ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းကိုနိုင် ● ဘယ်မှာ ဘယ်လို စာသင်လဲ

မင်းကိုနိုင် ● ဘယ်မှာ ဘယ်လို စာသင်လဲ
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ကူးယူပါသည်။

“ငြိမ်းချမ်းရေးတဲ့၊ ပြောနေကြတယ်၊ သားတို့ ကလေးတွေနဲ့ရော ဆိုင်သလား ဦးဦး”

“ဆိုင်မဆိုင်ဆိုတာ ပြီးတော့မှ စဉ်းစားလေ၊ အခုက စစ်မတိုက်အောင် ဘယ်လိုလုပ်မလဲ စကားပြောကြည့်ကြမှာလေ၊ စစ်ဖြစ် တော့ ကလေးတွေ ကျောင်းမတက်နိုင်တော့ဘူး၊ အိမ်တွေကလည်း ထွက်ပြေးရတယ်၊ လမ်းမှာတောထဲမှာလည်း ငတ်ပြတ် ပြီး လမ်းပျောက်တယ်။ ကူညီကယ်ဆယ်ရေးစခန်းတွေရောက်တော့လည်း သူများကျွေးမှစားရမယ့်ဘဝလေ စဉ်းစားကြည့် ပေါ့”

“သြော်၊ အဲလိုကြီးလား၊ စာလည်း ဆက်မသင်ရဖူးလား၊ သူတို့ ကယ်ဆယ်ရေးစခန်းတွေမှာ”

“ဆက်သင်ဖို့ ကြိုးစားပေးကြတာပေါ့ကွာ၊ ဟိုရှမ်းမြောက်ပိုင်းကဟိုက်ပါ၊ ဝမ်ဟိုင်းဒေသတွေမှာ ကြည့်၊ ဒီလောက် စစ်တိုက်နေ ကြတာ၊ သေနတ်တွေ ဗုံးတွေကြား ဘာဖြစ်မလဲ မသိ၊ ကျောင်းလည်းပျက်စီး လူတွေလည်း စွန့်ပြေးကြရတာတောင်၊ ဆရာမ လေးတွေက သူတို့ တပည့်လေးတွေကို ထားခဲ့ပြီးထွက်ပြေးတာမျိုး မလုပ်ဘူး၊ ကလေးတွေနဲ့ အတူနေပြီး၊ စာကိုရတဲ့ နည်းနဲ့ ဆက်သင်တာပဲ”

“ဆရာလေးတွေက ဘယ်ကလဲ၊ အဲဒီ ရှမ်းမြောက်ပိုင်းကပဲလား”

“မြေပြန့်ကကွ၊ မိတ္ထီလာဘက်ကရော၊ အညာဒေသဘက်ကပါစုံလို့၊ ကျောင်းတွေပျက်စီးသွားတာတောင်၊ မိဘတွေ ရှိတဲ့ ဇာတိကို မပြန်ကြဘူး”

“ကလေးတွေက ချစ်မှာပဲနော်ဆရာမကို”

“ချစ်တာပေါ့၊ တစ်ချိန်လုံး ဆရာမလေးကို ဖက်ထားကြတာ၊ ဟောဒီမှာဓာတ်ပုံတွေကြည့်”

“ဟာ၊ သမီးတို့ အရုပ်ကလေးတွေပို့လိုက်တာ ရသွားလို့ ပျော်နေတဲ့ ကလေးတွေပဲ၊ မှတ်မိတာပေါ့၊ သူတို့ ဆရာမလေးတွေလား”

“ဟုတ်ပဗျား၊ ဦးဦး တစ်ခါပြောဖူးတယ်လေ။ အဲဒီအထဲကဆရာမတစ်ယောက်က အဝေးသင် စာမေးပွဲဖြေဖို့ ခွင့်တင်တယ်၊ အဲဒီအချိန်မှာ လွှတ်တော်ထဲမှာ အမတ်တွေအတွက် အကျိုးခံစားခွင့်တစ်ယောက် သိန်း ၅၀ ပေးဖို့ ဆုံးဖြတ်လိုက်ချိန်လေ၊ ခု န ဆရာမလေးကတော့ အဝေးသင်စာမေးပွဲဖြေဖို့ ခွင့်တစ်လယူတာ၊ အဲဒီလအတွက် လစာမရတော့ဘူးတဲ့”

“အိုး၊ ဟုတ်လား”
------

“တော့ဆန်ရွာဆိုတာ ကျောက်မဲဘက်မှာ ရှိတယ်၊ အဲဒီက ဆရာမတွေလည်း ဒီလိုပါပဲကွာ၊ စစ်ကြောင့် အားလုံး ရွှေ့ပြေးခဲ့ရ ပေမယ့် ကလေးတွေကို စွန့်မသွားဘူး၊ ကျောက်မဲကို ပြေးလာပြီး၊ ဘုရားရင်ပြင်ပေါ်မှာ စာတွေ ဆက်သင်ပေးနေခဲ့တာပဲ”

“စာမေးပွဲက ဘယ်လိုစစ်မလဲ၊ ဆယ်တန်းတွေ ဘယ်လိုဖြေမလဲ”

