ခက်သီ ● ခပ်လှမ်းလှမ်းက သံလွင်ခက်



ခက်သီ ● ခပ်လှမ်းလှမ်းက သံလွင်ခက်
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၆

ကျောက်ခေတ် ကြေးခေတ် သံခေတ်ကနေစပြီး
အချစ်နဲ့ ရှေးမနှောင်းပဲ စစ်ဟာ ပေါ်ပေါက်လာခဲ့တယ် ။

ဘုရားသခင်ရှိရင် စာတန်ရှိတယ်
စစ်ကြောင့် ကမ္ဘာကြီးဟာ ရင့်ကျက်လာရတယ်
လူတွေရှိနေသ၍ စစ်တွေတိုက်နေဦးမှာပဲ
အချစ်တွေ ပျောက်ဆုံးတာ မြန်သွားလေသလား
ရုပ်ဝတ္ထုကမ္ဘာ
အက်ဆစ်မိုးထဲမှာ သစ္စာတရားပါလာပါ့မလား
ချိုးဖြူငှက်ရဲ့အတောင်ပံမှာ ဆူးပေါက်နေပြီ။
စစ်ညောင်းကာလကို ငြိမ်းချမ်းရေးခေါ်သတဲ့
ဆွေးနွေးစဉ်ကာလမှာ စစ်ပြင်ဆင်ရတာပေါ့
စစ်ပါရဂူတို့အယူအဆမှာ စစ်ဆိုတာ မပြီးဘူးဆိုပဲ။

ဟေး
ဟေး
ဟေး
ကဗျာဆရာတွေလာပြီဟေ့
သီချင်းငှက်တွေ ပျံလာပြီ
ငြိမ်းချမ်းရေးပန်ချီကို ငါတို့ဆေးခြယ်မယ်
ငြိမ်းချမ်းရေးကို ယုံကြည်တယ်
ငြိမ်းချမ်းရေးကို မယုံကြည်ရင်
ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ဘူး
ငြိမ်းချမ်းရေးကို ယုံကြည်တယ်။
နှစ်ခြောက်ဆယ်ကျော် ပြည်တွင်းစစ်
တစ်နှစ် နှစ်နှစ်နဲ့ မပြီးနိုင်ဘူး
နေဝင်းစစ်တပ်ဟာ အောင်ဆန်းစစ်တပ် ပြန်မဖြစ်လာသ၍
ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ဘူး။

ဟေး
ဟေး
ဟေး
ကဗျာဆရာတွေ လာပြီဟေ့
သီချင်းသည်တွေ လာပြီဟေ့
ပန်းချီဆရာတွေ လာပြီဟေ့
နှစ်ခြောက်ဆယ်ကျော်စစ်ပွဲအတွက်
သန်းခြောက်ဆယ်ရဲ့လက်တွေကမ်းလိုက်ပါ
ငြိမ်းချမ်းရေးဟာ နီးနီးလေးပါ
ယုံကြည်ရင် လွယ်လွယ်လေးပါ ။ ။

ခက်သီ
(ကဗျာ၊ သီချင်း၊ ပန်းချီ ညီအစ်ကို များသို့ ...)