စိုးလွင် (ဝမ်ခ) ● ကမ္ဘာပျက်သည့်နေ့များ


စိုးလွင် (ဝမ်ခ) ● ကမ္ဘာပျက်သည့်နေ့များ
(ကြ မ်း ကြ မ်း တ မ်း တ မ်း ဘ ၀ လ မ်း များ)
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂ဝ၁၆

=====
၁၉၈၈ ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင် ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်ရေးခရီးလမ်းတလျှောက် ကျနော်ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်းများအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်အတွက်သော်လည်းကောင်း မိုးမခ/သစ်ခက်သံလွင်အွန်လိုင်းမှ တဆင့် ရေးသားတင်ဆက်လိုက်ပါသည်။
 
စိုးလွင်
(၂၁၁) (ဝမ်ခ)
====

တရက် ဝင်းချိုဌေးနိုင်နဲ့ကျနော်  စစ်ရုံးရဲ့ထမင်းရုံထဲမှာရှိနေတုန်း ရဲဘော်တဦးရောက်လာပြီး ဘန်ကောက်ကပြန်လာတဲ့ ဥက္ကဋ္ဌမိုးသီးဇွန်က ဝင်းချိုကို တွေ့ချင်လို့ လာခေါ်ခိုင်းတာဖြစ်ကြောင်း ပြောပါတယ်။ ဝင်းချိုလည်း ချက်ချင်းထလိုက်သွားတယ်။ နာရီဝက်လောက်အကြာမှာ ပြန်ရောက်လာတဲ့ ဝင်းချိုက "ဥက္ကဋ္ဌက ခင်ဗျားကိုတွေ့ချင်တယ်" လို့ ဌေးနိုင်ကို ပြောလာပြန် တယ်။ ဌေးနိုင်လည်း တချက်တွေဝေစဉ်းစားပြီး (သူ မျက်နှာမကောင်းဘူး...ပြဿနာရှိနိင်တယ်လို့ စဉ်းစားမိပုံရတယ်) ဥက္ကဋ္ဌရုံးရှိရာကို ထွက်သွားပါတယ်။ (ဌေးနိုင်ကိုဖမ်းမယ်ဆိုတာ မိုးသီးဇွန်ပြောလိုက်တဲ့အတွက် ဝင်းချိုကသိနေခဲ့ပြီ)။ ကျ နော်လည်း ထမင်းရုံထဲမှာလုပ်စရာရှိတာလုပ်ပြီး စစ်ရုံးပေါ်ကို ပြန်တက်ခဲ့တယ်။ ခဏနေတော့ ရဲဘော်တယောက် ရောက် လာပြီး ဌေးနိုင်ကို မိုးသီးဇွန်အမိန့်နဲ့ ဖမ်းလိုက်ပြီဖြစ်ကြောင်း တိုးတိုးကပ်ပြောလာပါတယ်။ ကျနော် မယုံနိုင်ပါဘူး။ ဒါနဲ့ပဲ အကြောင်းစုံသိအောင် ဗဟိုရုံးဘက်ကို ထွက်လာလိုက်တော့ ရုံးဝမှာ မိုးသီးဇွန်ကို တွေ့ရပါတယ်။ ကျနော်မမေးခင်ဘဲ သူက ရှင်းပြပါတယ်။ သူနဲ့ ဒေါက်တာနိုင်အောင် Bangkok က ကားတစီးထဲ အတူပြန်လာတုန်း ဌေးနိုင်ထောက်လှမ်းရေးဖြစ် ကြောင်း (ထောက်လှမ်းရေးဆိုပြီး ဒေါတ်တာနိုင်အောင်ဘက်မှာ ဖမ်းထားတဲ့သူတွေရဲ့ထွက်ဆိုချက်အရ) ဒေါက်တာနိုင် အောင်ပြောလို့ သူဖမ်းရခြင်းဖြစ်ကြောင်း ပြောပါတယ်။ ကျနော်က "ကြိမ်းသေလို့လား" မေးတော့..ကြိမ်းသေတယ်လို့ ပြန် ပြောပါတယ်။

(ကျနော် နောက်တော့မှသိရတာက....ဒီအဖြစ်အပျက်မတိုင်ခင်ကထဲက ဌေးနိုင်ထောက်လှမ်းရေးတယောက်ဖြစ်တယ်လို့ ဒေါက်တာနိုင်အောင်က မိုးသီးဇွန်ကို ပြောခဲ့ဖူးခဲ့တယ်။ ဒါပေမဲ့ မိုးသီးဇွန်က မယုံကြည်တဲ့အတွက် ဌေးနိုင်အပါအဝင် ဗဟို ကော်မတီဝင်တချို့အရှေ့မှာ ဒီသတင်းကိုပြောပြီး ဝိုင်းဟာသလုပ်ကြသတဲ့။ အခုကြမှ ဘာကြောင့်ဖမ်းရလဲဆိုတာ မိုးသီးဇွန် သာ အသိဆုံးဖြစ်ပါလိမ့်မယ်)။

