ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်ကြီးပြည်စိုး ● ဘဝဟောင်းက လိပ်ပြာ

မောင်ကြီးပြည်စိုး ● ဘဝဟောင်းက လိပ်ပြာ
(မိုးမခ/သစ်ခက်သံလွင်) အောက်တိုဘာ ၅၊ ၂ဝ၁၆


ဘယ်ခေတ်ကအဆိုလဲတော့သူမသိ။

ရောမလား၊ ခေါမလား၊ ဂရိခေတ်လား သူမသိတော့။

လူတယောက် မြစ်တမြစ်ကိုနှစ်ခါမဆင်းနိုင် ဟုဆိုကြသည်။ သူကတော့ထိုမြစ်ကိုပင် အခါခါဆင်းခဲ့ ဖြတ်ခဲ့ပြီးပြီ။ ဖြတ်ရအုံး မည်။ ထိုမြစ်က မြစ်သေမြစ်တစင်းပဲဖြစ်မည်။ သို့မဟုတ် မြစ်သေတစင်းလိုဖြစ်နေတာမျိုးလည်း ဖြစ်နိုင်သည်။ သို့မဟုတ် ငြိမ်သက်စောင့်စားနေသော မြစ်တမြစ်လည်း ဖြစ်နိုင်သည်။

သေချာတာက ရေတို့သည် မစီးဆင်း၊ လှိုင်းတို့သည် ခေါင်းမကြွ တေးမဆို ငြိမ်သက်လွန်းလှသည်။ ထိုမြစ်သည် နက်သည် တိမ်ကောသည် စသည်ဖြင့် သည်လိုဆို၍လည်း မရစကောင်း။

မြစ်တို့မည်သည် စုန်းရင်းဆန်ရင်း စီးရင်းတေးဆိုကြသည်သာ။ သို့သော် သူဖြတ်သန်းလာသောမြစ် ကဖြင့် တေးလည်းမဆို ရေလည်းမစီးခဲ့သည်မှာကြာပြီး။ အင်း သည်သို့ဆိုရမည်းလား။ မြစ်သေမြစ် တစင်းလို။

တခုတော့ရှိသည်။ ထိုမြစ်က သူဘဝဟောင်းထဲက မြစ်တစင်းသာဖြစ်သည်။ သူမျောခဲ့ လွှင့်ခဲ့ စုန်ခဲ့ ဆန်ခဲ့ရသော အရင်ဘဝ ကမြစ်ဖြစ်သည်။

ယခု သူ ဒုတိယဘဝမှာရောက်နေသည်။ အတိတ်ဟောင်းကို မမေ့သော ဒုတိယဘဝဖြစ်သည်။ သိုက်ကြိုး မဖြတ်ရသေးသော ဒုတိယဘဝဖြင့် ဘဝဟောင်းကို သူမှတ်မိလွန်းဆွတ်နေသည်။ ဘဝ ဟောင်းက အဖေအမေ ညီအကိုမောင်နှမတို့၏မျက်နှာများ အဖြစ်သနစ်ဟောင်းများကို သူလွမ်းတ သတိရနေသည်။ သူငယ်ချင်းတွေ မိတ်ဆွေဟောင်းတွေက အစ။ သူအထိုင်စွဲခဲ့သည့် ကော်ဖီဆိုင် လေးကိုလည်း အောက်မေ့တမြမြ။ ဘုံဆိုင်ကလေး၌ ဖန်ခွက်ချင်း ထပ်ခနဲခတ်လိုက်တာလေးက အ စ သူ့စွဲလမ်းစိတ်မှာမြဲနေသည်။ စွဲနေသည်။ ဖန်ခွက်တွေကိုင်ရင်း မြှောက်ချီလိုက်ကြသည့် လက် မောင်းလက်ရုန်းများ … ။

