ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်စွမ်းရည် - ဦးသော်ကောင်း


မောင်စွမ်းရည် - ဦးသော်ကောင်း
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၆
ရန်ကုန်တက္ကသိုလ်၊ ဗဟိုစာကြည့်တိုက်ကိုသွားရင်း စိမ်းစိုမြူးလွင့်နေတဲ့ သော်ကပင်ကလေးတွေ ၀န်းရံနေတာကို မြင်ရတယ်။ သော်ကပင်ကလေးတွေကို မြင်ရရင် "သော်ကောင်း" ကို ပိုလို့ သတိရစရာ ဖြစ်ရပ့ါတယ်။ "သော်ကောင်း" ဆိုတဲ့ နာမည်ကြားရင် ကျွန်တော့်ရင်ထဲမှာ လေးစားချစ်ခင်မှု လှိုင်းဂယက်တွေ ထတတ်ပါတယ်။

"သော်ကောင်း"၊ "စာကြည့်တိုက်" ၊ "စာအုပ်စာပေ" ဆိုတဲ့ စကားလုံးတွေဟာ နိမိတ်ပုံတွေ ရောယှက် နေတဲ့ စကားလုံးလေးတွေ ဖြစ်ပါတယ်။ စာကြည့်တိုက်တို့ ၊ စာအုပ်စာပေတို့ ဆိုတာ အသိပညာအလိမ္မာ တရားတို့ရဲ့ စုဝေးရာဖြစ်ပါတယ်။ သက်ရှိသတ္တ၀ါတွေအတွင်း လူနဲ့ တိရစ္ဆာန်တို့ရဲ့ အဓိက ခြားနားချက်ဟာ "စာအုပ်စာပေ" ပဲ ဖြစ်တယ်လို့ စဉ်းစားမိဖူးပါတယ်။ အသိပညာ အလိမ္မာတရားတွေကို စုဆောင်းသိုမှီးရာ၊ ဖြန့်ချိ ဝေငှရာဌာနဟာ ဟာကြည့်တိုက်ဖြစ်ပြီး ဖြန့်ချိဝေငှသူဟာ စာကြည့်တိုက်မှူးပါ။ စာကြည့်တိုက်မှူးလို့ဆိုလိုက်ရင် ဗမာစာပေလောကမှာ ဆရာကေခေါ်တဲ့ ဆရာဦးခင်ဇော်၊ ဆရာဇော်ဂျီ၊ ဆရာတိုက်စိုး၊ ဆရာထင်ကြီး၊ ဆရာသော်ကောင်းတို့ကို တန်းစီပြီး ထင်လာမြင်လာရမြဲဖြစ်ပါတယ်။ သူတို့ခေတ် သူတို့ဘ၀မှာ စာကြည့်တိုက် မှူးလို ရာထူးထက်ကြီးမြင့်တဲ့ ဂုဏ်ထူးတွေ၊ ဘွဲ့ထူးတွေ၊ ရာထူးဌာနန္တရတွေ ရနိုင်ပါလျက်နဲ့ စာကြည့်တိုက်မှူးရဲ့ အလုပ်ကို ရွေးချယ်ခဲ့ကြတာဟာ တိုင်းပြည်အပေါ် စေတနာထားလွန်းလို့ပါ-ဆိုတာ တွေးကြည့်ရင် နားလည် သဘောပေါက်နိုင်တဲ့အပြင် ရင်းနှီးနီးစပ်သူများကလည်း သူတို့ရဲ့ ဘ၀ရွေးချယ်မှုကို ဒီအတိုင်းပဲ နားလည် သိရှိခဲ့ကြပါတယ်။ စေတနာ ၀ါသနာပါ ထက်သန်သူတွေပါ။

စာကြည့်တိုက်လုပ်ငန်း၊ စာကြည့်တိုက်အုပ်ချုပ်မှု ပညာဆိုတာ ဒီခေတ်မှာ ၀ိဇ္ဇာ၊ မဟာဝိဇ္ဇာဘွဲ့ သာမက ပါရဂူဘွဲ့ ပေးနိုင်တဲ့ ပညာရပ်တစ်ဆူဖြစ်နေပေမယ့် တချို့နိုင်ငံတော်အကြီးအကဲတွေ လုပ်သွားသူတွေ က "စာအုပ်ဘီရိုထဲရှိ စာအုပ်တွေကို စာရင်းလုပ်ပြီး စာဖတ်ချင်သူကို ထုတ်ငှားပေးရုံလောက်သာ လုပ်ရတဲ့ အလုပ်လို့ ထင်မှတ်ခဲ့ (ထင်မှတ်ဆဲ) ပါ။

