တူမောင်ညို - ပုဒ်မ ၅ (ည) ကို ဖျက်သိမ်းပြီးတဲ့နောက် ညပေါင်းများစွာ ငြိမ်းချမ်းစွာ အိပ်စက်နိုင်စေဖို့

Photo - DVB


တူမောင်ညို - ပုဒ်မ ၅ (ည) ကို ဖျက်သိမ်းပြီးတဲ့နောက် ညပေါင်းများစွာ ငြိမ်းချမ်းစွာ အိပ်စက်နိုင်စေဖို့
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၆

(ဖဆပလ) အစိုးရနဲ့ပြည်ထဲရေးဝန်ကြီးအတွက် ဝရဇိန်လက်နက်လို့ဆိုကြပြီး၊ နိုင်ငံရေးသမား၊ စာရေးဆရာ၊ သတင်းစာဆရာ တွေအပေါ် အညှိုးတကြီးဖိနှိပ်ခဲ့သော “ပုဒ်မ ၅ (ည) ” အရေးပေါ်စီမံမှုအက်ဥပဒေ (၁၉၅၀ ပြည့်နှစ်၊ အက်ဥပဒေအမှတ် ၁၇ )ကို အောက်တိုဘာလ ၄ ရက်နေ့က ရုပ်သိမ်းလိုက်ပြီ။

ဒီဖိနှိပ်ရေးဥပဒေကို (ဖဆပလ)အစိုးရမှသည် တော်လှန်ရေးကောင်စီ၊(မဆလ)၊ (နဝတ-နအဖ) စစ်အစိုးရနဲ့ ဦးသိန်းစိန်ကြံ့ဖွံ့ အစိုးရအထိ အုပ်စိုးသူအဆက်ဆက်က လက်ကိုင်ပြုခဲ့ကြတာပါ။ နိုင်ငံရေးသမားများ၊ နိုင်ငံရေးလှုပ်ရှားသူများ၊ စာရေးဆရာများကို ဒီဥပဒေဆိုးနဲ့ ဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချခဲ့ကြတာပါ။ အုပ်စိုးသူအဆက်ဆက် နှစ်ပေါင်း ၆၀ ကျော်ကြာ လက်စွဲတော်ဖိနှိပ်ရေး ကရိယာအဖြစ် အသုံးတော်ခံခဲ့တဲ့၊ မတရားတဲ့ဥပဒေလည်း ဖြစ်ပါတယ်။

အဲဒီဥပဒေရုပ်သိမ်းတာကို ကြားသိရတော့ အော်ပီကျယ်ရဲ့ ကာတွန်းတစ်ကွက်ကို သတိရမိတယ်။

ကျောပေါ်မှာ ခြင်းကြားကြီးနဲ့ ပစ္စည်းတွေတနင့်တပိုးကြီးထမ်းလာရှာသူ။ သူ့ခြင်းထဲကို အုတ်နီခဲလောက်ရှိတာ ထပ်ထည့်ပေး ပြီး အဲဒီခြင်းကြားကြီးထဲက ဆီးသီးလောက်ရှိတဲ့ခဲလုံးလေးကို ထုတ်ယူပေးလိုက်တော့ ဝန်ပေါ့သွားပြီ။ ကျေနပ်ပြီး ကျေးဇူးတင်လိုက်တာ ဗျာ ဆိုတဲ့ မျက်နှာပေးနဲ့ကာတွန်းပေါ့။

အဲဒီလိုမျက်နှာပေးမျိုးနဲ့ကျေးဇူးတင်ရမှာပါ။ ဘာလို့လဲဆိုတော့ “၂၀၀၈ အခြေခံဥပဒေ” အပါအဝင် အခြားတည်ဆဲ မတရား တဲ့အမိန့်ဥပဒေတွေ တည်ရှိနေသေးလို့ပါပဲ။

ဒီဥပဒေကို ဖျက်သိမ်းတာမှာ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်အတွင်းမှာ အသဲအသန် ဆန့်ကျင်မှုတွေရှိခဲ့တာတွေ့ရ ပါတယ်။ အဓိကဆန့်ကျင်နေသူတွေဟာ ကာချုပ်ရဲ့ စစ်ဗိုလ်တွေပဲဖြစ်ပါတယ်။ သူတို့အားလုံး “ပုဒ်မ ၅ ည ” မဖျက်သိမ်းဖို့ အရူးအမူး ကန့်ကွက်ဆွေးနွေးခဲ့ကြပြီး၊ လွှတ်တော်နှစ်ခုစလုံးမှာ ကန့်ကွက်မဲပေးခဲ့ကြတာပါ။ စစ်အုပ်စုဟာ စစ်တပ်ကို ဂုပ်ခွစီး၊ သေနတ်ကို အမိန့်ပေးရုံတင်မကဘဲ။ ဥပဒေရဲ့အထက်မှာနေပြီး၊ ဥပဒေကိုပါ အမိန့်ပေးတာပါ။