အရင်ဘဝနှင့် ယခုဘဝသည် ပိတ်ကားချပ်ကြီးပေါ် မီးဆလိုက်များထိုးချလိုက်သည့်အခါ ရုပ်ပုံကား ချပ်များ သက်ဝင်လှုပ်ရှား လာသည့် ညလုံးပေါက်ဘိုင်စကုပ်ကြည့်ရသည်နှင့်လည်း တူသည်။ ထိုပိတ်ကားချပ်ကြီး အလယ်ခေါင်ခြားလျက် ဘက်နှစ် ဖက်လုံးကနေ သူကြည့်ခဲ့ဖူးသည်။ နှစ်ဖက်လုံးက ကြိုက်သလိုကြည့်၊ ဇာတ်လမ်းဇာတ်ထုပ်ကတော့ တခုတည်း၊ ခုလည်း သူ့အဖြစ်က သည်လိုသာ။ သည်ဘဝကကြည့်လျှင်လည်း သည်ဇာတ်လမ်း သည်ဇာတ်ထုပ်။ အရင်ဘဝကြည့်ခဲ့ရတုန်း က လည်း သည်ဇာတ်လမ်းသည်ဇာတ်ထုပ်။ ပါးလွှာသော ပိတ်ကားဖြူဖြူသည် ဟိုဘက် ဒီဘက် ထုတ်ချင်းပေါက် လှမ်းမြင်နေ ရပုံမျိုး။ ဘဝနှစ်ဆက်က အဲ့သည်လောက် တဆက်တစပ်တည်း တဇာတ်လမ်းတည်း။

အခုညဆိုရင်ပဲသိသာလှသည်။ ဘဝဟောင်းကအသံတခုသည် မှေးပျော်စသူ့ကို လှုပ်နှိုးလိုက်သည်။ ဖုန်းထဲကအသံက လွင်သည်။ ယခင်လို တရင်းတနှီး။ပြီးတော့ မပြန်ချင်ဘူးလားဟင်တဲ့။ ဘဝဟောင်းကိုမပြန်ချင်ဘူးလားတဲ့။ ခနိုးခနွဲ့နှင့်ခြောက်ကပ်နေတော့သည့် အမေ့ထမင်းဝိုင်းလေးဆီကိုလား။ အသွင်တူငှက်တို့ခိုနားရာ လမ်းကြားလေးတခုထဲက ကော်ဖီဆိုင် လေးဆီကိုလား။

ခေါ်သံက လွင်လှချိုလှသော်လည်း လိပ်ပြာကတော့ ဝရုန်းသုန်းကားနိုင်လှစွာ လှုပ်ခတ်ကျန်ရစ်သည်။ အမြဲတမ်းလို ထုံငိုက်မျဉ်းနေသောစိတ်သည် ယာယီထိုးကပ်ထားသော ဆိပ်ကမ်းက ထွင်းလှေတစင်းကို သင်္ဘောဦးနှင့်ဝင်တိုးခံလိုက်ရသလို ကစဥ့်ကလျားလှုပ်ခါယိမ်းထိုးသွားသည်။ ဘောင်ဘင်ခပ်ရင်း လူးကာလှိမ့်ကာ ကျန်ခဲ့သည်။ ဒါ လိပ်ပြာခေါ်သံလေ များလား။

ဘဝဟောင်းကခေါ်သံပေလား။ အရင်ဘဝက တရင်းတနှီးနိုင်လှသော ထိုသူမ၏အသံက သူ့ကို ရုတ်ချည်းအသက်နုတ်ယူ လိုက်သလို မှင်တက်ကျန်ရစ်သည်။ ဘဝဟောင်းက ခေါ်နေလေပြီ။ ငါ့ကိုသိုက်က ပြန်ခေါ်နေပြီ မိန်းမရေ။ စိတ်ထဲက ကြုံး အော်ပစ်နေရသည်။ ချွေစေးတို့နှင့် စေးထန်း နွမ်းလျနေသည်။ နှုတ်ခမ်းတို့က တင်းစေ့ပိကပ်နေသည်။ လူတကိုယ်လုံး ဘီလူးစီးထားသလို လှုပ် မရပြုမရ။

တော်တော်ကြာကြာနေကာမှ မိန်းမကနိုးလာသည်။ သူ့အဖြစ်ကိုကြည့်ပြီး မိန်းမက ... “တော်..ဘာဖြစ်နေတာလဲ” ဆိုပြီး သူ့ကိုယ်ကို ခပ်ကြမ်းကြမ်းလှုပ်ခါလှုပ်ကာ မေးလိုက်သည်။

