ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

နိုင်ဝင်းသီ - မြေခွေး



pos


နိုင်ဝင်းသီ - မြေခွေး
(မိုးမခ၊ သစ်ခက်သံလွင်) အောက်တိုဘာ ၉ ၊ ၂၀၁၆

* * * * *


မျက်လုံးတွေကို ကြည့်ပြီး စိတ်ရဲ့အဆင်အကွက်ကိုခန့်မှန်းလို့ရတယ်ဆိုရင် ဆိတ်သိုး တကောင်နဲ့တူတဲ့ ခင်ဗျားရဲ့မျက်နှာပေါ်မှာ ဖိုတိုဂရေးမျက်မှန်တလက် တပ်ထားတာဟာ အင်မတန်မှ လျော်ကန်သင့်မြတ်လှပါတယ်။

တပ်မက်မှုမီးလျှံတွေနဲ့ လောင်ကျွမ်းတောက်ပနေတဲ့ ခင်ဗျားရဲ့မျက်လုံးတွေကို အဲဒီ ဖိုတိုဂရေးမျက်မှန်က လူမမြင်အောင်အကာအကွယ် ပေးထားလို့ပါပဲ။

ခင်ဗျားဟာ မြေခွေးတကောင်လိုကောက်ကျစ်ပြီး ဝံပုလွေတကောင်လို စဉ်းလဲတယ်ဆိုတာ ခင်ဗျားနဲ့ထိတွေ့ဆက်ဆံဖူးသူတိုင်း သိကြသလို ခင်ဗျားကိုယ်ခင်ဗျားလည်း ရိပ်မိမှာပါ။

တခုတော့ရှိတာပေါ့။ မြေခွေးတကောင်ရဲ့စိတ်ပိုင်းဆိုင်ရာအခင်းအကျင်းမျိုး ခင်ဗျားမှာ ရှိတယ်ဆိုတာ လူ့အဖွဲ့အစည်းထဲကလူတွေသိဖို့ အချိန်နည်းနည်းတော့ပေးရမှာပေါ့။
အဲဒီသိပ်မများလှတဲ့အချိန်အတွင်းမှာ ခင်ဗျားနဲ့ အလုပ်သဘောအရ ဆက်ဆံခဲ့ဖူးတဲ့ လူတိုင်းဟာ ပွယောင်းထူအစ်နေတဲ့ခင်ဗျားရဲ့မျက်နှာပြဲပြဲကြီးကို လှည့်မကြည့်ချင်လောက်အောင် စိတ်ကုန်သွားတဲ့ လူတွေချည်းပဲမဟုတ်လား။
ဒါဟာ ဘာကိုပြသလဲဆိုတော့ ခင်ဗျားနဲ့ကူးလူးချိတ်ဆက်နေတဲ့အဝန်းအဝိုင်းထဲက လူတွေဟာ ခင်ဗျားကိုအော်ဂလီဆန်နေတယ်ဆိုတာ ပြနေတာပဲပေါ့။
ရှက်တတ်မယ်ဆိုရင်တော့ သားလှီးဓားတချောင်းရှာပြီး ကိုယ့်အရေပြားကိုယ် ဗြိခနဲနေ အောင် ဆုတ်ဖြဲခွာချလိုက်ဖို့ကောင်းတာပေါ့။
ဒါပေမဲ့.....မျိုးရိုးဗီဇမမှန်တဲ့ခင်ဗျားရဲ့သွေးရေကြည်ထဲမှာ အရှက်တရားဆိုတာမပါခဲ့လေ တော့ ရှက်ရကြောက်ရကောင်းမှန်း ခင်ဗျားမသိပေဘူးပေါ့။
ဒါ့ကြောင့်လည်း အလုံးစုံသောအရှက်အကြောက်တရားတွေကို အမှောင်ထဲမှာပစ်ချပြီး ပန်းကလေးတပွင့်လို နူးညံ့လှပတဲ့လိပ်ပြာမလေးတကောင်ကို ခင်ဗျားရဲ့ဘဝထဲကို ဆွဲသွင်းလာခဲ့ တာမဟုတ်လား။