မဆလခေတ်ဝန်ကြီးတစ်ပါးဟာ တက္ကသိုလ်စာကြည့်တိုက်တစ်ခုကို ခပ်တည်တည်ဝင်ပြီး စစ်ဆေးဖူးသတဲ့။ စစ်ဆေးပြီး ညွှန်ကြားရမှာဆိုတော့ သူ့မှာ စာကြည့်တိုက်အတွက် ညွှန်ကြားတတ်တဲ့ ပညာမှ မရှိတာ-ဆိုတော့ "ခင်ဗျားတို့မှာ အက်စ်သက်တစ်ခေါ်တဲ့ အလှအပရှုမြင်တတ်တဲ့ မျက်လုံးတွေ မရှိဘူးလား၊ စာအုပ်တွေကို အရွယ်တူချင်း တန်းစီ ထားပါတော့လား။ ခုတော့ အထူအပါး၊ အနိမ့် အမြင့်မတူဘဲ ဖြစ်သလို စီထားလိုက်တာ ကြည့်မကောင်းဘူး၊ ပြန်စီလိုက်ပါ။ ကြည့်ကောင်းအောင် ရွယ်တူချင်း စီထားပါ" လို့ ညွှန်ကြားမှာခဲ့ဖူးပါသတဲ့။

အဲဒီတက္ကသိုလ်စာကြည့်တိုက်မှူးဟာ ခရီးစရိတ် အကုန်ခံကာ ပျဉ်းမနားက ရန်ကုန်ကို အမြန်ပြန်လာပြီး သူ့ကို စာကြည့်တိုက်ပညာသင်ပေးခဲ့တဲ့ ဆရာဦးသော်ကောင်းဆီမှာ "ဆရာရေ-၀န်ကြီး ညွှန်ကြားချက်ကို ကျွန်တော်တို့ ဘယ်လိုလိုက်နာဆောင်ရွက်ရမှန်းမသိတော့ဘူး" လို့ အစီရင်ခံပါသတဲ့။

စာကြည့်တိုက်မှာ စာအုပ်တွေက အများကြီးရှိတာပါ။ ဒီအများကြီးထဲမှာ လိုချင်တဲ့ ဘာသာရပ်ထဲက စာအုပ်တစ်အုပ်ကို အမြန်ရှာဖွေထုတ်ယူဖို့ဆိုတာ "ပညာ"တစ်ရပ်ပါ။ အဲဒီဝန်ကြီးကို ရှာခိုင်းရင်တောင် ရူးတောင် သွားနိုင်ပါတယ်။ ဆရာဦးသော်ကောင်းက သူ့တပည့်ကို ဘယ်လို ဖြေကြားလိုက်တယ်ဆိုတာ အသေအချာ မသိပါ။ အဲဒီတက္ကသိုလ် အကြီးအကဲတစ်ဦးကတော့ "၀န်ကြီးလာမယ်လို့ ကြိုတင်အကြောင်းကြားရင် သူ့အကြိုက် အရွယ်တူတွေချင်းပေါင်းပြီးစီထားလိုက်ပေါ့" တဲ့။ ဗုဒ္ဓေါ ! ။ စာအုပ်တစ်အုပ်ဟာ ဘာအကြောင်းအရာ (ဘာဘာသာရပ်) လဲ၊ ရေးသူ ဘယ်သူလဲ၊ ဘယ်ခုနှစ်က ထုတ်တာလဲ၊ ဘယ်နိုင်ငံ ဘယ်မြို့၊ ဘယ်စာအုပ်တိုက်က ထုတ်တယ်-အစရှိသဖြင့် အကြောင်းအချက်တွေခွဲပြီး မှတ်သားစရာ အများကြီး ပါရှိပါတယ်။ အဲသလို အချက်တွေမှတ်တမ်းတင်၊ အမျိုးတူတာတွေကို အမှတ်စဉ်တွေထိုးပြီး စင်ပေါ်တင်ပေးရ တာကိုးက ပညာတစ်ရပ်ပါ။ ထားပါတော့ အဲဒီပညာရပ်တွေကို ဦးသော်ကောင်းတို့က ဗမာပြည်မှာသာ သင်ယူဖို့မလုံလောက်လို့ နိုင်ငံခြားသွားပြီး သင်ယူရသေးတာပါ။

