ငြိမ်းချမ်းအောင် ● အပေါ်ယံတွေ သိပ်များတယ်


ငြိမ်းချမ်းအောင် ● အပေါ်ယံတွေ သိပ်များတယ်
(မိုးမခ/သစ်ခက်သံလွင်) အောက်တိုဘာ ၆၊ ၂ဝ၁၆

ဖင်လန်ပညာရေးစနစ်မှာ စာမေးပွဲ ရှိပါတယ်။ ကလေးတွေကို ၁ လ တခါ၊ ဒါမှမဟုတ် ၂ လ တခါ စစ်ဆေးပါတယ်။ စာမေးပွဲ ကလေးတွေ အများကြီးရှိပါတယ်။ အဲဒီစာမေးပွဲလေးတွေက ရမှတ်ကိုကြည့်ပြီး အတန်းတက်သင့် မတက်သင့်ကိုလည်း ဆုံးဖြတ်ပါတယ်။ ကလေးတွေကို အတန်းတတန်းမှာ ၂ နှစ်နေ ခိုင်းတာ ရှိပါတယ်။ မိဘနဲ့ ဆရာ ဆွေးနွေးကြပါတယ်။ ဆရာ/မတွေကလည်း အဲဒီလိုဖြစ်ရင် ရှက်ပြီး အလုပ်ကထွက်တာတောင် ရှိပါတယ်။ တာဝန်ယူမှု မိမိအသက်မွေးဝမ်းကျောင်းပညာကို တန်ဖိုးထားမှု ရှိကြပါတယ်။

ဗမာပြည်လိုတော့ ပထမအစမ်း၊ ဒုတိယအစမ်း၊ စာမေးပွဲကြီးဆိုတာပဲ မရှိတာပါ။

ဖင်လန်နိုင်ငံမှာ ကလေးတွေဟာ ကျောင်းယူနီဖောင်း မရှိပါဘူး။

ဒါပေမဲ့ ကျောင်းသားတွေက တံဆိပ်ရွေးပြီး ဝတ်ကြပါတယ်။ မိဘတိုင်းနီးပါးကလည်း အများဝတ်တဲ့တံဆိပ်ကို ဝယ်ပေးနိုင် ကြပါတယ်။

ပညာရေးပြောရင် ဆရာနဲ့ ကျောင်းသားအချိုး၊ သင်ကြားရေးအထောက်အကူပစ္စည်းတွေနဲ့ ကျောင်းခန်းထဲမှာ ကလေးတွေက ဗိုက်တန်းတူမှု (ကျောင်းမှာ အခမဲ့ အစားအစာကျွေးတာ) ရှိတဲ့အတွက် စာသင်ကြားရတာ အဆင်ပြေတာပါ။

နောက် အချိန်ဇယားပါ။ ကလေးတွေကို မိနစ် ၄၀ လောက် စာသင်ပြီးတာနဲ့ ၁၀ - ၁၅ မိနစ် မဖြစ်မနေ အခန်းထဲက ထွက်ခိုင်း ပါတယ်။ မဆော့ချင်တဲ့ကလေးလည်း စာသင်ခန်းအပြင်က သန့်ရှင်းကောင်းမွန်တဲ့လေကို ရှူရှိုက်ရပါတယ်။

ထပ်ပြောရင် ကျောင်းတွေကို တည်ဆောက်ထားတဲ့ကိစ္စပါ။ ဖင်လန်နိုင်ငံမှာ ကျောင်းတွေကို ကျယ်ကျယ်ဝန်းဝန်း သို့မဟုတ် နှစ်ထပ် သို့မဟုတ် ၃ ထပ် ဆောက်ကြပါတယ်။ ဘာကြောင့်ဆောက်သလည်းမေးရင် လှေကားကျယ်ကျယ်တွေ၊ လက်ရမ်း တွေ များများတက်ထားတော့ ကလေးတွေက ကျောင်းထဲမှာတင် ကိုယ်လက်လှုပ်ရှားမှုကို သပ်သပ်ကြီးလေ့ကျင့်ရတာ မ ဟုတ်ဘဲ လုပ်သလို ဖြစ်အောင်ပါ။ ဥပမာ ထမင်းစားခန်းနဲ့ စာသင်ခန်းကို မီတာ ၁ဝဝ လောက် အနည်းဆုံးဝေး ရမယ်သတ်မှတ် ထားတော့ တရက်ကို ၂ ခါ ထမင်းစားသွားရင် မီတာ ၄ဝဝ လမ်းလျှောက်ပြီးသား၊ ပြေးပြီးသား ဖြစ်သွားပါတယ်။