ရင်ထဲမှာ မကြေလည်ပေမဲ့လည်း ဘာမှထပ်မပြောတော့ဘဲ ကျနော်လှည့်ပြန်ခဲ့လိုက်တယ်။ ဌေးနိုင်ရဲ့အမူအကျင့်ကိုကြည့် ပြီး ဌေးနိုင်ထောက်လှမ်းရေးမဟုတ်တာ ကျနော်ယုံကြည်ပေမဲ့ ဌေးနိုင် ထောက်လှမ်းရေးမဟုတ်တာ မင်း ၁၀၀ ရာခိုင်နှုန်း အာမခံ နိုင်လားဆိုရင်ဖြစ် ကျနော် အာမမခံနိုင်ပါဘူး။ ဘာကြောင့်ဆို ကျနော်နဲ့ ဌေးနိုင်က တောထဲရောက်မှသိကြတာ။ ပြည်တွင်းမှာ တုန်းက ဌေးနိုင်နဲ့ ကျနော်မသိခဲ့ကြဘူလေ။

စစ်ပစ္စည်းတွေထားတဲ့အခန်းကိုရှင်းပြီး ဌေးနိုင်ကိုထားပြီး ၂ဝ၈ က ရဲဘော်တွေကိုခေါ်ပြီး အစောင့်ချထားကြတယ်။ ဌေးနိုင် ကိစ္စနဲ့ပတ်သက်ပြီး ကျနော့်ကို ဘာတာဝန်မှမပေးထားပေမဲ့ အဲဒီညက ဌေးနိုင်က ဆေးလိပ်သောက်ချင်တယ်ဆိုလို့ကျနော် ဆေးလိပ်တိုက်လိုက်တယ်။ နောက်ရက် စာဖတ်ချင်တယ်ပြောလို့ မဂ္ဂင်ဇင်စာအုပ်တအုပ် ပေးထားလိုက်တယ်။ ဒီလိုလုပ်တဲ့ အတွက်လည်း တခြားသူတွေက မသင်္ကာဖြစ်မှာလည်း ကျနော်မစိုးရိမ်ဘူး။

နှစ်ရက်လောက်နေတော့ ဌေးနိုင်ကို အချုပ်ကနေ ခေါ်ထုတ်သွားကြတယ်။ ဘယ်ကိုခေါ်ထုတ်သွားလည်း ကျနော်မသိသလို စိတ်လည်း မဝင်စားဘူး။ (နောက်မှသိရတာက ထိုင်းဘက်ကမ်းမှာ တရားမဝင်နေနေတဲ့ ၂၁၂ တပ်ရင်းရဲ့စိုက်ပျိုးရေးခြံမှာ ချုပ်ထားတာ)..အချိန်တန်လို့ ဌေးနိုင် ထောက်လှမ်းရေးဟုတ်ရင်လည်း ချမှတ်တဲ့ ပြစ်ဒဏ်ကျခံ။ မဟုတ်ရင်လည်း ပြန်လွတ် ပေါ့ဆိုပြီး ဒီလိုစိတ်ပဲ ထားလိုက်တယ်။

ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်နေကြရင်း ဗိုလ်ချုပ်မြ မွေးနေ့ ဘော်လုံးပြိုင်ပွဲမှာယှဉ်ပြိုင်ဖို့ ကျနော်တို့ ABSDF (မိုးသီးဇွန်) ဘောလုံးအသင်းလည်း မာနယ်ပလောကို ထွက်လာခဲ့ကြတယ်။ ကျနော်တို့ တသင်းလုံး လူဘောင်သစ်ပါတီဌာနချုပ်နဲ့ K.I.A စခန်းကုန်းကြားက ဘားတိုက်မှာတည်းပြီး ဘော်လုံးလေ့ကျင့်ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဖွင့်ပွဲရဲ့ပထမဆုံးနေ့ ပထမပွဲစဉ်က ABSDF (မိုးသီးဇွန်) နဲ့ ABSDF (နိုင်အောင်) ဘောလုံးသင်း။ ကျနော်တို့အားလုံး စိတ်လှုပ်ရှားနေကြတယ်။

