ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ရွှေပိုးအိမ် (ပဲခူး) ● ပူလောင် အိုက်စပ်နေတဲ့ မိန်းမ (ဝတ္တုတို)


ရွှေပိုးအိမ် (ပဲခူး) ● ပူလောင် အိုက်စပ်နေတဲ့ မိန်းမ (ဝတ္တုတို)
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂ဝ၁၆

ပူလောင်အိုက်စပ်နေတဲ့ နွေပါပဲ။ အသက်တွေ တနှစ်ပြီးတနှစ်ကြီးလာတိုင်း ကျွန်မအမြဲ ကြုံနေကျနွေပဲလေ။ သတ္တလောကလို့ အမည်တပ်လို့ရမလား။ ကမ္ဘာကြီးလို့ ကျွန်မသုံးနှုန်းခွင့်ရှိမလား။ ကျွန်မ ပူလောင်အိုက်စပ်မှုဒဏ်ကို ခံစားနေရတာတော့ အ မှန်ပဲ။

မျက်မှန်တလက်လည်း လိုအပ်နေတယ်။ ကျွန်မမှာမျက်မှန်မရှိဘူး။ ကျွန်မကွန်ပျူတာ အရမ်းသုံးတယ်။ ဖုန်းအရမ်းသုံးတယ်။ စာအုပ်တွေဖတ်တယ်။ ကျွန်မမျက်လုံးတွေ ပူထူလာတဲ့အထိပဆိုပါတော့။ ကျွန်မကိုယ်ကျွန်မ ပြန်မြင်နေရတာကလည်း သိပ်တော့ပုံမလာဘူး။ သစ်ရွက်တွေက တဝေ့ဝေ့တဝဲဝဲနဲ့ အရင်နှစ်တုန်းကထက် ပိုပိုကြွေလာသလိုပဲ။ ကျွန်မ ဝမ်းနည်းချင် တော့ပါဘူး။ ကျွန်မ ဝမ်းနည်းစရာအကြောင်းတွေ တော်တော်များများကို ကြုံလာခဲ့ပြီးပြီပဲ။ အရာရာဟာ ဝမ်းနည်းစရာအ တိပဲလို့ မြင်နေတဲ့အထိ ကျွန်မစိတ်ဟာ မှိုင်းညှို့ဖူးခဲ့ပါတယ်။ ကျွန်မကိုယ်ကျွန်မ စိတ်ဝေဒနာတခုခု စွဲကပ်နေသလားလို့ သံသယရှိလာတဲ့အထိပါပဲ။ စိတ်ရောဂါကု ဆရာဝန်ကြီးတချို့ရဲ့လိပ်စာတွေ ဖုန်း နံပါတ်တွေ ကျွန်မကြိတ်ပြီးရှာဖွေနေမိတယ်။ အခွင့်ကြုံတိုင်းလည်း အဲဒီဖုန်းနံပါတ်တွေကို နှိပ်နေမိတယ်။

ဒါပေမဲ့….ဒါပေမဲ့ ကျွန်မသိနေတယ်။ အမှန်တရားဆိုတာကိုလည်းနားလည်နေတယ်။ မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်တယ်ပေါ့။ ဆိုလိုချင်တာ ကျွန်မက သိသိရက်နဲ့ မိုက်နေတာ။ အဲလိုအဓိပ္ပါယ်ကောက်လို့လည်း ငြင်းစရာတော့ မရှိပါ ဘူး။

