နရီမင်း - တို့ရွာထဲက ဇာတ်​လမ်း

Than Htay Maung


နရီမင်း  - တို့ရွာထဲက ဇာတ်​လမ်း
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၆



စားဖို့နဲ့ မိတ်လိုက်ဖို့ပဲ သိတဲ့ ကြက်ဖတွေက
သူတို့ကိုယ် သူတို့
နေ့သစ်ကို အစပြုသူတွေလို့ ကြွေးကြော်တယ်။

ကြက်ဖတွန်သံ ကြားတော့
ဘိန်းစားက လူလုံးပြဖို့ ထလာတယ်။

သူများအိမ်က သမီးပျို ပျောက်သံကြားရင်
ဘိန်းစားက အထင်ခံရမနည်းဘူးဆိုပြီး
ရွာပြင် ကောက်ရိုးပုံ သွားပြောင်းအိပ်တယ်။

ကြက်ဖတွေက ဆယ်လီဖြစ်ချင်ပြီး
ဘိန်းစားတွေက သူရဲ​ကောင်း ဖြစ်လိုကြတယ်။

တ​ခါတ​ရံ ကြက်ဖချင်း ခွပ်ပြီး
ဘိန်းစားတွေ အထင်ခံရမှု ပြိုင်ကြတယ်။

ရွာထဲမှာ
ဘယ်ဘိန်းစားက ဘယ့်သူ့သမီး ခိုးပြေးသွားတယ်ဆိုတာမျိုး
ကောလာဟလတွေ ထွက်လာတယ်။

ရွာသားတွေ အလုပ်နားရင် အတင်းပြောကြတယ်။

ဘာပဲဖြစ်​ဖြစ်
အချိန်တန်တော့ ဘိန်းစားက အိမ်​ပြန်​လာရတာပေါ့။

ကောလာဟလတွေ ပြန်ငုပ်သွားတယ်။

ပျောက်သွားတဲ့ သမီးတွေတော့
အိမ်ပြန်ရောက်မလာကြဘူး။

ကြက်ဖက မိတ်လိုက်ဖို့ ခြေတစ်ပေါင်ကျိုးထောက်
တောင်ပံတစ်ခြမ်းဆန့်ထုတ်ပြီး
ဆန့်ငင် ဆန့်ငင် အကြောဆွဲတယ်။

ဘိန်းစားက ပြန်အိပ်နေပြီ။

၁၇- ၁၀- ၂၀၁၆