ဖွင့်ပွဲမတိုင်ခင် နှစ်ရက်အလိုလောက်မှာ ကျနော်တို့သူငယ်ချင်းတစု လမ်းလျှောက်နေကြတုန်း K.N.U ဗျူဟာမှူး ဗိုလ်မှူး လောဝါရီရဲ့တပ်ခွဲမှူးတယောက်ရောက်လာပြီး "လှေပေးလိုက်မယ်၊ မင်းတို့ဥက္ကဋ္ဌကို သွားခေါ်ပေးနိုင်လား" မေးလာလို့ ..ညွန့်ဝင်း (204-205) နဲ့ ဖိုးပြုံး (ဆက်သွယ်ရေး) တို့က ခေါ်ပေးဖို့သဘောတူပြီး လှေနဲ့လိုက်သွားကြတယ်။ ညမိုးချုပ်လို့ သူတို့ပြန်လာတော့ မိုးသီးဇွန် ပါလာလား မေးကြည့်တဲ့အခါ မနက်မှလာမယ်လို့ သိရတယ်။

မနက်ကျတော့ မိုးသီးဇွန်နဲ့အတူ ဗဟိုကော်မိတီတချို့အပါအဝင် ရဲဘော် ၁ဝ ယောက်လောက် ရောက်လာတယ်။ ညနေ အစည်းအဝေးပြီးရင် ပြန်လာခဲ့မယ်ပြောပြီး မာနယ်ပလောဘက်ကို ထွက်သွားကြတယ်။ နေ့လယ်ဘက်လောက်မှာ လူ့ ဘောင်သစ်ပါတီက ရဲဘော်တယောက်ရောက်လာပြီး မိုးသီးဇွန်ကို နိုင်ငံခြားဧည့်သည်တွေ့ချင်လို့ ညနေ ၅ နာရီလောက်လာ ခဲ့ဖို့ မှာခဲ့တယ်။ ကျနော်တို့ လည်း စကားပြောစက်ဖွင့်ပြီး မိုးသီးဇွန်တို့အဖွဲ့ကို တနေ့လုံးခေါ်ပေမဲ့ လုံးဝအဆက်အသွယ်မရဘူး။ ဧည့်သည်တွေနဲ့ချိန်ထားတဲ့အချိန်ထိ မိုးသီးဇွန်တို့ရောက်မလာတော့ အစည်းအဝေးလုပ်တဲ့ မာနယ်ပလောကို ကျနော်တို့ လိုက်သွားကြတယ်..သတင်းကြားရတာက အစည်းအဝေးက မာနယ်ပလောမှာမဟုတ်ဘဲ စက်ပလဲ့ကုန်းလို့ခေါ်တဲ့ ကွန်မန်ဒို ကုန်းမှာတဲ့..မိုးသီးဇွန်နဲ့အဖွဲ့ကို K.N.U က ကားနဲ့ ကွန်မန်ဒိုကုန်းကို ခေါ်သွားတာကိုလည်း ရဲဘော်တချို့ကတွေ့ကြောင်း သတင်းပို့လာတယ်။ ဒီမှာတင် ကျနော်တို့စိတ်ထဲမှာ စမသင်္ကာဖြစ်ပြီ။ ဘာကြောင့်လဲဆိုတော့ ပုံမှန်ဆိုရင် အစည်းအဝေး တွေကို မာနယ်ပလောမှာပဲ ကျင်းပကြတာ။ တစိမ်းလူတွေကို ခေါ်သွားလေ့မရှိတဲ့ ကွန်မန်ဒိုကုန်းကို ခေါ်သွားတယ်ဆိုတော့ ဒါနဲ့ပဲ K.N.U က တာဝန်ရှိသူတဦးဖြစ်တဲ့ ဗိုလ်ချုပ်တာမလာဆီ ကျနော်တို့ သွားခဲ့ကြတယ်။ ဧည့်သည်တွေနဲ့ချိန်းထားတဲ့အ တွက် မိုးသီးဇွန်ကိုတွေ့ပြီး သတင်းပို့ချင်တယ်လို့ပြောတော့.. အစည်းအဝေးမပြီးသေးလို့ မနက်မှ မင်းတို့ရဲဘော်တွေပြန် လာမယ်လို့ ပြန်ပြောတယ်။ကျနော်တို့လည်း မကျေမနပ်နဲ့ပြန်လာတဲ့အချိန်မှာပဲ လွန်ခဲ့တဲ့ ၃ နာရီလောက်က ဗိုလ်ချုပ်မြ ပြန် သွားတာကို တွေ့လိုက်ကြောင်း၊ ရဲဘော်တချို့က သတင်းပေးလာတယ်။ ဗိုလ်ချုပ်တာမလာ ပြောတော့ အစည်းအဝေးမပြီး သေးဘူး။ အခုအစည်းအဝေးပြီးလို့ ဗိုလ်ချုပ်မြတောင် ပြန်သွားပြီ။ ဒါဆို ကျနော်တို့လူတွေဘယ်ရောက်နေလဲ။ ဒါကိုစဉ်းစား မိတော့ D.A.B အတွင်းရေးမှူးဖြစ်တဲ့ လူ့ဘောင်သစ်ဥက္ကဋ္ဌ ကိုမြင့်ဇော်ဆီ ကျနော်တို့သွားပြီး အကျိုးအကြောင်းသွား ပြောပြတယ်။ ကိုမြင့်ဇော်လည်း ကျနော်တို့ကိုခေါ်သွားပြီး D.A.B ရုံးက တာဝန်ရှိတဲ့သူတွေဖြစ်တဲ့ ခိုင်စိုးနိုင်အောင် (ရခိုင် အဖွဲ့) နဲ့ ပေးတွေ့တယ်..သူတို့စုံစမ်းပြီး အကူအညီပေးမယ်ပြောပေမဲ့ မျက်နှာတွေ မကောင်းကြဘူး။ ကျနော်တို့လည်း ပြန် လာကြပြီး ဗဟိုနဲ့မိုးသီးဇွန်တို့အဖွဲ့ကို စက်နဲ့အဆက်အသွယ်လုပ်ပေမဲ့ မရဘူး။ ပုံမှန်စက်ခေါ်လို့မရတဲ့ပုံစံမျိုးမဟုတ်ဘဲ ကြားကနေဖျက်ဆီးသလိုမျိုး ဆူညံတဲ့အသံတွေပဲ ကြားရတယ်။ (နောက်ပိုင်းမှသိရတာက ကျနော်တို့ဘားတိုက်နားက K.I.A ကုန်းပေါ်ကို K.N.U က စက်ကြီးတလုံးယူလာပြီး ကျနော်တို့ဆက်သွယ်လို့မရအောင် နှောင့်ယှက်နေတာ)။

