ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၂၈)


မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၂၈)
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၆

● ၇၄ အလုပ်သမားသပိတ်
၁၉၇၄ မေလဆန်းတွင် အထက်မြန်မာပြည် မြစ်ငယ်မီးရထား စက်ရုံမှ အလုပ်သမားများ သပိတ်မှောက်သည့်သတင်းကို စတင်ကြားရသည်။ ထို့နောက် စက်ရုံတခုပြီးတခု ဆက်တိုက်လိုလို သပိတ်မှောက်လာကြသည်ကိုတွေ့ရသည်။ အင်းစိန် မီးရထားစက်ခေါင်းစက်ရုံ၊ အုတ်ကျင်းဂုံနီစက်ရုံ သမိုင်းချည်မျှင်နှင့် အထည်စက်ရုံ စသည့် စက်ရုံများစွာ ဆက်လက် သပိတ် တိုက်ပွဲဆင်လာသည်ကို တွေ့ရသည်။ အလုပ်သမား ရာပေါင်းများစွာမှသည် ထောင်နှင့်ချီ၍ရှိနေသောစက်ရုံများမှ အလုပ်သမားတို့၏စုစည်းညီညွတ်မှုအားကို ပြသလိုက်ခြင်းဖြစ်သည်။ မြန်မာ ပြည်၏ သမိုင်းတခေတ်တွင် တပြည်လုံးအနှံ့အပြားရှိ အလုပ်သမားများက စုစည်းညီညွတ်စွာဖြင့် သူတို့၏အခွင့်အရေးကို ပြသသည့်ပွဲလည်းဖြစ်သည်။

ထိုကြောင့်လည်း လက်ဝဲဝါဒတွင် အလုပ်သမားလူတန်းစားအားစုစည်းညီညွတ်မှုရှိသော ရှေ့တန်းရောက်သော အင်အား အဖြစ် အသိအမှတ်ပြုပြီး အလုပ်သမားလူတန်းစား ခေါင်းဆောင်သော လူမှုတော်လှန်ရေးတရပ်ဆင်နွှဲရမည်ဟု ညွှန်းဆိုခြင်း ဖြစ်သည်။ သဘာဝအရအလုပ်သမားလူတန်းစားသည် ခေတ်မှီစက်မှု အလုပ်သမားလူတန်းစားများဖြစ်ကြသည်။ အလုပ် သဘောအရ စက်ရုံတခုတည်းတွင် စုစုစည်းစည်းရှိသည့် အင်အားစုများဖြစ်သည်။ စက်မှုတော်လှန်ရေးနောက်ပိုင်း ထွက် ပေါ်လာသော လူတန်းစားသစ်လည်းဖြစ်သည်။ လယ်သမားများကဲ့သို့ ပြန့်ကျဲနေခြင်းမရှိပေ။

သို့သော် မြန်မာပြည်ကဲ့သို့ လွတ်လပ်ရေးရခါစ ဖွံ့ဖြိုးစနိုင်ငံများသည် စက်လက်မှု အထွန်းကားကြီးမဟုတ်ဘဲ စက်ရုံ အလုပ် ရုံများက အစပြုဆဲ အခြေအနေတွင်သာ ရှိသေးသည်။ မြန်မာပြည်လူဦးရေတွင် လယ်သမားက အများစုဖြစ်သည်။ ၁၉၇၄ ခုနှစ်က မြန်မာပြည်၏စက်မှု ထွန်းကားမှုသည် ယခုအခါလောက် မြင့်တက်ခြင်းမရှိသေးပေ။ သို့ပေမဲ့လည်း မဆလ တပါတီ စနစ်ကာလတွင် ရှိသမျှ စက်ရုံအားလုံးသည် အစိုးရပိုင်ဖြစ်သည်။ အစိုးရ၏ထိမ်းချုပ်ကွပ်ကဲမှု အောက်တွင်ရှိသည်။ သို့ဖြစ် ရာ အလုပ်သမားထုပြဿနာသည် အစိုးရနှင့် တိုက်ရိုက်သက်ဆိုင်နေပြီး အလုပ်သမားထု၏ တိုက်ပွဲသည် စက်ရုံများအား လုံးကို တိုက်ရိုက်ထိမ်းချု ပ်ထားသော အစိုးရအား တိုက်ရိုက်ဦးတည်၍ နေပေတော့သည်။