* * * * *

ပြောမယ်ဆိုရင်ပေါ့လေ။ အော့ဇ်ဝစ်ခ်ျအကျဉ်းစခန်းနဲ့တူတဲ့ ခင်ဗျားရဲ့ဘဝထဲကို မရောက် ခင်အချိန်ထိ လိပ်ပြာမလေးဟာ တခါတလေ စန္ဒယားတီး၊ တခါတလေ ဆီလင်းဒီယွန်နဲ့ဘီယွန် ဆေးတို့ရဲ့သီချင်းလေးတွေနားထောင်၊ တခါတလေခေတ်ပေါ်ဝတ္ထုလေးတွေဖတ်၊ တခါတလေ ပန်းချီပြပွဲတွေဆီသွား၊ တခါတရံမှာတော့ အရောင်ရင့်ရင့်တွေသုံးပြီး စုတ်ချက်ထူထူ ကြမ်းကြမ်းနဲ့ ပန်းချီကားတွေ တချပ်ပြီးတချပ် ရေးဆွဲတတ်သူတဦးပါ။
လိပ်ပြာမလေးရဲ့ ချစ်သူကောင်လေးဟာလည်း ပန်းချီလောကထဲမှာ လင်းဖြာတောက်ပစ ပြုလာတဲ့ ပွင့်သစ်ကြယ်တပွင့်ပေါ့။
သူတို့နှစ်ယောက် စုဖွဲ့ထားတဲ့စိတ်ကူးထဲက အနာဂတ်ဟာ အနုပညာဆန်မှုနဲ့ လူသားဆန် မှုတွေ ရောထွေးနေပေလိမ့်မယ်ဆိုတာ နည်းနည်းလေးမှ သံသယရှိစရာမလိုပေဘူးပေါ့။
ဒါပေမဲ့.....
ဒါပေမဲ့ လိပ်ပြာမလေးရဲ့ဘဝထဲကို မုန်တိုင်းတခုလို ခင်ဗျားဖြတ်နင်း လွင့်ခတ်သွားပြီးတဲ့ နောက်ပိုင်းမှာတော့ အရာအားလုံးဟာ ထိခိုက်ကြေကွဲစရာတွေဖြစ်ခဲ့ရလေတယ်။
လိပ်ပြာမလေးရဲ့ဖခင်ဖြစ်သူဟာ သူနဲ့ ရင်းနှီးယဉ်ပါးမှုမရှိတဲ့ ကုန်သွယ်မှုလမ်းကြောင်း တခုပေါ်မှာ အမှားမှားအယွင်းယွင်းတွေဖြစ်ပြီး ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းနဲ့ဝေးခဲ့ရတယ်။
လိပ်ပြာမလေးရဲ့ချစ်သူကောင်လေးဟာလည်း ခင်ဗျားကြောင့်ပဲ သူ လုံးဝမျှော်လင့်မထား တဲ့ ဝေးလံခေါင်ဖျား အရပ်ဒေသတခုဆီကို ရောက်ခဲ့ရလေတယ်။
ခင်ဗျားကြောင့်ပဲ ငွေကြေးဝန်ထုပ်ဝန်ပိုးတွေနဲ့ မလူးသာမလွန့်သာ ဖြစ်ခဲ့ရတဲ့လိပ်ပြာမလေးဟာ ချစ်ခြင်းမေတ္တာတခုကလွဲလို့ ကျန်တာအားလုံးပြည့်စုံတဲ့ ခင်ဗျားရဲ့ဘဝထဲကို ရောက်ရှိလာခဲ့ရတယ် မဟုတ်လား။
ဘဝမှာ ရွေးချယ်စရာ ဘာမှမရှိဘဲ လက်မြှောက်အရှူံးပေးရတာလောက် နာကျင်စရာကောင်း တဲ့ဖြစ်ရပ်မရှိဘူးဆိုတာ ခေတ်သစ်ဘောဂဗေဒနယ်ပယ်ထဲမှာ အောင်မြင်နေတဲ့ ခင်ဗျားကတော့ သိမှာမဟုတ်ဘူးပေါ့။