ဒီအချိန်မှာပဲ အပြင်ကပြန်လာတဲ့ ၂ဝ၈ တပ်ရင်းကရဲဘော်တွေပြောတာက...သူတို့ကို K.N.U က အရာရှိတချို့က "မင်းတို့ ဥက္ကဌနဲ့ ရဲဘော်တချို့ကို ဖမ်းထားလိုက်ပြီ။ မင်းတို့လည်း အဖမ်းမခံချင်ရင် K.N.U (သို့) ဒေါက်တာနိုင်အောင်အဖွဲ့ထဲ ဝင်မလား" မေးသတဲ့။ ရဲဘော်တချို့လည်း ကြောက်ပြီးနေခဲ့ကြသတဲ့။ ကျနော်တို့ကိုမဖမ်းသေးပေမဲ့ အကျယ်ချုပ်ဆိုတာ ကျ နော်တို့သိလိုက်ပါပြီ။ ဒီသတင်းကို ဗဟိုရောက်ဖို့ ဘယ်လို့လုပ်ရမလဲဆိုတာ ကျနော်တို့ဆွေးနွေးကြတယ်။ ရဲဘော်တယောက် ကို မိုသီးဇွန်အဖွဲ့ကလို့ပြောပြီး ဗဟိုကိုလွှတ်ရင်တော့ K.N.U ဂိတ်မှာ ကြိမ်းသေးပေါက်ဖမ်းခံထိမှာပဲဆိုပြီး သုံးသပ်မိတော့ (တကယ်လည်း ဟုတ်ခဲ့တယ်။ မိုးသီးဇွန်အဖွဲ့ကဆို မာနယ်ပလောကိုအဝင်ပဲခံပြီး အထွက်ကို လုံးဝခွင့်မပြုဘူး) လူ့ဘောင် သစ်က ရဲဘော်တချို့နဲ့တိုင်းပင်ပြီး ကြည်အေး (204-205 တပ်ရင်း) ကို လူ့ဘောင်သစ်ရဲဘော်ဟန်ဆောင်ခိုင်းပြီး နောက်နေ့ မနက်ကျတော့ ဗဟိုကိုလွတ်ခဲ့တယ်။ ကြည်အေးလွတ်မြောက်ပြီး ဗဟိုမှာရှိနေတဲ့ ဒုဥက္ကဋ္ဌအောင်သူငြိမ်းကို သတင်းပေးနိုင်ခဲ့ တယ်။ အောင်သူငြိမ်းလည်း ထိုင်းနိုင်ငံမှာရှိတဲ့ မယ်စရီးယမ်းမြို့လေးကို ချက်ချင်းသွားပြီး B.B.C နဲ့ V.O.A သတင်းဌာနတွေ ကိုသတင်းပေးတဲ့အတွက် မိုးသီးဇွန်တို့ အဖမ်းခံရတဲ့သတင်းကို ညဘက်သတင်းမှာကြေညာနိုင်ခဲ့တယ်။ အဲဒီညက ဗိုလ်ချုပ်မြမွေးနေ့အထိမ်းအမှတ်အဖြစ် ကပြတဲ့ဇာတ်ပွဲကိုလည်းကြည့်ရင်း၊ သတင်းလည်း စနဲနာရင်း မာနယ်ပလောကို ရောက်သွား တော့ Dr.နိုင်အောင်ကို တွေ့ရတယ်။ အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းကြည့်တော့ အချိန်တန်ရင် ပြန်လွတ် မှာပါဆိုတဲ့ သာမန်စကားမျိုးပဲပြောပြီး ကျနော်တို့ကို နှစ်သိမ့်လိုက်တယ်။ (အဲဒီအချိန်တုန်းက Dr.နိုင်အောင်စိတ်ထဲ ဘယ်လို ရှိလဲဆိုတာ သူပဲ အသိဆုံးဖြစ်မယ်။ ABSDF နှစ်ဖွဲ့ကွဲတော့ အဖေနဲ့အမေ စိတ်အခန့်မသင့်လို့ကွဲကြတာ သားသမီးတွေဖြစ်တဲ့ ငါတို့တွေက အဖေ့အိမ် အမေ့အိမ်တွေမှာ သင့်တော်သလိုနေနေကြတာ။ အချိန်တန်လို့ အဖေနဲ့အမေ ပြန်ပေါင်းတဲ့အခါ ငါတို့ညီအကို မောင်နှမတွေ ပြန်တွေ့ကြတာပေါ့ဆိုတဲ့ အသိစိတ်မျိုးရှိနေတဲ့ကျနော်အတွက်ကတော့...Dr.နိုင်အောင်ရဲ့ အ ပြောအဆိုနဲ့အမူအရာဟာ ဝမ်းနည်းစရာကောင်းစေခဲ့တယ်။)

