ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လင်းငယ် ● စေတနာဖြင့် သိက္ခာချခြင်း


လင်းငယ် ● စေတနာဖြင့် သိက္ခာချခြင်း
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၆

● ကာတွန်းတကွက်ကို သတိရ
ကာတွန်းတစ်ကွက်ကို ကြည့်ရင်း တစိမ့်စိမ့် ရယ်ချင်နေမိသည်။ ငိုလည်း ငိုချင်နေမိသည်။ ကားတွန်းက မြင်ဖူးကောင်း မြင်ဖူးကြပေလိမ့်မည်။ အခြားသူတွေအတွက် မသိပေမယ့် ကိုယ့်အတွက်တော့ တရားတပုဒ်လည်း ဖြစ်နေပြန်သည်။ ကိုယ့်လုပ်ငန်းနှင့်လည်းဆက်စပ်နေပြန်တော့ လေးနက်မှုက ပိုပါသည်။ ကာတွန်းက သားသားနားနား ဝတ်ဆင်ထားသည့် လူတ ယောက်က စုတ်စုတ်ပြတ်ပြတ် မိသားစုတစုရဲ့ခွက်ထဲကို ငွေအကြွေလေး ထည့်နေတဲ့ပုံပါ။ လူကြီးမင်းက သူရဲ့စိတ်စေတနာ ကောင်းမှုကို မှတ်တမ်းတင်ချင်တော့ ခေတ်ပေါ်ဆယ်လ်ဖီတုတ်ချောင်းနဲ့ အလှုခံသူရဲ့ခွက်ထဲကို ငွေအကြွေလေးထည့်နေ ဟန်ကို ဓာတ်ပုံရိုက်ပါသည်။ နောက်က ခွက်ကလေးကိုင်ပြီးကြည့်နေတဲ့ မျက်နှာငယ်လေးနဲ့မိသားစုရဲ့မျက်ဝန်းတွေက ကျွန်တော့ရင်ထဲမှာ နက်နက်နဲနဲ စွဲထင်သွားသည်။ ရေးဆွဲတဲ့ကာတွန်းဆရာရဲ့လက်ရာ ကောင်းလွန်းလို့လည်း ဖြစ်ပါမည်။ သူတို့ရင်ထဲကဘာသာစကားကို ကျွန်တော်ခံစားလိုက်ရသလို၊ ဆယ်လ်ဖီ တုတ်ချောင်းကိုင်ထားသည့် သူတော်ကောင်းကြီးရဲ့ စိတ်ကိုလည်း နားလည်ကြည့်ချင်မိခဲ့ပါသည်။ ဒီကာတွန်းပုံလေးကို ကွန်ပြူတာထဲမှာ သေသေချာချာသိမ်းထားပြီး ကြုံလျှင် ကြုံ သလို တပည့်များအားပြကြည့်သောအခါ သိပ်ပြီးနားလည်ပုံမပေါ်၊ လေးလေးနက်နက် မမြင်ကြ။ ရှိစေ။ သူ့အတွေးနဲ့ သူကိုး။

