ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လွင်(ဘော်တွင်း) - ညို ရဲ့ကမ္ဘာ




လွင်(ဘော်တွင်း) - ညို ရဲ့ကမ္ဘာ
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၆


ညိုအိပ်လိုက်ဦးမယ်။ အိပ်ရင်အိပ်မက်မက်တယ်လေ။ အိပ်မက်ထဲမှာက ပျော်စရာကောင်းတယ်။ ညို့ရဲ့လက် တွေ့ဘဝက အိမ်ရှင်မ။ ကလေးတွေငယ်တုန်းကတော့ ညိုပျော်ပါတယ်။ သူတို့ကိုသေချာမစောင့်ရှောက်နိုင်မှာ စိုးလို့ ညိုအလုပ်ထွက်ပြီး အိမ်ရှင်မဘဝခံယူခဲ့တာ။ အခုတော့သူတို့တွေကြီးကုန်ပြီ။ ငယ်ငယ်တုန်းကလို ညိုကပဲ အကုန်လိုက်လုပ်ပေးနေစရာ မလိုတော့ဘူး။ အငယ်ဆုံးတကောင်ပဲ၊ ညို့ကိုသိပ်ကပ်တယ်။ သူလဲအချိန်တန် ရင် ညို့အနားကခွာသွားမှာပါ။ အခုတော့ အိမ်ရှင်မလုပ်ရတာ ညိုမပျော်တော့ဘူး။ ဒါကြောင့် ညိုငယ်ငယ်လေး က တည်းက မက်ခဲ့တဲ့အိပ်မက်ကို ပြန်ရောက်သွားအောင် ညိုအိပ်နေတာပေါ့။

ညိုက လုပ်ငန်းတွေကို ဦးစီးဦးဆောင်ပြုနေတဲ့ပ ညာရှင်အမျိုးသမီးတယောက်ဖြစ်ချင်တာ။ ဒါကြောင့် ညိုအိပ်မက် ထဲမှာ အောက်စဖို့ဒ်တက္ကသိုလ်မှာ ပညာသွားသင်တယ်။ အများအားကျရတဲ့ အမ်ဘီအေကို ပီအိပ်ခ်ျဒီရသည် အထိတက်မယ်လေ။ ညိုကဉာဏ်ကောင်းတယ်။ တခါတလေတော့လည်း ကိန်းဘရစ်ခ်ျမှာတက်တယ်။ တခါ တုန်း ဖကတက္ကသိုလ်မှာဆိုတဲ့ကိုရီးယားကားကြည့်ပြီးတော့ ညိုဟားဗတ်မှာလည်း သွားတက်လိုက်သေးတယ် လေ။ ဟားဗတ်မှာတုန်းကတော့ ညိုက ဥပဒေပညာသင်တာ။ မင်းသမီးတက်တဲ့ ဆေးတက္ကသိုလ်မဟုတ်ဘူး။ ဇာတ်လမ်းထဲမှာ မင်းသမီးက သူ့ချစ်သူမင်းသားကိုပြုစုဖို့အိမ်ရှင် မအလုပ်တွေပါကြိုးစားလုပ်တယ်။ အဲဒါကို ညိုမကြိုက်ဘူးလေ။

ညိုက မားဂရက်သက်ချာတို့၊ ကိုရာဇန်အကွီနိုတို့၊ မြန်မာနိုင်ငံမှာဆို ဒေါ်ခင်မျိုးချစ်တို့၊ ဒေါ်ခင်နှင်းယုတို့၊ အခု ခေတ်ဆို အမေစုပေါ့၊ သူတို့ကိုသိပ်အားကျတာ။ ဟီလာရီကလင်တန်တော့ သိပ်အားမကျပါဘူး။ သူ့ယောက်ျား နာမည်ကြီးပါနေလို့။ ဒါပေမယ့် ဒေါ်နယ်ထရန့်ကိုနိုင်အောင်ပြိုင်ဖို့တော့ ညိုအကြံပေးချင်တယ်။ ထူးချွန်ထင်ရှား တဲ့အမျိုးသမီးတွေဆိုရင် ညိုကသိပ်အားကျတာ။ ညိုလည်း သူတို့လို ဖြစ်ချင်တာ။ အိပ်မက်ထဲမှာဆို ညိုဖြစ်ချင် တာဖြစ်လို့ရတယ်လေ။ ဒါကြောင့်အိပ်မက်မက်အောင် ညိုအိပ်နေတာပေါ့။

