ့မှာ တစ်သုတ် လွှတ်ပေးတာ ကျွန်တော်တို့မပါဘူး။ ကျွန် တော်တို့က လက်မှတ်လည်း မထိုးဘူး။ ကျန်တာတွေလည်း မလိုက်လျောကြတော့ နောက်ဆုံး မေလ ၁၄ ရက်နေ့ လွှတ်တဲ့ အသုတ်မှ ကျွန်တော်ရယ် ကိုစောလွင်၊ ကိုလှဝင်း၊ ကိုအောင်ဘန်း၊ ကိုခင်မောင်အုံးတို့ လွတ်လာတော့တာပါပဲ။

ထွန်းဝင်းငြိမ်း                                                
(၁၃-၉-၂ဝ၁၆)
သခင်အုန်းမြင့် (၂၈-၄-၁၉၁၈ မှ ၁၇-၉-၂ဝ၁ဝ) ကွယ်လွန်ခြင်း ၆ နှစ်မြောက် အမှတ်တရ ဂါရဝအဖြစ် ရေးသားပါတယ်။