မောင်ရစ် - ကိုယ်နိုင်တော့မှသာ ရွေးကောက်ပွဲဟာ တရားမျှတယ် ဆိုတဲ့ အမေရိကန်ဒီမိုကရေစီ ဆိုပါ့ကလား


 မောင်ရစ်  - ကိုယ်နိုင်တော့မှသာ ရွေးကောက်ပွဲဟာ တရားမျှတယ် ဆိုတဲ့ အမေရိကန်ဒီမိုကရေစီ ဆိုပါ့ကလား
(အယ်ဒီတာ့လက်ရေး၊ မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၆


ဒီစာကို မိုးမခနိုဝင်ဘာလ ပုံနှိပ်အတွက် ရည်ရွယ်ပြီး ရေးတာဖြစ်တယ်။ ဒီစာကို ပုံနှိပ်မှာ ဖတ်နေရချိန်မှာ အမေရိကန် ရွေးကောက်ပွဲ ပြီးနေနှင့်လောက်ပြီ။ တယောက်ယောက်တော့ အနိုင်ရပြီး သမ္မတအသစ်တဦး တင်မြှောက်ပြီး နေလောက်ပြီ။ သို့သော် ဖြစ်နိုင်တာကတခုကတော့ ရှုံးတဲ့သူတယောက်က အဲသည် ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်ပါဘူးဆိုပြီး ပြဿနာတွေ ရှာလို့ ပြဿနာတွေ တက်နေလောက်ပြီလည်း ဖြစ်နိုင်တယ်။

ဘာကြောင့်ဆိုတော့ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့်က သူကိုယ်တိုင် ရွေးကောက်ပွဲ အနိုင်ရမှာသာလျှင် ရွေးကောက်ပွဲရလဒ်ကို လက်ခံမယ်လို့ လူသိရှင်ကြား ကြေညာလိုက်တယ်။ သဘောကတော့ ပြိုင်ဘက် ဒီမိုကရက်ပါတီက သမ္မတလောင်း ဟီလာရီကလင်တန်သာ နိုင်ခဲ့မယ်ဆိုရင် ရွေးကောက်ပွဲဟာ အလိမ်အညာဆိုပြီး သူက ကန့်ကွက်မယ်၊ ဆန့်ကျင်မယ်ဆိုတဲ့ သဘော ဖြစ်နေတာပေါ့။

၂၀၁၆ အမေရိကန် ရွေးကောက်ပွဲဟာ ၂၁ ရာစု သမိုင်းမှာ ရုပ်ရှင်အဆန်ဆုံး၊ သောင်းပြောင်းထွေလာ အဖြစ်ဆုံး၊ ဟာသပြဇာတ်လိုလို၊ ဆပ်ကပ်ပွဲလိုလို ပွဲကြီးတပွဲ ဖြစ်နေပါတယ်။ ပြိုင်ဘက် ၂ ဦးမှာ တဦးက နိုင်ငံရေးတခါမှမလုပ်ဖူးတဲ့ စီးပွားရေးလုပ်ငန်းရှင်၊ တီဗီမင်းသား၊ အစွန်းရောက် တယူသန်၊ ဗိုလ်ကျတတ်သူ အသက် ၇၀ အဘိုးကြီး။ တဦးကတော့ နိုင်ငံရေး တသက်လုံး လုပ်လာတာ အံတိုနေတဲ့ သမ္မတကတော်ဟောင်း၊ အထက်လွှတ်တော်အမတ်ဟောင်း၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ အမျိုးသမီးရေး၊ ကလေးသူငယ်အရေး၊ တန်းတူညီမျှရေးတွေမှာ အသံကျယ်တဲ့ အမျိုးသမီး နိုင်ငံရေးခေါင်းဆောင် အဘွားကြီး။ နောက်လိုက်တွေထဲမှာ အဘိုးကြီး ဒေါ်နယ်ထရန့်နောက်မှာက တယူသန်တွေ၊ လက်ယာစွန်းရောက်သူတွေ၊ လူဖြူမျိုးချစ်တွေပါဝင်ပြီးတော့ အဘွားကြီး ကလင်တန်နောက်မှာကတော့ မျိုးဆက်သစ်တွေ၊ အလယ်အလတ်လမ်း လိုက်ချင်သူတွေ၊ ရှေးရိုးစွဲကို စိတ်ကုန်သူတွေ ပါကြတယ်။ ကလင်တန်ဘက်မှာ လက်ရှိသမ္မတ အိုဘားမား၊ သမ္မတကတော် မစ်ချယ် အိုဘားမားနဲ့တကွ ပြိုင်ဘက်ဟောင်း ဘာနီဆင်းဒါးတွေ ဒီမိုကရက် ၀ါရင့် နိုင်ငံရေးသမားတွေ၊ အမတ်တွေ အစုံပါကြတယ်။

