မြအိမ်ခင်- နှုတ်ဆက်ချိန်

 မြအိမ်ခင်-  နှုတ်ဆက်ချိန် 
(၂၀၀၂ ခု ရုပ်ရှင်အောင်လံမဂ္ဂဇင်း) မိုးမခ၊ အောက်တိုဘာ ၁၆၊ ၂၀၁၆

ကျမတို့ရောက်သွားချိန်မှာ အဖေ့ရဲ့ညာဘက်ခြေထောက်က ခြေဖျားထိ တောင့်တင်းဆန့်တန်း နေတယ်။ ခြေကျင်းဝတ်ကို အသာလှုပ်ကြည့်နှိပ်ကြည့်ပေမယ့် စိုက်ကျနေတဲ့ ခြေကျင်းဝတ်ရဲ့ အရိုးအဆစ်တွေ ပုံမှန် ပြန်ရောက်လာဖို့ ကျမ မတတ်နိုင်ခဲ့ဘူး။ ဘယ်ဘက်ဒူးက ထောင်လျက်သား ပြန်လှဲချပေးလို့မရဘဲ တဆတ်ဆတ် တုန်နေရှာတယ်။ ဘက်ဘက်လက်က မေမေ့လက်ကိုဆုတ်ကိုင်ပြီး ငြိမ်နေသလောက် ညာ ဘက်လက်ကတော့ သူ့ရဲ့ ရင်ဘတ်ပေါ် တင်လျက်သားနဲ့ ယောက်ယက်ခတ်အောင် ပွတ်နေတယ်။

သောကြာ နေ့က အဆုတ်ထဲက ရေတွေ ဖောက်ထုတ်ရမယ်ဆိုပြီး ခွဲခန်းထဲက ပြန်ထွက် လာကတည်းက အဲဒီဘက်က တအားနာတယ်လို့ ညည်းခဲ့တဲ့အကြောင်း မေမေက ကျမကို တိုးတိုးလေး ပြောပြတယ်။ ဒီတော့မှ အဖေ့လက် ဟာ အကြောဆွဲနေတာမဟုတ်ဘဲ သူ နာလွန်းလို့ ပွတ်နေတာလို့ နားလည်မိပြီး အဖေ့ဘယ်လက်ကို အသာ ထိန်းပြီး သူ့ရင်ဘတ်ကို အသာအယာ ဖိနှိပ်ပေးထားမိတယ်။

လွန်ခဲ့တဲ့ ခြောက်လလောက်ကစပြီး အဖေ့ ဝေဒနာတွေဟာ ဒီရေအလား တိုးတိုးလာနေခဲ့တယ်။ ဒီနေ့ရဲ့ ကြည်လင်နေကောင်းမှုဆိုတာ အပေါ်ကို တွန်းတက်ဖို့အရှိန်ယူစောင့်ဆိုင်းနေတဲ့ ဒီလှိုင်းရဲ့ အားဖြည့်ငြိမ်သက်မှု လို စိုးထိတ်ကြောက်ရွံ့ဖွယ်အတိနဲ့။ ဒေါ်ကြီးအကူအညီကြောင့် ပြည့်စုံတဲ့ ဆေးဝါးကုသမှု၊ အရိပ်တကြည့်ကြည့် ရှိနေတဲ့ မိသားစုနဲ့ ‘ကောင်းသွားပြီ ဆရာကြီး…’ လို့တွေ့တိုင်းမှာ ခွန်အားပြည့်ပါတဲ့အပြုံးနဲ့ အကောင်းဘက်က စကားကိုသာဆိုတဲ့ ဆရာဝန်ကြီး ကြောင့် လွန်ခဲ့တဲ့ နှစ်ရက်ကအထိ ရှင်သန်ခွင့်ကို ယုံကြည်မျှော်လင့် အဖေဟာ ဝေဒနာတွေ ကြားက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့အလား တုန်ယင်လှုပ်ရှား မောပန်းနေရှာတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆေးရုံပြန်တက်ရပြီး ထုံးစံအတိုင်း ရေဖောက်ထုတ်တဲ့အခါ ထွက်လာတဲ့ ရေ ဆယ့်နှစ်ပုလင်းဟာ အရင်လို ဝါကျင်ကျင်အရောင် ဖြစ်နေပေမယ့် အရင်လို ထုတ်ပြီး နှစ်ရက်နဲ့ ဆေးရုံက ပြန်ဆင်း ခွင့်မရတော့တဲ့အဖေဟာ ဗုဒ္ဓဟူးနေ့မှာထုတ်လိုက်တဲ့ ရေခြောက်ပုလင်းထဲ သွေးတဝက်တိတိ ပါနေခဲ့ပြီဆိုတာ မသိရှာဘူး။ အဲဒီနေ့မှာပဲ ဆရာဝန်တွေက ပြောတယ်။ ‘အစာအိမ် အလုပ်မလုပ်တော့ဘူး-’တဲ့။

အစာမဝင်ဘဲ ကျောက်ကပ်မပျက်စီးအောင် ဆောင်ရွက်ချက်ကြောင့် တနေ့ ဆယ်ခါလောက် ဝမ်းသွားနေတဲ့ အဖေ့ခမျာ အဆုတ်ထဲ ရေရောက်နေလို့ အသက်ရှူရခက်နေတဲ့အတွက် အောက်စီဂျင်ပေးထားရပါပြီ။ သောကြာနေ့မှာ ခွဲခန်းထဲသွင်းပြီး အဆုတ်ထဲကရေ ဖောက်ထုတ်ရ ပြန်ပါတယ်။ ထွက်လာတာက သွေးရာခိုင်နှုန်းပိုများလာတဲ့ အရည်လေးပုလင်း။ အောက်စီဂျင်ပိုက်မပါဘဲ အသက်ရှူနိုင်ပေမယ့် အပ်ဒဏ်က အတော်နာလို့ မညည်းစဖူး အဖေ ညည်းလာတယ်။ စအိုကနေ ဆေးတတောင့်သွင်းပေးလို့ နာကျင်မှု လျော့သွားခဲ့ပေမယ့် အခုတော့ အဖေက နာကျင်မှုကို ပြန်ခံစားနေရပုံပါ။