တစ်ခါက မြန်မာစာဌာနက ဆရာတစ်ယောက်ဟာ နိုင်ငံခြားကို ဘာသာဗေဒပညာ သင်ယူ ဖို့ ရွေးချယ်စေလွှတ်ခံရသတဲ့။ အဲဒါကိုကြားသိရတော့ "မြန်မာစာဆရာတစ်ယောက်ဟာ နိုင်ငံခြားမှာ ဘာသာ စကားပညာမှာ၊ သင်ယူစရာလိုသေးလို့လား" လို့ဆိုပြီး ပယ်ဖျက်လိုက်သတဲ့။ ထားပါတော့။ ကြုံလို့ ပြောလိုက်မိ တာပါ။

ကျောင်းဆရာများအတွက် "စေတနာ၊ ၀ါသနာ၊ အနစ်နာ" ဆိုတဲ့ နာသုံးနာရှိမှ အောင်မြင်တဲ့ ကျောင်းဆရာဖြစ်နိုင်သလို စေတနာ့ဝန်ထမ်း-စာပေသာသနာပြု ပုဂ္ဂိုလ်တစ်မျိုးဖြစ်တဲ့ စာကြည့်တိုက်မှူးရဲ့အလုပ် ကလည်း နာသုံးနာနဲ့မှ လုပ်ဖြစ်တာပါ။ ဒါ့ကြောင့် ဦးသော်ကောင်းလို့ နာမည်ကြားလိုက်ရင်ပဲ "နာသုံးနာ"ရဲ့ ရိုက်ခတ်မှုဂယက်ကို ရင်ထဲမှာ ခံစားရပါတယ်။

ဦးသော်ကောင်းဟာ ပညာမင်းကြီးဦးကောင်းရဲ့သားပါ။ ဦးကောင်းဆိုတာ မြန်မာနိုင်ငံ ပြည်သူအပေါင်းရဲ့ လေးစားကြည်ညိုမှု အခံရဆုံး ပညာရေးပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ် ပညာနဲ့ မေတ္တာရဲ့ သင်္ကေတပါ။ ကျွန်တော်တို့ အလယ်တန်းကျောင်းသားဘ၀ ၁၉၅၀ ကျော်ကာလလောက်က ပညာမင်းကြီးပါ။ ငွေစက္ကူပေါ်မှာ "မောင်ကောင်း" လို့ ပါတာကို ဟိုတစ်ခေတ်ဗမာတွေ သတိရကြဦးမှာပါ။ "ငွေကြေးချမ်းသာရဲ့လား"ဆိုတာကိုတောင် "မောင်ကောင်းရှိရဲ့လား" လို့ တင်စားဖြေဆိုခဲ့ကြဖူးပါတယ်။ ဆရာကြီးဦးကောင်းဟာ အိန္ဒိယပြည်မှာ ပညာရေးကိစ္စအတွက်သွားရင်း "ကားအက်စီးဒင့်" ဆိုတဲ့ မတော်တဆကိစ္စနဲ့ ကွယ်လွန်ခဲ့ရရှာပါတယ်။ သူ့သားဦးသော်ကောင်းဟာ ပညာမင်း ကြီး ဦးကောင်းရဲ့ အတ္ထုပ္ပတ္တိကို ရေးသားပြုစုထုတ်ဝေဖို့ရာ အထူးတာဝန်ရှီပါတယ်။ ဆရာဇော်ဂျီတို့လို မိတ်ရင်း ဆွေရင်းတွေရှိစဉ်က ပြုစုထုတ်ဝေရရင် ပိုကောင်းမှာပေါ့။ ကျောင်းသုံးပြဋ္ဌာန်းရမယ့် အတ္ထုပ္ပတ္တိမျိုးမဟုတ်လား။ ဦးသော်ကောင်းဟာ ဦးသန်းဦး၊ ဦးသန်းထွတ် (ထွတ်ကလေး) တို့လို ပညာရေးဌာနက ပုဂ္ဂိုလ်များနဲ့ ပူးတွဲစီစဉ် ထုတ်ဝေဖို့ မေတ္တာရပ်ခံချင်ပါဘိ။

