ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်စွမ်းရည် - ညီမလေးရယ် စိုးရိမ်မိတယ်



မောင်စွမ်းရည် - ညီမလေးရယ် စိုးရိမ်မိတယ်
(တက္ကသိုလ်ဘုန်းနိုင် ဖေ့စ်ဘွတ်) မိုးမခ၊ အောက်တိုဘာ ၂၀၊ ၂၀၁၆
ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့နာမည်ကျော် ဝတ္ထုတစ်ပုဒ် အမည်ပါ။ ''ညီမလေးရယ် စိုးရိမ်မိတယ်''တဲ့။ ဘယ်သူက ညီမလေးအတွက် စိုးရိမ်သလဲ ဆိုတော့ အမျိုးသားတစ်ဦးကပါ။ အမျိုးသားတစ်ဦး (ယောက်ျားတစ်ဦး)က အမျိုးသမီးတစ်ဦး (မိန်းမငယ်တစ်ဦး) အတွက် စိုးရိမ်မိတယ်လို့ ဆိုတာပါ။

ကျွန်တော်က အညာသားတောသားဆိုတော့ ရှေးရိုးမြန်မာဆန်ပါတယ် ဆိုတာဝန်ခံထားနှင့်လိုပါတယ်။ ယောက်ျားတစ်ဦးက မိန်းမငယ်တစ်ဦးကို ''ညီမလေး''လို့ ခေါ်နေတာမျိုးကို သတိမထားလိုက်မိပါဘူး။ အထူးသဖြင့် အောက်သူအောက်သား၊ ရန်ကုန်စာရေးဆရာတွေရဲ့ ဝတ္ထုတွေထဲမှာ ''ညီမလေး'' ဆိုတဲ့ ယောက်ျားသုံး ဝေါဟာရကို အများကြီး ဖတ်ရှုမြင်တွေ့ နေရပါတယ်။ ကျွန်တော့် စိတ်ထဲမှာတော့ အတော်ကြောင်တဲ့ အသုံးအနှုန်းတစ်ရပ်လို့ တွေးထင်နေမိခဲ့ဖူးပါတယ်။

ဗမာလူမျိုး၊ ဗမာစကားရဲ့ ရှေးထုံးစံမှာက ''ညီမလေး'' ဆိုတာ မိန်းမ ချင်းခေါ်ကြတဲ့ အသုံးအနှုန်းပါ။ တစ်မိတည်းဖွား၊ တစ်အူထုံ့ဆင်း မိန်းမချင်း ကို ခေါ်တဲ့အသုံးအနှုန်းပါ။ ညီမတော်တယ်လို့ ခေါ်ပါတယ်။ အကြီးမက အငယ်မကို ''ညီမ'' လို့ခေါ်ရပါတယ်။ ယောက်ျားချင်း၊ တစ်မိတည်းပေါက်၊ တစ်အူထုံ့ဆင်းဆိုရင် ''ညီအကို'' ညီအစ်ကို တော်တယ်လို့ခေါ်ပြီး အကြီးက အငယ်ကို ''ညီ'' လို့ခေါ်ရပါတယ်။ ''ညီလေး''လို့လည်း ချစ်စနိုး ခေါ်ကြပါတယ်။ ''ညီလေး''၊''ညီမလေး'' မတူဘူးဆိုတာကို ဗမာလူမျိုးတိုင်း သတိထားမိကြမှာပါ။

