လှကျော်ဇော ● ဖေဖေ့မျက်ရည်

လှကျော်ဇော ● ဖေဖေ့မျက်ရည်
(မိုးမခ) အောင်တိုဘာ ၇၊ ၂၀၁၆

၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ ဖေဖေကွယ်လွန်သွားပြီးနောက်မှ ကျမက မရှင်းရတာကြာပြီဖြစ်ပြီး ရှုပ်ထွေး ပွတက်နေတဲ့ စာအုပ်ပုံကို ရှင်းရပါတယ်။ ဖေဖေက မကွယ်လွန်ခင် ၂ နှစ်နီးပါးလောက် မကျန်းမမာဖြစ်နေလေတော့၊ ဆေးရုံ တက်ဟယ် ဆင်းဟယ်ချည်းပဲ ဖြစ်နေရလေတော့၊ အိမ်မှာဘာမှ ပြန်မကြည့်နိုင်ပါဘူး။ ဒါ့ကြောင့် ဖေဖေ အမြဲစနစ်တကျ သေသေသပ်သပ်ထားတတ်တဲ့ သူ့စာအုပ်စင်ဟာ ရှုတ်ပွ ရှုတ်ထွေးနေပါတော့တယ်။ ဖေဖေက မကျန်းမမာဖြစ်နေပေမယ့် သတိကကောင်းနေလေတော့ သူစိတ်ချမ်းသာ စိတ်ရွှင်လန်းစေဖို့ ကျမက တချို့ဆောင်းပါးတွေ၊ စာအုပ်တွေဘေးက ဖတ်ပြ ရတတ်ပါတယ်။ လူမမာကို စာဖတ်ပြရတာဖြစ်လေတော့ သူ့စိတ်ထိခိုက်မယ့် စိတ်လှုပ်ရှားနိုင်တဲ့အကြောင်းအရာ မပါတာ တွေကို ရှာဖွေဖတ်ပြရတာပါ။ ဒါကြောင့် စာအုပ်ပုံက ပုံပျက် ပန်းပျက်ဖြစ်နေပါတယ်။ မွှေနှောက် ရှာဖွေထားရလို့ရော၊ ဖတ် ပြီး ပြန်ထားတော့လည်း စနစ်တကျ နေရာတကျ မထားနိုင်တာ ကြောင့်ရောပေါ့လေ။

အဲသလို စာအုပ်ပုံကိုရှင်းရင်းနဲ့ ဖေဖေ့ဒိုင်ယာရီစာအုပ်များကြားက စာအုပ်ကလေးတအုပ် ထွက်ကျလာပါတယ်။ အဲဒီစာအုပ် ကလေးကိုရော၊ အဲဒီစာအုပ်ကလေးရဲ့အပြီးသတ်မှာရေးထားတဲ့ ဖေဖေ့မှတ်ချက်ကလေးများကိုရော၊ ကျမဖတ်ပြီးနောက် အဲဒီ စာအုပ်ပုံကို ဆက်မရှင်းနိုင်ဖြစ်သွားရပါတော့တယ်။

အဲဒီစာအုပ်ကလေးကတော့ မေမေကွယ်လွန်ခြင်း ၆ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ‘နှင်းဆီလွင်ပြင်’ စာအုပ်တိုက်က ၂၀ဝ၆ ခုနှစ်ကထုတ်ဝေခဲ့တဲ့ “ချစ်မေမေအတွက် အလွမ်းစာပန်းခြင်းလေး” စာအုပ်ပါပဲ။ စာအုပ်ရဲ့အဖုံးမှာ ဖေဖေက KZ (၂၀ဝ၆) လို့ ဆိုင်းထိုးထားပြီး စာအုပ်ရဲ့အဆုံးပိုင်းမှာ မှတ်ချက်လေးတွေ ရေးထားပါတယ်။

ပထမ မှတ်ချက်လေးကတော့ ....

ဖတ်ပြီး မေမေကို သတိရလွမ်းဆွတ်
KZ
၁-၉-၂၀ဝ၆

ဒုတိယမှတ်ချက်ကတော့ (စာအုပ်ကျောဖုံးရဲ့အတွင်းစာမျက်နှာမှာ)

မေမေ့အကြောင်း
မေမေအကြောင်း သမီးလှလှရေးသားခဲ့တဲ့ စာတမ်းများဟာ မေမေအကြောင်းအချက်တွေ စုံလင်ပြီး အစီအစဉ်တကျလည်း ဖြစ်တယ်။ အထူးသဖြင့် - စာရေးသူ သမီးလှလှမှာ မေမေအပေါ်လည်း စိတ်ထိခိုက်နေ၍ထင်သည်။ ရေးသားထားပုံမှာလည်း အလွန်ရသမြောက်နေပြီး မေမေအကြောင်းအရာအားလုံးကို သိကျွမ်းနိုင်ပေသည်။