ရေတခွက်သောက်သည်။ သက်မျှဉ်းမျှဉ်းပြန်ရှူသည်။ စိတ်ကိုသတိနှင့် တင်းတင်းဆုပ်ထားလိုက်သည်။

“ရှင်ဘာဖြစ်နေတာလဲ၊ မျက်လုံးတွေချာချာလည်နေတာပဲ၊ ရူးများနေပြီလားတော်”

သူ့မိန်းမက ချွေးစေးတွေနှင့် နုံးချည့်ချည့်ဖြစ်နေသည့် သူ့ဖြစ်အင်ကိုကြည့်ရင်းပြောသည်။

သူက “ငါ့ကို ဘဝဟောင်းကပြန်ခေါ်နေပြီကွာ” ဟု တိုတိုတုတ်တုတ် ဖြေလိုက်သည်။

မိန်းမ၏မျက်လုံးကြီးများပြူးကျယ်သွားကာ “ဘုရားရေ”

သူ့ကိုယ်သူ ပြန်လည်သတိထားမိသွားသောအချိန်တွင် သူသည် ဥစ္စာစောင့်ဘဝဖြင့် ဒုတိယဘဝ သို့ရောက်ရှိနေမှန်း လက်ခံ လိုက်သောအချိန်လည်း ဖြစ်သည်။

“နေပါအုံး ရှင်က ဥစ္စာစောင့်ဘဝကလာတာဆိုရင် အရင်ဘဝကပစ္စည်းတွေ ဘယ်မှာရှိတယ်ဆိုတာ မမှတ်မိဘူးလား။ သွား တူးချေရအောင်လေ”

“…ကျမ မရှင်းဘူးရှင့်၊ ရှင့်ဟာက သိုက်ကပြန်ခေါ်နေတယ်လည်းဆိုသေးတယ်။ ဥစ္စာစောင့်က ဖုန်း တွေဘာတွေသုံးတတ် လို့လား”ဟု မိန်းမက ဘူးလုံးနားမထွင်းဟန်နှင့် ထပ်မေးသည်။

သူက ခုခေတ်ဥစ္စာစောင့်တွေမှာ ဖုန်းနှင့်ဘာနှင့်၊ ကွန်ပြူတာနှင့်အီးမေးနှင့်အင်တာနက်နှင့် စကိုက်ပီနှင့် ဖြစ်ကုန်ကြပြီဆို တာလည်း မပြောချင်တော့။ ပြောလျှင်လည်း အရင်ဘဝဟောင်းနှင့်အခုဘဝကြား ပြန်လည်ဆက်စပ်ရမည့်စကားတွေကို အရိပ်မျှအယောင်မျှ ပြောကြဆိုကြရတာတွေအပေါ် ဒီမိန်းမ နားမလည်မှာ သိနှင့်နေတာလည်းပါသည်။

“ရှင့်ကို အရိပ်အယောင်ရောပြသေးလားရှင်ရယ်။ ဘယ်လိုနေတုန်း၊ ခေါင်းမှာ နတ်စိမ်းတွေလို ဘောင်းတော်တွေ ဘာတွေ စွပ်လျက်ကြီးနဲ့လားဟင်”

မိန်းမမေးသမျှသူမဖြေ။ ဖြေလည်းမဖြေတတ်။ မဖြေတတ်လို့ တုံဏှိဘာဝေလုပ်နေတော့ မိန်းမက ပိုပြီး အကဲပါလာသည်။
“ဟုတ်တယ် ဟုတ်တယ် ရှင့်ကြည့်ရတာ အရင်လိုကိုမဟုတ်ဘူး။ တမှိုင်မှိုင် တတွေတွေနဲ့။ လိပ်ပြာ ကြိုးဖြတ်မှဖြစ်မယ်။ တော်ကြာ …။ အမယ်လေးတော်၊တွေးရင်း ကြက်သီးတောင် ထတယ်တော့”