ပါးစပ်သရမ်းသူ အဘိုးကြီး ထရန့်ဟာ လွန်ခဲ့တဲ့ တပတ်မှာပဲ လက်ပါ သရမ်းသူဖြစ်ကြောင်း မိန်းမတွေ ကိုဆွဲလား ရမ်းလား လုပ်တတ်သူဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာတဲ့နောက်ပိုင်းမှာတော့ သူ့ကို ထောက်ခံမှုနှုန်းဟာ ဒုတ်ဒုတ်ထိ ကျဆင်းသွားပါတော့တယ်။ နိုင်ငံခြားသားတွေကို နယ်စပ်မှာ ခြံစည်းရိုးခြားပြီး မောင်းထုတ်လိုသူ၊ ဘာသာခြားသူတွေမှန်သမျှ အကြမ်းဖက်တွေလို စွတ်စွဲလိုသူ၊ နိုင်ငံတကာ မဟာမိတ်တွေကိုလည်း ရန်လိုစကားတွေပြော၊ နိုင်ငံရေး ပြိုင်ဘက် ရုရှားတို့ ဆီးရီးယား တို့က ခေါင်းဆောင်တွေကို ကြိတ်ပြီး ကြည်ညိုနေသူအဖြစ် မီဒီယာတွေမှာ ဝေဖန် ထောက်ပြခံနေရ၊ တိုင်းပြည်တွင်းမှာလည်း အခွန်မဆောင်ဘဲ တိမ်းရှောင်နေသူ၊ လုပ်ငန်းတွေ အကြိမ်ကြိမ် ဒေ၀ါလီခံပြီး ကို်ယ်လွတ်ရုန်းနေသူက တိုင်းပြည်ကြီး တိုးတက်အောင် လုပ်ပါ့မယ် အကြိမ်ကြိမ်ပြောနေပုံကလည်း ရုပ်ရှင်ထဲက လူကြမ်းကြီးက မင်းသမီးကို အကိုကြီးက အတည်ယူမှာပါလို့ ပြုံးဖြီးဖြီးကြီး ပြောနေသလို မျိုးဆိုတော့ ယုံရခက်ကြီး မဟုတ်ပါလား။

သည်လိုနဲ့ အခြေအနေမကောင်းတဲ့ထရန့်ဟာ သူရွေးကောက်ပွဲ နိုင်မှသာလျှင် ရွေးကောက်ပွဲကို လက်ခံမယ်လို့ ပြောင်စပ်စပ်နဲ့ ခြိမ်းခြောက်လိုက်တဲ့အခါမှာ မီဒီယာတွေကော၊ နိုင်ငံရေး သုံးသပ်သူတွေပါ ပန်လန်လက် ပက်လက်လန်ကုန်ကြပါတော့တယ်။ ရွေးကောက်ပွဲသာ ရှုံးလို့ကတော့ တဖက်ကမဲလိမ်လို့ဖြစ်တာ၊ ဒါတွေကိုလက်တုံ့ပြန်မယ်လို့ လူတွေကိုလည်း ကြိုတင်ပြီး သွေးထိုး လှုံ့ဆော်နေပါသေးတယ်။ အမေရိကန် ဒီမိုကရေစီစနစ်မှာ အဓိက အာမခံချက်ကျောရိုးကြီးဖြစ်တဲ့ ရွေးကောက်ပွဲစနစ်နဲ့ မဲဆန္̔ဒရှင်တို့၏ အဆုံးအဖြတ်ကို လေးစားလိုက်နာခြင်းဆိုတဲ့ အန္တိမတန်ဖိုးကို အဘိုးကြီးထရန့်က မခန့်လေးစား ကိုယ်လိုရာဆွဲပြီး ပြောဆို စော်ကားလိုက်တာဟာ အမေရိကန်ပြည် တွင်းမှာသာမက ပြည်ပက ပြည်သူတွေကိုပါ အံ့သြကုန်နိုင်ဖွယ် ကမ္ဘာကြီးတောင် တုန်သွားတယ်လို့ ပြောရမှာပေါ့ခင်ဗျာ။