● ပရဟိတ ခေတ်လေလား
ကျွန်တော်တို့မျိုးဆက် (၈၈ နောက်ပိုင်း ပေါက်လာတဲ့လူငယ်တွေ) အတွက် ကုန်ခဲ့သည့် ဆယ်စုနှစ်သည် ပရဟိတခေတ် လို့ပင် ပြောလို့ရလောက်အောင် ပရဟိတအသင်းပေါင်းစုံ မှိုလိုပေါက် ပေါ်လာခဲ့သည်။ အခြေအနေကလည်း ပေးလာခဲ့သည်။ တက်တက် ကြွကြွနှင့် လုပ်အား၊ ငွေအားစိုက်ကာ လုပ်ခွင့်ရခဲ့ကြသည်။ ကိုယ့်ရဲ့ပရဟိတ၊ အများအကျိုး သယ်ပိုးလို သည့် စိတ်ကို ထုတ်ဖော်ပြသခွင့်၊ အသုံးချခွင့်ရခဲ့ကြသည်။ ရပ်ကွက်သာရေးနာရေးအသင်းတွေပင် ပရဟိတ အမည်ခံလိုက်ကြကာ ပရဟိတစိတ်ဓာတ်များဖြင့် အဖွဲ့အစည်းအဖြစ်လုပ်ကိုင်ကြသည်မှာ အလွန်ပင် သာဓုခေါ်စရာ ဖြစ်ပါသည်။ အထူးသဖြင့် လူငယ်တွေအတွက် အဖွဲ့အစည်းဖြင့် အလုပ်လုပ်တတ်လာစေရန်၊ လူအများဖြင့် ညှိနှိုင်းဆောင်ရွက်တတ်လာစေရန် လေ့ကျင့်ရေးကွင်း ဖြစ်ခဲ့သည်။ ပရဟိတ ထွန်းကားခြင်းသည် ကိုယ့်လူ့အဖွဲ့အစည်း၏ စိတ်ဓာတ်အဆင့်အတန်း မြင့်မားလာ ခြင်းဟု ဆိုနိုင်ပါသည်။ လူတယောက်နှင့် တယောက်၊ တဖွဲ့နှင့်တဖွဲ့ သူလိုရင် ကိုယ်ကူ၊ ကိုယ်လိုရင် သူဖေး၊ နွေးထွေးသာယာ သော လူ့ပတ်ဝန်ကျင် ဖြစ်လာပေမည်။ သို့သော် ထိုပရဟိတအသင်းများ မည်မျှ ကြာကြာခံသနည်း။ ထိုပရဟိတစိတ်ဓာတ်များ မည်မျှပြန့်ကားနေမည်နည်း။ စောကြည့်ကြည့်ချင်လှသည်။ ပရဟိတခေတ်က ပရဟိတလူသားတို့၏ မွန်မြတ်ခြင်းတွင် အစွန်းထင်းများ ကင်းမှကင်းပါလေစ။

● ဖွဘုတ်ပေါ်မှာ စေတနာရှင်များ
သို့သော် လူမှုကွန်ယက်ကြီးပေါ်ပေါက်ကာ မြန်မာပြည်သားများ မြိန်ရေယှက်ရေ စားသုံးထိတွေ့နေကြ သည့်နောက်ပိုင်းမှာ တော့ ပရဟိတအသင်းအဖွဲ့များ၏ သတင်းများ၊ လှုပ်ရှားမှုများကို ပိုမို မြင်တွေ့လာရသည်။ ထိုကြားထဲတွင်လည်း တကိုယ် တော်ပရဟိတသမားများကိုလည်း မနည်းမနော တွေ့ရသည်။ မြင်ရ သည်။ ဖုန်းတလုံး လက်ထဲရှိနေလျှင် ကိုယ်လုပ်သမျှကို မျှဝေနိုင်ကြတော့ သာဓုခေါ်ရသည်များ ကြည်နူးရသည်များက များပင်များလွန်းနေသေးတော့သည်။ တချို့တချို့သော စေတနာရှင်များကတော့ တင်ရင်း တင်ရင်း မူရင်းစေတနာထက် အခြားတပါးသောစေတနာများက ပိုကဲနေပုံရသည့်ပုံတချို့ ကိုဖြင့် မကြာခဏ ဆိုသလို မြင်ရလေသည်။ ထိုအထဲကတချို့ကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးသည်။

