ဆောင်းယွန်းလ ● ဒါပေမယ့်တွေလည်း ကြာခဲ့ပါပြီ

 
ဆောင်းယွန်းလ ● ဒါပေမယ့်တွေလည်း ကြာခဲ့ပါပြီ
(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၁၆
လက်ချင်းဆုံနိုင်ဖို့ ဆုံမှတ်တခုဟာ
အတူစားမယ့် ထမင်းစားဝိုင်းထဲမှာရှိတယ်..
ဒါပေမယ့်
ထမင်းအတူစားဖို့ ဆန်မရှိကြဘူး …။

ခြေထောက်ချင်းဆုံနိုင်ဖို့ ဆုံမှတ်တခုဟာ
အတူသွားမယ့် ခရီးတခုထဲမှာရှိတယ်..
ဒါပေမယ့်
ခရီးအတူသွားဖို့ ငွေမတတ်နိုင်ကြဘူး…

မျက်လုံးချင်းဆုံနိုင်ဖို့ ဆုံမှတ်တခုဟာ
အတူကြည့်မယ့် ပန်းချီကားထဲက မျက်လုံးတွေထဲမှာရှိတယ်…
ဒါပေမယ့်
ပန်းချီကားတွေအတူကြည့်ဖို့ မအားလပ်ကြဘူး….

ခေါင်းချင်းဆုံနိုင်ဖို့ ဆုံမှတ်တခုဟာ
အတူထိုင်စကားပြောမယ့် စားပွဲဝိုင်းထဲမှာရှိတယ်…
ဒါပေမယ့်
စကားတွေအတူထိုင်ပြောဖို့ နေရာလပ်တွေမရှိကြဘူး…

ရင်ဘတ်ချင်းဆုံနိုင်ဖို့ ဆုံမှတ်တခုဟာ
အတူထားမယ့် ချစ်ခြင်းမေတ္တာထဲမှာရှိတယ်….
ဒါပေမယ့်
ချစ်မေတ္တာအတူထားဖို့ သစ္စာတရားမရှိကြဘူး…

စိတ်ချင်းဆုံနိုင်ဖို့ ဆုံမှတ်တခုဟာ
အတူကျင့်ကြံမယ့် အမှန်တရားတခုထဲမှာရှိတယ်
ဒါပေမယ့်
အမှန်တရားကိုအတူကျင့်ဖို့ အခွင့်အရေးတွေပျောက်နေခဲ့တယ်…

လူချင်းဆုံနိုင်ဖို့ ဆုံမှတ်တခုဟာ
အတူရောက်မယ့် လမ်းတခုထဲမှာရှိတယ်….
ဒါပေမယ့်
လမ်းတခုထဲကိုအတူရောက်ဖို့ ခြေထောက်တွေ ပြတ်နေတယ်…

ဆုံနိုင်ခွင့်ချင်း ဆုံနိုင်ဖို့ 
ငြိမ်းချမ်းရေးကို စစ်ပွဲတွေထဲမှာ အပူတပြင်းရှာရင်း
ဆုံမှတ်တွေ စစ်တလင်းထဲကျပျောက်နေခဲ့တယ်
ဒါပေမယ့်တွေလည်း ကြာခဲ့ပါပြီ…။

ဆောင်းယွန်းလ (အောက်တိုဘာ ၁၇ရက်၊ ၂၀၁၆)