ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သာထက်အောင် ● မကျွတ်နိုင်သေးတဲ့ အထင်သေး အမြင်သေးခံ ဘဝ


သာထက်အောင် ● မကျွတ်နိုင်သေးတဲ့ အထင်သေး အမြင်သေးခံ ဘဝ
(မိုးမခ) အောက်တိုဘာ ၃ဝ၊ ၂ဝ၁၆

ဒီမနက်အင်တာနက်ဖွင့်ကြည့်ရင်းနဲ့ မိုးမခမှာ ကိုသန်းလွင်ရေးထားတဲ့ “သမ္မတကြီးထံ အိတ်ဖွင့်ပေးစာ (၂)” ဆိုတဲ့ ဆောင်း ပါးဖတ်လိုက်ရပါတယ်။

ဆောင်းပါးရဲ့ဆိုလိုရင်းကတော့ မြန်မာနိုင်ငံသားတွေ ပြည်ပထွက်တဲ့အခါ မြန်မာပတ်စပို့ကိုင်ဆောင်ရတော့ ရောက်လေရာ မျက်နှာငယ်ရတဲ့အကြောင်း၊ ပြည်ပမှာရှိတဲ့ မြန်မာသံရုံးတွေကလည်း မြန်မာနိုင်ငံသားတွေ ဒုက္ခ၊ သုက္ခနဲ့တွေ့ရင် ကူညီ စောင့်ရှောက်လေ့မရှိကြောင်း? နိုင်ငံတော်ပုံရိပ် လူမျိုးပုံရိပ်ကျဆင်းရတဲ့အကြောင်း၊ လူအတော်များများသိပြီး ကိစ္စတွေကို သမ္မတကြီးသိအောင် ရင်ဖွင့်ရေးသားထားတာတွေ ဖတ်လိုက်ရပါတယ်။

မြန်မာပတ်စပို့ကိုင်ပြီး ပြည်ပထွက်လာခဲ့တဲ့ ကျွန်တော်၊ နှစ်ပေါင်း၂ဝ ကျော်ကြာ ပြည်ပမှာ အခြေချနေထိုင်လာခဲ့တော့ ကိုယ် တွေ့အရရော သူတွေ့အရပါ မြန်မာတွေ ဘယ်လိုမျက်နှာငယ်ခဲ့ရတယ်၊  ဘယ်လောက်မျက်နှာ ငယ်ကြရတယ်ဆိုတာသိပါ တယ်။  ဒါတွေကို စာအုပ်တအုပ်ထုတ်ပြီး မြန်မာတွေရဲ့ 'ပြည်ပမှာ မျက်နှာငယ်ခဲ့ရသမျှ' တွေကို နတ်သံနှောပြီး သမ္မတကြီးဆီ ပဲဖြစ်ဖြစ်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံဆီပဲဖြစ်ဖြစ် တင်ပြရင်လည်း ဖတ်ပြီး စိတ်မကောင်းရုံကလွဲလို့ သူတို့လည်း ဘာမျှ တတ် နိုင်မယ် မထင်ပါဘူး။

ဆိုလိုတာက နိုင်ငံပုံရိပ် လူမျိုးပုံရိပ်ကျဆင်းတယ်ဆိုတာ 'အကျိုး' ပါ၊ 'အကြောင်း' ကိုရှာမယ်ဆိုရင်တော့ ရေသောက်မြစ်ကို ရှာမယ်ဆိုရင်တော့ ရာမဇာတ်ကသလို ခုနှစ်ရက် ခုနှစ်လီပြောမှ ပြည့်စုံပါလိမ့်မယ်။