ပြည်သူ့လွှတ်တော်မှာ ဒီဥပဒေဖျက်သိမ်းရေး မဲပေးပုံကို ကြည့်ပါ။

ထောက်ခံမဲ ၂၆၁
ကန့်ကွက်မဲ ၁၂၃
ကြားနေမဲ ၅

ကန့်ကွက်မဲ ၁၂၃ ဆိုတာထဲမှာ၊ ကာချုပ်ရဲ့စစ်ဗိုလ် ၁၁၀ ဦးပါဝင်နေပြီး၊ ကျန် ၁၃ ဦး ဘယ်ပါတီတွေကဖြစ်မယ် ဆိုတာ အလွယ်တကူ စဉ်းစားသိရှိနိုင်ပါတယ်။

အမျိုးသားလွှတ်တော်မှာ မဲပေးပုံကို လည်းကြည့်ပါ။

ထောက်ခံမဲ ၁၂၈
ကန့်ကွက်မဲ ၅၉

ကန့်ကွက်မဲ ၅၉ မဲထဲမှာ ကာချုပ်ရဲ့ စစ်ဗိုလ် ၅၆ ဦးပါဝင်နေပြီး၊ ကျန်တဲ့ ၃ ဦးက ဘယ်ပါတီကဖြစ်မလဲဆိုတာ မေးစရာတောင် လိုမယ် မထင်ပါဘူး။

ဒီကနေ့ အခြေအနေက ကြံ့ဖွံ့ပါတီဟာ လွှတ်တော် နှစ်ရပ်စလုံးမှာ နလံမထူနိုင်ပါဘူး။ ဒီတော့ ကာချုပ်ရဲ့စစ်သားတွေဟာ မတ်တပ်ရပ်ပြလိုက်၊ ကန့်ကွက်ဆွေးနွေးလိုက်၊ ကန့်ကွက်မဲပေးလိုက်နဲ့ လူလုံးပြနေရတာပါ။ ဝတ်ထားတဲ့ ယူနီဖောင်းကိုမှ အားမနာနိုင် ရှာပဲ “အများစုနဲ့အနိုင်ကျင့်တယ်”လို့လည်း ငိုပြနေရပါတယ်။

ဒီဥပဒေဖျက်သိမ်းဖို့ ၂၀၁၅ မှာ ယခုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်(ထိုစဉ်က ပုသိမ်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်) တင်ပြစဉ်က ဦးဝင်းမြင့် ဘက်က ထောက်ခံမဲ ၅၀ ပဲရရှိခဲ့တာပါ။ (NLD) ကလည်း ကြားဖြတ်ရွေးကောက်မှာ ၄၃ နေရာလားပဲနိုင်တာပါ။ ကန့်ကွက်မဲက ၂၆၅ မဲဖြစ်ပါတယ်။ ကြားနေမဲ ၁၇ မဲဖြစ်ပါတယ်။

အခုတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး ဖျက်သိမ်းဖို့ ထောက်ခံမဲက ပြည်သူ့လွှတ်တော်မှာ ၂၆၁ ၊ အမျိုးသား လွှတ်တော်မှာ ၁၂၈ ဖြစ်ပါတယ်။

ဒါဟာ ကာချုပ်နဲ့ စစ်တပ်အနေနဲ့ “ဖိနှိပ်ရေးဥပဒေ” တစ်ခုကို မဖျက်သိမ်းဖို့ အသဲအသန် ကာကွယ်ခဲ့တဲ့ လွှတ်တော်တွင်း ထင်ရှားတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ နောက်ထပ် သာဓကတစ်ခုကတော့ “ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ” ပြဋ္ဌာန်းစဉ် ကဖြစ်ပါတယ်။ဒီဖြစ်ရပ်က မရှိသေးတဲ့ ဥပဒေတစ်ရပ် ပြဋ္ဌာန်းတာမှာ ကာချုပ်နဲ့စစ်တပ်ဟာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတဲ့ သာဓက ဖြစ်ပါတယ်။ ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းစဉ်က အမျိုးသားလွှတ်တော်မှာ မဲပုံကအခုလိုဖြစ်ပါတယ်။

ထောက်ခံမဲ - ၁၃၇ မဲ
ကန့်ကွက်မဲ - ၇၀ မဲ
ကြားနေမဲ - ၂ မဲ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာဆွေးနွေးတဲ့အခါမှာ ကာချုပ်ရဲ့ စစ်ဗိုလ်များဟာ ဟန်ပင်မဆောင်နိုင်တော့ဘဲ မဲမပေး ဘဲ နေခဲ့ကြပါတော့တယ်။ ဒီဥပဒေကို ပြည်သူ့လွှတ်တော်က အတည်ပြုချက်ရယူတဲ့အခါမှာ ယူနီဖောင်းဝတ်များဟာ မတ်တပ်ရပ်ပြီး ဆန့်ကျင်ပြပါတယ်။ ဒီအပြုအမူဟာ ပြည်သူ့လွှတ်တော်နဲ့လွှတ်တော်ဥက္ကဋ္ဌကိုပါ ပမာမခန့်လုပ်တဲ့ အပြုအမူပါပဲ။