ထို့ကြောင့်လည်း မြစ်ငယ်မီရထားစက်ရုံမှ စတင်လိုက်သော အလုပ်သမားသပိတ်တိုက်ပွဲများသည် ရန်ကုန်ရှိ စက်ရုံများသို့ ပြန့်နှံ့သွားသောအခါ ဗိုလ်နေဝင်းအစိုးရလည်း အကြပ်အတည်းတခု ရင်ဆိုင်ရပေတော့သည်။

● ဘာတာ
ထိုနေ့က ၁၉၇၄ ခုနှစ် ဇွန်လ ၆ ရက်နေ့ဖြစ်သည်။ မိမိနှင့် သိန်းမြင့်ဝေမင်း သူငယ်ချင်း ၃ ယောက်လည်း မြင့်တက်လာနေသော အလုပ်သမားသပိတ်အား မျက်မြင်ကြည့်ရှုရန် ကျောင်းမှထွက်လာခဲ့ကြသည်။ သမိုင်းဝင်းထဲသို့ အရင်သွားကြသည်။ ထိုစဉ် က သမိုင်းကျောင်းဝင်းထဲတွင် အဆောင်များရှိသည်။ စက်မှုတက္ကသိုလ်၊ စီပွားရေးတက္ကသိုလ်၊ တိမွေးကုတက္ကသိုလ်တို့မှ ကျောင်းသားကျောင်းသူဆောင်များရှိသည်။ စီပွားရေးနှင့် တိမွေးကုကျောင်းသားမျာစထားသည့် မေခဆောင်ဘေးမှဖြတ် ထွက်လျင် ဘာတာတိုက်ခန်းများကိုဖြတ်၍ အင်းစိန်လမ်းမသို့ရောက်သည်။ ထိုစဉ် မေခဆောင် ဇွဲကပင်ဆောင်များ၏ နောက်ဖက်၌ အုတ်တံတိုင်းမခတ်သေး၍ အဆောင်နောက်ကျောရှိ လူနေရပ်ကွက်ကိုဖြတ်လျှင် အင်းစိန်လမ်းမကို ရောက် သည်။

ထိုတဝိုက်ကို ဘာတာဟုခေါ်ကြသည်။ မိမိတို့ ၃ ယောက်ကား အင်းစိန်လမ်းမဘက်သို့ တိုးမရတော့ပေ။ မိမိတို့ကဲ့သို့ပင် သမိုင်းဝင်းထဲရှိ အဆောင်များမှထွက်လာသော ကျောင်းသားများ အင်းစိန်လမ်းမကြီးဘေးတလျောက်ရှိ လူနေရပ်ကွက် သားစုများ အခြေအနေလာရောက်ကြည့်ရှု အကဲခတ်သူများနှင့် အင်းစိန်လမ်းမကြီးဘေးတွင် လူအုပ်ကြီးကား တိုးမပေါက် တော့ပေ။ အင်းစိန်လမ်းမပေါ်တွင် လမ်းမအပြည့်ပိတ်၍ရပ်နေသော အဓိကရုဏ်းနှိမ်နှင်းရေးရဲ အင်အား ၂၀၀ ခန့်အား ကြိမ် ဒိုင်းများ နံပတ်ဒုတ်များကိုင်၍ အသင့်အနေအထားစောင့်နေသည်ကို တွေ့ရသည်။

ဘာတာနှင့်မနီးမဝေးတွင် သမိုင်းချည်မျှင်နှင့် အထည်စက်ရုံရှိသည်။ (ယခု တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ) ထိုစက်ရုံ မှ အလုပ်သမားများ မြို့ထဲသို့ ချီတက်လာနေပြီဟု သတင်းစကားကြားနေရသည်။ ဘာတာရှေ့ ရဲအင်အားများနောက် မလှမ်းမကမ်းရှိ သမိုင်းအားကစားရုံရှေ့တွင် လက်နက်အပြည့်အစုံနှင့် စစ်သားများလမ်းပိတ်၍ နေရာယူထားသည်ဟု ကြား သိနေရသည်။ မိမိတို့ကား ဘယ်ဘက်မှတိုးမရတော့ပေ။ ဘာတာရှေ့က လူအုပ်ကြီးထဲတွင်ပိတ်မိနေတော့သည်။

