ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဂျော်ဒီး - မိုးမခရွာ ဂေဇက် (၉)


ဂျော်ဒီး - မိုးမခရွာ ဂေဇက်  (၉)
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၆

    မိုးမခရွာလယ် ညောင်ပင်ကြီးအောက်တွင်  မိုးမခရွာသားကလေးငယ်များ ငြိမ်သက်စွာ စုဝေးနေ
ကြသည်..။ တကယ်ဆို သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလမို့   သူတို့ ဆူညံပျော်ရွှင်စွာ ဆော့ကစား
နေသင့်သည်မဟုတ်ပါလား..။ သို့သော်.. ယခုတော့သူတို့အားလုံး တိတ်ဆိတ်စွာ..မျက်နှာများ ညှိုးငယ်လျှက်..။ အချင်းချင်း အသံတိုးတိုးဖြင့်သာ..စကားပြောနေကြသည်..။

         “ခုလောက်မှ မတွေ့ရင်တော့  အသက်နဲ့ကိုယ်..မြဲပါ့ဦးမလားကွာ.။ ချင်းတွင်းမြစ်ကလည်း  ရေစီးက
သန်သန်နဲ့.. အလောင်းတောင်ပြန်ရဖို့  ခက်တယ်ပြောတယ်.”
   
         “လူ (၈၀)ကျော်. ပျောက်နေတုန်းပဲတဲ့ကွ..။အလောင်းပြန်ရတာက  (၆၀) ကျော်ပြီတဲ့”

         “သီတင်းကျွတ်ကျောင်းပိတ်ရက် ပြန်တဲ့ ကျောင်းသူလေးတွေ.. ဆရာမလေးတွေ များတယ်တဲ့ကွ”

           “ သီတင်းကျွတ်ကျောင်းပြန်ဖွင့်ရင်  သူတို့စာသင်ကျောင်းကလေးတွေက  တပည့်လေးတွေဆီ
သူတို့  ဘယ်ပြန်နိုင်တော့မလဲ ကွာ.။သူတို့ တပည့်လေးတွေတော့  ငိုနေတော့မှာပဲ.”

          “အခုကို  သူတို့မိဘဆွေမျိုးတွေ ငိုနေကြတာ..ကြည့်ပြီး  ငါတောင် ငိုချင်လာလို့ ငိုမိတာဟယ်”

          “အမြန်ရေယဉ်ကလည်း  ဘာလို့ တင်နိုင်တဲ့ လူထက် ပိုတင်ရတာတဲ့လဲနော်”

       “အေးလေ.. လူ ၁၀၀ လောက်တင်နိုင်တာကို  လူ(၃၀၀)လောက်တောင် တင်ရတယ်လို့၊ ဒီရေယာဉ်ပိုင်ရှင် တော်တော်လောဘကြီးတာပဲကွာ..တောက်

            “ရေယာဉ်မောင်းသမားလည်း  လောဘကြီးတာပဲကွ.။ ပိုင်ရှင်မသိပဲ… သူအောက်ဆိုဒ်ရအောင် ပိုတင်တာများလား..။ လူတင်မကဘူး..ကုန်တွေကလည်း  အပြည့်တဲ့..ကွ။ ရေယာဉ်ခေါင်မိုးပေါ်မှာတောင်.
. လူတွေတက်စီးရတယ်ဆိုကတည်းက  စဉ်းစားသာကြည့်ကွာ”

          “တကယ်ဆို….စီးတဲ့သူတွေကလည်း  ဒီလောက်မနိုင်ဝန်ထမ်းနေရတဲ့ ရေယာဉ်ကို မစီးသင့်
ပါဘူးဟယ်..။ ကိုယ့်အသက်မှ ကိုယ်တန်ဖိုးမထားကြဘူးတဲ့လား”

ကလေးများ စိတ်မကောင်းစွာ မချိတင်ကဲ ပြောဆိုနေချိန်တွင်  ဦးဦးသာဂိတစ်ယောက်ရောက်လာပြီး..