နိုင်ငံတနိုင်ငံကို အထင်ကြီးတယ်၊ လူမျိုးတမျိုးရဲ့ ပုံရိပ်ကောင်းတယ်ဆိုတာ ချက်ခြင်းလက်ငင်းကြီးဖြစ် လာတာမျိုးမဟုတ် သလို နိုင်ငံတနိုင်ငံ၊ လူမျိုးတမျိုးကို အထင်သေးတယ်ဆိုတာကလည်း ချက်ခြင်းကြီးဖြစ် လာတာမျိုးမဟုတ်ပါဘူး။  တိုင်းပြည် ရဲ့ဓနအင်အား၊ လူနေမှုအဆင့်အတန်း၊ ယဉ်ကျေးမှုအဆင့်အတန်း၊ ပညာရေး၊ ကျန်းမာရေးအဆင့်အတန်း၊ လူတွေရဲ့အကျင့် သိက္ခာ၊ ဒါတွေအပေါ်မူတည်ပြီး တိုင်းပြည်ပုံရိပ် လူမျိုးရဲ့ပုံရိပ် အတတ်အကျဆိုတာဖြစ်တာပါ။  ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ များထဲမှာ ထိပ်တန်းကမထွက်နိုင်သေးတဲ့ ရွှေပြည်ကြီးက ပြည်သူတွေ ပြည်ပထွက်အလုပ်ရှာကြတဲ့အခါ လေဆိပ်မှာအရစ် ခံရတာ၊ ပတ်စပို့ကို ပြူးပြဲလှန်လှောကြည့်တာ၊ ဒေါ်လာ ဘယ်လောက်ပါသလဲ အမေးခံရတာ၊ တကယ်တော့ မဆန်းပါဘူး။  ဆင်းရဲပေ့ဆိုတဲ့ နိုင်ငံကလာတဲ့သူတွေကိုး။

ပြည်တွင်းမှာ တော်တော် မာမာထန်ထန်ရှိလှတဲ့ ဝန်ကြီးတွေ၊ “မိဘပြည်သူများခင်ဗျာ” ဆိုတဲ့ သမ္မတကြီး အပါအဝင် စစ်အစိုးရလက်ထက်က အစိုးရအဖွဲ့ဝင်တွေ ပြည်ပရောက်တဲ့အခါ သာမန် မြန်မာပြည်သူတွေလိုပဲ ဘယ်ခေါင်းဆောင်တွေကမှ သူတို့ကို အထင်ကြီးတဲ့ မျက်လုံးတွေနဲ့ ကြည့်တာ မခံကြရပါဘူး။  ဆင်းရဲတဲ့နိုင်ငံက ခေါင်းဆောင်၊ လူထုထောက်ခံမှုမရတဲ့ စစ်ခေါင်းဆောင်တွေကို ဘယ်ကမ္ဘာ့နိုင်ငံကြီးတွေက ခေါင်းဆောင်တွေက လှိုက်လှိုက်လှဲလှဲရှိနေမှာလဲ။ ရှက်မိတာလေး ပြောပါရစေ။  တခါက သြစတြေးလျမှာ နိုင်ငံတကာအစည်းအဝေးတခု (APEC ထင်ပါရဲ့..) ကျင်းပပါတယ်။  ကမ္ဘာ့နိုင်ငံ အသီးသီးကခေါင်းဆောင်တွေ ကိုယ်ပိုင်ဂျက်လေယာဉ်ပျံနဲ့ အသီးသီးရောက်လာချိန်မှာ ရွှေပြည်ကြီးက သမ္မတနဲ့ အဖွဲ့က တော့ စင်ကာပူလေကြောင်းနဲ့ ပေါက်ချလာပါတယ်။  ကိုယ်ပိုင်ကားနဲ့လာတဲ့သူတွေကြား ဆိုက်ကားနဲ့ ကြွချီလာရင် ဖွင့် မ ပြောရင်သာရှိမယ်၊ အထင်ကတော့ မကြီးပါဘူး။

တပ်မတော်သာ ပထမ၊ တပ်မတော်သာ ထာဝရ၊ တပ်မတော်သာ အာဏာရဖို့ ခေါင်းထဲရှိတဲ့ (DSA - ဒေါ်စိန်အေး ကျောင်း ဆင်း) တွေဟာ ဗဟုသုတအရာမှာ၊ အင်္ဂလိပ်ဘာသာစကားမှာ၊ သံရေးတမန်ရေးတွေမှာ အလွန်စိတ်ပျက်ဖို့ကောင်းတယ် ဆိုတာ ဥပမာလေးတခု ကျွန်တော်ပြပါမယ်။