ထိုမှစ၍ သူ့အိမ်တွင် ဘုရားပန်းတွေ တချိန်လုံးဝေလာသည်။ ကက်ဆက်က ပရိတ်သံလည်း စဲသည်ဟူ၍ မရှိတော့။ ပါးစပ်ကလည်းအမြဲတမ်း တရွရွလှုပ်နေရာ ပူစီပေါင်းတွေ အမြှုပ်တွေထွက်လာမလား အောက်မေ့ရသည်။ သူ့ကို ကြည့်သည့် အကြည့်ကလည်း လူတယောက်နှင့်တယောက် အထူးသဖြင့် လင်နှင့်မယား ကြည့်ပုံကြည့်ပေါက်မျိုးမဟုတ်တော့ဘဲ တ ကယ့်ရာဇဝင်သိုက်နန်းကားထဲက အကြည့်မျိုးဖြင့် မသိုးမသန့်ကြည့်လာသည်။ ဒီမိန်းမဖြင့် ခက်ပါပြီဟု သူက စိတ်ထားမှာ ထားလိုက်သော်လည်း ထိုမိန်းမသည် နာနာဘာဝတကောင်ကို လက်ခံထားရပုံမျိုးနှင့်သာ သူ့ကို တုံ့ပြန်လာခဲ့ပြီ။

ဟူး..မတတ်နိုင်ဘူး မိန်းမရေ၊ ငါ့ကိုတော့ ဘဝဟောင်းက ပြန်ခေါ်နေတာအသေအချာပဲဟု သက်ပြင်းတမချကာ ကိုယ့်ဘာ သာ ညည်းပြောပြောမိသည်။

တကယ်လည်း သူအဖြစ်က ဘဝဟောင်းကပြန်ခေါ်လေသည်နှင့်မခြားဟု သူခံစားနေရသည်။ သူ့ဘာသာလည်း မေးခွန်း ထုတ်မိသည်။ အခု လက်ရှိဘဝက ငါ့ဘဝအစစ်လား။ အရင်နေခဲ့ထိုင်ခဲ့ ဖြတ်သန်းခဲ့ရတာက ငါဘဝအမှန်လား။သူကိုယ်တိုင်မကွဲပြား။ ဘဝနှစ်ခုက အရောရောအထွေးထွေး။ အဖြစ်သနစ်တွေ မြင်ကွင်းပုံရိပ်တွေ အသံဗလံတွေ စကားလုံးတွေ အားလုံးအရောရော အထွေးထွေး။

ဘဝနှစ်ခုလုံးမှာ မက်ခဲ့ရသည့် သူ့အိမ်မက်တွေကလည်း မထူးခြားမကွဲပြား။အားလုံးအတူတူ။အရင် ဘဝကလည်းသူ ဒီအိပ် မက်ကို မက်ခဲ့သည်။ ယခုဘဝမှာလည်း ဒီအိမ်မက်အပြင် အခြားဖောက်ထွက် မလာ။ ဘဝဟောင်းမှသခင်က လိပ်ပြာကြိုးကို အညှာကိုင်ထားလေရော့သလား။

ဖြစ်ပုံကတိုက်တိုက်ဆိုင်ဆိုင်။ သည်တလောလေးမှာပဲဖြစ်သည်။ ဘာကြာဦးမလဲ။

လွန်ခဲ့တဲ့တလ ကျော်လောက်ကပဲဖြစ်သည်။ လောလောလတ်လတ် သူနေထိုင်ရာမြို့လေးသို့ သူ့အစ်မတယောက် ဗြုန်းစား ကြီးပေါက်ချလာသည်။ သူတို့မောင်နှမခြောက်ယောက်ထဲတွင် ထိုအစ်မက အကြီးဆုံး။ ခြေလေးတဖက် မသန်စွမ်းရတဲ့အထဲ ဘဝက မလှမပရှာ။ အခုအသက်(၆ဝ) နားနီးသည့် တိုင် ခေါင်းရွက်ဗျက်ထိုး လမ်းဘေးဈေးသည်ဘဝဖြင့် ရုန်းနေရသေးသည်။ သားလေးတွေချည်းမွေးထားရာ ပညာရေးမှာချွန်ကြသော်လည်း အစ်မက ငါတော့ ကျောင်းမထားနိုင်တော့ဘူးဟာ၊ သူတို့ ကျောင်းစရိတ်က မသေးဘူးဟုဆိုသည်။ သူ နားပင်းသလိုလို လုပ်နေလိုက်သည်။ စိတ်ထဲကတော့မကောင်း။ နောက် အစ်မတယောက်ကတော့ လေးဖက်နာဖြစ်ရာက နောက်ဆုံး ဆေးမကုနိုင်တော့၍ သက်တမ်းမစေ့မီ ဆုံးပြီ။