အစိုးရထုတ်တဲ့ မြန်မာစာလုံးပေါင်း အဘိဓာန်တွေကို စာနယ်ဇင်းတွေ က လက်ကိုင်ပြုလေ့ရှိကြပါတယ်။ ဒါပေမယ့် စာနယ်ဇင်းတွေမှာလည်း ယောက်ျားလေးက သူ့အောက်ငယ်တဲ့ မိန်းကလေးကို ''ညီမလေး''လို့ပဲ ခေါ်ဝေါ်သုံးစွဲနေကြပါတယ်။ ကျွန်တော့်မှာ အင်္ဂလိပ်- မြန်မာ အဘိဓာန် ရော၊ မြန်မာ- အင်္ဂလိပ် အဘိဓာန်ရော၊ မြန်မာစာလုံးပေါင်း အဘိဓာန်ရော လက်တစ်ကမ်းမှာပဲရှိပါတယ်။ ဒါကြောင့် မြန်မာ- အင်္ဂလိပ်အဘိဓာန်ကို ကောက်ကြည့်လိုက်ပါတယ်။ ညီမဆိုတာ Man's younger sister တဲ့။ မိန်းမတစ်ယောက်က သူ့အောက်ငယ်သူကို ''ညီမ''လို့ ခေါ်တယ်။ ခြွင်းချက် မရှိပါဘူး။

ဝတ္ထုရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ဝတ္ထု''ညီမလေးရယ် စိုးရိမ် မိတယ်'' ထုတ်ဝေခဲ့တာ ကျွန်တော်တို့ မန်းတက္ကသိုလ်ကို ရောက်စအချိန် ၁၉၅၆-၅၇ ခုနှစ်ထက် မဝေးတဲ့ကာလက ဖြစ်ပါတယ်။ ဆရာက မန္တလေး တက္ကသိုလ် (စိတ်ပညာဌာန)က ကထိကပါ။ သူ့ဝတ္ထုထဲမှာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးယုံကြည်ချက်ကို အဓိကထားတာပါရှိပါတယ်။ ဒါကြောင့် ကျောင်းသား ခေါင်းဆောင်တစ်ဦးက တက္ကသိုလ် နံရံကပ်စာစောင်မှာ '' Little sister How I Want to go to America'' (ညီမလေးရယ် အမေရိကားကို သွားချင်လှတယ်။) ကို ပြန်လည်ချေပသရော်ထားတဲ့ ဆောင်းပါး တစ်ပုဒ်ပါရှိဖူးပါတယ်။ သူ့ခေတ်နဲ့သူ အတော်နာမည်ကြီးတဲ့ ဆောင်းပါးဖြစ်ပြီး တက္ကသိုလ် ကျောင်းအုပ်ကြီး ကိုယ်တိုင်ရော၊ အင်္ဂလိပ်စာ ပါမောက္ခရော အဲဒီ နံရံကပ်စာစောင်မှာ ရပ်ပြီး ဖတ်ဖူးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ ''ညီမလေး'' ဆိုတဲ့ အသုံးအနှုန်းကို ဒီနေ့ထိ သတိရနေမိတာပါ။ ''ညီမလေး''ဆိုတဲ့ စကားလုံးကို အမျိုးသားတွေက မှားပြီး သုံးစွဲလာခဲ့တာ ရာစုနှစ် တစ်ဝက်မက ကျော်လာခဲ့ပြီ ဆိုတာကိုပါ သတိထား လိုက်မိပါတယ်။