ခုနှစ်သက္ကရာဇ်တော့ အတိအကျမမှတ်မိတော့ပါဘူး။ အာဆီယံ ဝင်ခွင့်ရတဲ့နှစ်မှာ မြန်မာအစိုးရအဖွဲ့ ဘာလီကျွန်းကို အစည်း အဝေးလာပါတယ်။  ပြန်ကြားရေးဝန်ကြီးဆိုတဲ့သူက သတင်းစာဆရာတွေနဲ့တွေ့တဲ့အခါ တိုက်ပုံအနက်နဲ့ ပုဆိုးနဲ့၊ ကုလား ထိုင်မှာထိုင်ပြီး ခြေထောက်တဖက်ကို ဒူးပေါ်တင်၊ သူ့ရဲ့ညာဘက်လက်နဲ့ ဘယ်ဘက်ခြေဖဝါးကိုပွတ်ပြီး အမေးအဖြေလုပ် နေတဲ့ပုံ တီဗီမှာ တွေ့လိုက်ရပါတယ်။ ဒီပြုမူနေထိုင်ပုံဟာ ဝန်ကြီးမှ၊ သံတမန်မှမဟုတ်ပါဘူး၊ သာမန်လူတယောက်တောင် လုပ်လို့မရပါဘူး။  နိုင်ငံတကာ သံတမန် ဆက်ဆံရေးကို အကြမ်း ဖျင်းလောက်တောင်နားမလည်တဲ့ စစ်ဗိုလ်ဝန်ကြီးတွေကြောင့် တိုင်းပြည်ပုံရိပ် ကျခဲ့ဖူးပေါင်းများလှပါပြီ။  ထွက်တော်မူနန်းကခွာပြီဖြစ်တဲ့ သမ္မတကြီးကို BBC HARD TALK က အင်တာဗျူး လုပ်တော့ မေးတာတခြား သူဖြေတာတခြားမို့ အင်တာဗျူးသူက အင်မတန်စိတ်ပျက်စရာ၊ သနားစရာသတ္တဝါတကောင်လို ကြည့်နေတာ မြင်ဖူးပါတယ်။

ဒါတွေဟာ တကယ်တော့လည်း မဆန်းလှပါဘူး။  ဘာပြုလို့လဲဆိုတော့ မဆလခေတ် ဗိုလ်နေဝင်း ဘုန်းမီးနေလ တောက်ပ စဉ်က သူနဲ့သိပ်မကြည်တဲ့ ဝန်ကြီး ဗိုလ်မှူးကြီးတွေကို ဝေးရာနှင်ချင်တော့ သူ့လက်စွဲတော် (မျက်မှန်တင်ဦး) ကို “ဟေ့-တင်ဦး အဲဒီကောင်း ဇွန်းခရင်းကိုင်နည်းသင်ပေးပြီး သံအမတ်လွှတ်လိုက်” လုပ်ခဲ့တော့ နိုင်ငံခြားကို သံအမတ်အဖြစ်နဲ့ ယောင်တောင်ပေါင်တောင်ရောက်လာတဲ့ စစ်ဗိုလ်ပြုတ်တွေဟာ အဲဒီကျမှ အခန်းတံခါးပိတ်ပြီး ဒစ်ရှင်နာရီ စာအုပ်လှန် အ လွတ်ကျက် ဒုတိယအတွင်းဝန်ရေးပေးတဲ့ စာရွတ်ကြီးဖွင့်ပြီးအခမ်း အနားမှာ အသံထွက် အမှားတွေနဲ့ ထော့နင်းထော့နင်းပြော၊ ပြည်တွင်းမှာ ဓားထက်လှတဲ့တချိန်က ဝန်ကြီးချုပ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးလည်း ပြည်ပခရီးမှာ နိုင်ငံခြားသတင်းထောက်တွေက မေးတော့ (ခွေးအ လှည်းနင်းတာမှ အသံထွက်ဦးမယ်) တခွန်းမှ မပြောနိုင်ဘဲ ပြေးပါလေရော။