အမေရော နေကောင်းရဲ့လားဟုမေးတော့ အစ်မကြီးလုပ်သူက အမေ့အခြေအနေကို ပြောပြသည်။ အမေ့အသက်က-၇၅။ သတိတွေမကောင်းတော့ပါဘူးဟာ။ အဖေ့ဓာတ်ပုံကိုကြည့်ပြီး နင်လို့ပဲထင်နေတယ်။ နင်နဲ့အဖေနဲ့ကိုလူချင်းမကွဲတော့ဘူး။ ဟိုတလောက အိမ်ပေါ်ကချော်ကျလို့ လက်တဖက်လည်း ကျိုးနေသေးတယ်။ လက်ကျိုးကြီးနဲ့ လျှောက်လျှောက်သွားနေလို့ နင့်တူတွေက နောက်က တကောက်ကောက် လိုက်နေ ရတယ်လေ။

သူ့ရင်ထဲ နင့်ခနဲဖြစ်သွားပြီး မျက်ရည်စို့လာသည်။ အမေက လမ်းထိပ်ပိတောက်ပင်အောက်ကနေ ညနေညနေဆိုရင် လမ်းမ ဘက်ထွက်ထွက်ပြီး မျှော်နေတတ်သတဲ့။ ဘဝဟောင်းက သူ့ကိုလား။ ဆုံးသွားတဲ့ အဖေ့ကိုလားတော့မသိ။ ဗေဒင်မေးရတာ လည်း အမောပါပဲဟာ။

နင့်မှာဂြိုဟ်စီးဂြိုဟ်နင်း မကောင်းဘူးလို့များ ဗေဒင်ဆရာကဟောရင် ချေလိုက်ရတဲ့ ယတြာ၊ သူမို့ မမောတယ်။ တော်သေး တယ် ဘုရားမှန် တရားမှန်းတော့ သိသေးလို့။ ညရောမနက်ရော ခိုးလိုက်ရတဲ့ ဘုရား။ တောင်းလိုက်တဲ့ဆု။ နင့် အကြောင်း ချည်းပေါ့ဟာ …တဲ့။

ဒါနဲ့ တလောက အိမ်ကိုသန်းခေါင်စာရင်းလာစစ်သေးတယ် ငါ့မောင်ရဲ့။ ရဲရော ဘာရောပါတယ်ဟ။ သူတို့ကအမေ့ကို အ ဘွားကြီး ခင်ဗျားသားလာရင် သတင်းလာပို့နော်။ ထိန်ချန်ထားရင်ကတော့ ဥပဒေအတိုင်းပဲဆိုပြီးပြောသွားလို့ အမေရယ်လေ အဲဒီ့တလော မျက်နှာလေးညှိုးနေလိုက်တာ၊ တော်တော်နဲ့ကို မပြေတော့ဘူးဟာ။ ထမင်းတောင် ကောင်းကောင်းမစားလို့ အမေရယ် အမေ့သားက ရာဇဝတ်သားမှ မဟုတ်တာဘာညာနဲ့ မနည်းချောမော့ကျွေးရတာ။ အင်း သူတို့က သက်ကြီး ရွယ်ကြီးတောင် ခြိမ်း လားခြောက်လားလုပ်ကြတာလေ။ အဲဒီလို ငါ့မောင်၊ အဲဒီလို။