သတင်းတွေပေါက်ကြားသွားလို့လား ဘာကြောင့်မှန်းတော့မသိ။
နောက်နေ့နေလယ်လောက်မှာ မိုးသီးဇွန်နဲ့အဖွဲ့ကို K.N.U က ပြန်လွှတ်ပေးခဲ့တယ်။ ကျနော်တို့အဖွဲ့လည်း လှေငှားပြီး ချက် ချင်းပြန်လာတာ K.N.U ဂိတ်လည်းရောက်ရော လှေတစီးလုံးကို ပေးမထွက်ဘဲ ဖမ်းထားပြန်ရော။ သေနတ်တွေနဲ့ပါ ချိန် ထားကြတာ။

ဗိုလ်ချုပ်မြနဲ့အားလုံးဖြေရှင်းပြီးဖြစ်ကြောင်း မိုးသီးဇွန်ကရှင်းပြတော့ ဒါဆိုရင် ကြည်အေးကို ထားခဲ့လို့လုပ်ပြန်ရော။ (လူ့ ဘောင်သစ်ရဲဘော်ဟန်ဆောင်ပြီး သတင်းပေါက်အောင်လုပ်ခဲ့သူဟာ ကြည်အေးဖြစ်ကြောင်း ၂ဝ၈ ရဲဘော်တချို့က K.N.U ကို သတင်းပေးခဲ့တယ်)။

ဒီအချိန်မှာပဲ လှေဦးထိပ်နားလောက်မှာထိုင်နေတဲ့ ကျနော်hကို မိုးသီးဇွန်က လက်ညှိုးထိုးပြီး "ကြည်အေး..မင်းနေခဲ့" လို့ လုပ်ပါလေရော။ (ကျနော်တို့လှေထဲမှာ ကြည်အေး ပါပါတယ်။ ကြည်အေးအစစ်ကိုထားခဲ့ရင် K.N.U က အညှိုးနဲ့ တခုခု လုပ်မှာစိုးလို့ မိုးသီးဇွန်က ကျနော်ကို လွဲချခဲ့တယ် ထင်ပါတယ်) ရှင်းရှင်းပြောရရင် ကျနော်ကြောက်ပါတယ်။ ဒီဂိတ်က နံမည် ကြီးတယ်။ ဒီဂိတ်ကဖမ်းပြီး အသက်ရှင်လျှက်ပြန်လွှတ်တဲ့သူက မရှိသလောက်ဘဲတဲ့။ ဒီဂိတ်ရဲ့သတင်းကို ကျနော့်လိုပဲ သိထားပုံရတဲ့ ဝင်းနိုင်ဦး (ဗဟိုကော်မီတီ) ကလည်း ကျနော်နဲ့အတူ နေပေးခဲ့တယ်။

(ကျေးဇူးတင်ပါတယ် ဝင်နိုင်ဦး)

