ကျော်ကျော်မင်း ● ပြောရမှာတော့ ပြောမှကိုဖြစ်မှာ


ကျော်ကျော်မင်း ● ပြောရမှာတော့ ပြောမှကိုဖြစ်မှာ
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၆

ကျွန်တော် နိုင်ငံရေး သမားတစ်ယောက်မဟုတ်ပါ။ ဒါပေမယ့် နိုင်ငံရေး အသိုက်အ၀န်းနဲ့ရင်းနှီးပတ်သက်တဲ့ မိသားစုကပေါက် ပွားလာသူပါ။

တိုင်းပြည်အတွက်ကောင်းမယ်ဆိုလျှင် ခေတ်အဆက်ဆက်ကြုံရာ ကျရာကနေ တစ်တတ်တစ်အားပါဝင်ခဲ့သူဆိုလျှင်တော့ မမှားပါဘူး။ဘယ်ပါတီမှ မဝင်ခဲ့ပေမယ့် ဒီမိုကရေစီ ဖော်ဆောင်ရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်တော့ ဖြစ်ခဲ့ပါတယ်။ ကျွန် တော့်လို သဲပွင့်တွေလည်း အများကြီးရှိပါတယ်။ အခုတက်လာတဲ့ NLD အစိုးရကိုလည်း NLD ရယ်လို့မဖြစ်ခင် လှိုင်းကြီးလေ ထန် အချိန်ကစပြီး တောက်လျောက် ဝန်းရံလာတာ အခုအထိပါပဲ။

ဒါပေမယ့် အခုတော့ ကိုယ်တွေမဲပေးခဲ့တဲ့ အစိုးရကို ပြောစရာလေးတွေရှိလာပြီ။

● အားလုံးစိတ်လှုပ်ရှားတဲ့ ရက် ၁၀၀
ဒီကိစ္စက နိုင်ငံတကာမှာ အစိုးရအသစ်တက်လာတိုင်း ကျင့်သုံးနေကြပါ။ တနည်းဆိုရလျှင် အစမ်းခန့်ကာလပေါ့။ ပြည်သူ တွေအတွက် ဘယ်လောက်အထိ လုပ်ပေးနိုင်သလဲဆိုတာပြရမှာပါ။ ပြောရုံမဟုတ်ပါဘူး။ လူအများပြောသလိုပါပဲ၊ နှစ်ပေါင်း များစွာ ပျက်လာတာ ရက် ၁၀၀ နဲ့ မကောင်းနိုင်ပါဘူး။ ဒါပေမယ့် ပိုဆိုးမသွားဖို့တော့ လိုပါတယ်။

အခု အခြေခံ စားသောက်ကုန် ဈေးနူန်းတွေ တရိပ်ရိပ် တက်လာတာ သင်္ကြန် နောက်ပိုင်းသိသိသာသာ ပိုဆိုးလာပါတယ်။ အချင်အတွယ် လျော့လို့ မရတဲ့ ဆန်၊ ဆီ၊ သား၊ ငါးတွေက အတက်တော်တော်ကြမ်းပြီး၊ ဟင်းသီး ဟင်းရွက်တွေက ပမာဏလျော့နည်းလာတာ သိသာပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါ။

ပညာရေးပိုင်း ကတော့ သိသာစွာပြောင်းလာပါပြီ။ နိုင်ငံတော်ကစိုက်ထုတ်ပြီး လုပ်ဆောင်လာတာ ကြိုဆိုရမှာပါ။ ဒါပေမယ့် အဓိကပြဿနာက ကျောင်းအပ်စရိတ်နဲ့ စာအုပ်ဖိုး ဝတ်စုံဖိုး မဟုတ်ပါဘူး။ အလှူရှင်တွေရှိတတ်ပါတယ်။ ဆင်းရဲသား က လေးတွေဟာ မိသားစု ထမင်းစားဖို့ ကျောင်းကိုပစ်ပြီး ရုန်းကန်နေရတာပါ။ ဒါတွေကို တာဝန်ရှိသူ အစိုးရ သိမှဖြစ်မှာပါ။

စီးပွားရေးနဲ့ပတ်သက်လို့ သိသိသာသာကြီး ပြောင်းလဲတိုးတက်တာ ကျွန်တော် မတွေ့မိသေးပါဘူး။ သတိထားမိတာ က တော့ အခွန်အခတွေကို နည်းပေါင်းစုံနဲ့ ကောက်လာတာတော့ သတိပြုမိပါတယ်။ အခွန်ကိစ္စမှာ ခရိုနီတွေနဲ့ ဘယ်လို စခန်း သွားကြတယ် ကျွန်တော် မသိပါဘူး။ ဒါပေမယ့် အခြေခံလူတန်းစားမှာတော့ မီတာခမှအစ တော်တော်လေး အီစလန်ဝေ သွားပါပြီ။

