ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မိုးမြင့် - စိတ်တိုင်းကျ တဲ့ ဈာပန



မိုးမြင့် - စိတ်တိုင်းကျ တဲ့ ဈာပန 
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ အောက်တိုဘာ ၁၊ ၂၀၁၆

ရေဝေးသုသာန်ကိုရောက်တော့ အချိန်နည်းနည်း စောပါသေးတယ်။ ကားရပ်လိုက်တော့ အစောင့်သူငယ်လေးက ဒီနေရာကားအကြီးကြီးတွေရပ်တဲ့နေရာခင်ဗျလို့ဆိုပါတယ်။ ပြီးတော့နေရာတနေရာကို ညွှန်ပြပါတယ်။ ရုံးခန်းလိုနေရာတခုရဲ့ရှေ့မှာပါ။ တာဝန်ရှိသူများကလည်း ပြာပြာသလဲ ရှေ့က ကာထားတာတွေ ဖယ်ပေးပါတယ်။ ကားထဲကကိုယ့်ကို သေသေချာချာ အနားကပ်အကဲခပ်ပြီးတော့မှ ကိုယ်ဟာ ဗီအိုင်ပီမဟုတ်။ ဘီပီအိုင်လောက်သာ ဖြစ်တယ်ဆိုတာ သိသွားကြပြီး နောက်ထဲမှာကားသွားရပ်ဖို့ ပြောပြန်ပါတယ်။ သူတို့ခေါ်သွားတဲ့နေရာက အဆောက် အဦနောက်ထဲက သီးခြားကားရပ်နေရာလေးဖြစ်ပါတယ်။ ကောင်းပါပြီဆိုပြီး ခန်းမဘက် လျှောက်ခဲ့ပါတယ်။ ခန်းမရှေ့မှာတော့ ကိုအောင်ထိုက်အတွက် ပန်းခြင်းပန်းခွေတွေ အစုလိုက် အပြုံလိုက်ကြီး တွေ့ပါတယ်။ အဝင်ဝမှာတွေ့တဲ့ မိတ်ဆွေသူငယ်ချင်းဟောင်းတွေနဲ့နှုတ်ဆက်ပြီး ခန်းမထဲငဲ့ကြည့်လိုက်တော့ တရုတ်ရိုးရာအဝတ်အဆင်တွေနဲ့ ကန်တော့နေတာ မြင်ရပါတယ်။

ဒါနဲ့အထဲဝင်ပြီး ဟိုဟိုဒီဒီကြည့်တော့ ဆေး(၁)က အတန်းဖော်သူငယ်ချင်း Panda Hotel အောင်ဝင်းနဲ့ တွေ့တော့ သူ့ဘေးမှာထိုင်ပြီး စကားစမြည် ပြောပါတယ်။ တော်တော်ကြာမှ နေပါအုံး အောင်ဝင်းရဲ့ မင်းက ကိုအောင်ထိုက်နဲ့ဘယ်လိုအမျိုးတော်တာလဲလို့မေးတော့ အလန့်တကြားနဲ့ မင်းကကော ဘယ်ကိုလာတာတုန်းလို့ ပြန်မေးပါတယ်။

ဒီတော့မှ အခန်းမှားဝင်လာမိတာသိပါတယ်။ တကယ်တော့ အခန်းမမှားပါ။ အချိန်မှားနေတာပါ။ မေးကြည့်တော့မှ သူငယ်ချင်းအောင်ဝင်းရဲ့ဆွေမျိုးကိုယ်သိတဲ့သူတွေ ဖြစ်နေတယ်။ ခဏအကြာ ဒီဈာပနအပြီး လူတွေထွက်သွားတော့မှ စောစောက တောင်ပုံရာပုံပန်းခြင်းပန်းခွေတွေနဲ့ ဧရာမ လူအုပ်ကြီး အခန်းထဲဝင်ချလာပါတော့တယ်။