မိုးသီးဇွန်တို့ လှေထွက်သွားပြီးနောက် ကျနော်တို့နှစ်ယောက်လည်း  ဂိတ်က တာဝန်ရှိတဲ့သူတွေကို သက်ဆိုင်ရာအရာရှိတွေ ကို ဆက်သွယ်မေးပြန်ကြည့်ဖို့ ပြောကြည့်တယ်။ သူတို့ဆက်သွယ်ပြီး မကြာခင်မှာပဲ ပြန်လွတ်ပေးကြောင်း ပြောလာခဲ့ကြ တယ်။ ကျနော်တို့နှစ်ယောက်လည်း လှေကြုံစီးပြီး ဗဟိုကို ဝမ်းသာအားရ ပြန်လာခဲ့လိုက်တယ်။

မိုးသီးဇွန်လည်း ဗဟိုမှာ ၂ ရက် ၃ရက်နေပြီး Bangkok တက်သွားခဲ့တာ။ ကျနော်တို့တွေ ဗဟိုရှိရာ သေလောထကနေ အ လယ်ပိုင်းကိုပြောင်းချိန်အထိ ပြန်မရောက်တော့ဘူး..သတင်းပေါက်ကြားလို့သာ လွှတ်ပေးလိုက်ရတယ် K.N.U က မကျေ နပ်ဘူးထင်ပါရဲ့။ ကျနော်တို့ကိုဝိုင်းထားကြောင်းကို သိစေချင်လို့ အရပ်လေးမျက်နှာက မကြာမကြာ သေနတ်ဖောက်ပြတယ်။ တခါတလေ သံလွင်မြစ်ထဲ လှေနဲ့ဖြတ်သွားရင်ကနေ ကျနော်တို့စခန်းဘက်ကို တချက်နှစ်ချက် ပစ်သွားတတ်တယ်။

K.N.U နဲ့ကျနော်တို့ ဒီလိုမကြေမလည်ဖြစ်နေချိန်မှာပဲ ကျနော်တို့ကို တပူကနေ နှစ်ပူဖြစ်အောင်လုပ်တာကတော့ ABSDF Dr.နိုင်အောင်အဖွဲ့ပဲ။

လူကြီးတွေကအမိန့်ပေးလို့လား သူတို့သဘောနဲ့သူတို့ လုပ်တာလားတော့မသိဘူး။ ညဘက် ကျနော်တို့ဗဟိုအရှေ့မှာ သေ နတ်ဖောက်ပြတာတွေ...၂ဝ၈ တပ်ရင်းမှာမွေးထားတဲ့ ဆိတ်တွေကို သတ်စားပြီး ဆိတ်ခေါင်းတွေကို တပ်ရင်း၂ဝ၈ အရှေ့မှာ လာချထားတွေ လုပ်လာကြတယ်။ ကျနော်တို့ ဗဟိုကိုလည်းဝင်စီးပြီး ဌေးနိုင်ကိုလုမယ်လို့ သတင်းတွေထွက်လာတဲ့အတွက် ထိုင်းဘက်ကမ်းမှာ ထားတဲ့ဌေးနိုင်ကို ဗဟိုဘက်ကိုပြန်ခေါ်ပြီး ချုပ်ထားကြတယ်။ ဗဟိုမှာလည်း အချုပ်အသစ်ကို ဆောက် ထားပြီးဖြစ်တဲ့အတွက် တခြားအချုပ်သားတွေနဲ့အတူ ဌေးနိုင်ကို ထားတယ်။ ဗဟိုရဲ့လုံခြုံရေးလိုအပ်လာတဲအတွက် ကျနော့် ကို ဗဟိုလုံခြုံရေးတာဝန်ခံ ခန့်တယ်။ ဗဟိုလုံခြုံရေးတာဝန်ခံဆိုပေမဲ့ ဌေးနိုင်အပါအဝင် အချုပ်သားတွေကိစ္စကိုတော့ ကျ နော့်ကို တာဝန်မပေးဘူး။ ဗဟိုလုံခြုံရေးအတွက် နေ့ညကင်းတွေကို ကျနော်စီစဉ်ရတော့တယ်။ ကျနော့်အတွက် အိပ်ရေးပျက်ရတဲ့နေ့များပေါ့။ မနက် ၅ နာရီလောက်ဆို အိပ်ရာကထ၊ ပစ္စတိုတလက် M.16 တလက်၊ စကားပြောစက်တလုံးလွယ်ပြီး(ဒါတောင် အသီးတလုံးပဲရှိတဲ့ R.P.G ကို ကင်းစစ်ချိန်မို့ထားခဲ့ရတာ..ကျန်တဲ့အချိန်ဆို ကိုယ်နဲ့မကွာ အမြဲထားတာ) ကင်းလိုက်စစ်။ ညဆိုရင် ၁၂ နာရီလောက်မှအိပ်။