သိပ်မကြာခင်ပင် ချည်မျှင်နှင့်အထည်စက်ရုံဘက်မှ သပိတ်မှောက်အလုပ်သမားများ အလံတလူလူ ကြွေးကြော်သံ ဟိန်းညံ ၍ ချီတက်လာသည်ကိုတွေ့ရသည်။ ချီတက်လာသော အလုပ်သမားစစ်ကြောင်းလည်း နံပါတ်ဒုတ်ကိုင် ရဲများနှင့် ထိပ်တိုက် ရင်ဆိုင်မိကြပြီး အခြေအတင်စကားပြောနေသည်ကိုတွေ့ရသည်။ ရဲများက ရှေ့ဆက်မတက်ရန် တားမြစ်နေပုံရပြီး အလုပ် သမားများကတော့ ရဲတို့အား လမ်းဖွင့်ပေးရန် ပြောနေပုံရသည်။ ထိုနေရာ၌ ရဲများနှင့် သပိတ်စစ်ကြောင်းမှ အလုပ်သမားများ အခြေအတင်အတန်ကြာမျှ ပြောဆိုနေသည်ကို တွေ့မြင်နေကြရသည်။ ခဏကြာလျှင် အဓိကရုဏ်းနှိမ်နင်းရေးရဲများ နောက်ဆုတ်သွားသည်။ သပိတ်စစ်ကြောင်းမှ အလုပ်သမားများရောဘေးမှဝန်းရုနေသော လုထုရော အားရဝမ်းသားညာ သံပေးလိုက်ပြီး အလုပ်သမားသပိတ်စစ်ကြောင်းလည်း ရှေ့သို့တိုး၍ ချီတက်သည်။

ထိုအခိုက်အတန့်မှာပင် တဖုန်းဖုန်းနှင့် မျက်ရည်ယိုဗုံးများ ပစ်ခတ်သံ ဆက်တိုက်ထွက်ပေါ်လာတော့သည်။ ဘာတာတိုက်ခန်း တဝိုက်နှင့် အင်းစိန်လမ်းမပေါ်တွင် မျက်ရည်ယိုဗုံးမှ ထွက်သော အဖြူရောင်မီးခိုးငွေ့များဖြင့် လွှမ်းခြုံသွားပြီး မြင်ကွင်းများ ဝေဝါးသွားသည်။ လုပ်အုပ်ကြီးလည်း တခဏမျှ ဖရိုဖရဲဖြစ်သည်။ ဘာတာတိုက်ခန်းများ ပတ်ဝန်းကျင်အိမ်များမှ ရေပုံးများ ထုတ်ပေးပြီး လက်ကိုင်ပုဝါအား ရေဆွတ်ကာ ကြိမ်းစပ်နေသော မျက်လုံးများအားအုပ်၍ မျက်ရည်ယိုဗုံးဒဏ် ကာကွယ်ကြ ရသည်။ မျက်မှန်သမား မိမိကတော့ မျက်မှန်ချွတ်၍ ကျိန်းစပ်နေသောမျက်လုံးအား ရေစွတ်ထားသော လက်ကိုင်ပုဝါ နှင့်အုပ်လိုက် အခိုးရိုက်၍ မှုံဝါးနေသော မျက်မှန်အားသုတ်လိုက်ပြန်တပ်ကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေသကဲ့သို့ မြင်ကွင်းများ လည်း ဝေဝါးရှုပ်ထွေးနေပေတော့သည်။

