ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်ကျော်မြရည်စမ်း - ဖြူစင်မှန်ကန်စွာအားပေးခြင်းဖြင့်ကူညီပါ





mirekbialy.com

ကျော်ကျော်မြရည်စမ်း  -  ဖြူစင်မှန်ကန်စွာအားပေးခြင်းဖြင့်ကူညီပါ 
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၆
တခါတရံတော့ ချစ်ခင်ရတဲ့အဝေးရောက် မိတ်ဆွေတွေ သူငယ်ချင်းတွေ နေထိုင်မကောင်းဖြစ်တဲ့ သတင်းကိုကြားရ တတ်ပါတယ်။ အဲ့ဒီအခါမှာ သူတို့ကိုအားပေးချင်လာတယ်။ ကူညီချင်လာတယ်။ ကိုယ့်အားပေးမှုဟာ နာမကျန်းဖြစ်နေသူကို ပိုပြီးဝန်ဖြစ်စေမှာလည်း စိုးရိမ်မိပါတယ်။
ဒီတော့လည်း သွေးတိုးလေးစမ်းပြီး၊ ဘာလိုအပ်သလဲလို့ ချင့်ချိန်နိုင်ပြီဆိုမှ တစိုက်မတ်မတ် အား ပေး ဖြစ်တော့တယ်။

 အခုက ဆက်သွယ်ရေးကွန်ရက်တွေကောင်းလာပြီဆိုတော့ ဟိုးတုန်းကလို၊ ကျီးကန်းတည အိပ်စာ ပို့စရာမလိုတော့သလို၊ ၇ အိမ်ကြား ၈ အိမ်ကြား ဖုန်းဆက်အော်ပြောစရာလည်း မလိုတော့ ပါဘူးလေ။
ဒီနေ့လည်း ကိုယ့်ကို ညီငယ်တယောက်လိုသွန်သင်ခဲ့တဲ့အကိုကြီးတယောက် အဝေးမှာ နေ မကောင်း ဖြစ်နေတော့ ဖေ့စ်ဘုတ်ကနေ ရီစရာလေးတွေ လှမ်းပို့လှမ်းပြောပြီး အားပေးမိတယ်။
နောက်တော့ ဇနီးဖြစ်သူရဲ့အမေနေမကောင်းဖြစ်တုန်းက သူ့မြေး၊ ကျနော့်သမီးလေး သူ့ အဘွားဆီ သွားအားပေးခဲ့တာလေး အမှတ်ရမိတယ်။

 အဲဒီတုန်းက သမီးနဲ့သူ့အဘွားနဲ့အကြောင်းလေးကို ကျနော်ရေးမှတ်ခဲ့ဖူးပါတယ်။
တခါတလေတော့လည်း ကျနော်တို့ဟာ ပုဂ္ဂိုလ်ခင်လွန်းရင် တရားမင်တတ်ရုံမက အဲ့ဒီပုဂ္ဂိုလ်ကို ထိ ခိုက် တယ်လို့ ထင်ရသမျှတွေကို ရှေ့နောက်မတွေးတော့ဘဲ ငါ့စကားနွားရ လုပ်တတ်ကြပါတယ်။
အထူးသဖြင့် ကိုယ်လေးစားတဲ့သူကိုထိပါးလာတယ်လို့ထင်တဲ့အခါမျိုးဆို ပိုဆိုးပေါ့။
အဲ့ဒီအခါမျိုးမှာ ချင့်ချိန်စဉ်းစားမှုဘေးချိတ်ပြီး ချက်ချင်းရန်လို တုံ့ပြန်ကြပါတယ်။ တချို့ဆို တဖက်သားက အကောင်းပြောတာလား၊ အဆိုးပြောတာလားဆိုတာကိုမှမသိဘဲ တုံ့ပြန်လိုက်ကြ တာပါ။
တခါတလေ ဘယ်လောက်ထိဆိုးသလဲဆိုရင် ကိုယ်လေးစားတဲ့ သူနဲ့ပေါင်းသင်းနေတဲ့ သူ ဟာ အင်မတန်လမ်းမှားနေတဲ့သူဖြစ်နေရင်တောင် အပြစ်ဆိုဖို့ မဝံ့ကြဘူး။
သူများတွေ အပြစ်ဆိုခဲ့ရင်လည်း ကာကွယ်တတ်ကြပါတယ်။