လူတယောက် ဆင်းရဲသောလင်မယားနှစ်ယောက် စက်ဘီးစီးကာ အဝေးကြီးသွားရသည့်အတွက် သူ့ကားနှင့်တင်ခေါ်လာ သည်ကို အဆင့်ဆင့် ဓာတ်ပုံရိုက် စာတန်းထိုးကာ တင်သည်။ လင်မယားနှစ်ယောက်ခမျာ ဝမ်းသာသလား၊ ဝမ်းနည်းသလား မသိသည့်မျက်နှာငယ်လေးများဖြင့်။ နောက်တယောက်ကတော့ စီးပွားရေးသမားဖြစ်ဟန်ရှိမည်။ ဟင်းစားမပေး ကွန်ချက်ပါ ပြလိုက်သည်ဟု ဆိုထားသေးသည်။ ပိုက်ဆံတောင်းနေသည့်သားအဖကို ပေါင်ချိန်စက်လေးဝယ်ပေးကာ လုပ်ကိုင်စားဖို့ ကူညီခဲ့သည်။ ကောင်းလိုက်သည့်စိတ်ကူး။ သူ့စိတ်ကူးကောင်းလေကို ဝေမျှရှာသည်။ ယောက်ျားတယောက်နှင့် ကလေး ငယ်လေးတယောက် ပေါင်ချိန်စက်လေးရှေ့မှာထားကာ လမ်းဘေးမှာ ငုတ်တုတ်ထိုင်နေပုံလေး။ တခုပဲရှိသည်။ ထို ယောက်ျား၏မျက်နှာက ဇီးရွက်သာသာလောက်သာ ရှိမည်ထင်သည်။ မျက်လွှာကလေးကလည်း အောက်ကိုချလို့။ ဒါတွေ က သာမာန်နိစ္စဓူဝ တွေ့နေရသည်များထဲမှ။ ထပ်ဆင့်ဝေကြမျှကြသည့် လူများကလည်း မနည်းမနော။ စေတနာရှင်ကြောင့် မရှိမဲ့ရှိမဲ့ သိက္ခာလေးများ ပွန်းသွားလေသလား။

နောက်ထပ် အရေးပေါ်အခြေအနေတွေဖြစ်သည့်အခါ၊ ရေကြီးသည့်အခါ၊ သဘာဝကပ်ဘေးဖြစ်သည့်အခါ များမှာဖြစ်စေ၊ ပရဟိတ လူသားများ၏ဓာတ်ပုံများဝေဝေဆာဆာ မြင်ကြရသည်။ ထိုထိုအခါများတွင်လည်း ဝမ်းနည်းစိတ်ပျက်နေ သောလူများ၊ စုတ်ပြတ်သတ်ကာ ကြည့်ချင်စရာမကောင်းသောလူများ၊ သွေးသံတရဲရဲ အနိဋ္ဌာရုံများကို (စေတနာအရင်း ခံလျက်) ဝေကြမျှကြသည်။ တချို့ကလည်း မိဘမဲ့ကလေးများကို လှူဒါန်း ကြရင်း ကလေးတွေနဲ့တွဲကာ ဓာတ်ပုံရိုက်ကြသည်။ အများစုကလည်း ဝမ်းသာအားရ သာဓုခေါ်ကြ ပြန်လည်မျှဝေကြပြန်သည်။ ဟုတ်တော့လည်း ဟုတ်နေကြတာပဲ။ ကိုယ်ကပဲ မဟုတ်လေသလား။ အမျိုးအစားများကလည်း စုံမှစုံ။

ဒီထက်ပိုဆိုးတာက ပရဟိတတော့မဟုတ်။ လူမှုရေးကိစ္စများ၊ အမှုအခင်းများ။ သမီးကလေး အသက်က ဘယ်လောက်ပဲ ရှိသေး ဟိုဝှာပြုခံလိုက်ရသည်တဲ့ အားရပါးရပုံတွေ မျှဝေလိုက်ကြပြန်သည်။ ကလေးငယ်လေးကို ဒင်းမို့လုပ်ရပ်တယ်ဟု ဆဲကာဆိုကာ ကလေးငယ်လေးရော အဓမ္မမှုကျူးလွန်သူကိုပါ ရောတင်လိုက်ကြပြန်သေးတော့သည်။ လျှို့ဝှက်ရမည်ဖြစ် သော၊ လေးစားရမည်ဖြစ်သော လူတယောက်၏ ကိုယ်ရေးကိုယ်တာ သိုဝှက်ခွင့် (confidentiality) ကို စေတနာဒလဟောဖြင့် ချိုးဖောက်ကျူးလွန်ကြပြန်သည်။ သြော် ဖေ့ဘွတ်တွင် ဆင်ဆာမရှိ။ စည်းကမ်းမရှိ။ လူတို့တွင်လည်း ဆင်ဆာမရှိ။ လူတွေ ရဲ့စိတ်ကို မည်သို့များ ဆင်ဆာဖြတ်ကြမည်နည်း။