မြင်ကွင်းများဝေဝါး၍ လူအုပ်ကြီးလည်းဖရိုဖရဲဖြစ်နေသော အခိုက်အတန့်၌ပင် ခုနက ဆုတ်ခွါသွားသော အဓိကရုဏ်းနှိမ် နင်းရေး ရဲတပ်ဖွဲ့ဝင်များက ကြိမ်ဒိုင်းများ နံပါတ်ဒုတ်များဖြင့် မဲမဲမြင်ရာ ရိုက်နှက်ဖမ်းဆီးကြလေတော့သည်။ ထိုအခါ ရုတ် တရက် ဖရိုဖရဲဖြစ်သွားသော လူအုပ်ကြီးလည်း ပြန်လည်သတိဝင်ကာ ရဲများကို ပြန်လည်ရင်ဆိုင်ကြတော့သည်။ တွေ့ရာခဲ နှင့်ပြန်ပစ်သူပစ် လူချင်းဆိုင်သူဆိုင်နှင် အတော်လေးရှုပ်ထွေးသွားခဲ့သည်။ မိမိတို့နှင့်အတူပါလာသည့်သူငယ်ချင်းတစ်ဦး ဖြစ်သူ ကိုဝေမင်းလည်း လက်သွက်ခြေသွက်ဖြင့် တွေ့ရာခဲကောက်၍ ထုနေသည်ကို တွေ့လိုက်ရသည်ဟု သူငယ်ချင်း သိန်းမြင့်ကဆိုသည်။ မိမိကတော့ မျက်မှန် တပ်လိုက် ချွတ်လိုက်ဖြင့် အလုပ်ရှုပ်နေသဖြင့် သတိမထားမိလိုက်ပေ။

အဓိကရုဏ်းနှိမ်နင်းရေးရဲတွေ ဝင်ရိုက်လိုက်မှ ရပ်ကွက်ထဲမှလူများပို၍ မခံမရပ်နိုင်ဖြစ်ပြီး ညာသံပေး၍ ထွက်လာကြသည်။ သို့နှင့် ရာဂဏန်းမျှသာရှိသည့်ရဲများသည် ထောင်သောင်းချီသည့် လူအုပ်အားမခံနိုင်ဘဲ ပြိုဆင်းသွားတော့သည်။ မျက်ရည် ယိုဗုံးမှ မီးခိုးငွေ့များ ကြိမ်ဒိုင်းများ၊ နံပါတ်ဒုတ်များ၊ ဒဏ်ရာအနာတရဖြစ်နေသူများ အော်ဟစ်ကြိမ်းမောင်း တက်ခေါက်နေ သူများ မျက်ရည်ယိုဗုံးကာကွယ်နိုင်ရန်အတွက် ရေပုံးကိုယ်စီထုတ်ပေးနေသော ရပ်ကွက်လူထု ညာသံပေးနေသောလူထုဖြင့် ဘာတာအနီး အင်းစိန်လမ်းမကြီးပေါ်တွင် ဆူညံပွက်လောရိုက်နေသည်ဟု ဆိုရပေမည်။

ရဲများပြို ဆင်းသွားပြီးနောက် သပိတ်မှောက်အလုပ်သမားစစ်ကြောင်းလဲလည်း ပြန်လည်စုစည်းပြီး ရှေ့သို့ချီတက်သည်။ မိမိတို့လည်း ထိုသပိတ်မှောက်စစ်ကြောင်းနောက် ပြေးအလိုက်တွင်ပင် ဂျီသရီးမောင်းပြန် စက်သေနတ်သံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။ မိမိဘဝတွင် ပထမဆုံးကြားဘူးသည့် အတွဲလိုက် မရပ်မနားပစ်လိုက်သည့် သေနတ်သံများဟု ဆိုရပေမည်။ သေနတ်သံများကား ဘာတာအလွန် သမိုင်းအားကစားရုံရှေ့တွင် အသင့်အနေအထားဖြင့် ရပ်စောင့်သော တပ်မှ ပစ်ခတ်လိုက်ခြင်းဖြစ်တော့သည်။

သေနတ်သံများ တရစပ်ထွက်ပေါ်လာပြီးနောက် ရှေ့ဆုံးမှာလူများ ပြိုလဲသွားကြသည်။ ဒဏ်ရာရကြသည်လား သေဆုံး သွားကြသည်လား မပြောတတ်တော့ပေ။ ချီတက်နေသော လူအုပ်ကြီးလည်း ပြိုကွဲသွားသည်။ မိမိတို့လည်း လမ်းမပေါ်မှ ဘာတာတိုက်ခန်းဘေးအကွယ်သို့ပြေး၍ အကာကွယ်ယူ၍ စောင့်ကြည့်သည်။ ပြေးလွှားနေသောလူများ ညည်းငြူ အော် ဟစ်သံများ ရပ်ကွက်တွင်းမှထွက်ကြည့်နေသော အဖိုးကြီးများ အမျိုးသမီးများ၏ ကြိမ်ဆဲရေရွတ်သံများသည် ဆူညံစွာပေါ် ထွက်နေသော သေနတ်သံများနှင့်မတူ ရောထွေးလျက်ရှိပေတော့သည်။