ဒီလိုနဲ့နေရင်း တရက်ကျတော့ ရဲဘော်ရာဇာ ကျနော့်ဆီပြေးလာပြီး သတင်းပို့ပြန်ရော.." အကို...အကို..ကိုဌေးနိုင်ဘာဖြစ်လဲ မသိဘူး...ဝူးဝူး ဝါးဝါးတွေ အော်နေတယ်"..ကျနော်လည်း ချက်ချင်းပဲ တာဝန်ခံဖြစ်တဲ့ ဝင်းနိုင်ဦးကိုသွားခေါ်ဖို့ ပြောလိုက် တယ်။ ဝင်းနိုင်ဦးလည်း အမြန်ရောက်လာပြီး ဌေးနိုင်ကို အချုပ်မှာသွားကြည့်တယ်။ စစ်ရုံးနဲ့အချုပ်ဟာ နည်းနည်းလှမ်နေ တဲ့အတွက် ဘာဖြစ်တာမသိရပေမဲ့ လူတွေရုတ်ရုတ်သဲသဲဖြစ်နေတာတော့ တွေ့နေရတယ်။ ခဏနေတော့ ရဲဘော်ရာဇာ ရောက်လာပြီး ကျနော့်ကိုတိုးတိုးကပ်ပြောပြန်ရော။

" အကို... ဌေးနိုင်သေပြီ" တဲ့။

မကြာခင်မှာပဲ ဝင်းနိုင်ဦး ကျနော်တို့စစ်ရုံးကိုရောက်လာပြီး ကျနော်နဲ့ဝင်းချိုကို ပြန်ကြားရေးဌာန ဘက်မှာ ခဏသွားနေပေးဖို့ ပြောလာတယ်။ ကျနော်တို့နှစ်ယောက်ကို ရှောင်ခိုင်းတဲ့သဘော။ (ဘာကြောင့် ကျနော်တို့နှစ်ယောက်ထဲကို ရှောင်ခိုင်း တယ်ဆိုတာ ကျနော်အခုထိ စဉ်းစားလို့ မတတ်ဘူး) ကျနော်နဲ့ ဝင်းချိုလည်း ပြန်ကြားရေးဌာနဘက် ထွက်လာလိုက်တော့ ဌေးနိုင်အလောင်းကို ဘယ်လိုလုပ်ကြလဲတော့ ကျနော်လည်း မသိတော့ဘူး။ (နောက်မှ ရဲဘော်တချို့ပြောတာတော့ ဌေးနိုင် ရဲ့အလောင်းကို ညီညီလွင်ရဲ့အိမ်ဘေး အမှိုက်ပုံဟောင်းမှာ မြှုပ်ကြတယ်လို့ ပြောကြတယ်)

ဌေးနိုင်ကိုဖမ်းတဲ့အချိန်ကထဲကစပြီး တပ်ရင်း ၂၁၄ နဲ့ ဗဟိုနဲ့ကလည်း ဆက်ဆံရေးက အဆင်မပြေဘူး။ ဒီကြားထဲ K.N.U နဲ့ Dr.နိုင်အောင်အဖွဲ့တွေရဲ့ဝင်နှောက်မှုကြောင့် ၂ဝ၈ တပ်ရင်းက ရဲဘော်တချို့ K.N.U နဲ့ Dr.နိုင်အောင်အဖွဲ့ထဲ ကူးပြောင်းသွား ကြတယ်။

တပ်ရင်း ၂ဝ၈ မှာလည်း အချင်းချင်းမပြေလည်မှုတွေနဲ့ အမှုတွေဖြစ်ကြပြီး အချုပ်သားတွေအဖြစ်နဲ့ ဗဟိုကိုရောက်လာကြတယ်။ အဲဒီအချိန်က ကျနော်တို့ဗဟိုရဲ့အခြေအနေက ကမ္ဘာပျက်နေသလိုပါပဲ။ ဒီကြားထဲ အချုပ်စောင့်တဲ့ ၂ဝ၈ ရဲဘော်တချို့..အ ချုပ်သားတွေနဲ့အတူ သေနတ်ယူပြီး ထွက်ပြေးသွားကြတယ်။

တရက်မှာ K.N.U က ဗိုလ်မှူးခဲနီ၊ ဗိုလ်မှူးရော်ဂျာတို့ရောက်လာကြပြီး ဗဟိုက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးရာမှာ (K.N.U နယ်မြေက ကျနော်တို့ကို ထွက်ခိုင်းတာထင်တယ်) ကျနော်တို့ဆီကထွက်ပြေးသွားတဲ့အချုပ်သားတွေပါခေါ်လာလို့ တော် တော်ရုန်းရင်းဆန်ခတ်ဖြစ်လိုက်သေးတယ်။