* * * * *
လရောင်ကိုစွဲမက်တဲ့ လိပ်ပြာမလေးအတွက်လေသာဆောင်နဲ့တွဲပြီး အိပ်ခန်းကျယ်ကြီး တခုခင်းကျင်းဖြန့်ချပေးခဲ့တဲ့ ခင်ဗျားရဲ့ စိတ်ကူးစိတ်သန်းကတော့ သိပ်မဆိုးလှပေဘူး။
အိပ်ခန်းထဲကို နူးညံ့တဲ့လရောင်ဖြူတွေ အဖိတ်အစင်မရှိ တိုးရှဲဝင်လာနိုင်ရုံမက
တိမ်တိုက်တွေရဲ့အရွေ့အလျားနဲ့ မြုပ်ချည်ပေါ်ချည်ဖြစ်နေတဲ့ ကြယ်ပွင့်လေးတွေကိုပါမြင် တွေ့ခွင့်ရနေတဲ့အတွက် ခင်ဗျားရဲ့အိပ်ခန်းအဆင်အပြင်ဟာ ဗန်ဂိုးရဲ့ ကြယ်စုံညများကို သတိရချင် စရာပါပဲ။ ဒါ့အပြင် အသစ်စက်စက်မှာယူထားတဲ့ စန္ဒယားတစ်လုံးကိုပါ အပြာနုရောင် ဇာခန်းစီးစ တလူလူလွင့်နေတဲ့ ပြတင်းတံခါးအနီးမှာ ချထားပေးလေတော့ လသာညမှာပဲ ဖြစ်ဖြစ်၊ လရောင်ပျောက်ဆုံးတဲ့ ညပျက်တွေမှာပဲဖြစ်ဖြစ် စန္ဒယားသံသဲ့သဲ့ဖွဖွလေးကို ကြားရဖို့ ခင်ဗျားအတွက် အခွင့်အလမ်းတခု ပိုလာနိုင်တာပေါ့။
ဒါပေမဲ့.........
ခင်ဗျားရဲ့အိမ်ဝန်းကျင်အနီးနားမှာနေတဲ့ လူတွေကတော့ ညညတွေမှာ အဲဒီအိမ်ထဲက ရှိုက်သံ တိုးတိုးသဲ့သဲ့လေး ကြားရတတ်တယ်တဲ့။
တစ်ခါတစ်ခါကျတော့ သားရဲတိရစ္ဆာန်တကောင်ရဲ့ မာန်ဖီသံမျိုးကို ကြားရပါတယ်တဲ့။
တချို့ညတွေကျတော့လည်း အေးစက်ကြမ်းရိုင်းတဲ့ စန္ဒယားသံတွေနဲ့ ဆူပွက်လှုပ်ခတ်နေတယ် လို့ ဆိုကြပြန်လေတယ်
လိပ်ပြာမလေးဟာ စန္ဒယားတီးဖို့နေနေသာသာ စန္ဒယားခုံနားတောင် မကပ်ခဲ့လေတော့ ညစဉ်ညတိုင်း ခင်ဗျားပဲ ငြူစူပေါက်ကွဲပြီး မြင်မြင်ကရာ စန္ဒယားခလုတ်တွေကို ဆောင့်ကြီးအောင့်ကြီး နဲ့ လျှောက်နှိပ်နေရတာမဟုတ်လား။

ချစ်ခြင်းမေတ္တာကင်းလွတ်နေတဲ့ ဇုံမျိုးမှာ ဒီလိုအဖြစ်အပျက်မျိုးတွေဖြစ်နေပျက်နေတာ တွေဟာ သိပ်တော့လည်း အဆန်းတကြယ်မဟုတ်လှပါဘူး။