ကျွန်မအဆင်ပြေပါတယ်။
-----


ကျွန်မအခန်းကသိပ်မကျယ်လှဘူး။ ရှိလှမှ ၁၀ ပေ အတိုင်းအတာပေါ့။ အရှေ့နဲ့အနောက် လမ်းလျှောက်ဖို့ လူသွားလမ်းလေး ဖယ်ပြီးရင် တိုက်ခန်းရဲ့ ရှေ့ဆုံးခန်းမှာဘုရားစင်ရှိမယ်။ စာအုပ်စင်ရှိမယ်။ စာရေးစားပွဲလေးတလုံး ရှိမယ်။ စားပွဲပေါ်မှာလက်တော့လေးတလုံးတင်ထားမယ်။ ဘေးနားမှာ ပွယောင်းနေတဲ့စာအုပ်တွေရှိမယ်။ ပလတ်စတစ်နဲ့လုပ်ထားတဲ့ ကော်ထိုင်ခုံ သုံးခုံလောက်တော့ ရှိတယ်။ အဲဒါတောင် ဟိုတလောကမှဝယ်ဖြစ်တာ။ ဝယ်ဖြစ်ရတာလည်း အမေ့ကြောင့်ပေါ့။ အမေအိမ် လာတဲ့အခါ သူ့မိတ်ဆွေနှစ်ယောက်ပါ ခေါ်လာတယ်။ ဘုရားကပြန်လာရင်းနဲ့ ဝင်လာကြတာတဲ့။ ကျွန်မ သူတို့ကိုနေရာ ထိုင်ခင်းပေးဖို့ မလုပ်တတ်တော့ဘူး။ အမေကဘာမှမဖြစ်ပေမယ့် ပါလာတဲ့ဧည့်သည်တွေက ကြမ်းပြင်ပေါ်ပဲထိုင်ရတော့ မလိုလို ကျွန်မစာရေးစားပွဲကကုလားထိုင်မှာပဲထိုင်ရတော့မလို။ မတ်တပ်ကြီးရပ်လို့။ အခြေအနေရိပ်စားမိတဲ့ အမေကပဲ မြန် မြန်စကားဖြတ်ပြီးသူ့ ဧည့်သည်တွေ ပြန်ခေါ်သွားတယ်။ အိမ်ရောက်ရောက်ချင်း ကျွန်မကိုဖုန်းဆက်ပြီး ပြောပါလေရော။ နင်က လူ့အသိုင်းအဝိုင်းအပြင်ဘက်က သတ္တဝါလားတဲ့။ ကျွန်မ စိတ်မဆိုးဘဲရယ်မိတယ်။ အမေပြောတာလည်း ဟုတ် တာ ပဲလေဆိုတော့ ဖုန်းကိုချက်ချင်းချသွားတယ်။ နောက်နေ့တော့ ကျွန်မနေတဲ့ ရပ်ကွက်နားက ဈေးထဲမှာ အစိမ်းရောင်ပလတ်စတစ်ကော်ထိုင်ခုံလေးတွေဝယ်ဖြစ်တယ်။

ပြီးတော့ ကျွန်မအခန်းမှာ တီဗွီမရှိဘူး။ ဒုတိယအခန်းက ကျွန်မအိပ်ခန်း။ တယောက်အိပ် ခုတင်တလုံးရယ်။ အဝတ်အစား ထည့်ဖို့ ဗီဒိုတလုံးရယ်။ ရေခဲသေတ္တာသေးသေးလေးရယ်။ တတိယအခန်းကတော့ ထမင်းစားဖို့ နေရာတနေရာရယ် ချက် ပြုတ်ဖို့နေရာတနေရာရယ် ပြီးတော့ ရေချိုးခန်းနဲ့အိပ်သာ တဆက်တည်း အခန်းတခန်း။ ဒါပါပဲ။ သိပ်ပြီးထူထွေဆန်းပြား စရာလည်း မရှိဘူး။ ငါးလွှာတိုက်ခန်းရဲ့လေးလွှာမြောက် အခန်းကျဉ်းတခန်းပါပဲ။