တစ်ခါက ကျွန်တော့်မှာ အစ်မကြီး ကဗျာဆရာမ ဒေါ်နုယဉ် စိတ်ခုတာကို ခံခဲ့ရဖူးပါတယ်။ ကျွန်တော်က ဆောင်းပါးတစ်ခုမှာ ''ကဗျာဆရာမကြီး ဒေါ်နုယဉ်ဟာ ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ ''နှမ''လို့ ရေးလိုက်ပြီး နောက်က လက်သည်းကွင်းထဲမှာ (''ညီမ'' မဟုတ်)လို့ ကွန့်လိုက်မိပါတယ်။ အဲဒါကို ဖတ်မိတဲ့ ရန်ကုန်သူ မိန်းကလေး တစ်ယောက်က အစ်မကြီးဒေါ်နုယဉ်ရဲ့အိမ်ကို ရောက်သွားတော့ အန်တီ၊ ဆရာဦးစွမ်းရည်က အန်တီ့ကို ဆရာကြီး မင်းသုဝဏ် ရဲ့ ''ညီမ'' မဟုတ်လို့ ရေးထားတာ ဖတ်လိုက်ရတယ်လို့ သတင်းပေးလိုက်ပါ လေရော။ အစ်မကြီးက ဒေါပွတာပေါ့။ ကျွန်တော်ကလည်း ဆရာဦးတက်တိုး- ဒေါ်နုယဉ်တို့အိမ်ကို အလည်အပတ် သွားနေကျပါ။ အဲဒီသတင်းကို ကြားပြီး နောက်တစ်ရက်၊ နှစ်ရက်အတွင်းမှာ ကျွန်တော့်ဆရာ ဦးတက်တိုး- ဒေါ်နုယဉ်တို့ အိမ်ကို အလည်ရောက် သွားမိပါတယ်။ အစ်မကြီးဒေါ်နုယဉ်က ဆီးကြိုပြီး ''ဒီမယ် ကိုစွမ်းရည်။ ကျုပ်က ဆရာမင်းသုဝဏ်ရဲ့ ညီမ မဟုတ်ဘူးလို့ ရေးထား တယ်ဆို။ ကျုပ်က ညီမ မဟုတ်လို့ ဘာဖြစ်ရမှာလဲ'' လို့ အငေါ်တူးပါလေတော့ တယ်။ ကျွန်တော်လည်း ရုတ်တရက်တော့ ကြောင်သွားပြီး ဘာပြောမှန်းမသိ ဖြစ်နေဆဲမှာ ဆရာကြီးတက်တိုးက ကြားဝင်လိုက်ပါတယ်။ ''ဟေ့နေဦး။ အဲဒီ ဆောင်းပါး ငါလည်း ဖတ်ရပါတယ်။ ဒါက မင်းတို့ အောက်သူတွေ နားမလည်တဲ့ ကိစ္စပါ။

ဒါက ငါတို့ အညာသားတွေမှ သဘောပေါက်တာ။ ဆရာမင်းသုဝဏ်ရဲ့ ညီမလို့ မရေးရဘူး။ ''နှမ''လို့ ရေးရတယ်လို့ ဆိုလိုတာ။ ''ညီမ''ဆိုတာ မိန်းမချင်း မှ သုံးရတာ။ ယောက်ျားတစ်ယောက်က တစ်မိတည်းပေါက်၊ တစ်အူထုံ့ဆင်း မိန်းမငယ် တစ်ယောက်ကို မောင်နှမတော်တယ်လို့ ခေါ်တယ်။ ဒါကြောင့် ''နှမ''လို့ ခေါ်ရတယ်။ ''ညီမ''ဆိုတာ ယောက်ျားက မသုံးရဘူး''လို့ ဝင်ပြီး ပြောလိုက်တော့မှ ရှင်းသွားပါတယ်။