မင်းကြီးဦးကောင်းဟာ ကျွန်တော့်ရဲ့ မြင်းခြံ (နယ်) ဇာတိလို့ ကျောင်းသားဘ၀ကတည်းက ကြားသိ ဂုဏ်ယူခဲ့ရဖူးပါတယ်။ ကျွန်တော်ကလည်း မြင်းခြံ (နယ်) သားပါ။ မင်းကြီးဦးကောင်း၊ ကာနယ်ချစ်ကောင်း စတဲ့ "ကောင်း"ပါတဲ့ မြင်းခြံသားကြီးတွေရဲ့ နာမည်တွေကို တဖွဖွ ရွတ်ဆိုရင်း ဇာတိမာန်ထက်သန်မှုနဲ့ စာကြိုးစားခဲ့ ကြရတဲ့ ခေတ်တစ်ခေတ် ကျွန်တော်တို့မြင်းခြံမှာ ရှိခဲ့ပါတယ်။ မင်းကြီးဦးကောင်းရဲ့သားဟာ 'ဦးသော်ကောင်း' တဲ့။ ဒီအချက်ဟာ လဲကျွန်တော့်အဖို့ ဦးသော်ကောင်းကို လွမ်းစရာဖြစ်ခဲ့ပါတယ်။ ဦးသော်ကောင်းဟာ မြင်းခြံသွေးပါရှိတဲ့အပြင် ၁၉၃၇ ခုနှစ်မှာဖွားသူတဲ့။ ကျွန်တော်နဲ့ မွေးနှစ်တူနေပြန်တော့ ပိုလို့တောင် သံယောဇဉ်တွယ်ရတာအမှန်ပါ။

ကျွန်တော့်တသက်တာ ရည်မှန်းချက်တစ်ခုဟာ ကျောင်းဆရာလဲမဟုတ်၊ သတင်းစာဆရာလဲမဟုတ်၊ စာရေးဆရာလဲ မဟုတ်ပါ။ စာကြည့်တိုက်မှူးပါ။ ဒါ့ကြောင့်အသက် ၅၀ ကျော်မှာ ကျောင်းသားအဖြစ်နဲ့ ရန်ကုန် တက္ကသိုလ်၊ စာကြည့်တိုက်ပညာသင်တန်းကို တက်ခဲ့ပါတယ်။ ဌာနမှူးဦးသော်ကောင်းက 'မလာပါနဲ့ဗျာ။ ဆရာ ဇော်ဂျီ၊ ဆရာတိုက်စိုး၊ ဆရာထင်ကြီးတို့လို ဆရာကြီးတွေ မသင်တော့ဘူး။ ဆရာ ဆရာမ အငယ်တွေပဲ သင်ပေး နေကြတာ။ ခင်ဗျားကိုလည်း အားနာစရာဖြစ်တဲ့အပြင် သူတို့မှာလဲ လူကြီးကိုသင်ကြရတော့ စိတ်စနောင့်စနင်း ဖြစ်ကြရှာမှာပေါ့' လို့တားပါတယ်။ ကျွန်တော်ကဇွတ်တက်ပါတယ်။ ဦးသော်ကောင်းခဗျာ ဦးထင်ကြီး၊ ဆရာ တိုက်စိုးစတဲ့ သက်ကြီးဝါကြီးစာကြည့်တိုက်ပညာရှင်တွေကို ပြန်လည်အပူကပ်ရရှုာပါတယ်။ ကျွန်တော့်ကိုအား နာလို့ပါ။ ကျွန်တော်ကလည်း ဆရာကြီးတွေကိုရော ဆရာငယ်တွေရောလေးစားသမှုနဲ့ ကျောင်းမှန်မှန်တက်၊ စာမခက်အောင် အားထုတ်ခဲ့ပါတယ်။ ဂုဏ်ထူးတွေဘာတွေနဲ့ အောင်ခဲ့လို့ သူငယ်ချင်းတွေရှေ့မှာ ကြွားဝါမိဖူးပါ တယ်။ သူငယ်ချင်းတင်မိုးက 'ကလေးကလားကွာ'လို့ နှစ်ခါသုံးခါဟန့်တားတော့မှ သတိထားပြီး 'မကြွား'ဖြစ် အောင်နေခဲ့ရပါတယ်။

အဲဒီနှစ်ကကျောင်းသားတွေဟာ စာစုစာရင်းတွေပဲ လုပ်ကြပါတယ်။ ကျွန်တော်က ကျမ်းပြုပါတယ်။ 'ဘွဲ့ ယူစာတမ်း'ပေါ့။ 'မြန်မာစာပေဝေဖန်ရေးသမိုင်း'လို့ အမည်ရှိတဲ့ကျမ်းပါ။ ဆရာကြီးများဖြစ်ကြတဲ့ ဆရာတိုက်စိုး၊ ဆရာထင်ကြီး၊ ဆရာဦးသော်ကောင်းနဲ့ဆရာမကြီးများကပါ ကျွန်တော့်စာတမ်းကို ဂုဏ်ထူးနဲ့ အအောင်ပေး လိုက်ပြီး 'စာအုပ်ထုတ်'ပါလို့ တခါတည်းခွင့်ပြု၊ တိုက်တွန်းလိုက်ပါတယ်။ ကျွန်တော် ပြည်ပထွက်သွားလို့ စစ် အစိုးရက ကျွန်တော့်စာအုပ်တွရော နာမည်တွေကိုပါ ပိတ်ထားတဲ့အတွက် ခုမှ (၂၀၁၆ ကျမှ) ထုတ်မယ်ဆို တော့ ဦးသော်ကောင်းဆီက အမှာစာတောင်းရပါတယ်။