ခြေကလေးထော့နင်းထော့နင်းနှင့် အမ်မပြန်သွားတော့ ဘာကိုမှမကူညီလိုက်နိုင်။ အခုဘဝမှာ လည်း အရင်ဘဝနည်းတူစွာ ရယ် ဘာရယ်ရှာဖွေတတ်တဲ့ကောင်မှမဟုတ်ဘဲလား အစ်မရယ်၊ ခွင့်လွှတ်တော့ဟု စိတ်ထဲက ကန်တော့လိုက်ရသည်။ သြော် ဒီတသက် ပြန်မှဆုံနိုင်ကြဦးမလား အမေရယ်။

ထိုကြေကွဲမှုက ဘဝဟောင်းက သူ့လိပ်ပြာကို ပြန်လည်နိုးဆွကာ ချန်ရစ်ခဲ့သည်နှင့်မခြား။

ထိုရက်ပိုင်းများမှာပင် မိတ်ဆွေဟောင်းတယောက်ဆီက သူ့ဆီအီးမေးတစောင် ဝင်လာသည်။ ဓာတ်ပုံတချို့လည်း အတက် ခ်ျဖိုင်နှင့် ပို့လိုက်သေးသည်။ အနောက်တိုင်းရုပ်ရှင်တွေထဲက မြင်တွေ့နေကျ ပုံမျိုးတွေဖြစ်သည်။ တခါဖူးမက စိတ်ကူးယဉ် ထားပုံပင်မပေါ်သည့် ဝတ်စုံမျိုးတွေကို သူတို့တော် တော်နေသားတကျ ဝတ်ဆင်ထားတတ်ကြပြီ။ လူတွေက ဒီမှာနေတုန်းက နှင့်မတူ။ တသွေးတမွေး စိုရွှမ်းနေကြသည်။ မျက်လုံးတွေက လက်နေကြသည်။ အပြုံးတွေလည်း ဝင်းပနေ ကြသည်။

သူပြန်တွေးကြည့်တော့ ထိုမိတ်ဆွေသည် သူ့၏ ဒုတိယဘဝထဲမှာဖြစ်ကာ သူသည်လည်း ထိုမိတ်ဆွေ၏ ဒုတိယဘဝထဲ ကပင်ဖြစ်နေသည်။ သူလက်ခနဲပြုံးဖြစ်သွားသည်။ အင်း လက်စသတ်တော့ ဒီလူလည်း ဥစ္စာစောင့်ပဲဟာကိုးဟု အတွေးဝင် သွားပြီး ပြုံးမိသွားခြင်းဖြစ်သည်။ သူတို့ကတော့ ဒုတိယဘဝကိုလွန်ကာ တတိယဘဝသို့ပြောင်းသွားခဲ့ပြီ။ သူ့မိန်းမစကား နှင့်ဆိုရင်တော့ လိပ်ပြာကြိုးဖြတ်ပြီး ဘဝတွေပြောင်းသွား တာပဲဖြစ်မည်။ ပထမဘဝလိပ်ပြာကြိုးကို ဖြတ်လိုက်တာလား၊ ဒုတိယ ဘဝလိပ်ပြာလိပ်ပြာကြိုးကိုဖြတ်လိုက်တာလား နှစ်ခုလုံးများလားတော့ သူမသိ။

သူဆက်တွေးသည်။ သူ့ပတ်ဝန်းကျင်ကို အခြေခံပြီးတွေးသည်။ သူမြင်နေကျ တွေ့နေကျသူများအကြောင်းများကိုတွေး သည်။ အားလုံးကို သူက သူ့လိုဥစ္စာစောင့်တွေ အဖြစ်သာမြင်နေသည်။ ဟုတ်တယ်။ အားလုံးဟာ ပထမဘဝက ဝေဒနာတွေနဲ့ ဒုတိယဘဝကို ရောက်လာကြတာ။ ကိုယ်စီကိုယ်စီတွင် ပထမဘဝတုန်းက နှောင်ကြိုးတွေရှိမည်။ ဘဝဟောင်းက လိပ်ပြာ နှောင်ကြိုးတွေ။ သို့သော် သူ့မိန်းမထင်သလို ရာဇဝင်သိုက်ကားထဲက ဥစ္စာစောင့်တွေလိုမျိုးတော့ ဟုတ်မည်မထင်။