ဒါက ဖိနှိပ်တဲ့ဥပဒေတစ်ရပ်ဖျက်သိမ်းတာနဲ့ ဥပဒေတစ်ရပ်ပြဋ္ဌာန်းတာမှာ ကာချုပ်နဲ့ သူ့စစ်ဗိုလ်များရဲ့ရပ်တည်ချက်နဲ့ သဘော ထားကို အင်မတန် ထင်ရှားပေါ်လွင်စေတဲ့ သာဓကတွေပဲဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကိုတော့ ဒီချုပ်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာဒီလိုအနိုင်ယူဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒီလို အနိုင်မယူနိုင်အောင် ၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) မှာ အတိအကျပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်က ကာချုပ် သဘောတူပြီး၊ ခွင့်ပြုမှသာ “၂၀၀၈အခြေခံဥပဒေ”ကို ပြင်ဆင်နိုင်မယ်လို့အတိအလင်းပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ ဒီပြဋ္ဌာန်းချက်အတည် ဖြစ်နေသမျှ ကာလပတ်လုံး ဒီချုပ်ပါတီဟာ လွှတ်တော်ထဲကနေ အရေးပေါ်စီမံမှုအက်ဥပဒေရုပ်သိမ်းသလို မရုပ်သိမ်းနိုင်ပါဘူး။

ထို့အတူ “၂၀၀၈ အခြေခံဥပဒေ” ကို ကျော်လွန်တဲ့ ပြဋ္ဌာန်းချက်မျိုးကိုလည်း ပြဋ္ဌာန်းလို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲ ၂၀၀၈ အခြေခံ ဥပဒေ၊ ပုဒ်မ ၁၉၈ ကြောင့်ပါပဲ။

“၂၀၀၈ အခြေခံဥပဒေနဲ့ ပုဒ်မတွေ” ကို ကိုးကားပြနေရတာဟာ ကိုးကားချင်လွန်းလို့မဟုတ်ရပါဘူး။ ဥပဒေဘောင်ထဲကနေ သွားမယ်လို့ အာဏာရပါတီရဲ့တာဝန်ရှိသူတွေက ခဏခဏပြောဆိုနေလို့ပါ။ “၂၀၀၈ အခြေခံဥပဒေ”ကို ၂၀၀၈ အခြေခံဥပဒေဘောင်ထဲ ကနေ ပြင်မယ်ဆိုရင် ကာချုပ်သဘောတူမှသာ ပြင်ခွင့်ရမယ်ဆိုတာကို ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဝင်ပြီးတဲ့နောက် လွှတ်တော်ထဲရောက်ဖူးစဉ်ကပဲ မြည်းစမ်းခဲ့ဖူးပြီးသား အတွေ့အကြုံဖြစ်ပါတယ်။

ဒါကြောင့်လွှတ်တော်ဥက္ကဋ္ဌကြီး ဦးဝင်းမြင့်က အခြေခံဥပဒေပြင်ဆင်ရေးကို “ တရားဥပဒေစိုးမိုးပြီး၊ အမျိုးသားပြန်လည်သင့် မြတ်ရေးတွေဖြစ်ပြီး၊ ပြည်တွင်းငြိမ်းချမ်းရေးရပြီး” တော့မှ သာ ပြင်ဆင်နိုင်မယ်လို့ ဘွာခတ်နေရတာဖြစ်ပါလိမ့်မယ်။

တရားဥပဒေစိုးမိုးဖို့ကလည်းမလွယ်ပါဘူး ဥက္ကဋ္ဌကြီးရယ်၊ ဥက္ကဋ္ဌကြီးတို့ လွှတ်တော်ရုံးမှာပဲ “ဓားထိုးမှု” ဖြစ်နေတယ် မဟုတ်ပါ လား။ သြဂုတ်လတစ်လထဲမှာ အမှုကြီး ၁၀ မျိုးက ဖြစ်ပွားမှုက ၂၃၃ မှု။ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုက ၁၀၃၉ မှု ဆိုတော့ တရားဥပဒေ ကဘယ်တော့ ဘယ်လို စိုးမိုးမှာလဲ။

“သင့်မြတ်ရေးပန်းသပြေနဲ့ ငြိမ်းချမ်းရေးဂျိုးငှက်ငယ်” ကလည်း တိုက်လေယာဉ်သံ၊ အမြောက်ကြီးပစ်သံ၊ မောင်းပြန်သေနတ် သံတွေကြားမှာ အညွန့်မလူဝံ့၊ ခေါင်းမပြူဝံ့အောင်ဖြစ်နေရပါတယ်။

လူမျိုးပေါင်းစုံပြည်သူများရဲ့အသံ၊ ဆန္ဒနဲ့ မျှော်လင့်ချက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ခိုးဆိုးလု ယက် သတ်ဖြတ်နေမှုတွေကို ယာယီပဲဖြစ်ဖြစ်၊ ခေတ္တခဏပဲဖြစ်ဖြစ် ရပ်ဆိုင်းသွားစေချင်ပါတယ်။

ဒီလို ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်တွေကို ပြည်သူ့လွှတ်တော်အနေနဲ့ အကောင်အထည်ဖော်ပေးနိုင်ပါ သလား။ အကောင်အထည်ဖော်ပေးဖို့ အစီအစဉ်ရှိပါသလား။