ကျွန်တော်က ခုအခါ အမေရိကားမှာပါ။ ၂၀၀၃-၄ လောက်က အမေရိကားကိုရောက်တော့ မြောက်အီ လီနွီုက်တက္ကသိုလ်ရဲ့စာကြည့်တိုက်မှာ တွဲဖက်ပြီး နေရေး၊ စာရေး အကုန်ထောက်ပံ့ထားပါတယ်။ အဲဒီစာကြည့် တိုက်မှာ မြန်မာစာအုပ် တစ်သောင်းလောက်ရှိတယ်။ ဦးသော်ကောင်းတို့ရဲ့ တပည့်မေကြည်ဝင်းက စတင်တည် ထောင်ခဲ့တယ်။ ကျွန်တော်က ဘာမှမလုပ်ရဘဲ ကျွန်တော့်ကို အခန်းတစ်ခန်းနဲ့ ကွန်ပျူတာတစ်လုံး ပေးထာပါ တယ်။ အဲဒီတက္ကသိုလ်မှာ Center for Burmese Studies ဆိုတာလဲ ရှိပါတယ်။ မြန်မာစာ ကောင်းကောင်းတတ်တဲ့ ဒေါ်ပြုံးပြုံး အမည်ခံ ပြင်သစ်အမျိုးသမီးကြီးက အုပ်ချုပ်ပါတယ်။ သူက ဗမာပြည်ကို တစ်နှစ်တစ်ခေါက်သွားပြီး စာအုပ် ၀ယ်ပါတယ်။ မန္တလေးလူထုတိုက်ကို အရောက်သွားပြီး လူထုဒေါ်အမာကို နှုတ်ဆက်ပါတယ်။ ဦးသော်ကောင်းနဲ့ အစစ တိုင်ပင်ပါတယ်။ ဦးသော်ကောင်းကလည်း သူတို့ဖိတ်ကြားရင်လာတယ်။ ကျွန်တော်က ဆီးကြို ပါတယ်။

ကျွန်တော်ဗမာပြည်ကို ပြန်တော့လည်း တက္ကသိုလ်စာကြည့်တိုက်ကို အရင်ဆုံး ပြေးကြည့်တာ ပါ။ ဦးသော်ကောင်းက အင်္ဂါနေ့တိုင်း တပတ်တစ်ခါ လာတယ်ဆိုလို့ အပေါက်ဝမှာ ဦးသော်ကောင်းတို့ငယ်စဉ် ကတည်းက အမှုထမ်းတဲ့ ဦးသောင်းကြီးကို ပြုံးပြုံးကြီး ထိုင်နေတာ တွေ့လိုက်ရတော့ အိပ်မက်များလားလို့ အောက်မေ့လိုက်မိပါတယ်။ သူကလည်း ကျွန်တော့်နာမည်ကိုခေါ်ပြီး ကျွန်တော်ကလည်း သူ့နာမည်ကို အော်ခေါ်ပြီး နှုတ်ဆက်ကြတယ်။ ကျွန်တော့်ကို ဆရာဇော်ဂျီရဲ့အခန်းလဲ လိုက်ပို့ပါတယ်။ ဆရာ့ဓာတ်ပုံကို ကန်တော့ပြီး ထွက်လာခဲ့ပါတယ်။ နောက်တစ်နေ့မှာ ဆရာမင်းသုဝဏ်ရဲ့အိမ်ကို သွားပြန်တော့ သူ့သားသမီးတွေက ဖျက်ပြီး ခွဲဝေယူလိုက် ကြလို့ မရှိတော့ 'ဟာ' သွားရပါတယ်။ ပြီးတော့ ဦးသော်ကောင်း၊ ဒေါက်တာသန်းထွန်းနဲ့ ဆရာတိုက်စိုးတို့ ဆုံပြီးအလုပ်လုပ်ခဲ့ကြတဲ့ မြန်မာသမိုင်းအဖွဲ့ ရုံးခန်းကို သွားဖြစ်အောင်သွားပြီး ကြည့်လိုက်ပါသေးတယ်။ အဲဒါက အမရဆောင်ပါ။