● လူမှုရေးလုပ်သား စည်းကမ်းများ
လူမှုရေးလုပ်သားများက လူမှုရေးစည်းကမ်းကို အရင်ဆုံးလိုက်နာနိုင်ရသည်။ humanitarian support ဟုခေါ်သော အရေး ပေါ်အခြေအနေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီရေးလုပ်ငန်းအတွက် နိုင်ငံတကာ အဖွဲ့အစည်းတခုမှပြု လုပ်သော သင်တန်းတခု တက်ဖူးသည်။ ကိုယ်အဓိကထား တာဝန်ထမ်းဆောင်ရမည့်နည်းပညာပိုင်းများကို သင်ပေးသလို၊ လူသားချင်းစာနာထောက်ထားရေး လုပ်သား (humanitarian worker) တယောက် လိုက်နာရမည့်ကျင့်ဝတ်ကိုလည်း သင်ပေးပါသည်။ ကျင့်ဝတ်ဟု သုံးနှုန်းသော်လည်း တကယ်တန်းက ထားရှိရမည့်စိတ်ထားသာ ဖြစ်ပါသည်။ ထိုအထဲမှ တချက်မှာ ဒုက္ခခံစားနေရသူများကို ဂုဏ်သိက္ခာအပြည့်ရှိသော လူသားအများအဖြစ် လေစားအသိအမှတ်ပြုပြီး ဆက်ဆံရ မည်တဲ့။ (Recognise victims as dignified human)  ဒါဟာလူ့အခွင့်အရေးကို လေးစားတာတဲ့။ သူတို့က လူတွေတဲ့။ ငါတို့ လာကယ်မှစားရသောက်ရမယ့် တဆင့်နိမ့်တွေ မဟုတ်ဘူးတဲ့။ အဲသည်တုန်းကတော့ နိုင်ငံတကာအဖွဲ့မို့လို လေပစ်တာပါလို့ အထင်ရှိခဲ့သည်။ တကယ့်တကယ်တမ်း သူတို့လုပ်ငန်းတွေ သွားကြည့်ရင်လည်း ဝန်ထမ်းတွေက ဓာတ်ပုံကိုရိုက်ချင်သလို ရိုက်ကာ လူမှုကွန်ယက်ပေါ်မှာ တင်ချင်သလို တင်ခွင့်မရှိ။ ဒါကိုပင် အချို့သောဝန်ထမ်းများက အထင်မှားသည်များ ရှိကြ သည်။ အမှန်တော့ စနစ်တကျ ရှိစေကာ မဖွယ်မရာ၊ မသင့်သောပုံများ မဖြန့်ဝေမိစေရန် ကြိုတင်တားမြစ်ထားခြင်းအဖြစ် သင်ယူခဲ့ရသည်။ တကယ်တော့ ပရဟိတဆိုတာလည်း လူသားချင်းကူညီရိုင်းပင်းသည့် လူသားချင်းစာနာကာ ပြုမှုသည့် အမှုသာ ဖြစ်သည်။ ကောင်းသောစေတနာဖြင့် ပြုခြင်းဟုသာ ဆိုကြမည်။ စေတနာကောင်းသည်ဟု မည်မျှ ပင်ပြောပြော လုပ်ရပ်ကမကောင်းလျှင်တော့ ထိုစေတနာကို မေးခွန်းထုတ်ခွင့် ရှိသည်ဟု မြင်ပါသည်။ ထို လုပ်ရပ်သည် တစုံတယောက်၏ စိတ်ပိုင်းဆိုင်ရာ၊ သိက္ခာပိုင်းဆိုင်ရာ နိမ့်ကျစေသည်ဆိုလျှင် ထိုလုပ်ရပ်သည် ကောင်းသည်ဟု ပြောရန်ခက်ခဲပါမည်။ ထိုမ ကောင်းသောလုပ်ရပ်ကို ဖြစ်ပေါ်စေသည့် စေတနာသည်လည်း ဉာဏ်နှင့်မယှဉ်သည်မှာလည်း မေးစရာမလိုပြီ။

လင်းငယ်
စာပြီး။ ၁၁၊ ၁၀၊၂၀၁၆။ မနက်ခင်း