အဖေ့ရဲ့ပါးလွှာတဲ့ နှုတ်ခမ်းအစုံဟာ နှစ်လက်မနီးပါး ကွာဟနေတယ်။ အဖေ့ရဲ့လျှာကတော့ မယုံနိုင်လောက်အောင် သေးငယ်ပြီး အာသီးနားအထိ တိုဝင်နေတယ်။ အဲဒီနှုတ်ခမ်းတစုံ၊ အဲဒီလျှာတချောင်းဟာ များပြားဆန်းကြယ်လှတဲ့ လောကဓာတ်သိပ္ပံအကြောင်းတွေ၊ ဘုရားအဆူဆူ ဒဿနအမျိုးမျိုးတို့ရဲ့ နက်ရှိုင်းကျယ်ပြန့်ပုံတွေကို ကျမသိလိုတိုင်း သင်ကြားပေး နိုင်ခဲ့တယ်။ ဘယ်အချိန်မှာ ဘယ်နေရာကပဲဖြစ်ဖြစ် ‘အဖေရေ…’ လို့ခေါ်မေးလိုက်ရုံနဲ့ အင်္ဂလိပ်စားလုံးအသစ်တွေ တိုးပွားလာစေတဲ့ ကျမသာလျှင် ပိုင်ဆိုင် သုံးစွဲခွင့် ရှိနေခဲ့တဲ့ အသံ ထွက်နေတဲ့ ကျမရဲ့ဒစ်ရှင်နရီကြီးဟာ ဒီနေ့မနက် လေးနာရီကစလို့ စကားမပြောနိုင်တော့ ပါဘူး။

ကျမတို့က ဒီအချိန်အတွက် ကြိုတင်ပြင်ဆင်ချိန်ရခဲ့ကြပေမယ့် ဖေဖေကတော့ သူ့အဆုတ်ထဲက သွေးတွေ ထွက်လာပြီဆိုတာကိုတောင် မသိရှာဘဲ ‘ဘာဖြစ်လို့ ဒီလောက်တောင် ချက်ခြင်းကြီး အားနည်းသွားပါလိမ့်ကွာ’ လို့ ဖွဖွလေးညည်းရင်း အားဆေးတွေသွင်းပြီးသွားတဲ့အခါ အရင်လို အိမ်ပြန်ရအုံးမှာပဲလို့ မနေ့ကညနေအထိ ယုံကြည်မျှော်လင့်နေတုန်းပါ။ ဒီအခြေအနေရောက်မှ မရုန်းသာ မငြင်းသာ လက်ခံလိုက်ရတဲ့ အသိတခုကြောင့် ဝေဒနာရဲ့ဖိစီးနှိပ်စက်မှုအပြင် မိသားစု ကို ခွဲမသွားရက်တဲ့ အဖေ့ရင်မှာ စိတ်ထိခိုက် တုန်လှုပ်မှု၊ ဝမ်းနည်း ကြေကွဲမှု၊ ကြိုတင် လွမ်းဆွတ်မှုတွေကို စိတ်ရဲ့ပြတင်းတံခါးဖြစ်တဲ့ မျက်ဝန်းတွေထဲမှာ ကျမ မြင်တွေ့နေရတယ်။

သူ့ရဲ့ဝန်ထမ်းဘဝသက်တမ်းတလျှောက်လုံး ဘယ်လောက်ဝေးလံခေါင်သီတဲ့ အစွန်အဖျား ဒေသကိုပဲသွားသွား မိသားစုကို အပါခေါ်လေ့ရှိတဲ့အဖေဟာ သူတစ်ယောက်တည်း ဆုံးစမဲ့ ခရီးတခုကို အဆင်သင့်မဖြစ်ဘဲ ထွက်ခွာရတော့မယ်။ အဖေ ဝမ်းနည်းအားငယ်နေပြီလား။ အထီးကျန်ဝေဒနာတစ်မျိုး ထပ်တိုးပြန်ပြီလား။ မျက်တောင် မခတ်နိုင်တော့တဲ့ မျက်လွှာအောက်က အဖေ့ရဲ့မျက်ဝန်းနက်တွေဟာ အားနည်းဖျော့တော့လို့။ ပြီးတော့ တုန်လှုပ်ခြောက်ချားမှုရဲ့ပြယုဂ် အဖြစ် ဘယ်ညာယိမ်းထိုးလှုပ်ရှားနေရှာတယ်။ အဲဒီမျက်ဝန်းတွေဟာ ကျမတို့ကို မြင်သေးရဲ့လား ဆိုတာ မသေချာပေမယ့် သူ့ရဲ့လက်ရှိအနေအထားကို ကျမတို့နဲ့ထပ်တူ သူ သိသွားပြီ ဆိုတာ တော့ သေချာလှပါတယ်။ အဖေ ကြာရှည် မခံစားရပါစေနဲ့-ဆိုတဲ့ဆုတောင်းဟာ ကောင်းလား၊ မကောင်းလား ကျမ ခွဲခြမ်းစိတ်ဖြာမနေချင်တော့ဘူး။ အဖေ့ဝေဒနာတွေ ချုပ်ငြိမ်း လွန်မြောက်သွားစေချင်တာ ကသာ အဖေ့အပေါ်ထားတဲ့ ကျမရဲ့မေတ္တာတရားပါပဲ။

