သီရိဘုန်းစံ - အမေရိကန်အနှံ့ ခရီးဆန့်ခဲ့ ၊ ခရီးသွားဆောင်းပါး (အပိုင်း ၄)





သီရိဘုန်းစံ - အမေရိကန်အနှံ့ ခရီးဆန့်ခဲ့  ၊ ခရီးသွားဆောင်းပါး (အပိုင်း ၄)
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆


နာဆာကိုရောက်ပါပြီ။ စာရေးသူတို့ရောက်တာ မနက် (၁၀) နာရီခန့်၊ (၉) နာရီမှာ စဖွင့်တဲ့ပါကင်လော့ (၁၀) နာရီရောက်တော့ ကားတွေပြည့်လုနီးပါးဖြစ်နေပြီ။ မနက် (၉) နာရီ ကနေ ညနေ (၇) နာရီထိ ပိတ်ရက်မရှိ ဖွင့်ထားတဲ့ ဒီစင်တာကို ဘာကြောင့်လူတွေ ဒီလောက်လာနေကြသလဲ။ ရှင်းရှင်းလေးပါ လာချင်အောင်လုပ်ပေး ထားလို့ လာကြတာပါပဲ။

သွားရောက်လေ့လာဖို့ အလွန်ကောင်းတဲ့နေရာဖြစ်ပါတယ်။ လူကြီးတွေလေ့လာဖို့အတွက်လည်း လုပ်ပေးထားသလို ကလေးတွေလည်းပျော်ရွှင်အောင် စိတ်ဝင်စားလာအောင် အားကျအတုယူလိုစိတ် ကြိုးစား ချင်စိတ်များဖြစ်လာအောင်လည်း ပြုလုပ်ပေးထားပါတယ်။

စာရေးသူကတော့ ဧည့်သည်လာတိုင်းလိုလို လိုက်ပို့ဖြစ်တယ်၊ ဘယ်နှစ်ခေါက်ဆိုတာ ရေတောင်မရေ တွက်နိုင်တော့ပါဘူး၊ ဒါပေမယ့် ငြီးငွေ့တယ်လို့မရှိခဲ့ဘူး၊ သွားပြီးရင်း သွားချင်နေတာပါပဲ။







စာရေးသူတို့ငယ်ငယ်ကတည်းက အရမ်းစိတ်ဝင်စားခဲ့ရတဲ့ ဒုံးပျံဂြိုဟ်တုသတင်းတွေ၊ လကမ္ဘာကို လူတွေရောက်အောင်သွားနေတယ်ဆိုတဲ့သတင်းတွေကို ပထမတော့ ရေဒီယိုတွေကနေ နားထောင်ရတယ်၊ သတင်းစာ ဂျာနယ် မဂ္ဂဇင်းတွေကနေ ဖြူမဲဓာတ်ပုံတွေတွေ့ရတယ်။ တဖြည်းဖြည်း တိုးတက်လာတဲ့ ခေတ်ရောက်တော့ လွှတ်တင်နေတာကို ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်ကနေ တိုက်ရိုက် ရုပ်/သံအနေနဲ့ မြင်တွေ့လာရတဲ့အခါ စိတ်ဝင်စားမှူတွေက ပိုပြီးပြင်းပြလာခဲ့တာပေါ့။ ဟော ခုတော့ ကိုယ်တိုင်ကိုယ်ကျ မျက်စိ နဲ့ တပ်အပ်တွေ့မြင်ခွင့်ရနေပြီလေ။



စာရေးသူ ဒီအခန်းကိုရေးနေဆဲမှာပဲ CNN က စိတ်မကောင်းစရာ သတင်းတစ်ခု ကြေငြာလာတယ်၊ ပစ်လွှတ်စင်မှာ မကြာမီပစ်လွှတ်ဖို့ တပ်ဆင်ထားတဲ့ Space X ဒုံးပျံကြီး ပေါက်ကွဲမီးလောင်ပျက်စီးသွားတဲ့ အကြောင်း ဗီဒီယိုဖိုင်နဲ့တကွ ကြေငြာနေတယ်။ Sep. 1, 2016 နေ့ ညနေ (3:15) နာရီကပါ။ လူတော့မပါ ပါဘူး၊ ဒါပေမယ့် လူပါတဲ့လွန်းပျံယာဉ်တွေကို ပစ်လွှတ်တဲ့ နည်းစနစ်ကိုပဲအသုံးပြုထားတာဖြစ်တဲ့အတွက် နောက်နောင်အမှားအယွင်း မရှိရအောင် အကြောင်းရင်းဇစ်မြစ်ကို အသေးစိတ်ရှာဖွေနေကြပါတယ်တဲ့။ ဒီဒုံးပျံကြီးရဲ့ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း (၂၀၀) ထိ တန်ဖိုးရှိတယ်ဆိုပဲ။