အသက် ၁၄ နှစ်အောက် ကလေးတွေကို တရက်ကို ၃ နာရီ အားကစားလုပ်ရမယ်၊ ၁ နာရီလောက်က ပြင်းပြင်းထန်ထန်၊ ၁ နာရီလောက်က အသင့်အတင့်၊ ၁ နာရီလောက်က ပုံမှန်ဆိုတဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ခိုင်းတယ်။ ကလေးတွေက ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားတော့ အိပ်တော့လည်း ပြဿနာမရှိတော့ဘူး။ ကလေးတယောက်ဟာ အနည်းဆုံး ၁ဝ နာရီလောက် အိပ်ရမယ်၊ များများအိပ်လေ ဉာဏ်ပိုကောင်းလေ၊ အရပ်ပိုရှည်လေဆိုတာတွေကို စနစ်တကျ သုသေသနပြုထားတော့ သူတို့တွေက ရဲရဲတင်းတင်း မိဘတွေကို ပြောကြတယ်။

အဓိကအချက်က မိဘနဲ့သားသမီး အချိန်ပေးဖို့ပါပဲ။ မိဘကိုတောင် မပြောရဲ မဆိုရဲ၊ ပြောခွင့်မရ၊ ဆိုခွင့်မရတဲ့ကလေး တယောက်ဟာ အပြင်လောကမှာ လူစိမ်းတယောက်ကို ရဲရဲတင်းတင်း ဆက်ဆံဖို့ဆိုတာ တော်တော်ခက်ခဲကြောင်းလည်း သူတို့က သုသေသန နှစ်ပေါင်းများစွာ လုပ်ခဲ့ကြပါတယ်။

ကလေးတွေကို အန္တရာယ်မရှိရင် ဘယ်တော့မှမတားမြစ်ပါနဲ့၊ ကလေးတွေကို လွတ်လပ်စွာ ပြောခွင့်ပေးပါ၊ ကလေးတွေစကား ကို သေသေချာချာ နားထောင်ပါဆိုပြီး မိဘတွေကို ပညာပေးတာ အကြောင်းမဲ့မဟုတ်ဘူးဆိုတာကို အပေါ်က စာတွေ ဖတ် ရင် နားလည်လောက်ပါပြီ။

ဖင်လန်မှာ ကလေးမွေးဖွားနှုန်း နည်းလာပါပြီး။ တမိသားစုမှ အများဆုံးယူရင် ၁ ယောက် ၂ ယောက်ပဲ။ ဒါပေမဲ့ ၉၈ ရာခိုင်နှုန်း က ၁၆ နှစ်ပြည့်တာနဲ့ သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်ပါပြီ။ အမေ ကျနော်ပိုက်ဆံလိုတယ် မုန့်ဖိုးပေးလို့ ပြောရမှာကို ရှက် တတ်တဲ့ကလေးတွေ ဖြစ်သွားကြပါတယ်။ ဒါကတော့ ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့လည်း ဆိုင်ပါတယ်။ လူငယ်တွေကို အခွင့် အလမ်းပေးမှုနဲ့လည်း ဆိုင်ပါတယ်။ ဗမာနိုင်ငံက ကလေးတွေက အခွင့်အလမ်းမရှိ၊ လူကြီးတွေလည်း သားသမီးကို ပိုးမွေးသ လို မွေးမှ မိဘဝတ္တရားကြေတယ် ထင်ကြတာကိုး။

ဒါကြောင့် ပညာရေးကိုမြှင့်တင်မယ်ဆိုရင် ကျောင်းကစပြီး အဘက်ဘက်ကို စနစ်တကျ တွက်ချက်ပြီး လုပ်ဖို့လိုအပ်ကြောင်း သာ ပြောချင်ပါတယ်။

ကလေး ၁၃ ယောက်လောက်ကို ဆရာတယောက် ခွဲ (၁ ၁/၂) နှုန်းနဲ့ သေသေချာချာ သင်တာကိုလည်း မေ့ထားလို့ မရပါ ဘူး။

အခုက ၄ တန်းအောင် ရွာကနေ ၂ နာရီလောက် လမ်းလျှောက်၊ သို့မဟုတ် စက်ဘီး ၁ နာရီလောက် နင်း ကျောင်းရောက်တော့ ရှိသမျှအင်အားတွေ ကုန်ခမ်းနေတဲ့ ကလေးတွေကလည်း အများကြီး၊ ဒီလိုကလေးတွေကို ကျောင်းနဲ့အိမ် သိပ်မဝေးကွာ အောင် စီစဉ်ပေးဖို့လည်း လိုအပ်ပါတယ်။

ပညာရေးကောင်းဖို့ဆိုရင် နိုင်ငံရေးတင်ကောင်းလို့ရတာမဟုတ်ပါဘူး၊ ပညာကို တကယ်တတ်ပြီး ကလေးတွေကို တန်ဖိုး ထားတတ်တဲ့သူတွေလည်း အများကြီးလိုအပ်ပါတယ် ခင်ဗျာ။

ငြိမ်းချမ်းအောင်

photo credit : www.huffingtonpost.com