စိတ်လှုပ်ရှားနေတဲ့ မေမေ့ကို ဆရာဝန်ကြီးက “မြောနေပါပြီ။ ဘာအသိမှမရှိတော့ပါဘူး။ အခုလို တုန်နေတာက ကင်ဆာဆဲလ်တွေ ဦးနှောက်ထဲ ပျံ့သွားလို့ပါ။ ဒါပေမဲ့ ဆရာကြီးမှာတော့ ဒါတွေကို ဘာတခုမှ မခံစားရတော့ပါဘူး….” လို့ နှစ်သိမ်းပေးရင်း ဖေဖေ့ကိုလည်း ဆေးတလုံး ထပ်ထိုးပေးပါတယ်။ မနက်စောက ဖြုတ်ထားလိုက်တဲ့ ဒရစ်ပ်ပုလင်းကို ပြန်ချိတ်ပေးပြန်ပါတယ်။ မေမေက ဆရာဝန်ကြီးပြောသွားတဲ့ စကားကို မျက်စိမှိတ် ယုံလိုက်ပြီး ကျမတို့ (သူ့ရဲ့သားသမီးလေးယောက်) ကို ထပ်ဆင့်နှစ်သိမ့်ပါတယ်။ အဲဒီ ‘အသိမရှိ တော့ပါဘူး’…ဆိုတဲ့ အလွယ်တကူ လက်ခံပေးလိုက်နိုင်မယ်ဆိုရင် ကျမလည်းပဲ ဝေဒနာလျော့ပါး စိတ်ပေါ့ပါး မှာပါ။
ဒါပေမဲ့ ရေစက်ချပေးတဲ့အခါ အောက်နှုတ်ခမ်းကို စေ့ပိတ်ပြီး ရေးစက်ကလေးတွေကို သိမ်းယူ မျိုချဖို့ ကြိုးစား အားထုတ်နိုင်သေးတဲ့အဖေ့ကို အသိမရှိတော့ဘူးလို့ ကျမ ဘယ်လို လက်ခံရမလဲ။ မေမေ့လက်ကို ဆုတ်ကိုင်ထားတာလည်း အသိရှိနေသေးလို့သာပေါ့။ သူ့လက်တွေက အင်အား နည်းနေပြီဖြစ်ပေမယ့်လည်း မေမေ့ လက်ကိုတော့ သူကိုင်ထားနိုင်ဖို့ ကြိုးစားအားထုတ်နေဆဲလေ။ သူ့မှာ အသိမရှိတော့ဘူးလို့ ဘယ်လို လက်ခံ ရမလဲ။

ဖေဖေ့လက်ထဲက ရုန်းမထွက်ရက်လို့ မမှန်ကန်တဲ့ ကိုယ်ခန္ဓာအနေအထားကို မပြင်ဘဲ နာရီပေါင်းများစွာ သူ့လက်ကို ထည့်ထားပေးတဲ့မေမေ့ကိုယ်စား အဖေ့လက်ထဲကို ကျမ လက်တဘက် အစားထည့်ထားပေးတော့ လည်း ဖေဖေဟာ ကျမလက်ကို ဆုတ်ကိုင်နိုင်အောင် အားထုတ်နေတာကို ကျမ ခံစားလို့ရတယ်။ လှုပ်တယ်ဆိုရုံလေး လှုပ်နိုင်တော့တဲ့ သူ့ရဲ့အရွတ်အကြောတွေ၊ သူ့ရဲ့အသားဆိုင်တွေ၊ တိုးတယ်ဆိုရုံလေး တိုးနေတဲ့ သွေးလည်ပတ်မှု မျှင်မျှင်လေးတွေကတဆင့် ဖေဖေက ကျမလက်ကိုလည်း ဆုတ်ကိုင်ထား ချင်နေ တာကို ကျမ သိနေခဲ့ပါတယ်။

ကျမတို့ လူကောင်းတွေတောင်မှ မလှုပ်မယှက် အနေအထားမှာ ညောင်းညာ လာလို့ မကြာခဏ ပြောင်းလဲရ၊ သွေးလေ လှည့်ပတ်မှုရှိအောင် လှုပ်ရှားပေး ရပေမယ့် ဖေဖေကတော့ သူမြတ်နိုး အားကိုးတဲ့၊ သူတွယ်တာတဲ့ လက်တွေ သူ့ဆီက လွတ်ထွက်သွားမှာစိုးတဲ့အလား တစ်ဆံခြည်တောင် မရွေ့လျားခဲ့ဘူး။ ဆေးအရှိန်ကြောင့် တဆတ်ဆတ်တုန်ခါနေတာတွေ ရပ်သွား ပေမယ့် အဖေ့မျက်လုံးသူငယ်အိမ်တွေကတော့ ရပ်မသွားဘဲ ဆန်ကောထဲမှာ လှိမ့်နေတဲ့ ဆီးဖြူသီးတွေလို မျက်လုံးအိမ်ထဲမှာ မနေမနား ပြေးလွှားနေတယ်။ ဆရာဝန်တွေ ပြောသွားသလို အဖေ တကယ်ပဲ အသိမရှိတော့ရင် ကောင်းမှာပဲလို့ ပြင်းပျတဲ့ ဆန္ဒဟာ အဖေ့ကို ဘာမှ ခံစားမသွားစေချင်တာ သက်သက်ပါပဲ။

သွေးပေါင်ချိန် ၁၂၀/၈၀ နှုန်းနဲ့ တနင်္ဂနွေတစ်နေ့လုံးကို လွန်မြောက်လာခဲ့ပေမယ့် တနင်္လာနေ့မှာတော့ အဖေ့ရဲ့သွေးပေါင်ချိန်ဟာ ၉၀/၆၀ ကနေ ၈၀/၅၀ နဲ့ အတက်အကျမတွေ မမှန်တော့ဘဲ ကျဆင်းမှုဘက် ပိုများလာခဲ့ပြီ။

