ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

စာဖတ်တဲ့ အလေ့အကျင့် လျော့ပါးသွားပြီလား နှင့် ဘကြီးမိုး


စာဖတ်တဲ့ အလေ့အကျင့် လျော့ပါးသွားပြီလား နှင့် ဘကြီးမိုး
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၆

ဘကြီးမိုးဘဝမှာ သိတတ်စကတည်းက စာကို စွဲစွဲလမ်းလမ်းကြီး ဖတ်လာတာ၊ စာမဖတ်ရရင် မနေနိုင်ဘူးလို့ ဖြစ်တဲ့အထိ ပဲ။ အိပ်ရာထဲမှာလည်း စာတစ်အုပ်၊ ထိုင်ခုံ မှာလည်း စာတစ်အုပ်နဲ့ နောက်ဆုံး အိမ်သာတက်ရင်တောင် စာတစ်အုပ်မပါရင် မတက်တတ်ဘူး။ အဲသည်လောက် စာဖတ်တာကို စွဲခဲ့တာ။

အထက်တန်းကျောင်းသားဘဝမှာ တော့ စာဖတ်ဖော် သူငယ်ချင်းက မောင်ကြည်စန်းတဲ့။ အခုတော့ ဆရာဝန်ကြီး ဖြစ်နေပါပြီ။ စစ်ကိုင်းက သာသနာ့ဆေးရုံကြီးမှာ ဆေးကုသပေးနေတယ်လို့ သိရပါ တယ်။ သူလည်း ကြီးရောပေါ့။ သူနဲ့ ဘကြီး မိုးတို့ ဟာ အရပ်ထဲမှာရှိတဲ့ စာကြည့်တိုက်က စာအုပ်တွေကို အကုန် ဖတ်ပစ်ခဲ့ကြဖူး ပါတယ်။

မန္တလေးတက္ကသိုလ်ရောက်တော့ တက္ကသိုလ်နွယ်ထွန်းကဥက္ကဋ္ဌ၊ တက္ကသိုလ်ဝင်းက အတွင်းရေးမှူးလုပ်တဲ့ မန်းတက္ကသိုလ် ကလောင်ရှင်အသင်းရဲ့ အမှုဆောင် အဖြစ် သူငယ်ချင်း ပင်းယမွှေးနဲ့အတူ လုပ် ခဲ့ပါတယ်။ မန်းတက္ကသိုလ်မှာမောင်သာနိုး၊ မောင်ပေါက်စည်၊ တက္ကသိုလ်ဝင်းတို့ဟာ ဘကြီးမိုး စာပေလောကကိုရောက်အောင် ဝိုင်းဝန်းခဲ့ကြသူများ ဖြစ်ပါတယ်။ ကျောင်း ပြင်ပမှာတော့ မွေ့ရာတန်းက စန်း သော် တာ စာအုပ်ဆိုင်ဟာ ဘကြီးမိုးတို့ စုရပ် ပေါ့။

ဘကြီးမိုးနဲ့အတူ တက္ကသိုလ်ရောက် နှင့်ပြီးသူများကတော့ရွယ်တူများဖြစ်တဲ့ ဇော်ဇော်အောင်၊ ကြည်အောင်နဲ့ မောင်စွမ်းရည်တို့ ဖြစ်ပါတယ်။ နောက်နှစ်မှာတော့ ထူးထူးခြားခြား မြန်မာစာဂုဏ်ထူးရတဲ့ ကျောင်းသားနှစ်ယောက် ရောက်လာပါ တယ်။ သူတို့ကတော့ ဂုဏ်ထူး မောင်သိန်းနိုင်နဲ့ တင်မိုး ဖြစ်ပါတယ်။ တင်မိုးဟာ ကျောင်းမရောက်မီကပဲ လူထုမှာ ကံမြဲ နန်းမြင့်နွယ်ဆိုတဲ့ ကလောင်အမည်နဲ့ ကဗျာတွေ အများကြီးရေးနေတဲ့သူပါ။ အဲသည်အချိန် အဲသည်ခေတ်က မြန်မာစာ ဂုဏ်ထူးရဖို့ဆိုတာ အလွန့်အလွန်ရှားပါးလွန်းလို့ ပညာရေးဝန်ကြီးကတောင် သူတို့ ကို ရှာဖွေပြီး ကျောင်းတက်စေခဲ့တာပါ။