           “စီးတဲ့သူတွေကို  အပြစ်မတင်ကြပါနဲ့ ကလေးတို့ရာ...။ တချို့ ဒေသတွေမှာ… သွားရေးလာရေး
 လမ်းပန်းဆက်သွယ်ရေးက  အရမ်းခက်ခဲကြတယ်ကွဲ့။ တစ်ပါတ်နေမှ  မော်တော်လေးတစ်စီး ဆိုက်တဲ့ နေရာတွေ.မှာဆို ဒီတစ်စီးသော ရေယာဉ်ကလေးကိုပဲ  ကျောင်းပိတ်ချိန်နဲ့အမီ  အသက်ကို ဖက်ရွက်လိုသဘောထားပြီး  စီးရ လိုက်ရသူတွေရှိတယ်..ကွ။ လူပဲကွာ… သေမယ်မှန်းသိတဲ့လမ်းကို  ဘယ်လိုက်ချင်ပါ့မလဲ.။ ဘယ်လိုမှ မဖြစ်သာ မရွေးသာတဲ့ လမ်းမို့ လိုက်ခဲ့ကြရတာဖြစ်မယ်ကွ

“ဘာလို့..သူတို့ဒေသမှာ ဒီလောက် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲကြရတာလဲ ဦးဦးသာဂိရယ် ..။ အဲဒီလိုဒေသတွေကို  ..လမ်းပန်းဆက်သွယ်ရေးတွေ မခက်ခဲအောင် ဘယ်သူမှ မကူညီပေးနိုင်ဘူးတဲ့လား"

     “ကူညီပေးနိုင်တာပေါ့။ ကူညီပေးသင့်တာပေါ့ ကွာ”

“ဘယ်သူက ကူညီနိုင်မလဲ…။ ဘယ်လို ကူညီနိုင်မလဲ..။ ကျမတို့ရော ကူနိုင်လား.. ဦးဦးသာဂိ”

 “ အဓိက တာဝန်ရှိသူကတော့  အစိုးရပေါ့ကွာ..။ အစိုးရဆိုတာ  ဒေသတိုင်းကို လမ်းပန်းဆက်သွယ်
ရေး ချောမွေ့အောင် စီစဉ်ကြပ်မတ် ဆောင်ရွက်ပေးရမယ်..။ အခုလို အဖြစ်ဆိုးမျိုးကို သူ့အုပ်ချုပ်မှုအောက်က ဘယ်နေရာမှာမဆို  မဖြစ်အောင် ကြိုတင်ကာကွယ်ရမယ်..။ ဖြစ်ခဲ့ရင်လည်း.. တာဝန်ပျက်ကွက်သူတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် တာဝန်ယူရမယ်..။ ကလေးတို့ ကြားလိုက်ကြမှာပေါ့..။ ပြီးခဲ့တဲ့  နှစ်တွေတုန်းက တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းသားလေးတွေ
 လေ့လာရေးထွက်တဲ့  ရေယာဉ်မှောက်ပြီး ကျောင်းသား တွေ ရာချီပြီး အသက်ဆုံးရှုံး ကြတာလေ”

        “ မှတ်မိတယ်..ဦးဦးသာဂိ..။ အဲဒီတုန်းက  သူတို့ဆီက တာဝန်ရှိသူ ၀န်ထမ်းတဦးကတောင် ကိုယ့်ကိုယ်ကို သတ်သေသွားသေးတယ် မဟုတ်လား....”

