ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သက်ဝေ ● စာအုပ်ပိုး (အက်ဆေး)


 

သက်ဝေ ● စာအုပ်ပိုး (အက်ဆေး)
(မိုးမခ မဂ္ဂဇင်း ဇူလိုင်လ ထုတ်ပါ ရသအက်ဆေး) အောက်တိုဘာ ၁၉၊ ၂၀၁၆

ကွယ်ဝှက် သိုသိပ်စွာ ထိန်းချုပ်လိုသော စိတ်အစဉ်သည် ဟိုးရှေးကာလများစွာကပင် စိတ်နှင့် ကိုယ်တို့၌ ဖြစ်တည်၏။ လိုအပ်သော ကွယ်ဝှက်ခြင်းနှင့် မလိုအပ်သော ကွယ်ဝှက်ခြင်းများအကြားတွင် လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ အစဉ်သဖြင့် ယောက်ယက်ခတ်စွာ ပူလောင်တတ်၏။ ချစ်ခြင်း၊ မုန်းခြင်းဟူသော စိတ်ခံစားမှုနှင့် သက်ဆိုင်သော ကိစ္စများအဖို့မှာမူ ဆိုဖွယ်ရာ မရှိတော့ချေ။ ချစ်ခြင်းကို မြင်သာအောင် ထုတ်ဖေါ်၍ မပြလို၊ မပြတတ်၊ မပြရဲလေရာ များစွာသောသူတို့၏ ကဲ့ရဲ့ အပြစ်တင် စကားတင်းဆို အထင်လွဲမှားမှုများကို ခံရဖူးလေ၏။ ထို့အတူ မုန်းခြင်း (ဝါ) မနှစ်မြို့ခြင်းကို သိသာအောင် မထုတ်ဖော်တတ်၊ မထုတ်ဖော်ရဲလေရာ အခါများစွာ၌ ဖြစ်လာသော ပြဿနာများကို သည်းခံခြင်းနှင့် မြိုသိပ်ခြင်း ဟူသော စကားလုံးနှင့်သာ အဆုံးသတ်ရတတ်လေ၏။

မိမိ၏ စိတ်အစဉ်ကို သိုသိပ်စွာ သိမ်းဆည်းထားစရာ နေရာတနေရာကို ရှာမရနိုင်အောင် ရှားပါးလှပါတကား ဟု တွေးထင်မိသောနေ့တွင် နေထိုင်ရှင်သန်နေသော ကမ္ဘာမြေကြီး မည်၍ မည်မျှ ကျယ်ဝန်းကြောင်း အတိအကျ တွက်ချက်ပြတတ်သော ပညာရှင်နှင့် ရန်ပွဲဆင်လိုက်ချင်၏။ ခံစားမှု စိတ်အစဉ်တို့ကို မိမိသဘောဆန္ဒအရ ချပြချင် ပြမည်၊ ချမပြချင်လျှင် ဘာသာ သိမ်းဆည်း၍ သိုသိပ်စွာနေခွင့်ကို မည်သူ့ထံတွင် တရားဝင် လက်မှတ်ရေးထိုး တောင်းခံရမည်နည်းဟု မရဲတရဲ မေးခွန်းထုတ်လိုပါသည်။

သည်အတိုင်း ချထားသော အဖုံးတခု၏ အောက်တွင် ဘာဆို ဘာမျှ ရှိမနေပါဟု အတန်တန်ပြောနေသည့်ကြားမှ အများစုက ထိုအဖုံးကို အမိအရ လှပ်ကြည့်လိုကြသူတွေချည်းသာ။ ထိုသို့သော လူစားများ ပတ်ဝန်းကျင်တွင် လိုသည်ထက် ပို၍ များပြားလှသည်။