ကျွန်မအတွက် အသက်ရှူချောင်စေတာက တိုက်ခန်းရှေ့မှာ ဝရန်တာလေးတခု ရှိနေတာပဲ။ ကျွန်မအဲဒီ ဝရန်တာကနေ အောက်ဘက်က မြင်ကွင်းတွေကို ငေးလို့ရတယ်။ ကောင်းကင်ရဲ့နေ့စဉ်ပြောင်းလဲမှုအဆင့်ဆင့်ကို ကြည့်လို့ရတယ်။ ငှက်က လေးတွေအတွက် စပါးတွဲလေးတွေ ချိတ်ပေးလို့ရတယ်။ ညဘက်တွေ အရမ်းအိုက်စပ်လွန်းရင် ကျွန်မ ကော်ခုံတလုံးဆွဲပြီး ဝရန်တာ အပြင်ဘက် ထွက်ထိုင်နေလေ့ရှိတယ်။ ဝရန်တာကနေ ကျွန်မစာရေးတဲ့စားပွဲကို ပြတင်းပေါက်တခုနဲ့ ဆက်စပ် ပေးထားတယ်။ ကန့်လန့်ကာအပြာနုရောင်လေး တပ်ထားတယ်။ ကျွန်မအနေနဲ့တော့ ပြီးပြည့်စုံသလိုပါပဲ။ မပြီးပြည့်စုံဘူးလို့ ထင်တိုင်း ပြီးပြည့်စုံတယ်လို့ ထင်လာစေတဲ့ အပြင်အဆင်ပေါ့။ ဘုရားစင်ပေါ်က ဗုဒ္ဓဆင်းတုတော်လေးက ကျွန်မအမေရဲ့ အမွေပဲ။ ကြည်ညိုစရာကောင်းတယ်။ ဘုရားပန်းအိုတလုံးပေါ်မှာ နှင်းဆီတွေလှူထားတယ်။ မနေ့ညနေကမှ ကျွန်မတင် ထား တဲ့ ရေမွှေးနှင်းဆီတွေပေါ့။ ဒါပေမဲ့ လန်းဆန်းမှုကတော်တော် လျော့နေပြီ။ ဒါလည်းပူလွန်းလို့ နေမှာပါ။ သောက်တော်ရေ တခွက် ကပ်ထားတယ်။ ပုတီး၂ ကုံး၊ ၁ဝ၈ လုံးပုတီးရယ်၊ ကိုးလုံး ပုတီးရယ်။ ဘုရားမီးပူဇော်ထားတဲ့ မီးလုံးလေးရယ်….။ ကျွန်မစိတ်ထဲကုသိုလ်ယူနိုင်သလောက်ပေါ့။ ဘုရားရှိခိုးတဲ့အလုပ်ကို ပုံမှန်မလုပ်ဖြစ်ဘူး။ ပုတီးတွေ ချိတ်ထားပေမယ် မစိပ်ဖြစ် ဘူး။ ဂါထာရွတ်တာလည်း မလုပ်ဖြစ်ဘူး။ ဘုရားသောက်တော် ရေ၊ ပန်း၊ သစ်သီးဆွမ်းတော့ ပုံမှန်ကပ်ဖြစ်တယ်။

ဓာတ်ပုံ တပုံရှိတယ်။ ထူးထူးခြားခြား ကျွန်မကြည့်ချင်မှ ယူကြည့်တဲ့ဓာတ်ပုံပေါ့။ အများအားဖြင့် ကျွန်မဓာတ်ပုံကို ကျောခိုင်း ထားတဲ့ပုံစံမျိုး လုပ်ထားလေ့ရှိတယ်။ ဓာတ်ပုံထဲမှာ ကျွန်မထက် အသက်ကြီးတဲ့ယောက်ျားတယောက်ရယ်။ ခုနှစ်နှစ်အရွယ် မိန်းကလေးတယောက်ရယ်၊ ပြီးတော့ မရယ်မပြုံးမျက်နှာအသေနဲ့ မိန်းမတယောက် တွေ့ရလိမ့်မယ်။ ကျွန်မလားဆိုတော့ လက်မခံချင်ဘူး။ ဒါပေမဲ့ ဟုတ်နေတယ်လေ။ ထားပါတော့။ ကျွန်မမျက်နှာက အဲဒီလိုမျက်နှာသေမျိုးပဲ။ လက် မခံချင်စရာ တော့ မရှိပါဘူး။ ကျွန်မလက်မခံချင်စရာတွေ အများကြီးရှိသေးတယ်။ ကျွန်မက မိသားစုနဲ့ ဓာတ်မတည့်တဲ့ မိန်းမတယောက် လေ။ ဓာတ်ပုံတွေက ကျွန်မအကြောင်းပြောပြပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။ တခုတော့ ကြိုပြောပြထားချင်တယ်။ ဓာတ်ပုံတွေက ကျွန်မမဟုတ်ဘူး။ ဓာတ်ပုံတွေထဲက အရိပ်တွေဟာအမှတ်တရတခုခုအတွက် လျာထားတဲ့ ခြစ်ရာလေးတွေပဲ။ အမှန်ကမေ့သွားမှာ စိုးလို့ပါ။ ကျွန်မက ကျွန်မ ဖြစ်တည်မှုထဲမှာ ဘောင်အပြင်ထွက်နေတဲ့သူမျိုးပဲ။