နိုင်ငံတနိုင်ငံဟာ ချမ်းသာကြွယ်ဝလာမယ်၊ ဓနအင်အားတောင့်တော့ စစ်အင်အား၊ ကာကွယ်ရေး နည်းပညာတွေ တိုးတက် ဖွံ့ဖြိုးလာမယ်။  လူနေမှု အဆင့်အတန်း မြင့်မားလာတော့ ကျန်းမာရေး၊ ပညာရေးတွေကလည်း နိုင်ငံတကာနဲ့ယှဉ်နိုင်လာမယ်။  ဒီအခါမှာ တိုင်းပြည်နဲ့လူမျိုးကို တခြား တိုင်းပြည် တခြားလူမျိုးတွေက ရိုသေခန့်ညားလာမယ်လို့ ယေဘုယျပြောလို့ရပါတယ်။

ဒီလိုနိုင်ငံတကာက ရိုသေခန့်ညားလာဖို့ဆိုတာ နိုင်ငံရေးစနစ် မမှန်ဘဲနဲ့ မရနိုင်ပါဘူး။  နိုင်ငံရေးစနစ် အပေါက်အလမ်း မ တည့်သေးသရွေ့ တိုင်းပြည်ဟာလည်း ဘယ်တော့မှချမ်းသာမလာနိုင်ပါဘူး။  ဥပမာ - တရုတ်ပြည်ကြီးဆိုပါတော့၊ တိုင်းပြည် ကကြီး၊ လူဦးရေကများ၊ ဆင်းရဲမွဲတေနေရာက ၁၉၇၉ မှာ Open Policy ဆိုတာကြီး ကျင့်သုံးလိုက်တော့ ဘုံလယ်ယာတွေ ပျောက်ကုန်တယ်။  ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်၊ လုပ်နိုင်ခွင့်တွေဖွင့်ပေးလိုက်တော့ ဟော…ကနေ့ လူရိုသေ ရှင်ရိုသေ တိုင်းပြည် ကမ္ဘာ့အင်အားကြီး တိုင်းပြည်အဖြစ် အသိအမှတ်ပြုကြရတယ်။  ဒါပေမဲ့… နှစ်ပေါင်းများစွာ စွဲကပ်နေတဲ့ တရုတ်တွေရဲ့အကျင့် ဆိုး စရိုက်ဆိုးတွေကို အခုထိပြုပြင်နေရတုန်းပဲ။  ပိုက်ဆံချမ်းသာလာတော့ ၂ဝဝ၈ မှာ ကမ္ဘာ့အိုလံပစ်ပွဲကြီးကို အိမ်ရှင်အဖြစ် ငွေတွေပုံအောပြီး အံ့မခန်းလုပ်ပြနိုင်ခဲ့ပါတယ်။

ဒါပေမဲ့…တရုတ်တွေရဲ့ပုံရိပ်ကိုထိခိုက်စေမယ့်… တွေ့ရာနေရာ အမှိုက်ပစ်တာ၊ တံတွေး ထွေးတာ၊ နှပ်ညှစ်တာ၊ စကားကျယ် လောင်ကျယ်လောင်ပြောတာ၊ အိမ်သာသုံးပြီးရေမနှိပ်ခဲ့တာ၊ တန်းစီရင်ကြားဖြတ်တာ၊ ကျော်တက်တာတွေမလုပ်ဖို့ တရုတ် အစိုးရ ကျိတ်ပြီး သူ့ပြည်သူတွေကို ဆုံးမခဲ့ရပါတယ်။  ခုထိ Public ဧရိယာမှာ ဆေးလိပ်မသောက်ဖို့၊ စားသောက်ဆိုင်တွေမှာ ဆေးလိပ်မသောက်ဖို့ ပညာပေးနေရတုန်းပါ။