တခါတလေတော့လဲ ညိုက လုပ်ငန်းရှင်အဖြစ် အိပ်မက်မက်တတ်ပြန်တယ်။ အလုပ်သမားအများကြီးကို အလုပ် ပေးထားနိုင်တဲ့ လုပ်ငန်းရှင်ကြီးပေါ့။ ဘာလုပ်ငန်းလည်းဆိုတော့ အမျိုးမျိုးပဲ။

ညိုက ကလေးတွေအတွက် ဘောင်းဘီလေးတွေ၊ အိမ်နေရင်းဝတ်စရာအင်္ကျီလေးတွေချုပ်နေရင် အထည်ချုပ် စက်ရုံပိုင်ရှင်ကြီးပေါ့။ အလုပ်သမလေးတွေအများကြီးနဲ့။ ညိုကမိန်းမဆိုတော့ အမျိုးသမီးကလေးတွေရဲ့ဘဝကို ကောင်းကောင်းစာနာနိုင်တာပေါ့။ ညိုက ကလေးမလေးတွေကို အမြဲဆုံးမတယ်။ အိမ်ထောင်မပြုကြနဲ့။ အိမ် ထောင်ပြုလိုက်ရင် ငါ့လို အိပ်မက်ထဲမှာပဲ ပျော်နေရလိမ့်မယ်လို့ပေါ့။ သူတို့နားမထောင်ပါဘူး။

ချက်ပြုတ်နေတဲ့အချိန်မျိုးဆိုရင်တော့ ညိုက စားသောက်ဆိုင်ပိုင်ရှင်၊ တခါတလေတော့လည်း စားသောက်ကုန် လုပ်ငန်းရှင်ကြီး ဖြစ်နေရော။ ညိုက ဖောက်သည်တွေကိုသိပ်ဂရုစိုက်တာကြောင့် ညို့ရဲ့အစားအစာတွေကိုလူ တွေသိပ်ကြိုက်ကြတာပေါ့။ ညိုစီမံတဲ့အစားအစာတွေက ကျန်းမာရေးနဲ့ညီတယ်။ အဟာရပြည့်ဝစေရမယ်လေ။ စားဖိုမှုးအဖြစ်တော့ အိပ်မက် မမက်ပါဘူး။ နေ့စဉ်နဲ့အမျှ မီးဖိုချောင်ထဲမှာ ချွေးတလုံးလုံးနဲ့ ချက်ပြုတ်နေရ တာမျိုး ညိုမကြိုက်ဘူး။

လျော်ဖွပ်၊ မီးပူတိုက်နေတဲ့အချိန်မျိုးဆိုရင်တော့ ညိုမက်ချင်ရာကိုလျောက်မက်နေတာပဲ။ တခါတလေ နိုင်ငံ တကာကပုဂ္ဂိုလ်တွေနဲ့ ညိုအစည်းအဝေးလုပ်တယ်။ တခါတလေတော့လည်း မဲဆွယ်ပွဲအတွက် စည်းရုံးရေးမိန့် ခွန်းတွေ ခြွေတယ်။ လွှတ်တော်မှာ အဆိုတင်သွင်းနေတဲ့အခါလည်း ရှိတယ်။ ဘာတွေပြောနေလဲဆိုတာတော့ မသိပေမယ့် ညိုဟာတကယ့်ကိုအရေးပါတဲ့နေရာမှာရောက်နေတာပဲ။ တရက်ကဆို ညိုက ကုလသမဂ္ဂအတွင်း ရေးမှုးချုပ်ဘန်ကီမွန်းနဲ့တောင်လက်ဆွဲနှုတ်ဆက်လိုက်သေးတယ်။

ညို့ရဲ့အိမ်ကို ဖိတ်ဖိတ်လက်နေအောင်သန့်ရှင်းရေးလုပ်နေရင်းနဲ့တော့ ညို့ငယ်သူငယ်ချင်းတွေနဲ့ပြန်တွေ့ကြ တာမျိုး မက်တတ်တယ်။ ညိုတို့ရှေးဟောင်းနှောင်းဖြစ်တွေပြောကြတယ်။ သူငယ်ချင်းတွေက ညို့ကိုအားကျနေ ကြတာလေ။ ငယ်ငယ်ကတည်းက စာတော်တဲ့ညို့ကို ဒီလိုလျှမ်းလျှမ်းတောက်အဖြစ်မြင်ရတာ သူတို့အတွက် တော့သိပ်မဆန်းပါဘူး။ ညိုသွားခဲ့တဲ့နိုင်ငံခြားခရီးစဉ်တွေအကြောင်း၊ ညိုတက်ခဲ့တဲ့ တက္ကသိုလ်တွေအကြောင်း ပြောပြရင်သူတို့ စိတ်ဝင်တစားနားထောင်ကြတယ်။ ညိုကမာနမကြီးပါဘူး။ သူငယ်ချင်းတွေကို အရင်လိုပဲ ခင် တာပဲ။ သူတို့မှာပြဿနာတွေကြုံတွေ့လာကြရင်လဲ ညို့ကိုအားကိုးတကြီး တိုင်ပင်ကြတယ်။ ညိုကအကြံဉာဏ် ကောင်းတွေပေးနိုင်တယ်လေ။ သူငယ်ချင်းတယောက်ကတော့ပြောတယ်။ ညို့ကိုအနားယူပါဦးတဲ့။ ဒီလိုဆက် တိုက်လုပ်နေရင် ကျန်းမာရေးထိခိုက်လိမ့်မယ်တဲ့။