ကျွန်မပူလောင် အိုက်စက်လာပြန်ပြီ။ ရေးလက်စစာမူကိုခဏရပ်လိုက်တယ်။ ရေခဲသေတ္တာသေးသေးလေးထဲက ရေခဲရေဗူး ကို ထုတ်ယူလိုက်တယ်။

အာ … မအေးဘူး။ ဘယ်အေးမလဲ ရေခဲသေတ္တာရဲ့ပလပ်ပေါက်ကို ကျွန်မ ပလပ်ကျွတ်ပြီး ဖြုတ်ထားမိပြန်တာကိုး။ သေလိုက် ပါတော့။ မအေးတော့လည်း ဘယ်တတ်နိုင်တော့မလဲ။ ခုချိန်မှာ ကျွန်မလည်ချောင်းတလျှောက် ပူထူနေတဲ့အစိုင်အခဲတွေ…။ များနေပြီ။ သိပ်ကိုများနေပြီ။ ကျွန်မရေသောက် မှပဲရတော့မယ်။ ရေ… ရေ…။ ပူလောင်အိုက်စက်နေတဲ့ မိန်းမတယောက် အတွက် ရေကဘယ်မှာလဲ။
-----


တံခါင်းခေါက်တယ်။ ကျွန်မ ကြားတယ်။ ဒါပေမဲ့ ဆက်ထိုင်နေတုန်းပဲ။
ဒေါက် ဒေါက်…..။
ကျွန်မထိုင်နေရတာကို ပုံစံမပြောင်းချင်ဘူး။
ဒေါက် ဒေါက်…..။
ဆက်ပြီး ငြိမ်သက်နေမိတယ်။
သုံးခါမြောက် ခေါက်အပြီးမှာ တံခါးခေါက်သံမကြားရတော့ဘူး။

အဲဒီအတွက် ကျွန်မမှာ စိုးရိမ်စိတ်တော့ ရှိနေတာ အမှန်ပဲ။ ကျွန်မအတွက် အရေးကြီးတဲ့သတင်းတွေ ယူဆောင်ပေးလာမှာလား။ ကျွန်မအတွက် မထူးမခြားနားတဲ့လာရောက်ခြင်းမျိုးလား။ ကျွန်မကို စိတ်အနှောက်အယှက်ပေးမလို့လား။ အသိပေးစရာ တခုခု ရှိလို့လား။ အဓိက စိုးရိမ်မိနေတာက သမီးနဲ့ပတ်သက်လို့။ ကျွန်မသမီးကို ချစ်တယ်။ သမီးကလည်း ကျွန်မကိုချစ်တယ်။ သမီးနဲ့ပတ်သက်ပြီး စိုးရိမ်သောကတွေ ခဏခဏ ဖြစ်ဖူးတယ်။ သမီးမွေးတုန်းကဆို ကျွန်မဘဝမှာ တကယ့်ဒုက္ခ ထုတ်ကြီး တခုလို ခံစားခဲ့ရတယ်။ ငြိမ်သက်တိတ်ဆိတ်လွန်းတတ်တဲ့ စရိုက်ဟာသမီးနဲ့ကျဆက်ပြီး မပီ ပြင်နိုင်တော့ဘူး။ သမီးရဲ့မျက် နှာဟာ ကျွန်မနဲ့မတူဘူး။ ကျွန်မမကြိုက်တဲ့ အသံပြဲပြဲတွေကို သမီးက ပိုင်ဆိုင်ထားတယ်။ ညဘက် ကျွန်မတွေးနေလို့ ငေး နေလို့ မရတော့ဘူး။ ကျွန်မတော်တော် ကြိုးစားယူခဲ့ရတယ်။ မိခင်ဘဝဟာ တော်တော်မလွယ်တာပဲလို့ သက်ပြင်း ခဏခဏချခဲ့မိတယ်။ မိခင်ဖြစ်ဖို့ ကျွန်မဟာ အရည်အချင်းလည်း လုံလုံလောက်လောက်မရှိခဲ့ဘဲနဲ့များ သမီးကို လူလောက ထဲ ခေါ်လာရဲတယ်။ သိပ်မိုက်တဲ့မိန်းမလို့ ကျွန်မမကြာခဏရေရွတ်မိခဲ့သေးတယ်။ ဒါပေမဲ့ သမီးကို ကျွန်မချစ်တယ်။ သမီး အပြုံးလေးတွေကိုမကြာခဏငေးနေရတာ ကျေနပ်စရာ။ သမီးကစကားလည်းများတယ်။ သွက်လည်း သွက်တယ်။ ပြီးတော့ ရှပ်ပြာပြာ နိုင်သေးတယ်။

