ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းကိုနိုင် ● လူရာဝင်သူကလေးတွေ

 
မင်းကိုနိုင် ● လူရာဝင်သူကလေးတွေ
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။


“ပြန်လာပြီလား....မတူတဲ့အကြောင်းတွေ ပြောပြဦးမယ်ဆို”

“ပြန်လာပြီပေါ့။ ဘာမတူတာတွေ ပြောရမှာလဲ”

“ရာသီဥတုတွေ၊ တိရစ္ဆာန်တွေ သဘာဝ မတူတာတွေပေါ့”

“လူတွေ မတူတာရော မသိချင်ဖူးလား”

“လူတွေ မတူတာလည်း ပြောပြပေါ့”

“လူကလေးတွေ မတူတာ ရှာကြည့်ရင် ပိုမကောင်းဖူးလား။ ခု သားတို့ သမီးတို့က ကလေးတွေဆိုတော့”

“ကောင်းတာပေါ့ ပြောပြပါ”

“အေး တူတာလည်းရှိမယ်၊ မတူတာလည်း ရှိမယ် နားထောင်ကြည့်ပေါ့။ တခါက ဆရာမတယောက်ဟာ သူ့ကို လက်ထပ်ခွင့် တောင်းထားသူတွေအကြောင်း ကလေးတွေကို ပြောပြတယ်”

“ဟားဟား… ဟုတ်လို့လား ..၊ တကယ်လား”

“တကယ်ပေါ့ကွ ၊ တယောက်ခြင်းအကြောင်း ပြောပြတာ”

“နေပါဦး ဆရာမက လှသလား”

“အေး…ကလေးတွေ မျက်စိထဲတော့ သူတို့ချစ်တဲ့ဆရာမပဲ လှမှာပေါ့”

“နှမြောစရာကြီး”

“လုပ်ပြီ…သမီးကတော့။ ထားစမ်းပါ သဘာဝပဲလေကွာ။ ဒါနဲ့ ကလေးတွေက ဝိုင်းရွေးကြတာ တယောက်တမျိုး ရွေးပေးကြ တာပဲ”
“အဲဒီတော့ - ဆရာမက ဘယ်သူကို ရွေးရမှာလဲ”

“ကြည့်ရတာ သူ့ဟာသူရွေးပြီးသားလည်း ဖြစ်ချင် ဖြစ်မှာပေါ့။ ကလေးတွေကို စဉ်းစားရတာ ပျော်စရာဆိုတာ သင်ပေးချင် တယ် ထင်တာပဲ။”

“ဟာ…သားတို့ကလေးတွေ စဉ်းစားပေးတာကို မလေးစားဖူးလား”

“လေးစားလို့ပဲ တိုင်ပင်တာပေါ့။ ဒီဇာတ်လမ်းက မပြီးသေးဘူးလေကွာ။ ဆရာမ မင်္ဂလာဆောင်ဖို့ကိစ္စကျတော့လည်း ထပ် တိုင်ပင်သေးတယ်”

“အိုး..ပျော်စရာကြီး။ ကလေးတွေက ဘယ်လိုစဉ်းစားလဲ။ ကိုယ်တိုင်ကျတော့ မင်္ဂလာမဆောင်ဖူးပဲနဲ့ ဘယ်လိုအကြံ ပေးမ လဲ”

“ဘယ်ဟုတ်ပါ့မလဲကွာ မလုပ်ဖူးပေမယ့်..စိတ်ကူးကောင်းတော့ ရှိတတ်တာပဲ မဟုတ်ဖူးလား။ အခုဟာကအကြံ ယူရုံမက ဘူးကွ။ အကူအညီပါ တောင်းတာ”

“ဟုတ်လား…ဘာကူညီကြရမှာမျိုးလဲ”

“အဲဒီဧည့်ခံပွဲမှာ ကလေးတွေ ဖိတ်ကြားရေး၊ ဧည့်ခံကြိုဆိုရေးစသဖြင့် တာဝန်ယူခိုင်းတာကွ။”

“တကယ်…ကလေးတွေက တာဝန်ယူရမှာ ပျော်စရာကြီး”

“တို့ဆီမှာလိုဆို ဆပ်ကော်မတီတွေ ဖွဲ့သလို ဖြစ်မှာပေါ့ကွာ..ဟားဟား”