ကျမတို့လက်တွေကိုလည်း မနေ့ကလို ပြန်လည်ဆုပ်ကိုင်မထားနိုင်တော့ဘဲ သူ့လက်ထဲက ထွက်မသွားစေ လိုတဲ့အထိမျိုးနဲ့ ကျမတို့ကို အသိပေးနေရှာတယ်။

ဖေဖေ့ဘေးနားမှာထိုင်ပြီး တညလုံး ပရိတ်၊ ပဋ္ဌာန်းတွေ ရွတ်ဖတ်ပေးနေတဲ့ မေမေလည်း မနေ့ကလို ကျမတို့ကို အားပေးဖို့တောင် ခွန်အား မကျန်သလို နွမ်းဖျော့နေပေမယ့် မင်းကွန်းဆရာတော်ဘုရားကြီးရဲ့တရားခွေကို ခပ်တိုးတိုးဖွင့်ပေးထားရတာကိုပဲ စိတ်မချနိုင်သလို ဖေဖေ့နားလေးမှာ ကပ်ပြီး “ကိုရေ၊ ဝေဒနာရှုနော်၊ ဝေဒနာ ကိုရှု၊ နာရင်နာတယ်လို့ မှတ်ပါနော်၊ အဲဒီလိုဆို ကို့ရဲ့ဝေဒနာတွေ ပေါ့ပါးပြီး လန်းဆန်းလာလိမ့်မယ်….” လို့ မကြာခဏ သတိပေး နေတယ်။

‘အရင်က ကုသိုလ်ကောင်းမှုတွေ၊ အလှူတွေကို အာရုံပြုပါ…’ လို့ ပြောတဲ့ မိတ်ဆွေတချို့က တိုးတိုးကပ်ပြီး သတိပေးတယ်။ ခါးသည်းလိုက်တာလေ။ အဲဒီစကားက မြန်မာ့ယဉ်ကျေးမှုမှာ သေခါနီးသူတွေကို ပြောကြတဲ့ စကား- မို့ ဖေဖေကြားရင် ပိုပြီး ဝမ်းနည်းသွားမှာပေါ့။ အဲဒီအခါမှာ ကုသိုလ်စိတ် မဖြစ်လာဘဲ တွယ်တာကပ်ငြိမှု သံယောဇဉ်အနှောင်အဖွဲ့တွေကို ပိုပို တမ်းတရင်း ဖေဖေ အယူလွဲသွားမှာကို အရမ်းကြောက်တယ်။

ဒါပေမဲ့ ကျမ ဘယ်နေရာကိုပဲရောက်ရောက် ဖေဖေ့နာမည်နဲ့ အလှူလုပ်လေ့ ရှိခဲ့တယ်။ ဇွဲကပင်တောင် တက်တယ်ဆိုရင်တောင် အဲဒီတောင်ပေါ်က သံဃာတော်တွေအတွက် ရာသက်ပန်ဆွမ်းအလှူရှင်အဖြစ် အဖေ့အတွက် လှူဒါန်းပေးခဲ့သေးတယ်။ အဖေ သိပ် ကြာကြာခံမယ်မထင်ခဲ့ချိန်ကစလို့ မဟာဒုက် ဆွမ်း လောင်းလှူပြီး အဖေ့ကို ရေစက်ချစေခဲ့တယ်၊ ထမရည် (ထမင်းရည်) ချောင်းစီး မောင်းတီးတဲ့အလှူတွေ စီမံ မပေးနိုင်ပေမယ့်လည်း အဲဒီလို အလှူတွေအတွက် စေတနာသုံးတန်ပြတ်ပြတ်နဲ့ပဲ အဖေ့အတွက် သာဓုခေါ်ဖို့ ကျမ ပူဆာခဲ့ဖူး တယ်လေ၊ အဖေ ဒါတွေကို ပြန်ပြီး အမှတ်ရနေစေဖို့ ကျမ ပြောပြသင့်သလား။ ဒါမှမဟုတ် မနေ့က ဆေးရုံကိုအလာ လမ်းထိပ်ဆွမ်းလောင်းအသင်းမှာ သံဃာတော်တပါးစာ ကျမ အလှူငွေထည့်ခဲ့တယ်။ အငယ်မကလည်း ဈေးထဲမှာ တပါးစာထည့်ပေးခဲ့သေးတယ်။ အဲဒီတော့ ဇွဲကပင်တောင်ပေါ်က အလှူကို သာဓုခေါ်ဖို့ ပူဆာသလို အခုလည်း ကျမတို့နိုင်သမျှအလှူအတွက် အရင်လိုပဲ သာဓုခေါ်ပေးအုံးနော် အဖေ- ဆိုရင်တော့ သူ့ကို ဟိုလို အရင်အလှူတွေကို သတိရပါ-ဆိုတာမျိုးနဲ့ နောက်ဆုံးအချိန်…ဆိုတာကို သတိပေး နှိုးဆော်ရာမကျနိုင်ပါဘူးနော်။

“ဖေဖေ၊ ဖေဖေ့နာမည်နဲ့ သံဃာတော်နှစ်ပါးစာ သမီးတို့ ဆွမ်းဒါနလုပ်ခဲ့တယ်၊ သိလားအဖေ ဒီကိုလာရင်း လမ်းမှာကြုံလို့လေ…အရင်တုန်းက အလှူတွေလိုပဲ အဖေ သာဓုခေါ်ပေးပါအုံးနော်၊ အဖေ အဲဒီအလှူကို သာဓုခေါ်ပေးပါအုံးနော်….” လို့ ဖေဖေ့နားမှာ တိုးတိုးလေး ကပ်ပြော လိုက်တယ်။ ဒီအသုံးအနှုန်းကတော့ ဖေဖေ့အတွက် စိတ်ထိခိုက်၊ ဝမ်းနည်း မသွားစေနိုင်ဘူးလို့ မျှော်လင့်မိပါရဲ့။