လက်ကိုင်ခလုတ်ကို ဖိနှိပ်ကာ တင်းတင်းစေ့ပိတ်ထားသော ညိုဝါဝါ ကျွန်းတံခါးတချပ်၊ အဖြူရောင် ဇာခန်းဆီးထူထူဖြင့် ပိတ်ကာချထားသော ရှည်မျောမျော မှန်ပြတင်းပေါက်တခု၊ အပြာရောင် အုပ်ဆောင်းကလေးဖြင့် ဖုံးအုပ်ကာ သိမ်းဆည်းထားသော - မုန့်ဖတ်နည်းနည်းပေါ်တွင် ဟင်းရည်များများ ဆမ်းထားသော မုန့်ဟင်းခါးတပန်းကန်၊ အဖုံးနှင့် ဇွန်းကလေး တွဲလျက် ပါဝင်သော အပြာနုရောင် မတ်ခွက်ကလေးထဲမှ သကြားမပါ၊ နို့မပါ အနက်ရောင် ကော်ဖီခါး တငုံစာ၊ အိပ်ရာဖုံးအပြည့် ကာခင်းထားသော နီညိုရောင် အိပ်ရာ၊ အိပ်ရာဘေးမှ စာကြည့်မီးတိုင်၏ အလင်းရောင်တို့နှင့်အတူ အမျိုးအမည် အတန်အသင့် စုံလင်သော စာအုပ်များ၊ မဂ္ဂဇင်းများနှင့် စာစောင်များ အပြည့် နေရာယူထားသော စာအုပ်စင် ခပ်သေးသေးတခု စသည်တို့ကို အကာအကွယ်ယူ၍ ပုန်းလျှိုး ကွယ်ဝှက်နေလိုသော စိတ်အစဉ်သည် မိမိရင်တွင်းမှာ တရံမလပ် ဖြစ်ပေါ်နေတတ်၏။ လူအများနှင့် ဝေးဝေး နေလိုသည်။ အထူးသဖြင့် စကားများစွာ ဆိုတတ်သော လူများနှင့် ဝေးဝေးမှာသာ နေလိုသည်။ ထိုသို့သော စိတ်အစဉ်ကို ဖတ်လက်စ စာအုပ်တအုပ်အကြားတွင် (မည်သည့် ခွင့်ပြုချက်မျှ မလိုအပ်ဘဲ) တိတ်တဆိတ် ခိုဝင်နေထိုင်လျက်ရှိသော ငွေမင်ရောင် တလက်လက်နှင့် စာအုပ်ပိုးကလေး တကောင်တလေကများ ချစ်ခင်စွာ နားလည်မှုပေးနိုင်မည်လားဟု အကြောင်းမဲ့ - စိတ်ကူးယဉ် မျှော်လင့် တောင့်တနေခဲ့မိသည်။

ငယ်စဉ်က ထိုစာအုပ်ပိုးကလေးများကို တွေ့မြင်လိုက်တိုင်း နေစရာမရှိအောင် ကြောက်လန့်တတ်ခြင်း၊ တွန့်လိမ်နေအောင် အသည်းယားခြင်း၊ စာအုပ်ကို ရုတ်တရက် ပိတ်သိမ်းလိုက်လျှင် သူတို့၏ ပါးလှပ်လှပ် ကိုယ်ကလေးတွင် ဖြစ်တည်နေသော အသက်တချောင်း ကွယ်ပျောက်သွားမှာကို လွန်စွာ စိုးရွံ့ခြင်း၊ မတော်တဆ သူ့အသက်သတ်မိလျှင် ဆောက်တည်နေသော ငါးပါးသီလ ပျက်မည်စိုးခြင်း… အစရှိသော အတွေးများဖြင့် ထိုအကောင်လေးများကို သူမတူအောင် တုန်လှုပ် ကြောက်ရွံ့ခဲ့ဖူးသည်။ တွေ့လိုက်လျှင်လည်း တကြိမ်တခါမျှ စေ့စေ့မကြည့်မိ၊ ဘာသိ ဘာသာဖြင့် မျက်နှာလွှဲလိုက်သည်ချည်းသာ။ ယခုမူ ထိုသို့ မဟုတ်တော့ချေ။ သူတို့ဘဝအကြောင်းကို အသေးစိတ် လေ့လာတွေးတောမိရင်း နှစ်ထောင်းအားရဖြစ်ကာ သူတို့ဘဝကို အားကျစိတ်များ ဝင်လာတတ်ပြီ ဖြစ်သည်။