ဘာရယ်လို့ အထူးကိစ္စမရှိဘဲ ဦးသော်ကောင်းတို့ကိုဝင် နှုတ်ဆက်လေ့ရှိခဲ့ဖူးပါတယ်။ တစ်ခါတော့ ဦးသော်ကောင်းတစ်ယောက်တည်း အလုပ်လုပ်နေကြတဲ့ရုံးခန်းကို တန်းတက်သွားမိတော့ ဦးသော်ကောင်းနဲ့ အမျိုးသမီးတစ်ဦး စကားပြောနေကြပါတယ်။ ဒါနဲ့မထိုင်တော့ဘဲ နှုတ်ဆက်ပြီးပြန်ခဲ့တော့ ဘာဖြစ်ကျန်ခဲ့တယ်ဆိုတာ မသိလိုက်တော့ဘူး။ နောက်တပတ်သွားတော့ အမရဆောင်အ၀င်ဝမှာကိုပဲ အစောင့်ချထားပြီး စစ်ဆေးခံရ ပါတယ်။ နာမည်တွေဘာတွေပေးခဲ့ရပြီး ဒေါက်တာသန်းထွန်း အခန်း (မြေညီထပ်မှာပဲ) သွားတွေ့လိုက်ပါတယ်။ ဆရာက ဆီးပြီး 'ဟေ့- မင်းလုပ်လိုက်လို့ ငါတို့ မလွတ်မလပ်ဖြစ်ကုန်ပြီ။ တွေ့ခဲ့ရဲ့လား' တဲ့။ 'ဟိုတစ်နေ့က သော်ကောင်းဆီ မင်းဘာမပြော ညာမပြော တန်းတက်သွားတော့ ... အဲဒီမှာစကားပြောနေတာ သမ္မတကြီးကတော်တွေကွာ နီနီမြင့်လေ။ နောင်ကို ဧည့်သည်တွေ အဲသလို အရမ်းမလာရအောင်လို့တဲ့ ခုတော့ အဆောင်အ၀င်ဝမှာ ဂိတ် စောင့်တွေ ချထားလိုက်ပြီ။ တွေ့တယ်မဟုတ်လား' လို့ဆီးပြောပါတယ်။ ဒုက္ခပါပဲ။ ကျွန်တော်က ဒေါ်နီနီမြင့်ကိုရော၊ သူ့ခင်ပွန်းကိုရော တွေ့စရာ အကြောင်းမရှိပါ။ ကျွန်တော့်အဖို့ သူတို့ဟာ ဦးသော်ကောင်းတို့ ဒေါက်တာသန်းထွန်း တို့လိုအရေးမပါခဲ့ပါ။ စိတ်မ၀င်စားခဲ့ပါ။

အမှတ်တရဖြစ်ခဲ့ပုံကို ပြန်ပြောပြတာပါ။ ခုတခေါက်ရန်ကုန်ပြန်တော့လဲ ဦးသော်ကောင်းကို သွားတွေ့ပါ တယ်။ စာကြည့်တိုက်မှာ မတွေ့ခဲ့ရလို့ပါ။ သူ့နှောင်းတပည့်တစ်ဦးဖြစ်တဲ့ မျိုးသန့်ထွန်းက လိုက်ပို့ပါတယ်။ အတူ တွဲပြီးတော့လည်း အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

ကျွန်တော်တို့ အခြေခံပညာဌာနက အဝေးကြီးရွှေ့သွားလို့မရောက်ခဲ့တော့ပါ။ ၁၉၈၈ မတိုင်မီကိုယ်ပိုင် အဆောက်အဦ မရှိသေးလို့ ခြောက်ထပ်ရုံးမှာ ကပ်ရပ်နေခဲ့ရပါတယ်။ အခြေခံပညာဌာနဟာ ဌာနအကြီးစားလဲ ဖြစ်၊ စာအုပ်စာပေနဲ့ အထူးသက်ဆိုင်တဲ့ ဌာနလဲဖြစ်လျက် စာကြည့်တိုက်ဌာနရယ်လို့ မရှိ။ စာကြည့်တိုက်မှူးရယ် လို့လဲမရှိ။ စာပေ၀ါသနာပါသူ တစ်ယောက်ယောက်က ကျောင်းသုံးစာအုပ်ကော်မီတီရဲ့ စာအုပ်တွေကို ထိန်းသိမ်း လေ့ရှိခဲ့ပါတယ်။ စွယ်စုံကျမ်း ဗီရိုကြီးတွေကိုတော့ တချို့ညွှန်မှူးတွေက သူတို့အခန်းမှာရွှေ့ပြီး တန်ဆာဆင်ထား ကြပါတယ်။ သူတို့ထိန်းသိမ်းမှုကိုပဲ ကျေးဇူးတင်ရပါတယ်။ ကျွန်တော်က ညွှန်ချုပ်ကိုတင်ပြပြီး အခန်းကြီးတစ်ခန်း တောင်း။ စာအုပ်ဗီရိုတွေ ပြန်စုပြီး မြန်မာစာသင်ရိုးအဖွဲ့က ကျွန်တော့်တပည့်တွေနဲ့ စာကြည့်တိုက်ဖြစ်အောင်ထူ ထောင်ပါတယ်။ တပည့်နှစ်ယောက်ကို ပညာရေးဒီပလိုမာနဲ့ စာကြည့်တိုက်ပညာဒီပလိုမာဘွဲ့ ယူခိုင်းပါတယ်။ သူတို့ကို ဦးသော်ကောင်းဆီအပ်ရပါတယ်။