ဒါ့ကြောင့်… ကွမ်တုန် စကားအများစု ပြောကြတဲ့ ဟောင်ကောင် တရုတ်တွေက ပြည်မကြီးတရုတ်တွေ (ကွမ်တုန်တရုတ်တွေ) ကို အထင်သေးကြတယ်။  ခပ်ရိုင်းရိုင်းကောင်တွေလို့ မြင်ကြတယ်။  တလောက ဘန်ကောက်က ဘူဖေးလ် (Buffet) ဆိုင် မှာ တရုတ်ခရီးသွားအဖွဲ့ စားနေတဲ့ပုံ တီဗီကရိုက်ပြတာ မြင်လိုက်ရပါတယ်။ ကုန်ရင်အချိန်မရွေး ထယူလို့ရတဲ့ ဘူဖေးလ် (Buffet) ဆိုင်မှာ တရုတ်တွေ ပုစွန်ကို ပန်းကန်ပြား ၄-၅ ချပ်ထပ်ပြီး လောဘဇောတိုက်စွာ ယူနေတဲ့ပုံကိုရိုက်ပြတော့ တ ရုတ်ရဲ့ ပုံရိပ်ကျပါတယ်။  ဆိုလိုတာက တိုင်းပြည်နဲ့လူမျိုးချမ်းသာလာသော်လည်းပဲ အကျင့်ဟောင်း စရိုက်ဟောင်းတွေ မစွန့်နိုင်ရင် လူမျိုးရဲ့ ပုံရိပ်ကျနိုင်တယ်ဆိုတာ တရုတ်တွေက အကောင်းဆုံးသာဓကပါ။

လူမျိုးချင်းတူ ဘာသာစကားချင်းတူပေမယ့် တောင်ဗီယက်နမ်ကလူတွေက မြောက်ဗီယက်နမ်ကလူတွေကို အထင်သေးပါ တယ်။ အလုပ်လုပ်စဉ်က ဗီယက်နမ်တွေနဲ့ တွေ့လို့ မင်း “မြောက်ဗီယက်နမ်ကလား” လို့မေးရင် သူတို့ အလွန် စိတ်ဆိုးပါတယ်။  ခုထိလည်း ဟနွိုင်မှာ ကွန်မြူနစ် အငွေ့အသက်တွေက ကျန်တုန်းပါ။

ထို့အတူပါပဲ အလုံးအရပ်၊ ဘာသာစကား၊ အသွေးအသားတူပေမယ့် တောင်ကိုရီးယားသားတွေက မြောက်ကိုရီးယားက လူတွေကို အထင်သေးပါတယ်။  မတူညီတဲ့ နိုင်ငံရေးစနစ်က ဆွေမျိုး အရင်းအခြာဖြစ်ဦးတော့ အကျင့်စရိုက်၊ အတွေးအခေါ်၊ အပြုအမူတွေကို များစွာပြဋ္ဌာန်းသွားပါတယ်။  ဆင်းရဲမွဲတေခြင်းဟာ အရာများစွာကို နိမ့်ကျသွားစေတယ်ဆိုတာ ငြင်းမရတဲ့ သစ္စာတရား တခုပါ။

သတင်းတခုရဲ့ အဆိုအရ စက်တင်ဘာလ တလတည်း နိုင်ငံခြားကို သွားရောက်အလုပ်လုပ်ကိုင်သူ ၁၄,ဝဝဝ ကျော် ရှိပါ သတဲ့။  ဒါကတရားဝင်၊ တရားမဝင်ဘဲ တောင်ကျော်ပြီးလုပ်နေတဲ့သူတွေ ဘယ်လောက်ရှိမှန်း စာရင်းမတို့နိုင်ပါဘူး။  အကြမ်း ဖျင်းအားဖြင့် တနှစ် တနှစ် သိန်းနဲ့ချီသော မြန်မာနိုင်ငံသားများ ပြည်ပထွက် အလုပ်လုပ်ကြရာမှာ ပညာရှင်၊ ပညာတတ်၊ ဘယ်နှစ်ယောက်ပါနိုင်မလဲ။