စာအုပ်ပိုးကလေးတကောင်သည် သူ၏ ဘဝလေးကို ပိတ်ထားသော စာတအုပ်၏ စာမျက်နှာများအကြားတွင် တိတ်ဆိတ် ငြိမ်သက်စွာ၊ အေးချမ်းသာယာစွာ ကုန်လွန်နိုင်စေခြင်းကို အားကျသည်။ တနည်းအားဖြင့် ပိတ်ထားသော စာမျက်နှာများ၏ လုံခြုံမှုကို သဘောကျ နှစ်သက်သည်။ ပြောရလျှင် စာမျက်နှာပေါင်း များစွာရှိသော စာတအုပ်တွင် သူ (ထိုပိုးကလေး) နေထိုင်ရာ စာမျက်နှာကို အချိန်တိုတိုအတွင်း (သို့မဟုတ်) ရုတ်တရက် (သို့မဟုတ်) တန်းတန်းမတ်မတ် ဖွင့်ဟကြည့်မြင်ခွင့်ဆိုသည်မှာ အလွန်တရာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတခုသာ။ ယနေ့ခေတ်တွင် စာအုပ်စင်ရှိသော အိမ်၊ စာတအုပ်ကို လက်ကကိုင်၍ စာဖတ်လိုသူ၊ ထို့အပြင် စာတအုပ်ကို လက်မှကိုင်၍ စစဆုံးဆုံး ဖတ်ရှုတတ်သူ အလွန်နည်းပါးသွားခဲ့ခြင်းနှင့် ခေတ်ပေါ် ကျောက်သင်ပုန်း အချပ်အပြားများဖြင့် စာဖတ်ကြသူများ တစတစ တိုးပွားလာခြင်းကို သေသေချာချာ သတိပြုမိလေရာ စာအုပ်ပိုးကလေးတကောင်၏ လုံခြုံမIအတွက် များစွာ အားတက်ရလေ၏။ ဖြစ်နိုင်လျှင် ထိုစာအုပ်ပိုးကလေးများကို သာမန်ထက် ထူထဲသော အင်္ဂလိပ်-မြန်မာ အဘိဓာန် (သို့မဟုတ်) လူသူအဖတ်နည်းသော ရှေးဟောင်းစာအုပ် ခပ်ထူထူများ၊ လက်ရှိနေ့ရက်များတွင် ခေတ်မမီတော့ပြီဖြစ်သော ဘာသာရပ်ဆိုင်ရာ စာအုပ်အို စာအုပ်ဟောင်းများ အကြားတွင်သာ အေးအေးချမ်းချမ်း ရှင်သန် နေထိုင်စေလိုပါသည်။

အကယ်၍များ တစုံတယောက်က ထိုစာအုပ်ကို မတော်တဆ ဖွင့်ဟ ကြည့်ရှုမိလျှင်၊ ထိုမှတဖန် စာအုပ်ပိုးကလေးရှိနေသော စာမျက်နှာကိုမှ တည့်တည့် မတ်မတ် ဖွင့်ဟမိလျှင် ဆိုသည်ကတော့ ထိုသူ၏ လက်ရှိဖြစ်ပေါ်နေသော စိတ်အနေအထားသည်သာ စာအုပ်ပိုးကလေး၏ ကံကြမ္မာ ဖြစ်နိုင်၏။ သို့ဆိုလျှင်တော့ ဆုတောင်းရုံသာ တတ်နိုင်တော့မည်ပဲ။