အဖေ့ခေါင်းရင်းဘေးနားက မနားတမ်းဖွင့်ထားတဲ့ အောက်စီဂျင်စက်ကလေးဆီက ‘ဖုန်း…’ ခနဲ မြည်သံတချက်ကြောင့် ကျမလန့်ဖျပ်ပြီး ဆတ်ခနဲ တုန်သွားတယ်။ လေးဆယ့်ရှစ်နာရီကျော် ကြာအောင် မနားတမ်း အလုပ်လုပ်ခဲ့ရတဲ့ အောက်စီဂျင်စက်ကလေးဟာ တဆတ်ဆတ် ရုန်းကန်ရင်း နောက်ဆုံးမှာ ငြိမ်ကျသွားတော့ တယ်။

အသက်အကူရှူပေးနေတဲ့စက်ကလေးရပ်တန့်သွားခိုက်မှာ အဖေ့ကို ကြည့်နေတဲ့ မျက်လုံးတွေကို ခနလောက် ခတ်ပိတ်လိုက်ရမှာကိုတောင် ကြောက်မိတယ်။ အောက်စီဂျင်စက် ရပ်သွားတာ ဖေဖေ့အတွက် နိမိတ်ပုံဆောင်နေသလား။ အောက်စီဂျင်စက်ဆီက အပူငွေ့တွေဟာ ကြမ်းခင်းကတဆင့် ကျမခြေဖဝါး အဲဒီကနေ ရင်ထဲထိ ပျံ့နှံ့ပူလောင်လာတယ်။

ငယ်ငယ်တုန်းက ဝေဒမဂ္ဂဇင်းဖတ်ရင်း တွေ့တဲ့ ‘အင်္ဂါနဲ့ ဗုဒ္ဓဟူး ယူရင် ဆေးဖိုးနဲ့ မွဲမယ်မှတ်၊ လူတည့်ရင် စီးပွားမဖြစ်၊ စီးပွားဖြစ်ရင် လူချင်းရန်ဖြစ်”…ဆိုတဲ့ စာတိုလေးတွေကို တွေ့တော့ “အဖေနဲ့အမေ ရန်ဖြစ်ကြပါလား၊ စီးပွား တက်အောင်…”ဆို ပြီး မိဘနှစ်ပါးကို ပေါ်တင် ရန်တိုက်ပေးတဲ့ သမီးဆိုးက ကျမပါ။

“မိဘတွေ မသင့်တင့်လို့ သားသမီးတွေ စိတ်ဆင်းရဲရ၊ စိတ်မလုံမခြုံဖြစ်ရတဲ့ စိတ်ဝေဒနာမျိုး သမီးတို့ မခံစားရတာ ကံကောင်းတယ်လို့ မထင်ဘူးလား…” လို့ မေးခွန်းနဲ့ ဖြေခဲ့တဲ့အဖေ။

သမီး နေမကောင်းဖြစ်တဲ့အခါ ‘မညောင်းပါဘူး အဖေရာ…’ လို့ ငြင်းပေမယ့် “ခြေဖဝါးမှာ အကြောစုံရှိတယ် သမီးရဲ့ အကြောအခြင်ပြေတော့ အိပ်လို့ကောင်းတာပေါ့…” ဆိုပြီး သမီးအိပ်ပျော်သွားတဲ့အထိ စိတ်ရှည် လက်ရှည် ဖွဖွလေး နှိပ်ပေးနေတတ်တဲ့အဖေ။

လနဲ့ချီပြီးကြာအောင် ခေါင်းကိုက်တတ်တဲ့သမီးကို နာရီပေါင်း များစွာ မပျင်းမရိ ‘တော်ပြီအဖေ…’ လို့ မတားမချင်း နှိပ်ပေးနိုင်တဲ့အဖေ။ မိသားစုနဲ့သာ အတူနေရရင် ကျွေးတာနဲ့ စားပြီး ရှိတာလေးပဲဝတ်ရင်း ဘယ်အရာကိုမဆို သည်းခံ ရောင့်ရဲနိုင်စွမ်းတဲ့အဖေ။

သူ့အလှည့်ရောက်တဲ့အခါမှာတော့ “အဖေ သမီး နှိပ်ပေးမယ်လေ…” လို့ပြောရင်တောင် တနေကုန် ခြေကျင် တလှည့် ဘတ်စ်ကားတလှည့်နဲ့ အိမ်တကာလည်စာသင်ပေးရတဲ့သမီးရယ်လို့ အားနာပြီး “မညောင်းပါဘူး ဆိုကွာ…” ဆို ငေါက်ပြီးတော့တောင် ငြင်းဆန်ခဲ့ရှာတဲ့အဖေ။

သူနာပြုတွေက အဖေ့အတွက် အောက်စီဂျင်စက်နေရာမှာ အောက်စီဂျင်ဗူးနဲ့ လာလဲပေးခဲ့ကြ တာကို ကြည့်ရင်း အဖေနဲ့သမီးရဲ့ဆက်နွယ်မှုတွေကို ရုပ်ရှင်ပိတ်ကားလို အစီအရီမြင်နေမိချိန်မှာ နှစ်ရက်လုံးလုံး အဖေ့ဆီက ဘာသံမှ မကြားခဲ့ရဘဲရှိနေရာက အင်းးး….ဆိုတဲ့ မသက်မသာ ညည်းတွားသံကို ကြားလိုက်ရပါတယ်။ မပီဝိုးတဝါးနိုင်လှတဲ့အသံဟာ ညည်းငြူသံဆိုတာထက် တခုခုကို အနေမကျလို့ ပြုပြင်ခိုင်းချင်သလားလို့လည်း စိတ်က အလိုလိုသိပေမယ့် အဖေကလည်း မပြောနိုင်တော့တဲ့အခြေအနေ၊ အဖေ့ကို အပြန်ပြန်ကြည့်ရင်း အဖေ ဘာလိုချင်တာလဲ…ဆိုတာ တွေးလေ၊ ဝေးလေ၊ စိတ်ထဲ ပူလောင်လေ၊ ယူကျုံးမရဖြစ်ရလေပါပဲ။ အဖေ ကျမကို တခုခု ပြောပြချင်နေတယ်။ ဒါကို ကျမသိတယ်။ ဒါပေမဲ့ ဘာလဲဆိုတာ ကျမ မသိဘူး။ နာရီပေါင်း ၅၀ လောက် ဟနေခဲ့တဲ့အဖေ့ ခံတွင်းဟာ လေသလပ်နေပြီး အာခေါင်တစ်ခုလုံးဟာ ပေါက်ထွက်ခါနီး ခရမ်းချဉ်သီးမှည့်တစ်လုံးလို ပြောင်တင်းပြီး ရဲရဲနီလို့….
‘ရေဆာလို့လား အဖေ…’ လို့တိုးတိုးလေး ကပ်မေးပေမယ့် အဖေမှ စကားမပြောနိုင်တော့တာ၊ တစ်ဆံခြည်တောင်မှ မလှုပ်ရှားနိုင်တော့တာလေ။