အလုပ်ကြမ်းလုပ်ဖို့ ထွက်လာတဲ့ သူတွေထဲမှာဆို အိမ်သာမသုံးတတ်သူ၊ ကွမ်းတဗျစ်ဗျစ်နဲ့ နေတဲ့သူ၊ အင်္ဂလိပ် စကားတလုံးမှ မတတ်တဲ့သူ၊ အဲဒီသူတွေ နိုင်ငံခြားရောက်တဲ့အခါ အိမ်ရှင်နိုင်ငံက အထင်တကြီး ဆက်ဆံမယ်၊ မဆက်ဆံဘူးဆိုတာ စဉ်း စားကြည့်ရုံနဲ့သိနိုင်ပါတယ်။  စင်ကာပူကို အိမ်ဖော်လုပ်ဖို့ တအုပ်တမကြီးရောက်လာတဲ့ မြန်မာအမျိုးသမီးလေးတွေကို လေ ဆိပ်က အိမ်ကြီးရှင်တွေက ပျူငှာ ချိုသာစွာ ဆက်ဆံလိမ့်မယ်လို့ထင်ရင် မှားပါလိမ့်မယ်။

ဒါတွေအားလုံးရဲ့ အဓိက လက်သည် တရားခံက စစ်အာဏာရှင်စနစ်ဆိုးကလွဲလို့ ဘာမျှမရှိပါဘူး။  ပြည်ပကို မြန်မာပတ်စ်ပို့ ကိုင်ထွက်တာနဲ့ လူအထင်သေးအမြင်သေးခံရ  (အဆင်မသင့်ရင် အစော်ကားပါခံရ) တဲ့ဘဝက လွတ်ဖို့ဆိုတာ စစ်အာဏာ ရှင်နဲ့ သူတို့ကို ထောက်ခံ ပံ့ပိုးပေးသမျှ အရာအားလုံး ကွယ်ပျောက်အောင်မလုပ်နိုင်သရွေ့ ခုလိုပဲ တိုင်းပြည်ပုံရိပ်ကျဆင်း နေဦးမှာပါပဲ။

ရွှေပြည်ကြီးမှာရှိတဲ့ တက္ကသိုလ်ပေါင်းမြောက်မြားစွာထဲမှာ အုပ်ချုပ်ရေး အတတ်ပညာကို နိုင်ငံတကာ အဆင့်မီ စနစ်တကျ သင်ကြားပေးတဲ့ ကျောင်းတခါဖူးမှမရှိခဲ့ဘဲ ဗိုလ်သင်တန်းဆင်းတွေ ပြုသမျှ နုနေကြရတော့ ပယောဂဆရာသတ်လို့ အပြစ် မဲ့တဲ့ ကလေးတွေသေရ၊ လောဘဇောတိုက်သူအချို့ကြောင့် အပြစ်မဲ့သူတွေ ချင်းတွင်းမြစ်ထဲ သေပွဲဝင်ရ၊ မြုပ်သွားတဲ့ ခေါင်းလောင်းကြီး နဂါးတွေလက်ထဲက ပြန်ဆယ်ယူပေးမယ်ဆိုတဲ့ ဖိုးတွမ်တီးကို အစိုးရကအားပေး ပြည်သူကငွေလှူ၊ အရပ်လေးကိုမှ အားမနာ ဥပဒေကို ကျော်လွန်ပြီးဖွင့်တဲ့ လော်စပီကာကိုတော့အရေးမယူ လော်စပီကာ ပလပ်ဆွဲဖြုတ်တဲ့ နယ်သာလန်နိုင်ငံသားတော့ ထောင် ၃ လချ။

ပြည်ပကို ခြေတလှမ်းမှ မကြွလည်း ကျွန်တော်တို့ ရွှေပြည်ကြီးရဲ့ပုံရိပ်ကတော့ ကမ္ဘာ့အလယ်မှာ လူရယ်စရာ ဖြစ်နေပါပြီ။  သရဲပူးတဲ့ကျောင်းကို တိုင်းဝန်ကြီးချုပ်က သေနတ် ၁၈ ချက်ဖောက်ပြီး ခြောက်လိုက်တော့ သရဲတွေပြေးကုန်တဲ့အ ကြောင်း၊ ဒီက သြဇီတွေကိုပြောပြရင် ကျွန်တော့်ကို စိတ်ရောဂါဆရာဝန်ဆီ ပို့ကြမလားမသိ။