သိုသိပ်စွာ ကွယ်ဝှက်လိုသော၊ တနည်းအားဖြင့် ထုတ်ဖော်ပြသလိုခြင်း အလျဉ်းမရှိသော စကားလုံးများ၊ ကြိုးမဲ့စကားပြောစက်မှတဆင့် ကြားနာနိုင်သော ထိန်းချုပ် ထိန်ချန်ထားခဲ့ရသော ပါးလျလျ စကားသံများ၊ နေရာအနှံ့ တစစီ ပြန့်ကြဲနေသော (စာလုံးပေါင်း သတ်ပုံ သဒ္ဒါ အထားအသို အခေါ်အဝေါ် ဝါကျဖွဲတည်ပုံ မှားယွင်းကောင်း မှားယွင်းနေမည်ဖြစ်သော) မော်နီတာပေါ်က စကားလုံးများ၊ လက်ကိုင်ဖုန်းထဲမှာ ဝိုးတဝါး ပုံရိပ်များ၊ နေရာဒေသ အကွာအဝေး မိုင်တိုင်များအကြား မှန်းဆ တွေ့မြင်နိုင်၊ မမြင်နိုင် မသေချာသော အပြုံးအရယ်များ၊ မဝံ့မရဲ ရှေ့တိုးလာသော သံယောဇဉ်ကြိုးစများ၊ တကူးတက ဖိတ်ကြားခေါ်ယူထားခြင်း မရှိသော်လည်း သူ့အလိုလို အချိန်မှန်မှန် ရောက်ရှိလာတတ်သော အလွမ်းအဆွေးများ၊ အကြောင်းအရာ မခိုင်မာသော အပြစ်တင် စွပ်စွဲခြင်းများနှင့် ပူလောင် မောပန်းစေသော မနာလို ဝန်တိုခြင်းများ၊ မျက်ကွယ်ပြုချင်စဖွယ် တီးတိုး ပင့်သက်ရှိုက်သံများ၊ ဆံနွယ်မျှင်များဖြင့် ကွယ်ဝှက်ထားပြန်သော ရီဝေဝေမျက်ဝန်းအစုံနှင့် ကျလုလုမျက်ရည်များတို့က ပေးအပ်သော ဝေဒနာများကြောင့် အေးခဲ ထုံကျင်နေသော ဘဝတွင် ငွေမင်ရောင် စာအုပ်ပိုးကလေး တကောင်သာ ဖြစ်လိုက်ချင်ပါသည်။

ကိုယ် မင်းကို သိပ်ချစ်တယ် ဟူသော စကားတခွန်းကြားရတိုင်း နှစ်သက်ကြည်နူးစိတ် အတိုင်းအဆများစွာ ဖြစ်ပေါ်တတ်သော်လည်း ယခုအချိန်တွင်မူ အချစ်ခံရခြင်းဟူသော အဖြစ်အပျက်ပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့တုန်လှုပ်စိတ်များက မသိမသာရော သိသိသာသာပါ တပြိုင်နက် ခိုဝင်လာခဲ့ပြီဖြစ်သည်။ အခြေအနေအရ စာအုပ်ပိုးကလေးဘဝနှင့် ပုန်းကွယ်ကာ လိုအပ်သလို မြိုသိပ် ဖုံးကွယ်ထားခဲ့သော စိတ်အစဉ်ကို စာအုပ်တအုပ်မှ စာမျက်နှာများကို တမျက်နှာပြီး တမျက်နှာ တဖျတ်ဖျတ် လှန်လှောကာ ရှာဖွေသကဲ့သို့ မတွေ့မချင်း ဇွတ် အတင်း လာရောက် လှစ်ဟ မကြည့်လိုပါနှင့် ဟု တိုးလျှိုး တောင်းဆိုလျှင် မတရားရာ မကျနိုင် ဟု ဖာသာ ယုံကြည်နေမိပါသည်။ ဖြစ်နိုင်လျှင်တော့ စာအုပ်ပိုးကလေးဘဝဖြင့် စာမျက်နှာများ အကြားတွင်သာ တိတ်ဆိတ် အေးချမ်းစွာ ရှင်သန် နေထိုင်လိုပါသည်။ အပြည့်အဝမဟုတ်သော နားလည်မှုအချို့ကို ပေးစွမ်းနိုင်လိမ့်မည်ဟုလည်း ယုံကြည်နေချင်ပါသေးသည်။

*****

သေးငယ်ပါးလှပ်သော ငွေမင်ရောင် စာအုပ်ပိုးကလေးတကောင်သည် လူသူ အသုံးမလိုတော့၍ ချောင်ထိုးထားသော၊ အဖိုးမတန်တော့သော၊ အဆင်းဝါကျင့်ကျင့်ရှိပြီး စာမျက်နှာငါးရာခန့်ပါဝင်သော စာအုပ်ဟောင်းဟောင်း တအုပ်အကြားတွင် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်လျက် ကြိုးစားပမ်းစား ရှင်သန် နေထိုင်လျက်ရှိပါသည်။

သက်ဝေ

(ယခု ဆောင်းပါး ကို မိုးမခ မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၇)၊ ဇူလိုင်လ ထုတ်တွင် မူလ ပုံနှိပ်ခဲ့ပါသည်။)