သူတို့ရောက်လာတော့ မန်းတက္ကသိုလ် စာပေဝိုင်းဟာ ပိုပြီး စည်ကားလာတာပေါ့။

တက္ကသိုလ်ပြင်ပမှာတော့ ဦးလေးလှ၊ ဒေါ်ဒေါ်တို့ ရှိတယ်လေ။ ဦးလေးတို့ ဒေါ်ဒေါ်တို့ရှိသလို ဆရာကြီးရွှေဥဒေါင်းတို့၊ ဆရာ ကြီး မြမျိုးလွင်တို့ ရှိနေတာပဲ။ ဘကြီးမိုး ကုသိုလ်ကောင်းတာက အဲသည်လို စာပေအသိုင်းအဝိုင်း၊ အဲသည်လိုဆရာကြီးတွေနဲ့ ဆုံစည်းခဲ့ရတာပဲ ဖြစ်ပါတယ်။

မန္တလေးမှာကလည်း စာပေနယ်တင်မကပါဘူး၊ ပန်းချီနယ်မှာလည်း ခင်မင် ရင်းနှီးရသူတွေ အများကြီးရခဲ့ပါတယ်။

ရန်ကုန်ရောက်တော့ ရုပ်ရှင်လောက၊ စာပေလောကမှာ ဘကြီးမိုး ကျင်လည်ရတယ်။ စာဖတ်ဖော်မိတ်ဆွေကတော့ စန္ဒရားလှထွတ်ပါပဲ။ သူနဲ့ ဘကြီးမိုးပေါင်းပြီး တိုင်းမ်မဂ္ဂဇင်းမှာပါတဲ့ အရောင်းရဆုံး ဝတ္ထု ၁၀အုပ်ကိုရအောင်ရှာပြီး ဖတ်ရတဲ့ အလုပ်လုပ်ရတာ ပျော်စရာကောင်းလှပါတယ်။

ဘကြီးမိုးတစ်ယောက် အဲသည်လို အဲသည်လိုနဲ့ စာပေနယ်၊ ရုပ်ရှင် နယ်၊ ပန်းချီနယ်မှာ ကျင်လည်ပြီးရင်း ကျင်လည်ခဲ့ရတာပါ။

ပြောချင်တာက ဘကြီးမိုးဘဝတစ် လျှောက်လုံးဟာ စာပေ၊ပန်းချီ၊ ရုပ်ရှင်အနု ပညာနယ်တွေမှာ ကျင်လည်ခဲ့တာဖြစ်ပေမဲ့ စာဖတ်ခြင်းကတော့ ပင်ကိုအခြေခံပါပဲ။

ဘကြီးမိုးမှာ သားသမီးသုံးယောက် ရှိပါတယ်။ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ပါ။ သားကြီးက ဗီဒီယိုလုပ်ပြီး သားငယ်ကတော့ စာဖတ်ပါတယ်။

အဲဗျ အခုတော့ အခုတော့ စာဖတ်တဲ့ အလေ့အထ လျော့ပါးလာပြီလားလို့ ဘကြီးမိုး ထင်နေမိတယ်လေ။ ဘာဖြစ်လို့ လဲဆိုတော့ ဘကြီးမိုး မနက်တိုင်း မောနင်း စတားဝိုင်းကို သွားတယ်။ ဘကြီးမိုးတို့ဝိုင်းမှာ နေ့စဉ်ထုတ်သတင်းစာအားလုံး၊ ဂျာနယ်အားလုံး ရှိနေပါတယ်။ အားလုံးက ခေါင်းစဉ်တွေလောက်ပဲ ကြည့်တယ်။ လူတိုင်းက သည်သတင်းတွေကို သိပြီးသား၊ ကြည့်ပြီးသားတဲ့။ အင်တာနက်ထဲက၊ လက်နက်ကိုင်ဖုန်းထဲက တွေ့ပြီး သိပြီး သားတဲ့။ သူတို့ သူတို့တွေ အားလုံးက ဖေ့စ်ဘုတ်ခ်ဆိုတဲ့ လူမှုကွန်ရက် တွေဖွင့် ပြီး ကြည့်ကြ လုပ်နေကြတယ်ခင်ဗျ။

အိမ်မှာလည်း သိပ်မထူးပါဘူး။ ဘကြီးမိုး သမီးက လက်ကိုင်ဖုန်းနဲ့ ဂိမ်းကစား၊ မြေးက ဂိမ်းကစားတယ်၊ ဂျပန်ကာတွန်းတွေကြည့်တယ်။ စာမဖတ်ကြဘူးခင်ဗျ။

ဘကြီးမိုးကတော့ စာဖတ်တုန်း၊ စာရေးတုန်းပါပဲ။ သည်တော့ ဘကြီးမိုးကို ရှေးဟောင်းလူသားလို့ သတ်မှတ်ကြလေရော့သလား မသိပါဘူး။

ဒါပေမဲ့ အားတက်စရာလေးတွေ မပေါ်လာခင်မှာ။  အားငယ်စရာ၊ စိတ်ဓာတ်ကျ စရာတွေ အရင်ပြောပါ့မယ်။