ဂွမ်းနဲ့အစက်ချပေးတဲ့ ရေစက်တွေကိုလည်း အဖေ မသိမ်းနိုင်၊ ကွဲအက်နေတဲ့အာခေါင်ကို ရေမထိဘဲ အစာပြွန်ထဲကို စီးဆင်းသွားတဲ့ ရေစက်ကလေးတွေကို အဖေ မမျိုနိုင်တော့ဘူး။ အဲဒီ နီရဲပြောင်တင်းသလောက် ခြောက်သွေ့နေတဲ့ ခံတွင်းထဲက အတိုင်းသားမြင်နေရတဲ့ အဖေ့ အာသီးသေးသေးလေးကိုကြည့်ရင်း ဘာလုပ်ပေးရမှန်းမသိတာကို ထိခိုက်နာကျင်နေတုန်းမှာပဲ အဖေ့ဆီက နောက်ထပ် ဒုတိယအကြိမ် အသံပေးသံ ကြားရပြန်ပါတယ်။

အာခေါင်ခြောက်တဲ့ ဝေဒနာထက် ဆိုးဝါးတဲ့ဝေဒနာတစ်ခုခု အဖေခံစားနေရပြီဆိုတာတော့ သေချာပါတယ်။ အဲဒါ ဘာလဲ ကျမ မသိဘူး။

အဖေ နေမကောင်းဖြစ်စက - သူ့အင်အားဆုတ်ယုတ်နေတာ သူ ရိပ်မိမှာစိုးလို့ သူဘယ်အချိန် ဘာလိုချင်တယ် ဆိုတာ သိနေတဲ့ သမီးတစ်ယောက်အနေနဲ့ ရေနွေးချိန်ရေနွေး၊ သူကြိုက်တဲ့ မုန့်ပဲသရေစာတွေ အလှည့်နဲ့ စဉ်းစားတွက်ချက်ပြီးပေးခဲ့တာတွေနဲ့ ရေဒီယိုချိန်ရေဒီယို အချိန်ကို ကွက်တိမှန်းပြီး ဖြည့်ဆီးပေးနိုင်ခဲ့တုန်းက အဖေဟာ တပြုံးပြုံးနဲ့ပေါ့ -

“ကြည့်စမ်း၊ ငါ့သမီးက အဖေ့စိတ်ထဲ တခုခု လိုချင်တာ၊ လုပ်ချင်တာကိုဆို အလိုလို သိနေနှင့် တာချည့်ပဲ။ အဖေနဲ့သမီးကြားမှာ တယ်လီပသီမက်ဆေ့ခ်ျ ရှိနေတယ်…” လို့ အားရကျေနပ် ဂုဏ်ယူပြောတတ်တဲ့အတွက် ဒီတကြိမ်အတွက် ခွင့်လွှတ်ပါအဖေ။ သမီး တကယ်ပဲ အဖေ ဘာပြောချင်နေတယ်ဆိုတာ မသိပါဘူး။
အဖေက ဘာပြောချင်နေတာလဲ။ ကျမကရော အဖေ့လိုအပ်ချက်၊ အဖေ့အတွေး၊ အဖေ့နာကျင်မှု တခုခုကို ဘာကြောင့် အရင်လို မဖမ်းဆုတ်နိုင်ရတော့တာလဲ။ လှုပ်ခတ်ရွေ့လျားနေတဲ့ အဖေ့ မျက်ဝန်းတွေ ကျမဘက် ရောက်လာတိုင်း အဖေက မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ စိတ်မလုံခြုံမှုနဲ့အတူ အဖေအားကိုးသလောက် အသုံးမကျဘူး-ရယ်လို့ ကျမကိုယ်ကျမ အပြစ်မြင်ရင်း ဒေါသထွက်လာတယ်။

စိတ်ကိုလွှတ်ပြီး အော်ငိုပစ် လိုက်ချင်မိတယ်။ တတိယအကြိမ် အသံပေးပြီးတဲ့အခါမှာတော့ အဖေ မောပမ်းသွားပြီး စိတ်လျှော့လိုက်ပုံနဲ့ ပိုပြီး ငြိမ်သက်သွားတော့တယ်။ ဖေဖေ့မျက်လုံးအိမ်တွေရဲ့ ဒေါင့်စွန်းတွေမှာတော့ စေးထန်းတဲ့မျက်ရည်တွေ စိုရုံစို့လို့။