ဖေဖေ
၁-၉-၂၀ဝ၆

ကျမ ဒါတွေကို ဖတ်မိရင်းက အဲဒီနေ့က (၂၀ဝ၆ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့) အဖြစ်အပျက်ကို သတိရနေမိပါတယ်။ အဲဒီနေ့မနက်က ကျမတို့သားအဖ မနက်စာစားအပြီး ရေဒီယိုတွေလည်း နားထောင်ပြီးချိန်မှာ ဖေဖေ့ကို ဧည့်ခန်းမှာ အဲဒီစာ အုပ်လေး ကျမက ပေးဖတ်ထားတာပါ။ ကျမက မီးဖိုထဲမှာ ချက်ပြုတ်နေမိပါတယ်။ နေ့လည် ထမင်းစားချိန်ရောက်တော့ ထမင်းဝိုင်းလည်း ပြင်ဆင်ပြီးရော ကျမက ဖေဖေ့ကို သွားခေါ်ပါတယ်။ ကဲ .... ဖေဖေ ထမင်းစားရအောင်လေလို့ ပြောပြီး ကျမက ဖေဖေကိုဆွဲထူတော့ ဖေဖေ တုန်တုန်ယင်ယင်ကြီး ဖြစ်နေပါတယ်။ ကျမလန့်ဖျတ်ပြီး ဖေဖေ့မျက်နှာ မော့ကြည့် လိုက်တော့ တမျက်နှာလုံးနီရဲနေပြီး မျက်ရည်တွေ ရွှဲနေပါတယ်။ ဟင် … ဖေဖေဘာဖြစ်လဲ။ ဘာဖြစ်လဲလို့ ကျမက မေးတော့၊ ဖေဖေက ရှက်ကိုး ရှက်ကန်းနဲ့ ပြုံးပြပြီး “ဘယ်လိုဖြစ်တယ် မသိပါဘူး သမီးရယ်၊ မေမေ့ကို သိပ်သတိရသွားလို့ပါ” တဲ့။ “သမီးရယ် စာဖတ်လို့ကောင်းလိုက်တာ၊ မေမေ့အကြောင်းကို သမီးက စာတအုပ်ဖြစ်အောင် ရေးနိုင်တယ်နော်” လို့ ကျမကို ချီးကျူးလိုက်ပါသေးတယ်။

တကယ်တော့ ဖေဖေက ရင်ထဲမှာ ကြိတ်ဆွေးနေတာပါ။ ဒါလူမိသွားလို့ ပြေရာပြေကြောင်းတွေ ပြောနေတာပါ။ တချက် တချက်မှာ သူ့ရဲ့ ဆွေးဆွေးမြေ့မြေ့ပြောဆိုချက်တွေ ပေါ်ပေါက်လာတတ်ပါတယ်။

ဒါကြောင့်ပဲ ဆရာကြီးမောင်စွမ်းရည်ရဲ့ အဲဒီစာအုပ်ဝေဖန်ချက်ဆောင်းပါးလေးထဲမှာ “ဗိုလ်ချုပ်ကျော်ဇောကိုယ်တိုင် မရေးပေ မယ့် သူ့သမီးကို ထုတ်ဖော်ပြောပြတဲ့စကားကို ဖတ်ရတော့ စာဖတ်သူတဦးအနေနဲ့ စိတ်ထိခိုက်ရပါတယ်။ ‘သူ့ကို မင်း တာဝန်ကျေပါတယ်လို့ ဖေဖေမပြောလိုက်မိတာကို စိတ်မကောင်းဆုံးဘဲ …တဲ့” လို့ ရေးထားတာ တွေ့ရပါတယ်။ ဖေဖေဟာ မေမေ့အကြောင်း စကားစပ်မိတိုင်း သူ့ကိုတာဝန်ကျေကြောင်း၊ ကျေးဇူးတင်ကြောင်း မပြောလိုက်မိတာ စိတ်မကောင်းဖြစ် မိတယ်လို့ မကြာခဏ ပြောလေ့ရှိပါတယ်။ နောင်တကတော့ ဖေဖေတယောက်တည်း ရတာမဟုတ်ပါဘူး။

လှကျော်ဇော
မှတ်ချက်။ ။ အလွမ်းစာပန်းခြင်းကလေး၊ (၂၀၁၃၊ နေရီရီ) မှ