သေနတ်သံများ တော်တော်နှင့်မစဲသည့်ကြားက နောက်သို့ ပြန်လှည့်ပြေးလာသူတစ်ဦးက ပြေးကြ ပြေးကြ လိုက်ပစ်နေပြီဟု ဆိုသဖြင့် မိမိတို့လည်း သမိုင်းဝင်းထဲရှိ မေခဆောင်သို့ပြေးရတော့သည်။ မိမိတို့နှင့်အတူသမိုင်းဝင်းထဲရှိအဆောင်များဆီသို့ အပြေးအလွှားပြန်ကြသည့် ကျောင်းသားများ မနည်းလှပေ။ ကျောင်းသားမဟုတ်သူအချို့ကတော့ ရပ်ကွက်ထဲရှိ အိမ်များသို့ အပြေးအလွှားဝင်ရောက်ပုန်းကွယ်ကြသည်။ ရပ်ကွက်သူ ရပ်ကွက်သားများကလည်း လှိုက်လှိုက်လှဲလှဲပင် "လာလာ ဒီမှာ လာပုန်း" ဟူ၍ အားတက်သရော ကူညီခဲ့ကြသည်။

သမိုင်းဝင်းထဲရှိ မေခဆောင်ကား စီးပွားရေးတက္ကသိုလ် ကျောင်းသားများနှင့် တိမွေးကုမှ ကျောင်းသားအချို့ နေသည့်အ ဆောင်ဖြစ် သည်။ မိမိနှင့်ခင်မင်သော စီးပွါးရေးတက္ကသိုလ်ကျောင်းသားများ အခန်းသို့ သွားရောက်အမောဖြေရသည်။ ရေတခွက်သောက်၍ပင် အမောမပြေ။ တုန်လှုပ်နေမိသည်။ အကြီးအကျယ်စိတ်လှုပ်ရှားနေသည်။ အံ့သြထိတ်လန့်နေမိ သည်။ စာတွေ့များ တဆင့်စကားတဆင့် နားဖြင့်ကြားသိရသည်များက လက်တွေ့ကိုယ့်မျက်စေ့ရှေ့မှောက်တွင် ကြုံ တွေ့လိုက်ရသည်။ လက်နက်မပါသော အလုပ်သမားအခွင့်အရေးကို ဆန္ဒပြတောင်းဆိုသူများကို လက်နက်ဖြင့် ရက်ရက် စက်စက်ပစ်ခတ်နှိမ်နင်းမှုအား ကြုံတွေ့လိုက်ရသဖြင့် တုန်လှုပ်မှုအမျက်ဒေါသနှင့် နားကျည်းမှုတို့ ရောထွေးယှက်တင် ဖြစ်ပေါ်နေသည်။ မိမိတို့အချင်းချင်း စကားမပြောနိုင်ခဲ့ကြ။ စကားဆိုရန် စကားလုံးရှားပါးသွားခဲ့သည်။ လက်သီးကို ကျစ် ကျစ်ပါအောင်ဆုတ်ပြီး တောက်ခေါက်၍သာနေမိတော့သည်။

ထိုညသည် အိပ်ရန်ခက်ခဲသော အိပ်၍မပျော်သောညတညဖြစ်ခဲ့သည်။ညတာသည် ရှည်လွန်းလှသည်။ သေနတ်သံများ ပြို လဲသွားသော တပ်ဦးကလူများ၏ပုံရိပ်များက မိမိမျက်စေ့ထဲက ပျောက်မသွားနိုင်ခဲ့ကြ။ သပိတ်မှောက်စက်ရုံများမှ လွှင့်ထူ ထားသောအလံများက မျက်စေ့ထဲက မထွက်သလို သပိတ်မှောက်စက်ရုံမှ ဥသြဆွဲသံများသည်လည်း နားထဲကမထွက်နိုင် ခဲ့ပေ။ မနက်မိုးလင်းသည်နှင့် သတင်းများ ဟိုက ဒီက ကြားရတော့သည်။ ဆင်မလိုက်သင်္ဘောကျင်းအပါ သပိတ်မှောက်နေ သည့် စက်ရုံအတော်များများကို ညက တပ်က ဝင်ရောက်စီးနင်းသိမ်းပိုက်လိုက်သည်ဟု ကြားရသည်။ တချို့စက်ရုံများ ဝင် ရောက်စီးနင်းရာတွင် သေနတ်သံများကြားရသည်ဟု ဆိုကြသည်။