“ကျောက်မဲမှာပဲပေါ့၊ ကလေးတွေကပြေးလာရတာ ဖိနပ်တောင်မပါဘူး၊ စာမေးပွဲရာသီကြီး”
“အို၊ဟုတ်လား”

“စစ်ဘေးမှ မဟုတ်ပါဘူးကွာ၊ မီးပွိုင့်မှာ စံပယ်ပန်းရောင်း ကျောင်းတက်ရမယ့်ကလေ တွေလည်း အန္တရာယ်များတာပါပဲ”

“သူတို့ကကျောင်းတက်ရသေးတယ်လေ”

“တချို့ မတက်နိုင်ဘူးကွ၊ ဒါကြောင့် ညဘက် ပလက်ဖောင်းပေါ်မှာ စာသင်ကြတာ မတွေ့ဘူးလား”

“တွေ့ဖူးတယ်၊ အဲဒီဆရာမတွေကို ဘယ်သူခန့်တာလဲ”

“စာနာစိတ်က ခန့်တာပေါ့ကွာ”

“ဘယ်လိုလဲ၊ မရှင်းဘူးဦးဦးရဲ့”

“အဲဒါ အများစုက တက္ကသိုလ်တက်နေတဲ့ ကျောင်းသူကျောင်းသားတွေလေ၊ အခမဲ့ ဝင်သင်ပေးတာ၊ တချို့က ကလေးတွေ
အစား စံပယ်ပန်းဝင်ရောင်းပေးနေတာတွေ့ဖူးမှာပေါ့”

“ဒါဆိုအမြဲဘယ်သင်နိုင်မှာလဲနော်”
*-*

“အဝေးပြေးလမ်းတွေမှာ သတိထားမိလား၊ ကျောင်းဆရာမတွေ၊ ကျောင်းသားကျောင်းသူလေးတွေက ကားကြုံစီးဖို့ တားနေ တာ”

“ဟုတ်တယ်၊ ကားတွေက အရှိန်နဲ့ မောင်းနေတာကို တိုက်မိမှ ဒုက္ခရောက်ဦးမှာ စိတ်ပူစရာကြီး”

“ကီလိုမီတာ ၁၀၀ လောက်မောင်းနေတာအန္တရာယ်ကြီးတာပေါ့သားရယ်”

“သမီးကတော့ရပ်ခိုင်းပြီးခေါ်တင်ဖို့ပူဆာတာပဲ”

“ဒါလည်းအမြဲတတ်နိုင်တာမှမဟုတ်တာ”
*-*

ဟိုတစ်ရက်တုန်းက ဧရာဝတီတိုင်း ရေဘေး ကူညီရေးအတွက် ဟင်္သတဘက်က ဥသျှစ်ကုန်း အနောက်ရွာဆိုတဲ့ ကျောင်းက လေး ပြန်ဆောက်ပြီး လှူတဲ့ပွဲ သွားခဲ့တယ်၊ အဲဒီဘက် တွေမှာလည်းလှေတွေနဲ့ ကျောင်းတက် ရတာ၊ လှေမှောက်တာတွေကြား ဖူးမှာပေါ့”

“ကြားဖူးတယ်၊ ကိုယ့်ရွာကိုယ့်ကျောင်း ဖြစ်သွားတော့ အဆင်ပြေသွားကြမှာပေါ့နော် ဦးဦး”

“ပြေတော့ပြေတယ်၊ ဒါပေမဲ့”

“ဘာဖြစ်ပြန်ပြီလဲ၊ ဦးဦးကလည်း စိတ်ချမ်းသာစရာ တစ်ခါမှမပြောဘူး”

“ပြောချင်တာပေါ့၊ ဒီလိုလေ သမီးတို့က မြို့ကျောင်းဆိုတော့၊ ကျောင်းမှ စာပြရင် ဘာနဲ့ သင်လဲ၊ သင်ပုန်းကြီး မြေဖြူခဲနဲ့လား”

“ဟာ၊ အဲဒါက ကြာရင် တီဘီရောဂါ ရတတ်တယ်လေ၊ ခေတ်မရှိတော့ဘူး၊ ၀ှိုက်ဘုတ်နဲ့ ဆော့ဖ်ပင်နဲ့ ရေးပြတာလေ”

“အေး၊ အဲဒီကျောင်းမှာ၊ မြေဖြူ သင်ပုန်းကြီးနဲ့ သင်နေတာ မြေဖြူမှုန့်တွေ တထောင်းထောင်း လွင့်လို့”

“အို ၀ှိုက်ဘုတ်မရှိဘူးလား၊ သမီးတို့မုန့်ဖိုးနဲ့ စုလှူမယ်လေ”

“ရှိပါ့ဗျား၊ လှူထားတာလည်း ရှိပါ့၊ ဒါပေမဲ့ ဆော့ဖ်ပင်က ခဏ ခဏမင်ကုန်တာ ကြာတော့ မတတ်နိုင်တော့ဘူးတဲ့ကွာ”

“အို၊ ဖြစ်ရလေ”
..

#မင်းကိုနိုင်
[ပြည်သူ့အရေးဂျာနယ်၊ အတွဲ ၂၊ အမှတ် ၉၉ ဆောင်းပါး ]