 သေသေချာချာ တွေးကြည့်ကြပါ။ ကျနော်တို့အများစုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးကြတော့ ကျန်တဲ့ဝန်ကြီးတချို့တလေ ဆုံးဖြတ်ချက်တစုံတရာ၊ မှားယွင်းနေပြီလို့ ယူဆမိ တဲ့အခါမျိုးမှာတောင် ထောက်ပြဝေဖန်ဖို့မဝံ့မရဲဖြစ်ကြရတယ်မဟုတ်လား။
ခေါင်းညိတ်ပြခဲ့ရတာ နှစ်ကာလအများကြီးဆိုတော့ ခေါင်းခါရမယ့်ကိစ္စမျိုးဆို မဝံ့မရဲပေါ့။ ကိုယ်တိုင်အဲ့ဒီလိုမျိုး ခဏတိုင်းခံစားဖူးခဲ့ပါတယ်။

ဘာမှမတွေးတော့ပဲ၊ သူများလုပ်သလိုလုပ်မှအန္တရာယ်ကင်းဘေးရှင်း နေထိုင်ရတဲ့ ဘဝနဲ့က လည်း အသားကျနေခဲ့တာ ကြာခဲ့ကြပြီလေ။

အဲ့ဒီတုန်းက အမေ့ကို သတင်းသွားမေးတဲ့သမီးလေးကို ကျနော်ဆူမိပူမိမလို ဖြစ်ခဲ့ရသေး တယ်။
ဖြစ်ပုံက ဒီလိုခင်ဗျ။

ကျနော့်ဇနီးရဲ့မေမေ- ကျန်းမာရေးအခြေအနေအရ ဝမ်းဗိုက်ခွဲစိတ်မခံယူဖို့ ဆေးရုံတက်ရပါတယ်။ ခွဲစိတ်မှုခံယူဖို့အတွက် မန္တလေးဆေးရုံကြီးက ခွဲစိတ်ဆောင် အမှတ် ၂ မှာ လိုအပ်တဲ့ ဆေး စစ်မှုတွေခံယူနေချိန်မှာ မြေးဖြစ်သူကျနော့်သမီးလေးက သူ့အဘွားဆီ အလည်သွားခဲ့ပါတယ်။ အဲ့ဒီ လို သူ့အဘွားဆီသွားလည်ခဲ့ပုံကို ကျနော့်ကိုဖုန်းထဲမှာ ပြန်ပြောပြခဲ့ပါတယ်။

 သမီးက သူအဘွားဆီရောက်တော့ သူရိုက်ထားတဲ့ဓာတ်ပုံလေးတွေကို တပုံပြီးတပုံ သူ့ အဘွား ကိုပြပေးနေတော့ အဘွားဖြစ်သူကလည်း သူ့ဝေဒနာသူမေ့ပြီး ''ဒါလေးက ဘယ်နားလေး တုန်း.. ဒါလေးက ဘယ်တုန်းကရိုက်ထားတာလဲ...ဟယ်..ဒီအင်္ကျီလေးကလှလိုက်တာ ဘယ်မှာချုပ်တာလဲ'' စသဖြင့်မေးပြီး ဓာတ်ပုံလေးတွေကိုစိတ်ဝင်တစားကြည့်သတဲ့။ ကျောင်းမှာရိုက်ထားတဲ့ပုံလေးတွေမြင်တော့ လည်း ''ငါ့မြေးလေးတွေအဆောင်တွေပေးမယ်ဆိုတာရောရကြပြီလားလို့ မေး သတဲ့။
သေချာတာတခုကတော့ အဲ့ဒီအချိန်လေးမှာ သူ လက်ငင်းခံစားနေရတဲ့ဝေဒနာကို မေ့သွား တာပါပဲ။
ကျနော်က ဖုန်းပြောရင်းနဲ့ ''သမီးလေးရေ...သမီးမေကြီးကိုသက်သာရဲ့လား..ဘယ်လိုနေ သေးလဲ သမီးဘာလုပ်ပေးရဦးမလဲလို့ရော မေးလိုက်သေးသလား '' ဆိုတော့ ''ဟင့်အင်း သမီး မမေးလိုက်ပါဘူး။ မမေးလိုက်ဘူးဆိုတာက ဒီလိုပါ။ သမီးက ဘာမှလုပ်ပေးနိုင်တဲ့ကိစ္စမဟုတ်လို့ မမေးလိုက်တာပါ.။ အဲ့ဒီအချိန်လေးမှာ သမီးလုပ်ပေးနိုင်တာက မေကြီးရဲ့စိတ်ထဲမှာ သူ့ဝေဒနာ သူ မေ့ပြီး ပျော်ရွှင်အောင်ပဲလုပ်ပေးနိုင်တာလေ ဖေဖေရဲ့'' ဆိုပါလား။