ကျနော်အပါအဝင် ရဲဘော်အတော်တော်များများ K.N.U နဲ့ Dr.နိုင်အောင် အဖွဲ့ရဲ့ စော်ကားမှုကို သီးမခံနိုင်တော့ပါဘူး၊ ဒေါ သ ဖြစ်နေကြပါပြီ။ ကျနော်လည်း ဗဟိုကတာဝန်ရှိတဲ့သူတွေကို တင်ပြလိုက်တယ်။ ကျနော်တို့မှာ သေနတ် ၁၁ လက်ရှိတယ်။ ကျနော်အပါအဝင် လူ ၁၁ ယောက်ထားခဲ့။ ကျည်ဆန်ကုန်လူကုန်မှ ဒီစခန်းကို ရစေရမယ်လို့၊ ကျနော်လည်း ကျည်ဆန် နှစ်တောင့်ကို အမြဲတမ်း အင်္ကျီအိတ်ထဲမှာ ထည့်ထားလိုက်တယ်။ ကျည်ကုန်ရင် ရန်သူအသတ်တော့ မခံနိုင်ဘူး။ ကိုယ့် အသက်ကိုယ်ချွေဖို့အတွက် ကျည်နှစ်တောင့်ကို သိမ်းထားရတာ။ ဒါပေမဲ့လည်း ကျနော်တို့ပြောင်းတဲ့အချိန်ထိ ဘယ်သူမှ မတိုက်ခိုက်လာပါဘူး။

ကျနော်တို့ နောက်ဆုံးအသုတ် ပြောင်းတဲ့အချိန်မှာတောင် နည်းနည်းရန်စခံရသေးတယ်။

ကျနော်တို့ လူ ၄ -၅ယောက်နဲ့ လှေပေါ်ကိုပစ္စည်းတွေတင်ပြီး ထွက်ကြတော့ Dr.နိုင်အောင်အဖွဲ့က ထွန်းထွန်း (ဒဿ) နဲ့ တပ်စိပ်နှစ်စိတ် ကျနော်တို့ကို လိုက်နှောင့်ယှက်ကြသေးတယ်၊ ဝိတ်များနေလို့ ဖြေးဖြေးပဲမောင်းနိုင်တဲ့ ကျနော်တို့လှေကို သူတို့လှေနှစ်စီးနဲ့ အရှေ့က ကပ်ဖြတ်လိုက်၊ နောက်က ကပ်ဖြတ်လိုက် လုပ်မောင်းနေကြတယ်။ ဒါပေမဲ့ ကျနော်တို့သည်းခံပြီး နေလိုက်ကြပါတယ်။ ဒီလိုနဲ့ သွားကြရင်း ကျနော်တို့ရဲ့ခရီးအဆုံးဖြစ်တဲ့ သော်လဲထ (ထိုင်းနိုင်ငံ) ကို ရောက်ခါနီးမှာ K.N.U ဂိတ်က ကျနော်တို့လှေကိုလှမ်းခေါ်တဲ့အတွက် ရပ်ပေးရပြန်ရော။ ဘာကိစ္စရှိလို့ ရပ်ခိုင်းတာလဲမေးတော့ စစ်စရာရှိလို့တဲ့။ ဒါဆိုလည်း စစ်ပေါ့လို့ ပြောလိုက်တော့ K.N.U ဂိတ်မှူးက ထွန်းထွန်း (ဒဿ) ကို စစ်ခိုင်းတယ်။

ကျနော်တို့သိလိုက်ပြီး.. K.N.U က စစ်ချင်တာမဟုတ်ဘဲ ထွန်းထွန်းစနက်ကြောင့် လှေကိုရပ်ခိုင်းတယ်ဆိုတာ၊ ဒါနဲ့ပဲ K.N.U ဂိတ်မှူးကို ကျနော်တို့ပြောတယ်။ ခင်ဗျာတို့ဂိတ် ခင်ဗျာတို့ပဲ စစ်ပါ။ ကျန်တဲ့သူ ဘယ်သူမှ အစစ်မခံနိုင်ဘူးလို့။

(ထွန်းထွန်းက သူ့တပ်စုကို ကျနော်တို့ဘေးနားကကုန်းပေါ်မှာ တင်ထားပြီး ကျနော်တို့ကို ဝိုင်းထားသေးတာ)

ထွန်းထွန်းရော K.N.U ဂိတ်မှူးရော ဘာမှမပြောနိုင်တော့တာနဲ့ ကျနော်တို့လည်း လှေမောင်းပြီး ထွက်လာခဲ့ကြတယ်။ K.N.U နယ်မြေကနေ ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ကလလတ) ရှိရာ အလယ်ပိုင်းဒေသဆီသို့ ပေါ့ဗျာ။

စိုးလွင် (ဝမ်ခ)