ခန်မကြီးပြည့်ကျပ်နေပြီး အပြင်ဘက် လျှံထွက်နေပါတယ်။ အသံချဲ့စက်တလုံးနဲ့ ကိုမြင်အေးတို့ ကိုကျော်အောင်တို့တသိုက် ဝိုင်းဝန်းကြပ်မပေးနေရပါတယ်။ များပြားလှတဲ့နိုင်ငံရေးလူမှုရေးအဖွဲ့အစည်းတွေကို ကြည့်မိတော့မှ ကိုအောင်ထိုက်ရဲ့ အံ့မခန်းအစွမ်းသတ္တိတွေ မြင်မိပါတယ်။

သူဟာ တချိန်ကလမ်းမပေါ်နိုင်ငံရေးကနေ ဒီကနေ့ခေတ် ဟိုတယ်ခန်းမကြီးပေါ် တက်လုပ်လို့ရတဲ့ နိုင်ငံရေးကာလအထိ တလျှောက်လုံး သူယုံကြည်ရာစိုက်လိုက်မတ်တပ်လုပ်ခဲ့သူ။ စင်ပေါ်တက် လက်သီးလက်မောင်းတန်း ပြောသူမဟုတ်။ သဘောတရားရေးဆရာမဟုတ်။ လက်တွေ့အလုပ်သမားသာ ဖြစ်ပါတယ်။ ဂိုဏ်းဂဏ အတားအဆီးများကိုလည်း အလွယ်တကူ ကျော်လွှားခဲ့သူ ဖြစ်ပါတယ်။ တဖက်နဲ့တဖက် မခေါ်မပြောနိုင်သူအားလုံးနဲ့ ချောချောမွေ့မွေ့ ဆက်ဆံနိုင်သူ ဖြစ်ပါတယ်။

ဧရာမလူစုလူဝေးကြီးကြားမှာ တရွေ့ရွေ့တိုးပြီး ဒီမိုကရေစီဘဘကြီးနဲ့ ရန်ကုန်ဝန်ကြီးချုပ်ကလေးတို့ ဝင်လာနေပါပြီ။ အမှတ်တရဝမ်းနည်းစကားတွေ ပြောကြပါတယ်။ နောက်ထပ်အဖွဲ့အသင်းတွေပြောဖို့အလှည့်ရောက်တော့ လူအုပ်ကြားအတင်းတိုးပြီး အပြင်ထွက်ခဲ့ပါတယ်။ အပြင်လူအုပ်ထဲမှာတော့လွန်ခဲ့တဲ့နှစ်များစွာက လူဟောင်းတွေ တစုတဝေး ပြန်ဆုံပါတယ်။ တောင်ငူ၊ ပဲခူး၊ ယိုးဒယား၊ မဲဆောက်၊ ရပ်နီးရပ်ဝေးက အရောက်လာကြသူတွေပါ။ တချို့လည်း မြင်တာနဲ့မှတ်မိ တချို့လည်း ပြောပြမှသိ။ ဝမ်းနည်းဝမ်းသာဖြစ်ရတာ ဒီပွဲပါ။ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်း တော်တော်ကြာတော့ ပန်းခွေတွေကိုင်ပြီး လူတွေတန်းစီထွက်လာပါတယ်။ ရှည်လျားလှတဲ့ပန်းခွေတန်းကြီးနောက်မှာ သူငယ်ချင်းကြီးကိုတင်ပြီးတွန်းလာတဲ့လှည်းကြီး ပါလာပါပြီ။ ဒီလိုသိက္ခာရှိရှိသေရတာ ကောင်းတယ်လို့ ပဲခူးသူငယ်ချင်းက ပြောပါတယ်။ ဒီခေတ်ဒီနေရာမှာ ဒီရောဂါလောက်နဲ့သေသွားရတာတော့ မကောင်းဘူးလို့ နောက်တယောက်က ပြောပါတယ်။ ဒါရည်ရွယ်ချက်ရှိရှိ လုပ်ကြံခံရတာလို့ နောက်တယောက်က ပြောပြန်ပါတယ်။