လွတ်လပ်ရေးရပြီးစအခါက ပညာရေးဌာနရုံးချုပ်မှာ ပညာ မင်းကြီးဦးကောင်း (ဦးသော်ကောင်းရဲ့ဖခင်) က စာကြည့်တိုက်ထူထောင်ဖို့ စီစဉ်ခဲ့ကြောင်း သိရပါတယ်။ စာကြည့် တိုက်ဌာနခွဲရယ်လို့ ဖွဲ့စည်းပုံမရှိခဲ့လို့တဲ့ အခြေခံပညာရုံးချုပ် အဆောက်အဦကလည်း အတည်တကျမရှိသလို စာ ကြည့်တိုက်အခန်းရယ်လို့လည်း အတည်တကျမရှိခဲ့ပါ။ သင်ရိုးအဖွဲ့တွေက ဘာသာရပ်အလိုက် ကိုယ့်စာအုပ်တွေ ကိုယ့်ဗီရိုတစ်လုံးစီနဲ့ ထိန်းသိမ်းလာခဲ့ကြရတာပါ။ ရှစ်လေးလုံးအရေးတော်ပုံအပြီး စစ်ဗိုလ်တစ်ဦး လာရောက်အုပ် ချုပ်တဲ့ကာလမှာ သူ့ကို အကျိုးအကြောင်းပြောပြီး ရုံးချိန်အပမှာလုပ်အားပေး ဘွဲ့ရနှစ်ဦးကို မြန်မာစာသင်ရိုးအဖွဲ့ (ကျွန်တော့်အဖွဲ့) ထဲက ထုတ်ယူပြီး ပညာရေးဒီပလိုမာသင်တန်းကိုရော စာကြည့်တိုက်ပညာဒီပလိုမာသင်တန်း ကိုရော တက်စေရတာပါ။

ညွှန်ချုပ်ဗိုလ်မှူးက ကျွန်တော်တို့မြင်းခြံနယ်ဘက်က တင်မိုးတို့ရွာသားပါ။ ရပ်ဆွေရပ်မျိုးပါ။ သူ့ကိုပါ ပညာရေးဒီပလိုမာ စာပေးစာယူတက်ခိုင်းပြီး ကျွန်တော့်တပည့်မနှစ်ဦးနဲ့အတူ ကျွန်တော်တို့က ၀ိုင်းဝန်းကူညီခဲ့ပါ တယ်။ ခုလိုစာကြည့်တိုက်ပညာရှင်ခေါ်နိုင်သူနှစ်ဦး စာကြည့်တိုက်အတွက်ထားရှိပြီ ဆိုတော့ အခြေခံပညာစာ ကြည့်တိုက်လည်း မြဲသွားတန်ကောင်းပါရဲ့လို့ ဦးသော်ကောင်းသိရရင် ၀မ်းသာမှာပါ။ မင်းကြီးဦးကောင်း စိတ်ကူးနဲ့ စတင်ခဲ့တာကို 'မင်းကလေး'တောင်မဖြစ်ခဲ့တဲ့ သင်ရိုးလက်ထောက်တစ်ယောက်က အသက်ဆက်ခဲ့ပါတယ်။ ဦး သော်ကောင်းရေ အခြေခံပညာရေးဌာနက တပည့်သားမြေးတွေကိုလည်း ဆက်လက်စောင့်ရှောက်ပြီး မြေ တောင်မြှောက် ပေးပါဦးလို့။