“ကလေးတွေ လုပ်နိုင်ကြလား ဦးဦး”

“အဲဒါ သူတို့အရည်အချင်းပေါ် မူတည်တာပေါ့။လောလောဆယ်တော့ သူတို့အိပ်တောင်မပျော်ကြဖူး။အကောင်းဆုံး ဖြစ်အောင် ဘာလုပ်မယ်ဆိုပြီး တိုင်ပင်နေကြတာ၊ အိမ်မှာလဲ မိဘတွေကို ပြန်ကြွားရတာအမော”

“ဒါပေါ့ ဦးဦးရဲ့ - လူရာသွင်းတော့ ပျော်တာပေါ့”

“အေးပေါ့ - လူရာဝင်တယ်လို့ ခံစားရတဲ့ ကလေးဟာအစွမ်းရှိသမျှ ပျော်ပျော်ကြီး ထုတ်တာပေါ့”

“အဲဒီတော့ မင်္ဂလာဆောင်က ဘယ်လိုဖြစ်သွားလဲ ထူးဆန်းလိုက်တာနော်”

“မသိပါဘူးကွာ ဦးပြောချင်တာ ဒါမှမဟုတ်တာ”

“လုပ်ပြီ…အမြင်ကို ကပ်တယ်”
- *-*-*-*-

“ဦးပြောချင်တာက ကလေးတွေကို ကိုယ့်ကိုယ်ကိုယုံကြည်မှု တက်အောင် လုပ်ပေးနေတဲ့ ကျောင်းတွေအကြောင်းလေကွာ။ သူတို့ဆီမှာ အားလုံးဟာခေါင်းဆောင်ပဲ”

“ဟာ…နောက်လိုက်မရှိပဲ ဗိုလ်တွေချည်းပဲ ဘယ်ဖြစ်မလဲ”

“ဒီလိုမဟုတ်ပေါင်ဗျာ…ကိစ္စတစ်ခုခြင်းစီမှာ ပြောတာ။ ဥပမာကွာ ဦးသူငယ်ချင်းရဲ့သားဟာ သွေးကျဲနေတဲ့ရောဂါတစ်မျိုးရှိတယ်။ ကျန်းမာရေး မကောင်းဖူးပဲပြောပါတော့။ အားကစား မထူးချွန်ဖူး၊ တခြားစာတွေမှာလည်း သင့်ယုံပဲ ရတာ။ ဒါပေမယ့် ကျောင်းကသူ့ကို ခေါင်းဆောင်ခိုင်းတယ် ဘယ်မှာလဲဆိုတော့ စိမ်းလန်းစိုပြေရေးမှာ (Green Leader) လို့ သူ့ကိုခေါ်ရတယ်”

“အော်…ဒီလိုလား သဘောပေါက်ပြီ။ သူက စိမ်းလန်းစိုပြေရေး ထူးချွန်တယ်ပေါ့”

“မဟုတ်သေးဘူးလေ။ သူ့ကို ခေါင်းဆောင်ခိုင်းလိုက်တော့သူက ကြုံးရုန်းပြီး လေ့လာရတော့တာ။ ကျောင်းကမြက်ခင်းတွေ၊ အပင်တွေ စိမ်းလန်းရေးက သူ့တာဝန်လို့ခံယူလိုက်တာ”

“သူတစ်ယောက်ထဲ နိုင်ပါ့မလား”

“တခြားအတန်းက အစိမ်းရောင်ခေါင်းဆောင်တွေနဲ့တွဲလုပ်ရမှာလေကွာ။ အတန်းတတန်းမှာ အမျိုးအစားတခုစီအတွက် ခေါင်းဆောင်တစ်ယောက်စီ ရွေးပေးထားတာပေါ့။”

“သားနားလည်ပြီ။ တကျောင်းလုံးအတွက်တော့ အဲဒီအစိမ်းရောင်ခေါင်းဆောင်တွေ စုပေါင်းလုပ်ရမှာပေါ့နော်”

“ဒါပေါ့ သားရယ်။ ခေါင်းဆောင်ဖြစ်နေတော့ ငါ့မှာတာဝန်ပိုကြီးတယ်လို့ လေးနက်နေမှာလည်း ပါတာပေါ့”

“သားတို့ဆိုရင်လည်း ပိုကြိုးစားမှာပဲ ဦးဦးရဲ့”
-*-*-*-*-.