ကုန်ဈေးနှုံးကြီးမြင့်၍ လစာတိုးရန်ဆန္ဒပြကြသည့် အလုပ်သမားများကို ကျည်ဆံပေး၍ ဖြေရှင်းလိုက်ပေပြီ။ ၁၉၆၂ ခုနှစ် ဇူလိုင် ၈ ရက်နေ့ကပြောသည့် "ဒါးဒါးချင်း လှံလှံချင်း ရှင်းမည် "ဆိုသည့် ဗိုလ်နေဝင်းစကားကို သတိရမိသည်။ လက်နက်ဟူ၍ အပ်တိုတချောင်းမပါသည့် ကျောင်းသားများ အလုပ်သမားများ၏ အခွင့်အရေးတောင်းဆိုကြသည့်တိုက်ပွဲများကို ဂျီသရီး မောင်းပြန်သေနတ်ဖြင့် ပစ်ခတ်ဖြေရှင်းသည်မှာ ဒါးဒါးချင်း လှံလှံချင်းဟုတ်ပါ၏လော။

နောက်တနေ့ ဇွန် ၇ ရက်နေ့ မိမိနှင့် သိန်းမြင့် အင်းစိန်လမ်းမ တလျောက်ရှိသည့် စက်ရုံများကို လိုက်ကြည့်သည်။ စက်ရုံကြီးများဖြစ်သည့်သမိုင်းချည်မျှင်နှင့်အထည်စက်ရုံ၊ ဂုံနီစက်ရုံ၊ အင်းစိန်မီးရထားစက်ခေါင်းရု၊ဆင်မလိုက်သင်္ဘောကျင်းစသည်တို့တွင် တပ်ကသိမ်းပိုက်နေရာယူထား သည်။ စက်ရုံငယ်တချို့တော့ကျန်နေသေးသော်လည်း မိမိတို့ရောက်သည့်အချိန်တွင် အလံဖြု တ်ချ၍ သပိတ်လှန်သည့် စက်ရုံအချို့ကို တွေ့ရသည်။ ထိုအလုပ်သမားများက မျက်စေ့မျက်နှာ သိပ်မကောင်းကြ။ အာမတန်၍ မာန်လျှော့ကြရပြီ မဟုတ်ပါလော။ အလုပ်သမားအခွင့်အရေးတောင်းဆိုသံများဖြင့် ကျွက်ကျွက်ညံနေသော စက်ရုံကြီးများမှာ ယနေ့တော့တိတ်ဆိတ်နေပေတော့သည်။ စက်ရုံအပေါက်ဝများတွင် ဂျီသရီးမောင်းပြန်များ ကိုင်ဆောင်၍ အသင့်အနေအထားရှိသည့် စစ်သားများကိုတွေ့နေရသည်။ ထိုအတူ ရပ်ကွက်များအတွင်းမှ လူတို့၏ စကားသံများလည်း တိတ်ဆိတ်နေသည်။ ပြောစရာရှိလျင်လည်း တိုးညှင်းစွာပြောဆိုကြသည်။ ရန်ကုန်မြို့ကြီး ထူခြားစွာ တိတ်ဆိတ်သွားသောနေ့ ဟုဆိုရမည်။ လမ်းတချိုးလည်းပိတ်ထားဆဲမို့ လမ်းများပေါ်တွင် လူသွားလူလာရှင်းနေသည်။

ခြောက်ကပ်တိတ်ဆိတ်နေသော ရန်ကုန်မြို့ကြီးသည် ထိတ်လန့်တုန်လှုပ်ခြင်း၊ နားကျည်းခြင်း၊ မကျေနပ်ခြင်း ဝမ်းနည်းပူ ဆွေးခြင်းများနှင့် အတူမတုန်မလှုပ်ဖြင့် ခေတ်တခေတ်ကို ဖြတ်သန်းခဲ့ပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)