မြန်မာပြည်မှာ ၂၀၁၀ တုန်းက စစ်အာဏာရှင် ကျောထောက်နောက်ခံနဲ့ ပြည်ခိုင်ဖြိုးပါတီဟာ တဦးတည်းပြေး တကောင်တည်း ပန်းဝင်ပြီး နိုင်ငံတော်အာဏာကို ရွေးကောက်ပွဲနည်းဖြင့် သိမ်းပိုက်လိုက်စဉ်တုန်းက သူတို့ ၂၀၀၈ ခြေဥ၏ အလိုတော်အတိုင်း နိုင်ငံတကာက အလိုက်သင့် လက်ခံပြီး လူရာသွင်း ဆက်ဆံခဲ့ရပါတယ်။ ကမောက်ကမ ၂ နှစ်လောက် အကြာမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ ကြိုးဝိုင်းထဲ ပြန်ဝင်ပြီး ကြားဖြတ်ပွဲမှာ အနိုင်ရလိုက်တော့ စစ်အုပ်စုနဲ့ အာဏာရပါတီတို့ဟာ သူတို့ဆေးခါးကြီး သူတို့စားပြီး လက်ခံခဲ့ ကြရတာပေါ့။ သည်လိုနဲ့ ကမောက်ကမ နောက် ၃ နှစ်အကြာ ၂၀၁၅ ရွေးကောက်ပွဲကြီး ကျင်းပတဲ့အခါမှာ မည်သို့ပင်ဖြစ်စေကာမူ ရွေးကောက်ပွဲ ရလာဒ် မဲရလာဒ်ကို လက်ခံပြီးသကာလ အင်န်အယ်ဒီပါတီကို အနိုင်ပေးလိုက်ပါတော့တယ်။

မြန်မာပြည်မှာလို မဲလိမ်တာ၊ မဲခိုးတာ၊ မဲညစ်တာ၊ လူညစ်တာ၊ လူချတာ၊ အနိုင်ကျင့်တာ၊ တဖက်သတ် အသာယူဖို့ ကြိုးစားတာတွေရှိတယ်လို့ စွတ်စွဲသံတွေ ဝေဖန်သံတွေ မီဒီယာတွေမှာ အမြောက်အမြား မြည်ဟီးနေခဲ့သော်လည်း ပြိုင်ဘက် ၂ ဖက်ပါတီ ကိုယ်တိုင်က ငါတို့မဲရှုံးလို့ကတော့ လက်မခံနိုင်ဘူးလို့တောင် မပြောကြဘဲ ပြိုင်ခဲ့ကြပါသေးသဗျာ။ ပြီးတော့ ၂၀၀၈ ခြေဥရယ်၊ တမတ်သား စစ်သားအမတ်တွေရယ်လည်း တင်းပြည့်ကြပ်ပြည့်ရှိနေတဲ့ကြားက ရွေးကောက်ပွဲဟာ တရားမျှတ မှန်ကန်မှု အာမခံရမယ်လို့ မဲတင်းပြီး ၀င်ပြိုင်ကြခဲ့တာပါ။ ကဲ … မြန်မာပြည်က တမတ်သား ဒီမိုကရေစီကတောင် သည်လိုမျိုး လက်ခံနိုင်သေးတာ၊ ကမ္ဘာဒီမိုကရေစီဘိုးတော် အမေရိကန်ပြည်ကြီးက ခုကျတော့မှ ဘယ်နှယ့် ငါရှုံးလို့ သူနိုင်ရင် ဒီလိုရွေးကောက်ပွဲမျိုး လက်မခံဘူး ဆိုနေမှတော့ ဘာလဲဟဲ့ နင်တို့ ဒီမိုကရေစီလို့ နှာခေါင်းရှုံ့ချင်စရာကြီး ဖြစ်နေပါပေါ့ကလား။