ဒီလိုပါပဲ ဆုံးရှူံးမှုတွေ စတေးမှုတွေများစွာပေးပြီးမှ အောင်မြင်မှုတွေကို ရအောင်ယူကြရတာပါ။ ဘယ်အရာမဆို အမြင့်ဆုံးအောင်မြင်ချင်ရင် အခက်အခဲကိုဇွဲမလျှော့ဘဲ လုပ်ကြဖို့လိုပါတယ်။ ဘုန်းကြီးလေသံ နဲ့ ပြောရရင်တော့ အဓိပတိတပ်ရမယ်ပေါ့။ ထားတော့-




လကမ္ဘာနဲ့အာကာသစခန်းရှိရာကို လူနဲ့လိုအပ်ပစ္စည်းတွေ ဂြိုဟ်တုတွေ ပို့လွှတ် သယ်ဆောင်တဲ့ အခါမှာ ဖလော်ရီဒါကနေ ပစ်လွှတ်ရုံသာပစ်လွှတ်ပြီး၊ ဆက်လက်ထိန်းချုပ် တာကိုတော့ တက္ကဆက်ပြည်နယ် ဟူစတင်မြို့ နာဆာစခန်းကနေ တာဝန်ယူဆောင်ရွက်ပါတယ်။

ဖလော်ရီဒါ နာဆာ Visitor Complex မှာ ပစ်လွှတ်ခဲ့ဘူးတဲ့ ဒုံးပျံတွေကို ရေထဲက ပြန်ဆယ်ယူပြီး ပြသထားတယ်။ IMAX 3D ရုပ်ရှင်ရုံက အာကာသစခန်းမှာ လုပ်ကိုင်ဆောင် ရွက်နေကြတာတွေ၊ နက္ခတ် တာရာတွေ ကမ္ဘာဂြိုဟ်တွေရဲ့တည်ရှိနေပုံတွေ၊ အာကာသစခန်းကနေ မိမိတို့ကမ္ဘာကြီးကို အသေးစိတ်ပြန် ကြည့်ရတာတွေ၊ မိုးကြိုး မုန်တိုင်းတွေကို စုံနေအောင် 3D နဲ့ ရိုက်ပြထားတယ်။



Astronaut Encounter ပြခန်းမှာဆိုရင် အာကာသမှူးတွေကိုယ်တိုင်က သူတို့တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက် အတွေ့အကြုံ အခက်အခဲတွေကို စိတ်ဝင်စားဖွယ် 3D ရုပ်ရှင်တွေနဲ့ ထိုးပြီး ရှင်းပြကြတယ်။ အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။



ပြီးတော့ အကာသစခန်းနဲ့ကမ္ဘာ့မြေပြင်ကို အကြိမ်ပေါင်း (၃၃) ကြိမ်ပြေးဆွဲခဲ့တဲ့၊ အကာသထဲမှာ ရက်ပေါင်း (၃၀၇) ရက် နေခဲ့ဘူးတဲ့၊ မိုင်ပေါင်း (၁၂၆) သန်းထိ အာကာသထဲ ပြေးသွားခဲ့ဘူးတဲ့ Atlantis လွန်းပျံယာဉ်ကြီးကို ပြည်သူတွေကြည့်ရအောင် ခမ်းခမ်းနားနားကြီး ပြသထားတယ်။ အာကာသကိုတက်တဲ့အခါ ဘယ်လောက်ဒီဂရီစောင်းတယ်၊ မိုင်ပေါင်းဘယ်လောက်ကို ဘယ်နှစ်မိနစ်နဲ့အရောက်သွားတယ်၊ ဘယ်လိုတုန် ခါမှုတွေရှိတယ်၊ ရောက်တဲ့ခါ ဘာတွေတွေ့ရမယ်ဆိုတဲ့ ခံစားမှူတွေရရှိအောင် ခမ်းနားတဲ့ဆက်တင်တွေနဲ့ ပြုလုပ်ပေးထားတယ်။