ဒီမိုကရေစီနိုင်ငံအစိုးရများအတွက် အခွန်ဟာ အသက်သွေးကြောဆိုတာမှန်ပါတယ်။ ပြည်သူတွေကလည်း အခွန်ထမ်းများ အဖြစ် ရင်ကော့ချင်ပါတယ်။ ဒါပေမယ့် ဘဝရပ်တည်ဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့အချိန်မှာ အခွန်ကို ထမ်းခိုင်းတာ စောလွန်း သေးတယ်လို့မြင်ပါတယ်။ အခုတော့ ကျောကော့ နေကြပါပြီ။ ဥပမာ ကားအခွန်ကိစ္စ။ ဂျာနယ်တွေမှာလည်း ပါပါတယ်။

မှုခင်းကျဆင်းရေးနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဟာ မလုပ်မဖြစ် လုပ်ရမှာပါ။ သို့သော်၊ အခြေခံ လူနေမှုဘဝ မပြည့်စုံ သ၍ အထက်ပါကိစ္စတွေကို ထိထိရောက်ရောက် မလုပ်နိုင်ပါဘူး။ ကင်ဆာကို ထုံးမန်းနဲ့ ကုနေသလိုပါပဲ။

● ဘယ်လိုပြောင်းလဲနေတာလဲ
ပြောင်းလဲဖို့ လိုတာကြာပါပြီ။ နောက်ကျနေလို့ ဒရောသောပါး ပြောင်းလဲတာမျိုးဟာလည်း ဆိုးကျိုးရလဒ်တွေဖြစ်စေနိင်ပါတယ်။ (ဥပမာ အခွန်၊ မီတာခ)

ဦးစားပေး အစီအစဉ်ရေးဆွဲပြီး အချိန်ကိုက် ( Rigth time Right action) လုပ်ဆောင်သင့်ပါတယ်။ လက်ခံကျင့်သုံးနိုင်တဲ့ အချိန်အထိ စောင့်သင့်တာစောင့်ပြီး၊ (ဥပမာ- သင်္ကြန် ဆင်ယင်ကျင်းပပုံ၊ ကွမ်းဥပဒေ) ချက်ချင်းဆောင်ရွက်သင့်တဲ့ကိစ္စ ကို ချက်ချင်းဆောင်ရွက်သင့်ပါတယ်၊ (ဥပမာ- ကုန်ဈေးနှုန်းကျဆင်းရေး၊ အလုပ်အကိုင်အခွင့်အလမ်းပေါများရေး)။ လွှတ်တော် မှာ အရေးကြီးအဆိုတင်သွင်းတာ မတွေ့မိပါ။

● ချိန်ကိုက်ဗုံးဖြစ်လာနိုင်သလား
အခုဖြစ်နေတဲ့ ပုံစံ အခင်းအကျင်းက ပထမ ကမ္ထာစစ်အလွန် ၁၉၂၃ ဝန်းကျင် ဂျာမနီလိုမြင်မိပါတယ်။ ဒီမိုကရေစီ အခြေခံ Weimer Republic အစိုးရတက်လာတော့ နလံထစ ဂျာမနီဟာပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ပါ။ ဘာပဲလုပ်လုပ် မဲခွဲဆုံးဖြတ်တယ်။ နိုင်ငံရေးတည်ငြိမ်အောင်ကြိုးစားရင်း အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ဈေးနှူန်း တွေတအားထိုး တက်ပြီး ပေါင်မုန့်တစ်လုံးကို ဂျာမန်မတ်ငွေ သန်းချီပြီးပေးခဲ့ရပါတယ်။ နောက်ဆုံး အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအထိ ထိခိုက်လာပြီး အားလုံးမကြိုက်တဲ့ အာဏာရှင်လက်ထဲထိုးအပ်ခဲ့ရပါတယ်။

● စကားလက်ဆောင်
ကျွန်တော် ချစ်သော NLD အစိုးရကို ဒီနေရာကနေ စကားလက်ဆောင် ပါးချင်ပါတယ်။

တိုင်းပြည်အရေးကိစ္စများကို ဦးစားပေးအစီအစဉ် လေးချပြီးလုပ်ပါ။ တစ်ဦးတစ်ယောက်တည်းရဲ့ ဆန္ဒ၊ လမ်းညွှန်မှုတို့နဲ့ မလုပ်ပါနဲ့။အကြံကောင်းများကိုရှာဖွေတောင်းခံပါ။ သမိုင်းက သင်ခန်းစာများကိုလည်းမေ့ မသွားပါနဲ့၊ ဒီမိုကရေစီ အစိုးရတွေ ဟာ အာဏာရှင်လက်ထဲ မှာ အဆုံးသတ်တတ်ပါကြောင်း။

မှန်ကန်သော စေတနာဖြင့်
ကျော်ကျော်မင်း
မေလ ၃၀ ရက် ၂၀၁၆
ညဥ့် ၁၁း ၅၅

photo credit www.prokerala.com