“အေး..ဟုတ်တယ်ကွ..။ အခင်းဖြစ်ဖြစ်ချင်း တောင်ကိုရီးယား သမတကလည်း  ၀မ်းနည်းကြောင်း နိုင်ငံကို
ထွက်တောင်းပန်ရတယ်..။ တာဝန်ရှိတဲ့ ပို့ဆောင်ရေးဝန်ကြီးဆို  တာဝန်က နေနှုတ်ထွက်သွားရတယ်။
ဒါမျိုးဆိုတာ.. တာဝန်ရှိတဲ့ဝန်ကြီးက သူ့ဖာသာ  နှုတ်ထွက်တာမျိုး မလုပ်ရင်တောင် အစိုးရက ထုတ်ပယ်ပစ်တာမျိုး ၊ အပြစ်ပေးအရေးယူတာမျိုးတွေ..လုပ်ရမှာကွ..။ နောက်.. လူတွေကိုလည်း  အသိပညာပေးရမယ်..။ ခုနလို  လောဘဇောတက်ပြီး မနိုင်ရင်ကာတင်တာမျိုးတွေ မလုပ်ဖို့..။ လူ့အသက်ကို တန်ဖိုးထားဖို့..။ သတ်မှတ် စည်းကမ်းတွေကို တိတိကျကျ လိုက်နာတတ်ဖို့..။ ဒါမျိုးတွေက  အစိုးရက ဥပဒေနဲ့ တိတိကျကျကိုင်တွယ်ဖို့ လိုသလို.. လူထုပညာပေးလုပ်ငန်းတွေကို လူထုကပါ  ၀ိုင်းဝန်းဆောင်ရွက်လာအောင် လိုက်နာလာအောင် ကူညီရမယ်ကွ..။ ခုန.. သမီးတို့ရော ဘာကူညီနိုင်မလဲဆိုရင်.. ဒီလို အသိပညာပေးတာတွေမှာ ကူညီနိုင်တယ်။
 စည်းကမ်းလိုက်နာတတ်အောင် ကျင့်ကြံနေထိုင်ခြင်းနဲ့ လည်း  ကူညီနိုင်တယ်..။ ကိုယ်တိုင် လိုက်နာသလို.. ကိုယ့်ပတ်ဝန်းကျင်ကို အသိဖြန့်ဝေပေးပြီးတော့လည်း  ကူညီနိုင်တာပေါ့ကွာ..။ ဒီလို စိတ်ဓါတ်တွေများလာဖို့ လိုတယ်ကွ..။ တကယ်တော့ တို့ဆီမှာ ၂၀၁၅ နိုဝင်ဘာတုန်းကလည်း ကလေးဝ အထက်နားမှာ မနိုင်ရင်ကာ တင်လို့ စက်လှေမှောက်ပြီး  လူအသက်တွေ ဆုံးရှုံးရတာ .. လူရာချီပြီး အလောင်းတောင်ပြန်မရခဲ့တာ တွေဖြစ်ဖူးတယ်..။ မကြာသေးဘူး.. အခု ချင်းတွင်းမြစ်ထဲမှာပဲ.. ထပ်ဖြစ်ပြန်ပြီ..။ ဘယ်ကောင်းမလဲကွာ..။ နောက်ဖြစ်လာခဲ့ရင်… ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခေတ်မီ စက်ကရိယာတွေသုံးပြီး  အမြန်ဆုံး ထိထိရောက်ရောက် ကယ်တင်နိုင်အောင်  စီမံနိုင်ရမှာ..။ အခုတော့..။ ကဲပါလေ.... ချင်းတွင်းမြစ်ထဲက ရေယာဉ်တိမ်းမှောက်ရာမှာ  အသက်ဆုံးရှုံးရသူတွေ.. ၀မ်းနည်းပူဆွေးရတဲ့ မိသားစုတွေကို  စာနာတဲ့အနေနဲ့ အခုကပဲစပြီး ကိုယ်တတ်နိုင်တဲ့ နေရာကပဲ အသိပညာ လက်ဆင့်ကမ်းကြပေတော့ကွာ..။ နောက်တခါ ဒီလို အဖြစ်ဆိုးမျိုး  ထပ်မကြားရပါ
စေနဲ့လို့ပဲ  ဆုတောင်းပါတယ်ကွာ”