ဒုံးပျံပစ်လွှတ်စင်တွေရှိရာကို တိုးဘတ်စ်တွေနဲ့ လိုက်လံပို့ဆောင်ရှင်းပြတယ်။ (၁၉၆၁) ခုနှစ်က ပထမဆုံး အာကာသကိုရောက်အောင်သွားနိုင်ခဲ့တဲ့ အမေရိကန် အာကာသသူရဲကောင်း Roger ကိုဂုဏ်ပြု ထားတဲ့ ဗီဒီယိုတွေနဲ့ ပစ်လွှတ်ခဲ့တဲ့ ဒုံးပျံကိုလည်း ပြသထားတယ်၊ ဟိုတုန်းက ပစ်ခဲ့တဲ့ဒုံးပျံအရွယ်အစားဟာ ပေ (၈၀) ပဲရှိတယ်၊ ဒီနေ့ခေတ် ရောက်တော့ အပိုလိုဒုံးပျံကြီးတွေရဲ့အရွယ်အစားဟာ ပေပေါင်း (၃၆၃) ပေထိ ကြီးမားလာကြပြီ။



လကမ္ဘာပေါ် ပထမဆုံးခြေချခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေ၊ အသုံးပြုခဲ့တဲ့ယာဉ်တွေ ပစ္စည်းကိရိယာတွေ၊ လကမ္ဘာကယူလာတဲ့ ကျောက်တုံးတွေကိုလည်း တွေ့မြင်ထိကိုင်ခွင့်ရနိုင်ပါတယ်။ ကျေးဇူးတင်ဖို့ ကောင်းလိုက် တာ၊ တကယ်ကိုလေးစားလောက်ပါတယ်။ ဒီနိုင်ငံမှာ “ကလေးက ကလေးနေရာနေစမ်း၊ ဝင်မရှူပ်နဲ့” ဆိုပြီး ကလေးတွေကို ဟန့်တားတာမျိုး၊ စိတ်ဓာတ်ကိုချိုးနှိမ်တာမျိုးမရှိဘူး။ စိတ်ဝင်စားလာအောင် သင်ကြားပြသပေး တယ်၊ စိတ်ဝင်စားမှူရှိလာရင်လည်း မြေတောင်မြှောက်ပေးတယ်၊ ဒီကလေးတွေကပဲ တချိန်မှာ နိုင်ငံကိုဆက် လက်ဦးဆောင်သွားကြတာပဲ မဟုတ်လား။



သူများတွေ အာကာသကိုတက်နေတဲ့အချိန်မှာ ကိုယ်တွေက မြေကြီးထဲယက်ဆင်းနေခဲ့တယ်။ သူများ တွေ ရှေ့သို့ကတည်းက ကိုယ်တွေက နောက်သို့ဖြစ်လာခဲ့တာ ကာလဘယ်လောက်ကြာခဲ့ပြီလဲ။ အရှိန်နဲ့ ပြေးဆောင့်ဖို့ နောက်ဆုတ်အားယူတာတော့လည်းမဖြစ်နိုင်၊ ဆုတ်ရင်းဆုတ်ရင်း ချောက်ထဲကျနေပြီ။

ရွေးကောက်ပွဲမတိုင်မီကာလက အဘတို့ပြောတာကြားလိုက်ပါသေး၊ ဘာတဲ့…

“(၅) နှစ်အတွင်း စင်္ကာပူလိုဖြစ်သွားစေရမယ်” တဲ့၊ အဲဒီသတင်း ကြားလိုက်ရတုန်းက ပျော်လိုက်တာ၊ နှစ် (၅၀) ကျော်ကြာ ပျက်စီးလာတဲ့ ဒို့နိုင်ငံကြီးကို (၅) နှစ်တည်းနဲ့ နတ်ပြည်လိုဖြစ်အောင် ပြောင်းလဲပေးမယ့် တန်ခိုးရှင်ဟာ တာဝတိံသာက ဦးမာဃလွှတ်လိုက်တဲ့ ဗိသုကာပညာရှင်ကြီး မစ္စတာဝိသုကြုံများ ဖြစ်နေ မလား…လို့။

မေတ္တာဖြင့်-
သီရိဘုန်းစံ

အပိုင်း (၅) ဆက်ရန်-