ဟော့… ကျွန်မ ပြုံးနေပြီ။ ကိုယ့်ကိုယ်ကိုယ် ပြန်သတိထားမိတယ်။ သမီးအကြောင်းတွေးလိုက်မိတာနဲ့ ကျွန်မနှုတ်ခမ်းဟာပျား ရည်ပုလင်းမှောင်ထားသလို ချိုချိုမြိန်မြိန် ပြုံးမိလိုက်တာပါပဲ။ ကျွန်မကို ပြုံးစေနိုင်တဲ့သမီးလေး…။ သတိရလိုက်တာ။

ကျွန်မမှောက်ထားတဲ့ဓာတ်ပုံကို ပြန်လှန်လိုက်တယ်။ သမီးတယောက်တည်းကိုကွက်ပြီး ဘေးနားကနှစ်ယောက်ကို လက် နှစ်ဖက်နဲ့ဖုံးပြီး ကြည့်လိုက်တယ်။ သမီးမျက်နှာလေးက အပြစ်ကင်းစင်းလို့…။
-----

ကျွန်မအင်တာနက်က သတင်းတွေကို ဖတ်နေတယ်။ သတင်းတွေကလည်းစုံလို့စေ့လို့။ ဒီနှစ်ရဲ့ အကယ်ဒမီပေးပွဲသတင်းက အဟော့ဆုံးပဲ။ အကယ်ဒမီမရတဲ့သူကရတဲ့သူကို မနာလိုဖြစ်ကြပေါ့။ အနိမ့်အမြင့် မမှန်တဲ့စကားလုံးတွေကို တောင်စဉ်ရေမရ ပြောကြပေါ့။ အကယ်ဒမီရတဲ့သူက မရထိုက်ဘူးဆိုတဲ့ စကားအပုပ်အသိုးတွေ။ အကယ်ဒမီရတဲ့သူဟာ ရဲရဲမပျော်ရဲတော့ဘူး။ အကယ်ဒမီရုပ်ထုကြီး ပိုက်ပြီးစကားလုံးလှိုင်းမှာ မြှုပ်ချည်တလှည့် ပေါ်ချည်တလှည့်။

ရယ်ရတယ်။ အကယ်ဒမီဟာလူတွေရဲ့ဘဝမှာ တော်တော်အရေးပါပုံပဲ။ အကယ်ဒမီအကြောင်းတွေချည်း တယောက်တမျိုး မရိုးနိုင်အောင် ဖေ့ဘုတ်တခွင်မှာ တက်လာကြတယ်။ ကျွန်မ ကြောင်သွားတယ်။ ကျွန်မ အကယ်ဒမီပေးပွဲလည်း မကြည့် ဖြစ်ပါဘူး။ မကြည့်ဘူးဆို ကျွန်မမှာ တီဗွီမရှိဘူးလေ။ တီဗွီတလုံးကို ကျွန်မမပိုင်ဆိုင်ဘူး။ ဒါက ကျွန်မ ကျေနပ်လို့ ပိုင်ဆိုင်ဖို့ မကြိုးစားတာ။ တီဗွီတလုံးဝယ်ဖို့ ကျွန်မမှာပိုက်ဆံရှိပါတယ်။ ဒီထက်ပိုပြီးလူတွေနဲ့ အဆက်အဆံမလုပ်ချင်တော့လို့များ မဝယ်ဖြစ်တာများလား။ မသိတော့ပါဘူး။ ကျွန်မဆိုတဲ့ မိန်းမကိုအကဲခတ်ဖို့ဆိုတာ ကျွန်မအတွက် တကယ်အခက်ခဲဆုံးပါပဲ။