ကလင်တန်သာ နိုင်ခဲ့မယ်ဆိုရင် ခုနင်က ထရန့်အဘိုးကြီးရဲ့ ဂယက်ထမှုတွေ၊ လက်တုံ့ပြန်မှုတွေနဲ့ လက်ယာမျိုးချစ်တွေရဲ့ထကြွ ကန့်လန့်တိုက်မှုတွေရဲ့အရှိန်ဟာ မသေးဘူးလို့သုံးသပ်ကြပါတယ်။ ထရန့်က အပြောကြီးရုံကြီးပြီး တကယ်တမ်းမှာ လက်လျော့သွားရင်တောင် ထရန့်နောက်လိုက်တွေက ဆက်လက် လှုပ်ရှားနေကြဦးမှာပါ။ အမေရိကန်ဒီမိုကရေစီရဲ့ရွေးကောက်ပွဲ အဆုံးအဖြတ်ကို လက်မခံနိုင်တဲ့ နိုင်ငံရေးအစွန်းရောက်အင်အားစုဆိုတာဟာ အာဏာရှင်တွေ အကြမ်းဖက်တွေ မင်းမဲ့စရိုက်တွေကိုသာ ဖြစ်ထွန်းစေတော့မှာ အသေအချာမို့ တပါတီ အာဏာရှင်တွေဖြစ်တဲ့ ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားက ခေါင်းဆောင်များ ၀မ်းမြောက်ဖွယ်။ ရွေးကောက်ပွဲအခြေခံ နိုင်ငံရေးစနစ်သမားများအတွက် ရင်လေးဖွယ်ပါခင်ဗျ။

အကယ်၍များ မတော်မတည့် အဘိုးကြီးထရန့်သာ အနိုင်ရခဲ့မယ်ဆိုရင်တော့ မတွေးရဲစရာပါ။ အကြမ်းဖက်တွေ အစွန်းရောက်တွေ တယူသန်တွေကို ပြန်တိုက်တဲ့ဆီမှာ မီးကို မီးနဲ့တိုက်တော့မှာပါ။ ကလင်တန်ကို ထောင်ထဲထည့်ပစ်မယ်ဆိုတဲ့အတိုင်း ပြိုင်ဘက်နိုင်ငံရေးသမားတွေ ပါတီတွေကို ထောင်တန်းချပစ်ချင် ပစ်မှာ။ ပြည်သူတွေကိုလည်း သွေးခွဲပြီး ကန့်သတ်ခွဲခြားပြီး ကျောသားရင်သား ခွဲပြီး အုပ်ချုပ်မယ်ဆိုတဲ့အတိုင်း လုပ်လို့ကတော့ ကာလနာလည်းတိုက်၊ ငါးပါးလည်း မှောက်ကြမှာပါ။ အမေရိကန်ကလေးတွေက အမေရိကန်မိဘတွေကို ပြောသတဲ့ … ထရန့်ကြီးသာ သမ္မတဖြစ်ခဲ့ရင် သားတို့သမီးတို့ ဘယ်ကိုပြောင်းရွှေ့နေကြရင် ကောင်းမှာလဲတဲ့။

အမေရိကန်မှာ ထရန့်လိုလူမျိုး ခေါင်းဆောင်လောင်း တင်မိလို့ ပြည်သူတွေ ရင်တွင်း ခေါင်းတွင်း လောင်တဲ့မီးက အကြီးကြီးပါကလားဗျာ။ မီဒီယာတွေ ၀ါရင့်လူကြီးသူမတွေက ကြိုတင်သတိပေးတာ တားမြစ်တာ ဆုံးမပဲ့ပြင်တာ မလုပ်ခဲ့ကြဘဲ ကြည့်ကောင်းကောင်းနဲ့ လွှတ်ထားမိတာရဲ့ ရလဒ်လို့ အပြစ်တင်လိုက်ချင်မိပါရဲ့ဗျာ။ အခုမှတော့ ပြည်သူလူထုရဲ့မဲဆန္̔ဒ အဆုံးအဖြတ်ကို ခံယူလိုက်နာဖို့သာ ရှိတော့တယ် ဆိုသော်လည်း ပြိုင်ဘက်က ရှုံးရင်တောင် မလျှော့သေးဘူးဆိုတော့ ဆက်လက် ရင်လေးစရာ ဖြစ်နေပါပေါ့ကလား။