''မင်းတို့ပွဲကြည့်တော့ ဇာတ်ပွဲထဲမှာ မင်းသားမင်းသမီး နှစ်ပါးသွားခန်း မှာဆိုရင် ''နှမတော်မိမိငဲ့''၊ ''နှမတော်လေးငဲ့''လို့ ခေါ်ကြတာ သတိမထားမိဘူးလား။ အဲဒါမှ အမှန်လို့လည်း ဖြည့်ပြီး ပြောလိုက် ပါသေးတယ်။ ဒီလို ဆရာကြီး တက်တိုးက ဝင်ပြောလိုက်တော့မှ အစ်မကြီးကလည်း မောင်ငယ် ကဗျာဆရာ အတွက် ကော်ဖီတစ်ခွက်ကို ထုံးစံအတိုင်း လာချရုံမက မုန့်တွေပါ လာချပါ သေးတယ်။ အစ်မကြီး ကော်ဖီ သွားယူနေတုန်း ကျွန်တော်က ဆရာ့နားကပ်ပြီး ကျွန်တော့်ရဲ့ ဘာသာစကား၊ သုတေသနကို ဖြည့်ပြော လိုက်ပါသေးတယ်။ ''ဆရာရေ ရန်ကုန်မှာ ရပ်ကွက်ထဲ ကလေးတွေရန်ဖြစ်ကြလို့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဆဲကြရင်တော့ ''နှမပေး'' လို့ပဲ ရိုးရာမပျက် ဆဲကြလေရဲ့''လို့။ နောက်တစ်မျိုး ''ဒုက္ခ''လည်း ရှိပါသေးတယ်။ ''ယောက္ခမ'' ကိစ္စပါ။ ''ယောက္ခမ''ဆိုတာ တည့်အောင်ပေါင်း၊ ကျောင်းကိုထုတ်။ ဥပုသ်ရက်ရှည် စောင့်ခိုင်းမှာဆိုတဲ့ ဆရာမြို့မငြိမ်းရဲ့သီချင်းဟာ ''သိကြားမင်း''နဲ့ ''အသူရာ''တို့ စစ်ခင်းကြတာဆိုတော့ ယောက္ခမဆိုတာ ဇနီးရဲ့ အမေကို ဆိုလိုတာ ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ယောက္ခမဆိုတာ ဣတ္ထိလိင်၊ ပုလ္လိင် နှစ်မျိုး လုံးရပါတယ်။ ဇနီး၊ ခင်ပွန်းရဲ့ အမိအဖတွေကို ခေါ်တာပါ။ ဒါပေမယ့် ယောက္ခထီးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ စကားလုံးပါ။ ခုတော့ စာနယ်ဇင်းတွေထဲမှာ အတည်တကျ သုံးနေကြတာကို အံ့သြဖွယ်တွေ့နေ ရပါတယ်။ တချို့ကတော့ တစ်ခါတလေ နောက်ပြောင်ပြောတာပါလို့ ဆို သူက ဆိုကြပါရဲ့။ ကိုယ့်ဇနီးရဲ့ ဖခင်ရှေ့မှာတော့ ယောက္ခထီးလို့ မသုံးရဲဘူးတဲ့။ အမေကိုရော အဖေကိုရော ယောက္ခမခေါ်လို့ ရတာကိုတော့ နိုင်ငံခြားသားဖြစ်တဲ့ ဦးလှသိန်းခေါ် ဂျွန်အိုကယ်တို့၊ ကိုရွှေဘလို့ ခေါ်တဲ့ ယာဘူးတို့တောင် သိကြပါတယ်။ ခွဲခြားခေါ်ချင်ရင်တော့ တစ်မျိုးစီ သီးခြား ရှိတာကိုလည်း သူတို့ သိပါတယ်။ သူတို့က မြန်မာအဘိဓာန်ကို ကိုင်ထား ကြလို့ သိကြတာပါ။ ယောက္ခမရဲ့ အမေကို ယောက္ခမမိန်းမသူလို့ ခေါ်ပါတယ်။ ယောက္ခမရဲ့အဖေကို ယောက္ခမယောက်ျားသူလို့ ခေါ်ပါတယ်။ ဒေါ်ဒေါ်လူထု ဒေါ်အမာတို့ အဲဒီလို သုံးကြတာကို မန္တလေးမှာ မကြာခဏကြားခဲ့ရဖူးပါ တယ်။ မှတ်သားကြဖို့ ကောင်းပါတယ်။ အဲဒါ ဗမာစကားလုံးစစ်စစ်ပါပဲ။ ခုမှ တီထွင်ထားတာ မဟုတ်ပါဘူး။

အမေရိကားမှာ တချို့ဗမာတွေ (တော်တော်များများ)လည်း ဒီစကား တွေ မကြားဖူးဘူးတဲ့။ မှတ်ထားကြလို့ပြောတော့ မှတ်ထားပြီး လူတော သူတောမှာ သုံးမိရင် လူနားမလည်လို့ သုံးမိသူမှာ လူရယ်စရာဖြစ်မှာပေါ့တဲ့။ ဒါလည်း ဟုတ်မှာပါပဲ။ ဘာသာစကားဆိုတာ ပညာရှိတွေက ဆုံးဖြတ်ကြတာ မဟုတ်ဘဲ ''အများညီရင် ဤကိုကျွဲဖတ်ရတယ်'' ဆိုသကိုး။ အများမသုံး တော့ရင် သုံးလို့ မရပြန်ဘူး။