သူတို့စောင့်ခဲ့ကြသည်က စိန်ရွှေရတနာ ကျောက်သံပတ္တမြားများမှ မဟုတ်တာပဲလေ။

တခုတော့ရှိသည်။ တချို့ကျတော့ ဘဝဟောင်းနှင့်အဆက်ပြတ်ကာ အခုဘဝက ရတနာဥစ္စာတွေ အပေါ်ငြိတွယ်ရင်း သည် ဘဝကို စွဲကောင်းစွဲနေနိုင်သည်။ ဒုတိယဘဝရောက်ကာမှ တကယ့်ပိဘိ ဥစ္စာစောင့်ဘဝ ရောက်သွားတာမျိုးလည်း ခြွင်းချက် အဖြစ် ရှိကောင်းရှိမည်။ ဒါတော့ သူ သေသေ ချာချာ မပြောနိုင်။

သူကတော့ ဘဝဟောင်းကခေါ်သံတွေသာ ကြားကြားနေရသည်က များလာသဖြင့် ညညများတွင် ဖိုလှိုက် တုန်ရင်နေအောင် မောလျ ပင်ပန်းနေသည်။ နေရာမျိုးစုံက ပုံစံမျိုးစုံ သဏ္ဌန်မျိုးစုံနှင့် ခေါ်နေ ကြသည်များ၊ လိပ်ပြာခေါ်သံများ။

ညကြီးမင်းကြီး အိပ်ရာထဲမှာ ငေါက်ခနဲ ထထိုင်ဖြစ်တော့ မိန်းမကပါ ပြူးပြူးပျာပျာဖြစ်ကာ နိုးလာသည်။ ပြီးတော့ ရေတခွက် ကိုခပ်ကာ ဖန်ခွက်ကိုကိုင်ရင်း ပါးစပ်က ဆီမန်းမန်းသလို တတွတ်တွတ်ထိုးပြီး ပေးသည်။

သူပြိုက်ခနဲမော့ချလိုက်သည်။

ခေါ်သံတွေကတော့ ရပ်မသွား။

မျက်လုံးတွေကြောင်စီစီဖြစ်ကာ စိတ်လက်လေးလံလှသဖြင့် ကော်ဖီဆိုင်လေးသို့ထွက်ကာ ကော်ဖီ ခါးခါးတခွက်သောက် သည်။ ပြန်လာတော့ အိမ်ထဲသို့ မဝင်ရသေးမီကပင် စူးရှပြင်းထန်လှသည့် အနံ့များ ထောင်းထောင်းထနေသည်ကို သူ သတိထားမိသည်။
အိမ်ထဲရောက်တော့ သူမြင်လိုက်ရသည့်မြင်ကွင်းက သူတခါမှမမြင်ဘူးသည့် လူတဦးက ခေါင်းရင်းခန်းမှာ မြိန့်မြိန့်ကြီး ထိုင်လျက်။

ထိုသူ့တကိုယ်လုံး အညိုရောင်လွှမ်းနေသည်။ ခေါင်းမှာပတ်ထားသည်က အညို။ ကိုယ်မှာဝတ်ထားသည်ကလည်း အညို။ ခါးမှာစည်းထားသည်ကလည်း အညို။ လူကလည်းအသားအရည် ခပ်ညိုညို ခပ်မည်းမည်း။ ထိုလူညိုကြီးကအရောင်များထွက် နေသည့်အကြည့်ဖြင့် အိပ်မှုံစုံဝါး ဝင်လာသော သူ့ကိုဖျတ်ခနဲ လှမ်းကြည့်သည်။ ထိုအကြည့်က စူးရဲလွန်းလှသဖြင့် ရုတ် တရက် လဲကျသွားမလားပင် အောက်မေ့ရသည်။

“အတော်ပဲလာလာ၊ ရှင်ဒီမှာထိုင်။ ဆရာကြီးကရှင့်ကို လိပ်ပြာကြိုးဖြတ်ပေးမလို့၊ ကဲကဲ လက်အုပ်ချီ ပြီး ဦးချလိုက်”