သားလေးကိုပုံပြင်ဖတ်ပြနေရင်းနဲ့ ညိုက စာရေးဆရာဖြစ်သွားသေးတယ်။ စာပေဟောပြောပွဲတွေက ဖိတ်လိုက် ကြတာ လက်မလည်နိုင်ဘူး။ နောက်တော့ စာရေးဖို့တောင် အချိန်မရတော့လို့စာပေဟောပြောပွဲတွေကို အကန့် အသတ်နဲ့ပဲ လက်ခံဖို့ဆုံးဖြတ်လိုက်ရတယ်။ နှုတ်တစ်ရာ၊ စာတစ်လုံးတဲ့။ ညို့လိုအောင်မြင်တဲ့ အမျိုးသမီး တယောက်အနေနဲ့ မိန်းကလေးတွေအတုယူနိုင်ဖို့ စာတွေအများကြီးရေး ရမယ်လေ။

ညိုက နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံအတွက် တိုင်းရင်းသားတွေကိုစုစည်းဖို့ခရီးထွက်ရဦးမယ်။ ဒါကြောင့် အခု အဝတ်အစားတွေမီးပူတိုက်ပြီးထည့်နေတာလေ။ ခရီးကကြာမယ်မဟုတ်လား။ ဝေးလည်း ဝေးတယ်။ ကလေးအဝတ်ကလေးတွေလဲထည့်မှ။ ဒုက္ခသည်စခန်းက ကလေးတွေအတွက် ပေးရအောင်။ သူတို့ဆီမှာမိုး တွေအရမ်းရွာနေတယ်လေ။ စားသောက်စရာလေးတွေလည်း ထည့်ရမယ်။ ညို့ကလေးတွေ ကျောင်းသွားရင် ထည့်ပေးသလိုမျိုး။

ညိုဈေးသွားရတာတော့ စိတ်ညစ်တယ်။ တရက်က ဈေးသည်တစ်ယောက်နဲ့  ညိုတို့အိမ်နားက မိန်းမတယောက် ညို့အတင်းပြောနေတာကြားခဲ့တယ်။ “ခပ်ဂေါက်ဂေါက်ရယ်” ဆိုလား။ သူတို့က ညို့ကိုမနာလိုနေတာလေ။ သူတို့က ညို့လို အိပ်မက်တွေ မမက်တတ်ဘူးလေ။

ရှင့်ကိုပြောပြနေရတာနဲ့ ညို့အိပ်မက်တချို့တောင် လွတ်သွားပြီ။ ရပါတယ်လေ။ ညိုက ဒီလိုစာနယ်ဇင်းသတင်း ထောက်တွေနဲ့ အင်တာဗျူးလုပ်ရတာမျိုး မကြာခဏမက်နေကြပါ။ အို-အို၊ ညိုကနာမည်ကြီးသရုပ်ဆောင်လည်း မဟုတ်၊ အဆိုတော်လည်းမဟုတ်ပါဘူး။ အောင်မြင်တဲ့အမျိုးသမီးတယောက်ဆိုတော့ ဒီလိုပဲ ဘာတွေလုပ်နေလဲ တို့၊ လတ်တလော ဘာအစီအစဉ်တွေရှိနေလဲတို့။ အခုဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ညို့ဆီက ထင်မြင်ချက်တောင်းတာမျိုးတို့ပါ။ ဒီလိုပဲ၊ ညို့ရဲ့နိုင်ငံရေ စီးပွားရေးအမြင်တွေက ကိုးကားစရာဖြစ်လာတော့ လာလာမေးကြတာပေါ့။ အခုတော့ ညိုပြန်အိပ်လိုက်ဦးမယ်။ ဖူးလ်ဘရိုက်စကော်လာအတွက် ညို့ကိုရွေးချယ် လိုက်တဲ့အကြောင်း အိပ်မက်မက်မလို့။

လွင်(ဘော်တွင်း)