အဲဒီလိုနဲ့ နှစ်နာရီလောက်ကြာတော့ အဖေ့အပေါ် သံယောဇဉ်တွယ်ပြီး ခဏခဏ ပြေးလာကြည့် တတ်တဲ့ ဆရာမလေး ဂျူးစီယာ ရောက်လာတယ်။ အဲဒီတော့မှ ဖေဖေ့အတွက်အောက်စီဂျင်ပိုက် ဟာ ပြောင်းပြန်ထိုးထည့်သွားခံခဲ့ရတယ်ဆိုတဲ့ အဖြေပေါ်တော့တယ်။ ပိုက်မှာပါတဲ့ အတက်အငုပ် ကလေးတွေဟာ အလိုက်သင့် မဟုတ်ဘဲ အဖေ့နှာခေါင်းထဲမှာ ထားခဲ့တော့ အဖေ သိပ်နာနေခဲ့ ရှာမှာပါ။ ဒီလိုအချိန်မျိုးဟာ ယင်တစ်ကောင်လာနားရင်တောင် နာတတ်တယ်-လို့ ပြောသံကြားဖူးတော့ အဖေ ဘယ်လောက်တောင် နာကျင်ရပြန်သလဲဆိုပြီး နာကျင်လိုက်တာ၊ ကိုယ့်ဖာသာကိုယ် မသိရကောင်းလားရယ်လို့ နောင်တရလိုက်တာ။

လွန်ခဲ့တဲ့ လေးငါးရက်ကအထိ ဖေဖေ့ရဲ့ရောဂါပျံ့နှံ့မှုကို လက်ရေးတွေကတဆင့် အကဲဖြတ်ဖို့ တစ်နေ့ကို စာလေးငါးကြောင်းလောက် ရေးပေးဖို့ ဆရာဝန်ကြီးက ညွှန်ကြားတဲ့အခါ အဖေက အင်္ဂလိပ်လိုရော၊ ဗမာလိုပါ ကျနော့်ကျန်းမာရေး တစ်နေ့ထက်တစ်နေ့ ကောင်းမွန်လာပါပြီ…လို့ ရေးပေးခဲ့ပါတယ်။ အဲဒီ ဝါကျတကြောင်းတည်းကို ထပ်ခါထပ်ခါ နေ့စဉ်ရေးပေးနေတဲ့ အဖေ့ လက်ရေးတွေဟာ တစ်နေ့ထက်တစ်နေ့ မှိန်ဖျော့လာ၊ ကွေးညွတ်လာ၊ ယိမ်းနွဲ့ လာတယ် ဆိုတာကိုတော့ ဖေဖေ ရိပ်မိခဲ့ပုံ မရပါဘူး။ ရှင်သန်လိုမှုနဲ့ မရဏတရားရဲ့ လွန်ဆွဲပွဲမှာ ဖေဖေက ပြတ်လုဆဲဆဲ လွန်းကြိုးတချောင်းဖြစ်နေပါပြီ။

ဒီလိုအချိန်မျိုးမှာ သတိလစ်မေ့မြောရင်း တခါတည်း ထွက်သွားဖို့ဆိုတဲ့ ကျမရဲ့စိတ်ဆန္ဒက မှားယွင်းခဲ့ကြောင်း သိခဲ့ရတယ်။ အိမ်ပြန်လာရတဲ့ ကျမက အဖေနောက်ဆုံးအချိန် အိမ်က သူ့အိပ်ရာကို ပြန်လာအိပ်ချင်လည်း အိပ်ပါစေတော့ရယ်လို့ အဖေ့ကုတင်မှာ သေချာပြင်ဆင်ပြီး ထားပေးခဲ့တယ်။ ဒါပေမယ့် တနင်္လာနေ့ည ဆေးရုံမှာ ကျန်နေခဲ့တဲ့အမေဟာ အဖေ့နားမှာ တချိန်လုံး ပရိတ်တရားတော်တွေ ရွတ်ပေးနေတာကို အဖေ နားထောင်နိုင်ခဲ့၊ စိတ်အေးချမ်းမှု ရခဲ့တယ်လို့ ယူဆရမယ့်အဖြစ်ကတော့ အဖေ့ရဲ့ ကျဆင်းနေတဲ့သွေးပေါင်ချိန် နည်းနည်း ပြန်တက်လာခဲ့တာပါပဲ။

၆၀/၄၀ အထိ ကျသွားတဲ့ သွေးပေါင်ချိန်ဟာ တရားနာနေတဲ့တစ်လျှောက်လုံးမှာ ၈၀/၆၀ ရောက်အောင် ပြန်တက်သွားခဲ့လို့ ဆရာမလေးတွေတောင် အံ့အား သင့်ရပါသတဲ့။ ဗုဒ္ဓရဲ့တရားရိပ်မှာ အဖေဟာ ဝေဒနာ အစုစုကို ကျော်လွှား လွန်မြောက်ပြီး နောက်ဆုံး စိတ်အေးချမ်းမှုရသွားခဲ့တဲ့ပုံရိပ်တခုလို့ ယူဆထားပါရစေ ဖေဖေ။

သတိမလစ်၊ မေ့မြောမနေလို့ ဝေဒနာတွေကို ခံစားနေရတယ်ဆိုရင် အဲဒီလို အသိကပ်နေလို့သာ အဖေဟာ တရားနှလုံးသွင်းပြီး စိတ်အေးချမ်းမှု ရနိုင်ခဲ့တာ မဟုတ်လားဖေဖေ။

အင်္ဂါနေ့ဟာ ဖေဖေ့ရဲ့ မွေးရက်ဖြစ်ပါတယ်။ ဒီနေ့သာ ဖေဖေထွက်ခွာသွားမယ်ဆိုရင် ဒါဟာ နေ့စေ့ ကံကုန်လို့ သတ်မှတ်ကြလို့ သမီးတို့ ဖြေသာပါတယ်။ နာရီပိုင်းပဲ ကျန်တော့တယ်-လို့ ဆရာဝန်တွေ က အသိပေးပြီး အားလုံး အလိုက်တသိနဲ့ မိသားစုကိုသာ ချန်ထားခဲ့ကြပါပြီ။ ဝင်သက်ထက် ထွက်သက်ပိုကြာ လာနေတဲ့ ဖေဖေ့ အသက်ရှူပုံကို မျက်တောင်မခတ်ကြည့်နေတုန်း မိတ်ဆွေ တယောက် တိုးတိုးလေးကပ်ပြောတယ်။