မိန်းမကပြောလည်းပြော သူ့လက်ကိုလည်းဆွဲကာ ထိုလူညိုကြီး၏အရှေ့ အုန်းပွဲငှက်ပျောပွဲ အမွှေး တိုင်ဖယောင်းတိုင်များကြား ထိုင်ခိုင်းသည်။ ပထမတော့ သူ ကြောင်စီစီ ကြက်သေသေဖြစ်လျက် မိန်းမခိုင်းသလို ဝင်ထိုင်မိသည်။

“ကဲကဲ ဆရာကြီးကို ဦးချလိုက် ရှင် ဒီဘဝအတွက် လိပ်ပြာဆက်ဖို့ ဘဝဟောင်းက သိုက်ကြိုးကို ဖြတ်ရတော့မယ် သိလား”

“ဘာကွ ဒီလူကြီးကို ငါက ဘာဆိုင်လို့ဦးချရမှာလဲ မင်းရူးနေသလား”

အဖြစ်အပျက်တွေကြောင့် ဒေါသတွေ လိပ်တက်လာပြီး အသံနက်ကြီးဖြင့် သူအော်လိုက်သည်။ ရူးပေါပေါနိုင်လှသည့် သူ့ မိန်းမကိုတလှည့် နှုတ်ခမ်းမွှေး မေးစေ့မွှေးထူလဗျစ်ကြီးနှင့် လူညိုကြီးကို တလှည့် မီးဝင်းဝင်းတောက်နေသည့် မျက်လုံး အစုံဖြင့် ကြည့်လိုက်သည်။

လူညိုကြီးက သူ့ကိုကြည့်ကာခေါင်းတဆတ်ဆတ်ညိတ်ရင်း နှုတ်ခမ်းမွှေးမေးစေ့မွှေး ထူလဗျစ်ကြီး ကို တသသလုပ်ကာ သူ့ဘေးမှာချထားသည့် မဟော်ဂနီရောင် တုတ်ချောင်းတုတ်တုတ်ကြီး တချောင်းကို ဆွဲကိုင်လိုက်တာ တွေ့ရသည်။

လူညိုကြီးက သူ့မိန်းမဘက်ကို မျက်နှာရိပ်မျက်နှာကဲလုပ်ကာ အချက်ပေးလိုက်တာလည်း သူ သတိထားမိ သည်။

မိန်းမက ဘယ်လိုအချက်ပြန်ပေးလိုက်သည်မသိ။ တုတ်ချောင်းတုတ်တုတ်ကြီးက သူ့ခေါင်းပေါ်ဝဲသွားတာကိုတော့ သိလိုက် သည်။ သူ လက်ကိုကာလိုက်သေးသော်လည်း နောက်ကျသွားခဲ့ပြီး။

ထူပြိန်းမှောင်မည်းလှသည့် အမှောင်ထုကြီးထဲတွင် သူက အလင်းတန်း၏အလျင်နှင့် လွင့်နေမျောသည်။ လွင့်နေဆဲအခိုက် သူ့အမြင် အာရုံထဲတွင် အဖေအမေတို့၏မျက်နှာများ မောင်နှမတို့၏မျက်နှာများ တွေ့ရမြင်ရသည်။ နေပူစပ်ခါးထဲ အားလုံး ဖော်နေသည့် အညာကျေးလက်က သူ့တူမလေးမျက်နှာလေးကိုလည်း ရိပ်ခနဲမြင်လိုက်ရသည်။ သူတို့တွေအားလုံးက သူ့ကို အော်ဟစ်ခေါ်နေကြ သည်ကိုလည်း သူသတိထားမိသည်။

တနေရာမှာတော့ မျောလွင့်နေသည့် သူ့အလျင်သည် တုံ့ခနဲ တန့်သွားသည်။ ရပ်သွားသည်။ မြင့်မားလှသည့် တနေရာမှ ရုတ်ချည်းပြုတ်ကျလိုက်သလိုမျိုး။

ခေါ်သံတွေက ဘဝဂ်တမျှပြန့်ကား လှိုင်းထသွားသည်။

ဘဝဟောင်းက ခေါ်သံများ .....

မောင်ကြီးပြည်စိုး