အင်တာနက်တောင် ကျွန်မစာရေးဖို့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရှာဖွေလို့ရတာမို့ သုံးဖြစ်နေတာ။ ကျွန်မဖေ့ဘုတ်ရဲ့ပရိုဖိုင်းကလည်းကြွေနေတဲ့ နှင်းဆီပန်းအနက်ရောင်ပုံ။ ကျွန်မမှန်းသိကြတဲ့သူလည်းရှိမှာပေါ့။ ကျွန်မစာရေး တယ်လေ။ ကျွန်မရေးတဲ့စာကလည်း ကျွန်မကိုယ် ကျွန်မတောင် တခါတလေ နားမလည်ပါဘူး။ ဒါပေမဲ့ အချို့ဝေဖန်ရေး ဆရာတွေကတော့ ကျွန်မရေးထားတာတွေကိုအသေးစိတ်တွေ ခံစားပြီးဆောင်းပါးပုံစံမျိုးတွေ ရေးကြ တယ်။

ကျွန်မဘဝ ရပ်တည်ဖို့ အလုပ်တခုလုပ်တယ်။ ဘာသာပြန်ဆရာပေါ့။ အင်္ဂလိပ်ကနေ မြန်မာ။ မြန်မာကနေ အင်္ဂလိပ်။ အဓိ ကကတော့ NGO တွေနဲ့ ချိတ်ဆက်ပြီးလုပ်ရတာပေါ့။ ကျွန်မအတွက် အဆင်ပြေပါတယ်။ ကျွန်မသမီးအတွက်လည်း ထောက်ပံ့မှုပေးနိုင်တဲ့အလုပ်ပေါ့။ ကျွန်မတကိုယ်ရေ စာအတွက် ငွေကအရမ်းကြီးတော့ မလိုဘူး။ တခါတလေတော့ မဖြစ် မနေလိုပါတယ်။ လိုတဲ့အခါ အလုပ်ပိုလုပ်ပစ်လိုက်တာပဲ။ မလိုဘူးဆိုရင်လည်း ကျွန်မက ခပ်ပေါ့ပေါ့နေတယ်။ တကယ့်ကို ပေါ့ပေါ့ နေပေါ့ပေါ့စား မိန်းမတယောက်ပါပဲ။ သူများတွေကဝေဖန်လည်း ကျွန်မက မနာတတ်တော့ဘူး။ ဟုတ်လည်း ဟုတ် နေတာကိုး။
----


ကျွန်မဒီနေ့ အလုပ်ကိစ္စနဲ့ မြို့ထဲရောက်ဖြစ်တယ်။ အဖြူရောင်လက်ရှည်အကျီခပ်ပါးပါးရယ်၊ အနက်ရောင်အောက်ခံနဲ့ အ ဆင်လှလှကချင်ထမီတထည်ရယ် စာရွက်တွေစာအုပ်တွေ စုံပလုံနေအောင်ထည့်ထားတဲ့ ဘေးလွယ်ရတဲ့ ချည်အိတ်တလုံး ရယ်။ အုပ်ထုတ် အဖြူရောင် ခပ်ကြီးကြီးဆောင်း လို့။

ခိုတွေ…. ။

ကျွန်မရပ်ကြည့်နေလိုက်တယ်။ ခိုစာရောင်းတဲ့ကလေးမက ကျွန်မကို ပြန်ကြည့်နေတယ်။ သူ့ မျက်လုံးထဲကအဓိပ္ပါယ်ကို ကျွန်မပြန်ကောက်ဖို့ မစဉ်းစားချင်တော့ဘူး။ ခိုစာဝယ်စေ့ချင်နေတယ်ဆိုတာ သိနေတာကိုး။ ကျွန်မကိုယ်တိုင်ကလည်း ခို တွေကို အစာကျွေးချင်နေပါတယ်။ ဒါပေမဲ့ ခိုတွေကိုလည်း ခပ်ကြာကြာ ကြည့်နေချင်သေးတယ်။