တချို့ညတွေများ မူးမူးရူးရူးနဲ့ အိပ်ခန်းထဲကို ခင်ဗျားဝင်လာတာဟာ လူတယောက် ဝင်လာတာနဲ့ တောင်မတူဘူးလေ။
မာန်ဖီကြမ်းရိုင်းနေတဲ့ သားရဲတိရိစ္ဆာန်တကောင်ကိုပစ်သွင်းလိုက်တာမျိုးနဲ့တောင် တူနေလေတော့ လိပ်ပြာမလေးဟာ တနေ့ထက်တနေ့ ခင်ဗျားအပေါ် စက်ဆုပ်ရွံရှာလာတာကို အပြစ်မဆိုသာပေ ဘူးပေါ့။

* * * * *
လိပ်ပြာမလေးဟာ စန္ဒယားနားကိုသွားမကပ်ပေမယ့် အနုပညာကိုသိပ်ပြီး မွတ်သိပ်တောင့်တ လာတဲ့ အခါမျိုးမှာတော့ ပန်းချီကားလေးတွေ ဆွဲတတ်ပါတယ်။
သူဆွဲလေ့ရှိတဲ့ ပန်းချီကားတွေဟာ မျက်စိအမြင်အာရုံအပေါ် အခြေခံပြီး ရေးခြစ်ထားတဲ့ကားမျိုး မဟုတ်ဘဲ ဝေဒနာအမြင်ကို ချောက်ချားစရာကောင်းလောက်အောင် စုတ်ချက် ထူထူကြမ်းကြမ်း နဲ့ ရေးဆွဲထားတဲ့ ကားမျိုးတွေပါ။
အနုပညာနဲ့ မိုင်ငါးဆယ်လောက်အလှမ်းကွာဝေးတဲ့နလပိန်းတုံးကြီးကတော့
သူ ဘာတွေရေးခြစ်ထားမှန်း မသိပေဘူးပေါ့။
ဟား...ဒီလိုကားမျိုးများ ငါတောင်ရေးတတ်သေးတယ်ဆိုပြီး စုတ်တံကို ခြေမနဲ့ညှပ်၊ ဆေးခွက်ထဲ ကိုနှစ်၊ ကင်းဘတ်စပေါ်မှာ ဟိုခြစ်သည်ခြစ် ခြစ်ပြတော့ လိပ်ပြာမလေးရဲ့မျက်ဝန်းတွေထဲမှာ နာကျည်း မုန်းတီးမှုတွေနဲ့ တလက်လက်ဝင်းတောက်လာလိုက်တာ ခင်ဗျားရဲ့ ကျောပြင်ထဲမှာတောင် စိမ့်ခနဲ အေးစက်သွားသေးတယ်မဟုတ်လား။

ပြောကြစတမ်းဆိုရင်တော့ ဒီလိုအပြုအမူမျိုးဟာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းထဲက လူတွေ ဘယ်လိုနည်းနဲ့မှ မလုပ်သင့်မလုပ်အပ်တဲ့ အပြုအမူမျိုးပေါ့။

ဒီလိုနဲ့ပဲ လိပ်ပြာမလေးရဲ့စိတ္တဇညတွေဟာ ရှည်လျားလာခဲ့သလို အမျက်ဒေါသတွေ နဲ့ ငြူစူပေါက်ကွဲခဲ့ရတဲ့ ခင်ဗျားရဲ့ညဆိုးတွေဟာလည်း ရှည်လျားလာခဲ့ရတာပဲ မဟုတ်လား။

ခင်ဗျားကတော့ ကာလတခုကိုလွန်မြောက်သွားတဲ့အခါမှာ လိပ်ပြာမလေးဟာ နူးညံ့ နွဲ့ပျောင်း လာလိမ့်မယ်လို့ ယုံကြည်ထားတဲ့ပုံပဲ။