ဘကြီးမိုးတို့ ၃၁ လမ်း အထက်လမ်း ဆိုတာ စာအုပ်တန်းခင်ဗျ။ အခုတော့ စာ အုပ်ဆိုင်ဆိုလို့ စောဦးနဲ့ ကိုလတ်နှစ်ဆိုင်ပဲ ရှိတော့တယ်။ မော်စာပေဆိုတဲ့ဆိုင်လည်း ရှိသေး။ ဒါပေမဲ့ စာအုပ်အငှားဆိုင်တွေကတော့ပျောက်ဆုံးကုန်ပါပြီ။ဘဝတက္ကသိုလ် စာပေတိုက်ဟာ စာအုပ်အငှားဆိုင်နဲ့ ရပ် တည်ခဲ့တာပဲ။ စာအုပ်အငှားဆိုင်တွေ ပျောက်ဆုံးသွားတော့ ဝမ်းနည်းကြေကွဲစရာပါပဲ။ ရုပ်ပြနဲ့ကာတွန်းတွေနေရာ ပျောက်ကွယ်သွားရသလို မဂ္ဂဇင်းတွေလည်း ပရုပ်လုံးလိုပဲ လုံးပါးပါး ကွယ်ပျောက်သွားပါတယ်။ အချစ်ဝတ္ထုများ၊ အပျော်ဖတ်ဝတ္ထုများလည်း…။

ရုပ်ပြကာတွန်းများ ပျောက်ဆုံးသွားတော့ ဘကြီးမိုးတို့ စွဲလမ်းခဲ့ရတဲ့ ဦးအောင် ရှိန်ရဲ့ ဦးရှံစားတို့၊ ဦးကပ်စီးတို့ (ဦးအောင်ရှိန်ဟာ ကာတွန်းဇာတ်ကောင်တွေ အများကြီး အများကြီး မွေးထုတ်ခဲ့သူပါ)၊ သော်က က အရိုင်းကိုရေးတယ်။ မောင် ဝဏ္ဏက သမိန်ပေါသွပ်ကို ရေးတယ်။ ဆွေမင်းက တွတ်ပီကို ရေးတယ်။ အခုတော့ ကာတွန်းဇာတ်ကောင်များ မရှိရှာတော့ပါဘူး။

ထို့အတူ မဂ္ဂဇင်းများလည်း လုံးပါးပါး၊ အချစ်ဝတ္ထုများ၊ ဘာသာပြန်စာအုပ်များ လည်း နေရာပျောက်ခဲ့ရပေါ့။

ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ။ အခု တော့ ဘာသာပြန်လုပ်ငန်းမှာ ကံ့ကော်ဝတ်ရည်တို့၊ ငါတို့စာပေတို့ လုပ်နေကြသလို ဘဝတက္ကသိုလ်ကလည်း ပြန်လည် လှုပ်ရှားလာတာကို ဝမ်းမြောက်ဝမ်းသာတွေ့ရပါတယ်။ ဘကြီးမိုးလည်း တတ်နိုင် သမျှတော့ ဘာသာပြန်ပေးနေရပါတယ်။ ဆောင်းပါးအတိုလေးတွေကို လက်နဲ့ရေး နိုင်ပေမဲ့ ဘာသာပြန်စာအုပ်တွေကတော့ ကွန်ပျူတာရိုက်ပေးမယ့်လူရှိမှဘကြီးမိုးက ပါးစပ်နဲ့ ရွတ် ဘာသာပြန်ရတာ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းကလို ဘာသာပြန် စာတစ်အုပ်လုံး စာမျက်နှာ ၁၀ဝ၀ လောက် မရေးနိုင်တော့ပါဘူး။ ဒါကြောင့် ဘာသာပြန်စာအုပ်ဆိုလို့ lmage မှာ အဲရစ်မာရီယာရီမတ်ရဲ့’ကောင်းကင်ဘုံက မျက်နှာ မလိုက်ပါဘူး” လုံးချင်းစာအုပ်ကို မဂ္ဂဇင်း မှာ ၂၂ လ ထည့်ပြီးမှ ပြီးပါတယ်။ အခု တော့ ငါတို့စာပေမှာ ထုတ်ဖို့ပေးလိုက်ပါပြီ။

စာဖတ်တာ၊ စာရေးတာတော့ လက် မလွှတ်နိုင်ဘူး၊ လက်မလွှတ်ချင်ဘူး။ ရှေးဟောင်းလူသားလို့ ပြောချင်လည်း ပြော ကြပေတော့။ စာဖတ်တဲ့ အလေ့အထ လျော့ပါးသွားတာကိုလည်း စိုးရိမ်နေတုန်းပါပဲ။

စာဖတ်တဲ့ အလေ့အကျင့် လျော့ပါးသွားပြီလားနှင့် ဘကြီးမိုးပါ။