တိုင်းပြည်တပြည်ရဲ့ ပုံရိပ်ကောင်း၊ မကောင်း ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက စာရင်းဇယားတွေကလည်း ပြပါ တယ်။  တိုင်းပြည်ပုံရိပ်ကောင်းတယ်၊ လုံခြုံတယ်၊ အန္တရာယ်မရှိဘူး၊ ဈေးနှုန်းသင့်တင့် မျှတတယ်ဆိုရင် ကမ္ဘာလှည့်ခရီးသည် တွေ စိတ်ဝင်စားပါတယ်။  ခုနေခါ လူတွေ ခရီးသွားတယ်ဆိုတာ မိုးထိဟိုတယ်ကြီးတွေ၊ တံတားကြီးတွေ ကြည့်ချင်လို့ မ ဟုတ်ဘူး။ သူတို့အတွက်က နေ့တိုင်းမြင်နေရလို့ ရိုးနေပြီ။  သူတို့ မြင်ချင်တာ သဘာဝအလှ၊ မပျက်စီးသေးတဲ့ သဘာဝအလှ၊ မြန်မာပြည်မှာ ဒါတွေ ထိုက်သလောက်ရှိတယ်။

ဒါပေမဲ့ ခက်တာက ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း မကျွမ်းကျင်ဘူး။  ဟိုတယ်ဈေးက ဆစ်ဒနီကဈေးနဲ့ မတိမ်းမယိမ်း၊ ရန်ကုန်- လွိုင်ကော် လေယာဉ်လက်မှတ်ဈေးက ရန်ကုန်-ဘန်ကောက်ဈေးထက်များတယ်။  လမ်းဘေး အစားအသောက် စားရဲစရာမရှိဘူး။ တက္ကစီတို့၊ ဈေးသည်တို့က နိုင်ငံခြားသားဆို  'ရိတ်' ဖို့ 'နွှာ' ဖို့လောက်စဉ်းစားနေတော့ နိုင်ငံခြားခရီးသွား တွေက မပျော်တော့ဘူး။  ပြီးတော့ လုံခြုံမှု၊ တက္ကစီသမားက ဘိုမခရီးသည်ကို ထိကပါးရိကပါးလုပ်တာ၊ ပုဂံမှာ လုတာ ယက်တာ ဆိုရရင် နိုင်ငံတွင်း အခြေအနေက နိုင်ငံတကာ ခရီးသွားတွေ လာချင်စရာ မရှိဘူး။

ထိုင်း-မလေးရှား-တရုတ်-ကမ္ဘောဒီးယား သူတို့ နိုင်ငံခြားသား ခရီးသွားလုပ်ငန်းတွေမှာ ကျွမ်းကျင်နေကြ ပြီ။  ဘန်ကောက်မှာ ငါးကင်တကောင် ဘတ် ၂ဝ၊ နိုင်ငံခြားသားဝယ်လည်း ဘတ် ၂ဝ ပဲ သူတို့ယူတယ်။  ဟိုတယ်ခ တရုတ်ပြည်က ဟိုတယ်ကြီး တွေမှာတည်းရင်း ဒေါ်လာသုံးလေးဆယ်ပေးနိုင်ရင် တည်းလို့ရပြီ။

ခုနောက်တက်တဲ့ အစိုးရက နောက်ဆောက်မယ့်ဟိုတယ်တွေ ခွင့်မပြုတော့ဘူးလို့ကြားရတယ်။  ရှိတဲ့ဟိုတယ်တောင် လူမ ပြည့်လို့တဲ့။

ရှိတဲ့ ဟိုတယ်တွေ နိုင်ငံခြားသားတွေနဲ့ လူပြည့်နေစေချင်ရင် ရိုးသားပါ၊ ကြိုးစားပါ၊  နိုင်ငံ့ပုံရိပ်ကောင်း အောင်အားထုတ်ပါ၊  တနပ်စားဉာဏ်ကိုဖျောက်ပါ။ ကနေ့ ကမ္ဘာကြီးကို မြင်အောင်ကြည့်ပါ။

သာထက်အောင်
၂၇-၁ဝ-၂ဝ၁၆

ဓာတ်ပုံ - Photo: Barbara Walton/EPA ထိုင်း တောင်ပိုင်း ဖူးခက် ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား ရေလုပ်သားများ (၂ဝ၁၅ ခုနှစ်)