“ဟုတ်ကဲ့.. ဦးဦး..” ကလေးများက သံပြိုင် ကတိပေးလိုက်ကြသည်။

             ထိုစဉ် ခပ်လှမ်းလှမ်းမှ ထော်လာဂျီကြီး တန်းကြီး တစ်တန်း အိပဲ့..အိပဲ့ဖြင့်  မောင်းလာသည်ကို
တွေ့ လိုက်ရသည်။ ရှေ့ ဆုံးထော်လာဂျီကို  ဦးဆောင်မောင်းလာသူကား မိုးမခရွာ၏ နာမည်ကျော်
ဒီမိုမယ်တော်ကြီး မယ်မယ်ဒီ ပင်။

        နောက်ထော်လာဂျီများပေါ်တွင်လည်း  မိုးမခရွာသားများ ရွာလုံးကျွတ်နီးပါး အပြည့်အသိပ်လိုက်ပါ
လာကြသည်။ ထော်လာဂျီနံရံများ ခြေနင်းခုံများတွင်ပင်  တွယ်ဖက်လိုက်ပါလာသော မိုးမခရွာသားများကို
ကြည့်ရသည်မှာ ကထိန်ပွဲများတွင်တွေ့ရသော ပဒေသာပင်ကြီးများပမာ    အခိုင်လိုက် အပြွတ်လိုက်..။

မယ်မယ်ဒီခမျာ သူခေါင်းဆောင်မောင်းလာသော ထော်လာဂျီကြီးကို ရှေ့ မှ လမ်းဖြောင့်ဖြောင့် မောင်းနိုင်ဖို့  မနည်းကြိုးစားရုန်းကန် မောင်းနှင်နေရလေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ဦးဆောင်လမ်းပြထော်လာဂျီ ပေါ်တွင် ခိုးရာပါ စိန်အိုးရွှေအိုးကြီးများကို ဆင့်ကာဆင့်ကာ ရွက်ထားသော ရွာလူကြီးဟောင်း
“သူခိုးသီရိသုဓမြ.. ဦးဗိုလ်ချုပ်ကြီး” တို့တစ်သိုက်က ၀တ်ကောင်းစားလှများဖြင့် ဆူညံစွာ အောင်ပွဲခံ လိုက်ပါလာသောကြောင့် ပင်တည်း။

ဘာပဲဖြစ်ဖြစ် ကလေးများကား.. ဒီမိုမယ်တော်ကြီးကို အထူးချစ်ခင်လေရာ အော်ဟစ်နှုတ်ဆက်လေသည်။

“မယ်မယ်ဒီ.. ထော်လာဂျီတွေနဲ့ ဘယ်သွားမလို့လဲ။”

မယ်မယ်ဒီကား ပြုံးရွှင်ကြည်လင်စွာ

             “၂၁ရာစု.. ငြိမ်းချမ်းရေးရွာကထိန်ပွဲကို သွားမလို့ကွဲ့..။ ကလေးတို့ ရော .. လိုက်ကြဦးမလား..”

မယ်မယ်ဒီကသာ  လိုက်ကြမလားမေးနေသည်..။ သူ့ထော်လာဂျီပေါ်တွင်.. ဦးဗိုလ်ချုပ်ကြီးတို့..
ဦးခရိုနီတို့ မိသားစုများနှင့်သာ.. အပြည့်ဖြစ်နေလေပြီ။ နောက်ထော်လာဂျီများပေါ်တွင်လည်း   လူပဒေသာ
ပင်များဖြင့်  အပြည့်။
                        
              “လိုက်မယ်..လိုက်မယ်..”

            ချမ်းမြက   အငယ်ဆုံးလေးပီပီ လိုက်ချင်ရှာသည်။

“ဟဲ့…ချမ်းမြ.. ငါတို့ထိုင်စရာမပြောနဲ့ ရပ်စရာတောင်မရှိတော့ဘူး..။ သူ့ထော်လာဂျီပေါ်တက်ရင် ကိုင်စရာ လက်နက်ရှိမှဟဲ့..။ နင်တို့ ငါတို့ လက်ကလေးတွေက   ဖြူဖြူစင်စင်လေးတွေရယ်”