သူပြောပြနေတာလေး နားစိုက်ထောင်ရင်း တွေးမိပါတယ်။ သမီးက ဆရာဝန်လည်းမဟုတ်
သူနာပြုဆရာမကြီးလည်းမဟုတ်တဲ့ ကျောင်းသူလေးပဲကို။ ၁၉၇၄ မွေးတဲ့လူတယောက်နဲ့ ၁၉၉၇ မွေးတဲ့ လူတယောက်ဟာ သားအဖချင်းပေမယ့် လောကအပေါ် အမြင်တော့ ကွာခြားသွားပါပြီ။
ကျနော်တို့ဖြတ်ခဲ့ရတဲ့ခေတ်နဲ့သူတို့ဖြတ်ခဲ့ရတဲ့ခေတ်က အတော်လေးလည်းကွာခြားသွားပြီကိုး။
ငါအဖေပဲဆိုတဲ့ အာဏာရှင်စိတ်မွေးပြီး သမီးလေးကို ''ဘာဖြစ်လို့ အဲ့ဒီလိုမမေးခဲ့တာလဲ။ ဆေးရုံ မှာလူနာသွားမေးရင် အဲ့ဒီလို မေးရတယ်ကွ'' လို့ ပြောလိုက်ရင်တော့ သမီးဆက်ပြောမယ့် စကား လေးတွေ ကျနော်ကြားရမှာမဟုတ်တော့ဘူး။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဆန္ဒမဲပေးခွင့်ရခဲ့တဲ့သမီးလေးကို ဒီမိုကရေစီအပြည့်ပေးထားလို့သာ သူပြောပြတာ လေးဆက်ပြီး ကြားခဲ့ရတယ်။

တကယ်တော့ ကျနော်တို့ကိုယ်တိုင်ကသာ ဟန်ဆောင်ပန်ဆောင်ခေတ်ကြီးနဲ့ အသားကျအောင်နေခဲ့ ရတာမဟုတ်လား...။ လမ်းတွေ့ရင် နေကောင်းလား၊ စားပြီးပြီလားနဲ့ နေသားကျခဲ့ရတာမဟုတ်လား။
လမ်းမှာတွေ့မှတော့ နေကောင်းလို့ပေါ့။ မစားရသေးဘူးပြောရင်လည်း ဘုဂလန့်ကောင်လို့ တံဆိပ်ကပ်ခံရမှာကို ကြောက်ကြလို့လိုက်လျောညီထွေနေတတ်တဲ့သူတွေဆိုပြီး ကိုယ့်ဘာသာဖြေ တွေးခဲ့ကြတာပါ။

ကိုယ်တိုင်လည်း ဟန်ဆောင်လက်ခုပ်တွေ အကြိမ်ကြိမ်တီးခဲ့ဖူးသလို ဟန်ဆောင်လက်ခုပ်သံတွေကြားမှာလည်း ဟန်ဆောင်ပန်ဆောင် ပျော်မြူးခဲ့ကြဖူးတယ်လေ။ တခါတလေများဘဝင်တွေခတ်လို့ပေါ့။

ကျနော်တို့ဘဝတွေလေ။ မမြင်ဖူးတဲ့သောင်းကျန်းသူကိုတောင် ဆန့်ကျင်ရှုတ်ချဖို့မဖြစ်မနေ ပွဲတက်ခဲ့ ရတဲ့ကျနော်တို့ဘဝတွေ။