ကျွန်တော်က သူတို့စိတ်ချလက်ချသုံးနိုင်အောင် အဘိဓာန်တွေပါ လှန်ပြတာပါ။ ရန်ကုန်စာနယ်ဇင်းတွေလည်း အဘိဓာန်သုံးကြပေမယ့် ဒီလို စကားလုံးကျတော့ မှားမှန်းမသိလို့ စစ်ဆေးကြည့်ရှုစရာမလိုဘူးဆိုပြီး ကိုယ့်ဘာသာ သေချာနေတာနဲ့ အဘိဓာန်မလှန်ကြတာ ဖြစ်ပုံရပါတယ်။ ကျွန်တော်က ရန်ကုန်ကလာတဲ့ စာရေးဆရာတွေကို အဘိဓာန်လှန်ပြပါတယ်။ နယူးယောက်မှာပါ။ ယောက္ခမဆိုတာ ''Parents in Law''တဲ့။ အဖေနဲ့အမေ နှစ်ဦးနှစ်ဖက်လုံးနဲ့ သက်ဆိုင်တာပါ။ ယောက္ခမမိန်းမသူဆိုတာ ''Mother in Law''တဲ့။ ယောက္ခမယောက်ျားသူကတော့ ''Father in Law ''တဲ့ ဗျား။ ကိုယ့်အမျိုး ကိုယ်မှမှန်အောင် မခေါ်နိုင်ရင် ရှက်စရာ မဟုတ်လား။ ရှက် တတ်ရင်ပေါ့ဗျာ။

ခုခေတ်အိမ်ထောင်ရှင်တွေက လူလည်တွေပါ။ ကိုယ့်ယောက္ခမတွေကို ''အဖေ၊ အမေ''တဲ့ ခေါ်တတ် လိုက်ကြတာ။ ဒါကလည်း ခုတော့ ခေတ်ယဉ် ကျေးမှု ဖြစ်နေပြီထင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ အဖေအရင်း၊ အမေအရင်းနဲ့ သူ့အဖေ၊ သူ့အမေခွဲပြောဖို့ လိုလာရင်တော့ သူ့အဖေ၊ သူ့အမေလို့ပဲ ပြောကြပြန်ရော။ လိုလျှင်ကြံဆ၊ နည်းလမ်း ရကြတာပါပဲ။ ယောက္ခမ မိန်းမသူ၊ ယောက္ခမ ယောက်ျားသူတို့တော့ ဘယ်သူမှ မသုံးကြဘူး တဲ့လေ။ ကိုယ်ကသုံးတတ်လို့ သုံးချင်လို့ သုံးလိုက်ဦးတော့ တစ်ဖက်လူက နားစိမ်းနေရင် ဒုက္ခမဟုတ်လား။ ခုလည်း ကိုယ့်စာ၊ ကိုယ့်စကားမှာ အပြည့် အစုံရှိပြီးသားဆိုတာ ဂုဏ်ယူ သိရှိရအောင် ရေးလိုက်ရတာပါ။ ဆရာလုပ်မှ လုပ်ရစေတော့လို့ရေးတာ မဟုတ်ရကြောင်းပါ။ ကိုယ့်ခင်ပွန်း၊ ကိုယ့်ဇနီးနဲ့ ဆိုရင်တော့ ခေါ်ချင်သလို ခေါ်ကြပေါ့။ အချင်းချင်း နားလည်ရင် ပြီးတာပါပဲ။ ကိုဟိုဒင်း၊ မဟိုဒင်းလို့ပဲခေါ်ခေါ်၊ ကိုကို၊ မမလို့ပဲ ခေါ်ခေါ်။ ငဘကြီးရဲ့ဇနီး လို ဟင်း-ဟင်းလို့ ပဲခေါ်ခေါ်။ ။