             ဂျော်ဒီးက အစ်မကြီးပီပီ ဆရာလုပ်ဟန့်တားလိုက်သည်..။

တူမောင်ညိုက  ကြံကြံဖန်ဖန် စပ်စုတတ်သူပီပီ ထော်လာဂျီဘီးများကို  ကုန်းကုန်းကွကွ လိုက်ကြည့်ရင်း.
သူ့သူငယ်ချင်း မိုးမခရွာသားကလေးများကို  အော်ကြီးဟစ်ကျယ် သတိပေးလိုက်သည်။

      “ ဟာ..ထော်လာဂျီတွေရဲ့ ဘီးတွေမှာ  "၂၀၀၈ ခုနှစ်တွင်  နာဂစ်ကုမ္မဏီမှ အထူးစီမံပြုလုပ်သည်" လို့  ရေးထားတယ်ကွ..။မလိုက်နဲ့..မလိုက်နဲ့။ ဒီ ၂၀၀၈ နာဂစ်ကားဘီးတွေနဲ့ သွားရင်တော့ ဂျောက်ထဲကျဖို့ များမယ်ကွ။ တို့ မယ်မယ်ဒီအတွက်တောင် စိုးရိမ်လှသကွာ။ ”

“ ဟေ..ဟုတ်လား..။ နာဂစ်ဆိုတာ လူတွေ သောင်းချီသေတဲ့ မကောင်းဆိုးရွားကုမ္မဏီကွ။ ဒါဆို မလိုက်ကြနဲ့ဟေ့”

             ကလေးများ အချင်းချင်းသတိပေးကာ နောက်ဆုတ်လိုက်ချိန်တွင် ထော်လာဂျီပေါ်မှ လူပဒေသာပင်ကြီးများဆီမှ  

            “မလိုက်ရင်နေဟေ့..။ ၂၁ရာစု ငြိမ်းချမ်းရေးရွာ ကထိန်ကို သွားဖို့တော့ ဒီထော်လာဂျီတွေပဲ စီးဖို့ ရှိတယ်။ ချောက်ထဲကျကာမှ  ကျေရာ။ နင်တို့ငချွတ်ကလေးတွေ မလိုက်ချင်ရင်… ကျန်ရစ်ကြပေတော့ဟေ့”
ဟူသော အသံတချို့ ကို ကြားလိုက်ရသည်။

   မယ်မယ်ဒီ ဦးဆောင် မောင်းနှင်သွားသော..ငြိမ်းချမ်းရေးရွာ ကထိန်သွား  အိပဲ့..အိပဲ့ ထော်လာဂျီကြီးတန်းကြီးကို ကြည့်ရင်း ဦးဦးသာဂိနှင့်အတူ ကလေးတစ်သိုက်မှာ စိတ်မသက်မသာ ကျန်ခဲ့ရှာသည်။ ဦးဦးသာဂိက

             “မယ်မယ်ဒီလမ်းမှာ ဒီ ၂၀၀၈ နာဂစ်ကားဘီးကြီးတွေကို ဖြုတ်ပြီး  ဘီးအသစ်လဲ နိုင်ပါစေကွာ။ ဒါမှ သူသွားလိုတဲ့ ငြိမ်းချမ်းရေးရွာကထိန်ကို.. ချောချောမောမော ခရီးရောက်မယ်။ လမ်းကြောင်းလွဲရင် တစ်ခုခုဖြစ်ရင်တော့ ချင်းတွင်းမြစ်ထဲက.. “အောင်ကျော်စိုးမိုး”   ရေယာဉ်မောင်းသူလိုပဲ    မယ်မယ်ဒီမှာ သမိုင်းနဲ့ ချီပြီး  တာဝန်ပိလေတော့မယ်။ မယ်မယ့်ဒီ  နောက်မှာ  သူ့ဦးဆောင်မှုကို ယုံကြည်လို့ ပါလာတဲ့လူတွေက  အများကြီး မဟုတ်လား” ဟု ခေါင်းတရမ်းရမ်းနှင့် ပြောလိုက်လေသည်။    ။