အကြိမ်ကြိမ် ဆန္ဒမဲပေးခွင့်ရပြီး ခဏခဏလွဲချော်ခဲ့ရတဲ့ကျနော်တို့ဘဝတွေနဲ့တကြိမ်သာ မဲ ပေးလိုက်ရပြီးတကြိမ်ထဲနဲ့ဒီမိုကရေစီရသွားတဲ့ခုခေတ်ကလေးတွေရဲ့ဘဝတွေ။

သူတို့လေးတွေမှာ ဟန်ဆောင်ခြင်းဆိုတဲ့မာယာအနုပညာတော့ ဆိတ်သုဉ်းသွားတာပေါ့။ သူတို့ အတွေးသူတို့အမြင်ကို ရဲရဲနဲ့ရိုးရိုးဖွင့်ပြောနေတတ်ကြပြီ။ ထားပါတော့၊ ခေတ်အကြောင်း ပြောရရင် ''တော'' ဆန်တော့မယ်။

သမီးလေးက သူ့အဘွားကို ''မေကြီး .. အသက် ဘယ်နှနှစ်လဲ ''လို့မေးသတဲ့။
အဘွားဖြစ်သူက (၇၀)လို့ပြန်ဖြေတော့…  ''ဒေါ်အောင်ဆန်းစုကြည်တောင်မှ ၇၁ နှစ်ဆိုတော့ သူက မေကြီးထက် ၁ နှစ်ကြီးတယ်။ သူလည်း ခုထိကျန်းမာနေတာပဲ။ မေကြီးလည်း နေကောင်းသွားမှာပါ'' လို့ပြောတော့.. ''သူက ဗိုလ်မင်းရောင်မျိုးဆက်၊ ဗိုလ်ချုပ်သမီး၊ နတ်မောက်အဆက်တွေ ငါ့မြေးရဲ့'' လို့ အဘွား ဖြစ်သူက ဆင်ခြေပေးသတဲ့။

သမီးလေးက "မေကြီးလည်း...ပုဂံညောင်ဦးအဆက်ပဲ။ ပုဂံဗိုလ်ချိုဆိုတာ သမိုင်းထဲမှာ နာမည်ကြီးပဲ။ ပြီးတော့ရာဇဝင်အဆက်ဆက် သူရဲကောင်းတွေထွက်တဲ့နယ်ကပဲ ''ပြန်စသတဲ့...။

 အမေကတော့ သူ့ကိုနောက်နေမှန်းမသိဘဲ ပုဂံသူရဲကောင်းတွေအကြောင်း ပြောပြနေပြန်သတဲ့။ တော်တော့်လေး ကြာတော့မှ သမီးလေးက သူ့အဘွားကိုသနားတာနဲ့… ''မေကြီးရယ် တက္ကသိုလ်စိန်တင်ရေးတာ သမီးဖတ်ဖူးပါတယ်'' လို့ပြောတော့ အားကျမခံ ''ရွှေကူမေနှင်းလည်း ရေးပါတယ်အေ''လို့ ပြန်ပြောသတဲ့။။

သူ့အဘွားမောနေမှာစိုးလို့ စကားပြတ်သွားအောင် ''မေကြီးတို့ပုဂံသူရဲကောင်းတွေက ခု ခေတ်ဟိုတယ်ဆောက်တဲ့ သူတွေကိုကျတော့ကြောက်ပုံရတယ်နော်'' ဆိုပြီး စကားဖြတ်လိုက်ကာ မှ '' သူတို့မရှိတော့လို့ပေါ့ ငါ့မြေးရယ်” ဆိုပြီး သူတို့ငယ်ငယ်က ဘုရားဖူးဧည့်သည်တွေတည်းကြခို ကြတဲ့ဇရပ်ကြီးတွေအကြောင်းနဲ့ သူငယ်စဉ်ဘဝနေခဲ့တဲ့အိမ်နားက ရွှေစည်းခုံ ဘုရားသမိုင်းကိုပါ မမောနိုင်မပန်းနိုင်ပြောပြနေလို့နားထောင်နေရတယ်တဲ့။