ခိုတွေခိုတွေ… အစားစားနေကြတယ်။

အလုအယက်ပဲ။ ခိုစာကျွေးနေတဲ့ လူငယ်စုံတွဲလေးဘေးမှာ တောင်ပံတွေ တဖျတ်ဖျတ်နဲ့။ စပ်စလူးခါနေတယ်လို့ ကျွန်မသုံး နှုန်းလိုက်ရင် ရင့်သီးသွားမလား။ သုံးပြီးနေပြီလား။ ဆောရီးပါနော်။ ကျွန်မက တခါတလေတော်တော် အူကြောင်ကြောင်နိုင် တာ။ ခိုတွေတည်ငြိမ်သွားတဲ့အထိ ကျွန်မ စောင့်ဖို့လိုအပ်လို့လား။

ကျွန်မ ခိုစာဝယ်လိုက်တယ်။ ကျွန်မတယောက်တည်း….။ ခိုတွေအလယ်မှာ…။ ခိုတွေကတော့ လူငယ်စုံတွဲ လေးကျွေးတဲ့ ပြောင်းဖူးစေ့လေးတွေကို အလုအယက် ကောက်လို့။ ပြီးတော့ လူငယ်စုံတွဲလေး တယောက်ခါးကို တယောက်ဖက်လို့ ခိုတွေကို ကျောခိုင်းသွားတယ်။

ခုတော့ ခိုစာရောင်းတဲ့ကလေးနဲ့ ခိုတွေအလယ် ကျွန်မတယောက်တည်း….။
ခိုတွေကလည်း တဖျတ်ဖျတ်နဲ့။
ကျွန်မကို သူတို့ သိပ်စိတ်မရှည်ကြဘူးနဲ့တူတယ်။
ကုသိုလ်လုပ်ချင်တဲ့စိတ်နဲ့ ကျွေးနေတာမဟုတ်ဘူးဆို။ ကျွန်မစိတ်အတိုင်း လိုက်လုပ်နေတာဆို။
ခိုတွေသိသွားမလား။ ကျွန်မကို သူတို့မုန်းသွားကြမလား။ ခိုတွေမှာ အမုန်းတရားရှိမလား။
သံယောဇဉ်တော့ ရှိတတ်ပုံရတယ်။
ကျွန်မထင်တာပြောတာနော်။
ခိုတွေကို အစာကျွေးပြီးတော့ လမ်းဟိုဘက်ခြမ်းဆီကို မျက်လုံးကရောက်သွားတယ်။

ကားအဖြူလေးတစင်းကော်ဖီဆိုင်လေးရှေ့ရပ်တယ်။ အမျိုးသားတယောက် အမျိုးသမီးလှလှတယောက် မိန်းကလေး ငယ် ငယ်လေးတယောက် ကားပေါ်ကဆင်းလာတယ်။ ကျွန်မသေချာကြည့်လိုက်တော့ မိန်းကလေးငယ်ငယ်လေးက ကျွန်မ မှောက်ထားတဲ့ ဓာတ်ပုံထဲကသမီးလေး။ ဒါဆိုဘေး နားကအမျိုးသားက အရင်က ကျွန်မယောက်ျားပေါ့။ အော်……။