“ခွင့်လွှတ်တယ်လို့ ပြောလိုက်လေ။ မြန်သွားအောင် အဲဒီလို ပြောရတယ်…” တဲ့။ စိတ်ဆိုးလွန်းလို့ ရူးမတတ်ပါပဲ။ ခွင့်လွှတ်တယ်ပြောရအောင် ကျမအဖေက အရက်သောက်၊ ဖဲရိုက်၊ မိန်းမမှုပွေပြီး သမီးသားတွေကို နှိပ်စက်နေတဲ့ အဖေမျိုးလား။ အဖေ့မှာခွင့်လွှတ်တယ်လို့ တွေးရလောက်တဲ့ ဘာပြစ်မှုမှမရှိတာ၊ ကျမက ဘာကြောင့် အဖေကို သမီးက ခွင့်လွှတ်တယ်ပြောရမလဲ။

နောက်တယောက်ကတော့ တမျိုး။ “အဖေ၊ အဖေ…လို့ ခေါ်ပြီးသတိပေးနေ…” တဲ့။ တစ်မိနစ်ပဲ အသက်ပို ရှည်ရှည်ပေါ့လေ။ ဟင့်အင်း။ အဖေ သွားမယ်ဆိုသွားပါစေတော့၊ သူ့ဖာသာသူ မသိလိုက်မသိဖာသာ ဘဝတပါးကို ကူးပြောင်းသွားတယ်ဆိုတာ သူကိုယ်တိုင်တောင် မသိလိုက်ရဘဲ ကူးပြောင်းပါစေတော့…. သံယောဇဉ် နှောင်ဖွဲ့မှုတွေကို စိတ်လည်တဲ့အခါ ပျက်ယွင်းနေတဲ့ ဒီခန္ဓာဝန်ကိုမချနိုင်ဘဲ အဖေ့ကို ဝေဒနာတွေ ဆက်ခံစားစေမယ့်ကိစ္စမျိုး ကျမ မလုပ်နိုင်ပြန်ပါဘူး။

ရှိုက်ငိုသံတွေနဲ့ အဖေ့ကိုကျမနှုတ်မဆက်ချင်ဘူး၊ ဘယ်သူကမှ အဲဒီလို နှုတ်မဆက်စေချင်ဘူး။ မလွဲမသွေ သွားရတော့မယ့် အဖေ့လမ်းခရီးအသစ်တစ်ခု မျက်ရည်ပူတွေသွန်းလောင်းပြီး ဖျက်လိုဖျက်စီး မလုပ်မိစေရဘူး။

မိသားစုမပါရင် သူ့အဖေရှိရာအိမ်ကိုတောင် တစ်ယောက်တည်း မပြန်တတ်တဲ့ အဖေ့ကို တယောက်တည်း လွှတ်လိုက်ရပြီ…ဆိုတဲ့အသိဟာ ကျမတို့ကို ဘယ်လောက်ကြာနှိပ်စက်နေမလဲ၊ အဖေရော ဝမ်းနည်းလွမ်းဆွတ် နေမှာ လား။ တစ်ခုခုကိုလိုချင်ရင် တစုံတရာတော့ ပြန်ပေးရတာပဲ မဟုတ်လားဖေဖေ။

နှစ်ရှည်လများခံစားနေရတဲ့ အဖေ့ခန္ဓာကိုယ်တွင်းက ဝေဒနာတွေ ချုပ်ငြိမ်းလွန်မြောက်ဖို့ သမီးတို့နဲ့ ခွဲရတယ်ဆိုရင်လည်း ဒါဟာ အဖေ့အတွက် ကောင်းသောခွဲခွာခြင်းဖြစ်လို့ ဒီလို ပေးဆပ်မှုမျိုးကို အဖေ ကျေနပ်လက်ခံလိုက်ပါနော်။

ဝေဒနာကသာမက သံသရာကပါ အဖေ လွန်မြောက်ပါစေ။
လွတ်မြောက်ခြင်းတခုကို အဖေ ပိုင်ဆိုင်သွားနိုင်ဖို့ သမီးတို့အားလုံး ကိုယ်ရောစိတ်ပါ အလှူဒါနတွေနဲ့ ကူညီမယ်၊ ဒီတဒင်္ဂလေးမှာတော့ အဖေ မျက်ရည်မကျလိုက်ပါနဲ့တော့နော်။

မြအိမ်ခင်

(၂၀၀၂ ခု၊ မေလ ၂၀ ရက်။- ရုပ်ရှင်အောင်လံမဂ္ဂဇင်း)

(ကျမအား စာပေစင်မြင့်ပေါ်ရောက်အောင် တင်ပေးခဲ့သူ ဆရာမ နှင်းဝေငြိမ်းနဲ့ အဖေတယောက်ရဲ့ နောက်ဆုံးအချိန်ကို ခံစားမိလို့ဆိုပြီး လမဆိုင်းဘဲ ဖော်ပြပေးခဲ့သော ရုပ်ရှင်အောင်လံ မဂ္ဂဇင်း အယ်ဒီတာ ဦးရဲဇော်အား ယခုထိ ကျေးဇူးတင်လျက်ရှိပါကြောင်း။ အောက်တိုဘာ ၁၆ ရက်မှာ ကျမရဲ့အသံထွက်ဒစ်ရှင်နာရီကြီး အလုပ်မလုပ်တော့တဲ့ ၁၆ နှစ် ပြည့်သွားတဲ့ အထိမ်းအမှတ်)

Khwa Nyo မှ ယူပါသည်။