ဦးသော်ကောင်းက ဦးနေ၀င်း ဖျက်သိမ်းခဲ့တဲ့ မြန်မာနိုင်ငံသုတေသနအသင်းကို ပြန်လည် ထူထောင်ကြရအောင် ကိုစွမ်းရည် အမေရိကားက ပြန်လာခဲ့ပါလို့ မှာလိုက်ပါတယ်။ ကျွန်တော့်ကို မြန်မာနိုင်ငံသုတေသနအသင်း အမှုဆောင်ထဲမှာ ဦးသော်ကောင်းနဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ ထည့်သွင်းပေးခဲ့တာပါ။ ကျွန်တော် ရန်ကုန် မရောက်ခင်ကတည်းက ပေပုရပိုက်တွေ စုဆောင်းပြီး ဆရာမင်းသုဝဏ်တို့က တစ်ဆင့် ဦးသော်ကောင်းတို့ဆီကို ပေးပို့လှူဒါန်းခဲ့ဖူးပါတယ်။ ဆရာဇော်ဂျီနဲ့ ဆရာဦးသော်ကောင်းတို့က ပေရပုပိုက် လှူတာကို ဂုဏ်ပြုကျေးဇူးတင် တဲ့ စာတစ်စောင်စီ ရေးပေးထားပါတယ်။

ဦးသော်ကောင်းက 'ခင်ဗျားမှာ ပေပုရပိုက်တွေ အလကားရလာခဲ့တာဆိုပေမဲ့ သွားလာစရိတ်၊ သယ်ယူစရိတ်တွေ ကုန်ကျမှာပေါ့။ ငွေယူပါ" လို့ပြောပေမယ့် မယူခဲ့ပါ။ တခြားသုတေသီတွေ ကတော့ ရောင်းစားခဲ့ကြတာ ကြုံဖူးပေမယ့် ကျွန်တော်က မရောင်းခဲ့ပါ။ ပုံမနှိပ်ရသေးတဲ့ ပေမူတချို့ကို ဦးသော်ကောင်းတို့က သုတေသနအသင်း စာစဉ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။ 'အစိန္တေယျလေးပါ' ၀တ္ထု၊ 'ဝေဿန္တရာပျို့' စသည်ဖြစ်ပါတယ်။ စာအုပ် ထုတ်ဝေနေစဉ် အသင်းကြီးကို ဖျက်ပြီး အသင်းပိုင်ငွေနဲ့ ပစ္စည်းများကိုပါ ဦးနေ၀င်းက သိမ်းဆည်းစေပါတယ်။ အင်္ဂလိပ်နယ်ချဲု့သမားတွေ ထူထောင်ခဲ့တဲ့ အသင်းဖြစ်လို့တဲ့။ သူ့သားသမီးမြေး မြစ်တွေကိုတော့ အင်္ဂလန်ပို့ ၊ အင်္ဂလိပ်နယ်ချဲ့သမားတွေဆီမှာ နယ်ချဲု့ပညာ သင်ယူစေခဲ့တာ လူတိုင်းအသိ မဟုတ်လား။ ထားပါတော့။

မြန်မာနိုင်ငံသုတေသနအသင်းကြီးအကြောင်းကို ဦးသော်ကောင်းက ဆောင်းပါး ၄-၅-၁၀ ပုဒ်ရေးပြီး ပြန် လည်နှိုးဆော်မှာဖြစ်ပါတယ်။ ကျွန်တော်လည်းအဝေးက 'အသံကုန်' အော်ပါမယ်။ ဦးခင်အေး၊ ဦးဝင်းမွန်၊ ဦးသိန်း နိုင်စတဲ့ စာပေသမားများ၊ အသင်းဝင်ဟောင်းများ၊ အမှုဆောင်ဟောင်းများနဲ့ ပြန်လည် စုစည်း လုပ်ဆောင်ကြရင် ဖြစ်မှာပါ။ ကျွန်တော်က လာဖို့ အားထုတ်ပါမယ်။ ဦးသော်ကောင်းရေ။ အသက်တွေက မငယ်တော့ဘူး။ ၈၀ စီ ရှိပြီ။

ဦးသော်ကောင်းအနေနဲ့ မြန်မာနိုင်ငံသုတေသနအသင်းကြီးကို ပြန်လည်အသက်သွင်းခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ဂုဏ်ကျက်သရေ တိုးမြှင့်နိုင်ပါစေသား။

ဦးသော်ကောင်းရဲ့
တပည့်မိတ်ဆွေရောင်းရင်းရိုးရင်းသူငယ်ချင်း
မောင်စွမ်းရည်
၂၀၁၆ စက်တင်ဘာ၁၃
နယူးယောက်