ဒီလိုနဲ့သမီးလေး ဆေးရုံကြီးကိုသွားလည်ပေးခဲ့တဲ့တနေ့လုံး အမေလည်း သူ့ဝေဒနာသူမေ့ ပြီး ရွှင်လန်းနေသတဲ့။

သမီးလေး ပြန်ကာနီးလို့  သူ့အဘွားကိုနှုတ်ဆက်ချိန်မှာတော့ အိမ်မှာနေခဲ့ရပြီး ဆေးရုံကို လိုက်မလာနိုင်တဲ့ သားတယောက်ဆီက (တကယ်တော့ ကျနော့်မယားညီအကိုပါ) ဖုန်းဝင်လာ သတဲ့ ''အမေ, အမေကခွဲမှာစိတ်မှာဆိုတော့ အားရှိအောင် ကျနော်တို့လာခဲ့ရမလား'' ဆိုတော့ ....


 ''မင်းတို့လာတော့ရော ငါကဘာလုပ်ရမှာလဲ ငါမြေးပေါက်စ လုံးလုံးလေးလွတ်လိုက်တာမှ စကား ပြောဖော်ရဦးမယ်'' လို့ ပြန်ပြောလိုက်သတဲ့။ အိမ်မှာ ကျန်နေခဲ့တဲ့သူ့မြေးပေါက်စန လေးတန်းကျောင်းသူလေးကို စကားပြောဖော်အဖြစ် တမ်းတနေသတဲ့။


 သမီးလေးနဲ့ဖုန်းပြောလို့အပြီးမှာဆက်ပြီးစဉ်းစားနေဖြစ်တာကတော့ အသက်အရွယ်ကြီးရင့် တဲ့ လူကြီးတွေနဲ့ဟန်မဆောင်တတ်တဲ့ ကလေးတွေရဲ့ အကြောင်းပါပဲ။ ဘဝနဲ့ခန္ဓာရဲ့အမောတွေ၊ နာကျင်မှုတွေ၊ လက်ငင်းသက်သာအောင် ဟန်ဆောင်မှုကင်းမဲ့တဲ့ ကလေးတွေရဲ့စကားကိုအမော ပြေ အနာသက်သာစေမယ့် ရေကြည်တပေါက်လိုလိုလား တောင့်တကြရှာတယ်။
ကလေးတွေက သူတို့အမြင်ကိုရိုးသားစွာပြောလာခဲ့ရင်လည်း၊ ဗီတိုအာဏာနဲ့ ချက်ချင်း ပယ်ချတာ မျိုးမလုပ်ဘဲ သေချာနားထောင်စဉ်းစားပေးဖို့လိုအပ်ပါတယ်။
ဘာမှမပြောရဲအောင် ဟန့်စစ်ဆင်လိုက်မယ်ဆိုရင် သူတို့လည်း ဘာမှဆက်မပြောရဲ။ ကိုယ် တွေလည်း အသက်အရွယ်အရ ဗုန်းဗုန်းလဲကျချိန်မှာ ဘာအသစ်မှ ဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။

လွတ်လပ်ပွင့်လင်းစွာပြောဆိုတတ်တဲ့ ပြောဆိုနိုင်တဲ့ကလေးတွေဟာ မောပန်းနာကြင်နေသူ လူကြီးတွေအတွက်တော့. ကဗျာဆရာ(ဦးချောနွယ်)မောင်ချောနွယ်စကား ခဏငှားပြောပါရ စေ။
ရေကြည်လေးတပေါက်...အတိအကျပြောရင်တော့ …

''အထက်တန်းကျတဲ့ရေ" ကြည်လေးတပေါက်ဖြစ်နေတာပေါ့။

ကလေးတွေရဲ့ဖြူစင်ရိုးသားတဲ့အားပေးစကားလေးတွေကို အရောင်မဆိုးမိအောင် ကျနော် တို့ သတိချပ်ကြရဦးမယ်။ ။

( ရွှေပြည်ကြီးကို လွမ်းနေရှာတဲ့ အဝေးရောက်များရဲ့ရင်ဘတ်ထဲကို ဝင်ကြည့်ရင်း ရေးဖြစ်တဲ့စာ)

ကျော်ကျော်(မြရည်စမ်း)
၁-၁၀-၂၀၁၆
ည ၁၀နာရီ ၁၃ မိနစ်