အော် ဒါနဲ့ပဲ ငါတို့ မြန်မာပြည်ကြီးက ဒီမိုကရေစီဆိုတာကို ပြန်ပြီး ချီးမွမ်းခန်းဖွင့်ပြီး အမှတ်တွေ အပြည့်ပြန်ပေးရတော့မလိုဖြစ်နေပါတော့ကလား။ ၂၀၁၀ ရွေးကောက်ပွဲကြီးကို ငြိမ်ဝတ်ပိပြား အသံတစက်မှမထွက်အောင် အောင်မြင်စွာကျင်းပပေးခဲ့တာ တပ်မတော်ကြီးပါ။ ၂၀၁၅ မတိုင်ခင် ပြည်ခိုင်ဖြိုးတို့အချင်းချင်း သွေးကွဲကြတုန်းကလည်း သန်းကောင်ထက် ညဥ့်မနက်အောင် စိပေးနိုင်တာ တပ်မတော်ပါ။ ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ အတိုက်အခံပါတီ တောင်ပြို ကမ်းပြို အနိုင်ရတယ်ဆိုတဲ့အခါ ပြည်ခိုင်ဖြိုးတွေနဲ့ နောက်လိုက်နောက်ပါတွေကို သဘောထားကြီးစွာနဲ့ အကောင်းဆုံး အရှုံးသမားဖြစ်သွားစေတာလည်း တပ်မတော်ကြီးပါ။ ၂၀၀၈ ခြေဥနဲ့အညီ တမတ်သား အမတ်စစ်သည်များနဲ့ သူတို့ အပေါင်းအပါတွေ ပိုနေမြဲ ကျားနေမြဲ ဖြစ်နေသမျှကာလပတ်လုံး အစိုးရအသစ်၊ လွှတ်တော်အသစ်ကြီးကို ရွေးကောက်ပွဲ အဆုံးအဖြတ်နဲ့အညီ စောင့်ရှောက် အားပေးနေတာလည်း အို အသင် တပ်မတော်ကြီးပါကလားလို့ ချီးမွမ်းခန်း ဖွင့်ရတော့မလို ဖြစ်နေပါ့ကလားဗျာ။

သည်အတွက်ကြောင့် ဒီလိုအချိန်ကာလမျိုးမှာ ထရန့်လိုမျိုး အတုမယူမိဖို့ တပ်မတော်ကြီးကို တောင်းပန်လိုပါတယ်။ အခုအချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံ ခေါင်းဆောင်က လမ်းပြမြေပုံသစ်တခု ချမှတ်လိုက်တယ် ကြားမိလို့ပါခင်ဗျ။ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး မူဘောင်တွေ ပြင်မယ်၊ ၂၁ ရာစု ပင်လုံသဘောတူညီချက် ရေးထိုးမယ်၊ ခြေဥ ပြင်မယ်၊ အတည်ပြုကြမယ်၊ ရွေးကောက်ပွဲ ကျင်းပပြီး ဖယ်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ကြမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုလိုက်ပါတယ်။ တပ်မတော်ကြီးရဲ့အသည်းစွဲ စည်းကမ်းပြည့်ဝသောဒီမိုကရေစီဖြစ်တော်မူစေထသော ၂၀၀၈ ခြေဥကို ပြင်ဆင်ပြီး နောင်ကျင်းပလာမယ့် ရွေးကောက်ပွဲတော်ကြီးကျမှ တပ်မတော်က ဒီဥစ္စာဟာ မတရားပါဘူးလို့ မဆိုလောက်ကောင်းပါဘူး ထင်ပါရဲ့နော်။