အချိန်ကာလရဲ့တိုးတိုက်လိမ့်စီးမှုအောက်မှာ ဘာမဆိုဖြစ်လာနိုင်တာဆိုတော့ ခင်ဗျားမျှော်လင့်ထားတာကိုလည်း အပြစ်လို့မဆိုသာပေဘူးပေါ့။
ဒီလိုနဲ့ပဲ.........
ဒီလိုနဲ့ပဲ မဟော်ဂနီရွက်ညိုတွေ တရွက်ပြီးတရွက် လွင့်ကြွေကျလာတဲ့ နွေရာသီရဲ့ နေ့လည်ခင်းတခုမှာ ခင်ဗျားဟာ လူကောင်းပကတိကနေပြီး ရုတ် တရက် သေဆုံးသွားခဲ့တယ်။
ခင်ဗျားပိုင်ဆိုင်တဲ့ စက်ရုံတရုံရဲ့လုပ်ငန်းခွင်ထဲမှာ လမ်းလျှောက်နေရင်း ကောက်ခါငင်ခါနဲ့ လဲကျသေဆုံးသွားတာပါ။
ဆရာဝန်ရဲ့စစ်ဆေးတွေ့ရှိချက်ထဲမှာတော့ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားခဲ့တာ လို့ ဖော်ပြထားလေရဲ့။
ခင်ဗျားရဲ့နောက်ဆုံးခရီးမှာ လိပ်ပြာမလေးဟာ မျက်ရည်တစက်မှမကျဘဲ တည်တည် ငြိမ်ငြိမ်နဲ့ လိုက်ပါပို့ဆောင်ခဲ့တယ်နော်။
အဲဒီနေ့က လိပ်ပြာမလေးရဲ့မက်မုံသီးရောင်နူတ်ခမ်းပါးတွေဟာ တင်းရင်းပိပြားလို့။ လိပ်ပြာမလေးရဲ့နူးညံ့ညိုရီတဲ့မျက်ညိုဝန်းတွေကလည်း စိမ်းကားအေးစက်လို့။
ဒါ့အပြင် လိပ်ပြာမလေးရဲ့အသွေးအသားတွေထဲမှာ ခင်ဗျားနဲ့ပတ်သက်တဲ့ စက်ဆုပ်ဖွယ်ရာ အမုန်းတရားတွေဟာ ဘယ်လောက်တောင် ရောထွေးစိမ့်ဝင်နေခဲ့တယ် မပြောတတ်ဘူး။ ခင်ဗျားသေဆုံးပြီးလို့ ခုနှစ်ရက်မပြည့်ခင်မှာပဲ ကြောက်မက်ဖွယ်ရာဆုံးဖြတ်ချက်တခုကို သွေး အေးအေးနဲ့ သူချသွားခဲ့တယ်။
ဘယ်လိုမှ ယုံကြည်စရာမကောင်းတဲ့ အဲဒီဆုံးဖြတ်ချက်ကိုချဖို့အတွက် ဘယ်ဆီကနေ ပြီး ခွန်အားတွေ သူ ရခဲ့တယ်မသိဘူး။
အဲဒါကတော့ ခင်ဗျားသေဆုံးပြီးလို့ခုနှစ်ရက်မပြည့်ခင်မှာ အခြားသောယောက်ျားတဦးနဲ့ တည်ငြိမ်လန်းဆန်းစွာ လက်ထပ်သွားခဲ့တာပါပဲ။
ဒါကြောင့်မို့ အစကနဦးကတည်းက ခင်ဗျားကို ကြိုတင်ပြီးပြောခဲ့တာပေါ့။
ခင်ဗျားသာ ရှက်တတ်မယ်ဆိုရင် ကြယ်တွေအရုပ်ကြိုးပြတ်ကြွေသလို ဘိုင်းခနဲလဲကျ ပြီး နှစ်ခါပြန်သေလိုက်ဖို့ ကောင်းတယ်လို့။ ။

( နိုင် ဝင်း သီ )