သိပ်လှတဲ့အမျိုးသမီးက ကျွန်မသမီးကို ကြင်ကြင်နာနာဆက်ဆံနေတယ်လို့ သိလိုက်တယ်။ ကျွန်မသမီး မျက်နှာလေးက ပြုံးနေတာပဲ။ သူတို့ အဆင်ပြေကြပုံပါပဲ။ ဒါပေမဲ့ သမီးရဲ့ဘဝအတွက် ကျွန်မထောက်ပံ့နေမှုကို မစွန့်လွှတ်နိုင်ဘူး။ သမီးရဲ့ရှင် သန်မှုတွေထဲမှာ ကျွန်မရဲ့ချွေးစက်တွေ ပါစေ့ချင်တယ်။ ဒါကို ကျွန်မယောက်ျားဖြစ်ခဲ့ဖူးသူကလည်း ခွင့်ပြုပေးထားပါတယ်။ ကျွန်မမိဘတွေကလည်း ကျွန်မယောက်ျားနဲ့ ခုထိအဆင်ပြေကြတယ်။ သမီးကို ကျွန်မမိဘတွေကခေါ်ထားလိုက်။ ကျွန်မ ယောက်ျားမိသားစုကခေါ်ထားလိုက်နဲ့ သမီးကတော့ အချစ်တွေအပြည့်အဝခံနေရတဲ့အပြင် ဂရုဏာတရားဆိုတာကိုပါ အပိုရလိုက်သေး။ တခုပဲတခုပဲ…။ သမီးရဲ့အိပ်စက်ချိန်တွေမှာ ကျွန်မရင်ငွေ့ကို မရတာကလွဲလို့ပေါ့။
-----

ဒီညတော့ ကျွန်မဘုရားရှိခိုးတယ်။ ပုတီးလည်းစိပ်ဖြစ်တယ်။ ကျွန်မမိဘရယ်၊ ကျွန်မသမီးရယ်။ ကျွန်မယောက်ျား ဖြစ်ခဲ့ဖူး သူရယ်ကိုရည်မှန်းပြီး မေတ္တာတွေပို့တယ်။ ကျွန်မကိုယ်ကျွန်မလည်း မေတ္တာပို့တယ်။

ကျွန်မမျက်မှန်တလက် လုပ်လာတယ်။ ကျွန်မမျက်လုံးတွေကို ဒီထက်ပိုပြီးဒုက္ခပေးလို့ မဖြစ်တော့ဘူးလေ။ ကျွန်မမျက်မှောင် တွေ ကုတ်ကုတ်နေရတာနဖူးကြောတွေပါ တွန့်လာသလိုပဲ။ ကျွန်မ မျက်မှန်ကိုတပ်ကြည့်လိုက်တယ်။ အနက်ရောင်ကိုင်းနဲ့ ခပ်ကြီးကြီးမျက်မှန်တလက်။

ဘုရားပန်းတွေ လဲလိုက်ပြီ။ ရေမွှေးနှင်းဆီတော့မဟုတ်ဘူး။ အနီရောင် နှင်းဆီတွေ။ အနီရောင် နှင်းဆီတွေက ရေမွှေးနှင်း ဆီတွေထက် ပိုပြီးကြာကြာခံတယ်တဲ့။ မနွမ်းလွယ်ဘူးပေါ့။ ဘုရားကို ကြာကြာခံတဲ့ပန်းတွေပြောင်းပြီး လှူနေတာဘာသဘောလဲ။ ရှင်တို့ထင်တဲ့အတိုင်းပဲ။ ငွေရေးကြေးရေးခြွေတာတဲ့သဘောလည်း ပါတာပေါ့။ ဒါပေမဲ့ အဲဒီတခု တည်းလည်း မဟုတ်ပါဘူး။ ဒီနှစ်တွေမှာ ကျွန်မ အနီရောင်ကိုပို ကြိုက်လာတယ်။

အဲဒီတော့အနီရောင်က ကျွန်မစိတ်ကြိုက်အရောင်ပေါ့။ အရာရာက ကျွန်မစိတ်ကြိုက်ပဲ။ ကျွန်မမှာ ပိုင်ဆိုင်တာ မရှိဘူးလေ။ ကျွန်မစိတ် ကြိုက်တော့ ဖြစ်ရမယ်ပေါ့။

ဒါ ဝတ္တုတပုဒ်လား။ အရေးအသားတခုလား။
စကားပြောသံတော့မပါဘူး။ ဒါလည်း ကျွန်မစိတ်ကြိုက်ပါပဲ။ ဟုတ်ကဲ့….။
သတ္တလောကကြီးအနေနဲ့လည်းကျွန်မကိုရော ကျွန်မအရေးအသားကိုပါ စိတ်ကြိုက် ခေါင်းစဉ်တပ်နိုင်ပါတယ်။

ရွှေပိုးအိမ် (ပဲခူး)
၅-၄-၂ဝ၁၆