“ပြောချင်တာကတော့ကွာ။ ဂဏန်းတွက် စာကျက်ခိုင်းရုံ မဟုတ်ဘူး။ စာမထူးချွန်တဲ့ ကလေးတွေကိုလည်းဘယ်နေရာအားသန်လည်းဆိုတာ ဆရာ/ဆရာမတွေက ဝိုင်းရှာပေးတယ်။ မိဘတွေနဲ့လည်း တိုင်ပင်တယ်။ အဲဒီကလေးတွေက ကိုယ်ဘာလဲ ဆိုတာကိုယ်တိုင်သိအောင် ငယ်စဉ်ကထဲက လေ့ကျင့်ပေးနေတာ”

“သူတို့မိဘတွေကလည်း စိတ်ဝင်စားလား၊ သဘောတူလား၊ စာမကျက်ပဲ အပိုတွေ လျှောက်လုပ်နေတယ်လို့မဆူ ဘူးလား။”

“ဟင့်အင်း…အဲဒီလို ပညာရေးစံနစ်ကို သဘောပေါက်နေကြတယ်လေ၊ တခါတလေ ကလေးက မိဘကိုပြန်ရှင်း ပြရတာတွေ တောင် ရှိတယ်။”

“ဟုတ်လား…ဘယ်လိုဟာမျိုးလဲ”

“သူတို့ကျောင်းတွေမှာ Assembly ခေါ်တဲ့ ကျောင်းကအစည်းအဝေးခန်းမှာ နေ့စဉ် ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့အထဲက အရေးကြီးမယ်ထင်တာတွေ ပြောပြတာလေ။ တခါတရံ အိမ်ကမိဘတွေတောင် မသိသေးတာတွေ ကလေးတွေက သိလာ ပြီး ပြန်ပြောပြကြတာ။”

“သတင်းထူးတွေ ရလာတာပေါ့”

“မဟုတ်ဘူး သမီး.. သတင်းတင်မကဘူး။ စဉ်းစားတွေးခေါ်တာပါ ပါနေတာ။ ကိစ္စတစ်ခုကိုကွာ အရင်မျိုးဆက်ဟောင်း မိဘ တွေက လူမျိုးစွဲ၊ ဒေသစွဲ၊ ဘာသာစွဲနဲ့ စဉ်းစားတယ်ဆိုပါတော့။ ကျား-မ ဆိုတဲ့အစွဲနဲ့ စဉ်းစားတယ်ဆိုပါတော့။ ကလေးက ပြန်ရှင်းပြတယ်။ အဲဒီအစွဲ တွေနဲ့ဆိုတဲ့ ဘောင်တွေကျော်ပြီး ဒီလိုစဉ်းစားတာရှိသေးတယ်ဆိုတာမျိုးပေါ့”

“သား သိပ်မရှင်းသေးဘူး ဦးဦးရာ”

“အေးပါကွာ ဒါကြောင့် အများကြီး မပြောသေးတာပေါ့။ အစွဲတွေနဲ့ စဉ်းစားတဲ့အကြောင်း နောက်မှပြောကြည့်ကြမယ်လေ ဟုတ်လား”

“သမီးကတော့ ..သမီးတို့လို ကလေးတွေကို လူရာဝင်အောင် လုပ်ပေးတာ သိပ်ကြိုက်ပဲ။ အဲဒါ နိုင်ငံခြား ဘယ်တိုင်းပြည်မှာလဲ ။ သမီးတို့ဆီမှာကော ရှိနေပြီလား”

“ကိုယ့်ဟာကိုယ် ဆက်ရှာစုံစမ်းပေါ့ ။ တော်သေးပြီ …တာ့တာ”

“လုပ်ပြန်ပြီ….အမြင်ကို ကပ်တယ်”

- #မင်းကိုနိုင်
[ ပြည်သူ့အရေးဂျာနယ်၊ အတွဲ ၂ ၊ အမှတ် ၁ဝ၃ ဆောင်းပါး ]