ဘာပဲဖြစ်ဖြစ် ပြာဖြစ်သွားပါပြီ။

ပြန်ထွက်ကြဖို့ပြင်တော့ ကားတွေနာရီနဲ့ချီအောင် ပိတ်နေပါတယ်။ စောင့်နေရင်းနဲ့သိကျွမ်းဟောင်းဆေး(၂) က ပါမောက္ခလေးနဲ့တွေ့လို့ နှုတ်ဆက်ပါတယ်။ သူ့နဲ့အတူပါလာတဲ့ လူငယ်လေးတွေနဲ့မိတ်ဆက်ပေးပါတယ်။ ဆေးတက္ကသိုလ်(၂) က ကျောင်းသားသမဂ္ဂဥက္ကဋ္ဌနဲ့အဖွဲ့ပါတဲ့။ ကိုအောင်ထိုက်နဲ့စပြီးသိတော့ ဒို့လည်း ဒီအရွယ်ပဲလို့ သတိရမိပါတယ်။




စိတ်တိုင်းကျတဲ့ဈာပန ( ၂ )

စိတ်တိုင်းကျကဖီး အကြောင်းပြောရရင် ကိုအေးကြည်အကြောင်း အရင်ပြောရမယ်။ ကိုအေးကြည်အကြောင်းပြောရင် အင်းစိန်ထောင်က ပြန်စရမယ်။

၇၄ ၇၅ ၇၆ အရေးတော်ပုံတွေနဲ့ ကျောင်းသားတွေ ဆုံမိကြတယ်။ အခြေအနေအမျိုးမျိုးနဲ့ နေရာစုံ ပြောင်းနေခဲ့ကြရတယ်။ ကိုယ်တိုင်ရောက်တဲ့နေရာတွေကတော့ ၅ တိုက်၊ ၆ တိုက်၊ တိုက်သစ်၊ ခွေးတိုက်၊ ဆေးရုံ ၃ဆောင်။

တွဲဖက်ထောင်မှာတော့ ဘုန်းကြီးတိုက်နဲ့ အဆောင်တွေမှာပါ။ ထိပ်ပေါက်ခေါင်းကွဲဖြစ်ရတဲ့ အချိန်ရှိ သလို ဆိုကြကကြ စာဖတ် ပန်းချီရေးလုပ်ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။

ချက်ပြုတ်စားသောက်တဲ့အခါ အိုးသူကြီးက ကိုအေးကြည် ဖြစ်ပါတယ်။ ဒီဖက်အခန်းမှာတော့ တောင်ငူ ကိုမိုးဝင်းက အိုးသူကြီးပါ။ အဆောင်ဖွင့်လို့ သူများတွေက စားကြလပ်လျားလပ်လျားလုပ်နေချိန်မှာ ဒီလူတွေ မီးခိုးတလူလူနဲ့ စီမံနေကြရပါတယ်။ ခုထိလည်း ကိုအေးကြည်တို့ ကိုမိုးဝင်းတို့နဲ့တွေ့ရင် ထမင်းဟင်းကောင်းစားရဆဲပါပဲ။

ထောင်ကလွတ်လာတော့ ကိုအေးကြည် မော်လမြိုင်က စိတ်တိုင်းကျဆိုင် ရန်ကုန်ရွှေ့လာပြီး စီမံပါ တော့တယ်။ ဒီမှာ စိန်ဂျွန်းဈေးမှာဆေးရောင်းနေတဲ့ ကိုအောင်ထိုက်နဲ့ပေါင်းပြီး ကြိုးပမ်းလိုက်တာ ဧရာမ လက်ဖက်ရည်ဆိုင်ကြီး ဖြစ်လာပါတော့တယ်။ တချိန်ကလက်ဖက်ရည်ဆိုင်ဆိုတာ အနီးအနား ရပ်ကွက်ထဲကလူတွေသွားလာရင်း လမ်းကြုံဝင်တာမျိုးပါ။ စိတ်တိုင်းကျကတော့ ဟိုအဝေးကလူတွေတောင် တကူးတက လာသောက်ရတဲ့ဆိုင် ဖြစ်လာပါတယ်။

ဒီနေရာမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပရဟိတလုပ်ငန်းပေါင်းစုံတို့ရဲ့ ဆုံချက် ဖြစ်လာပါတော့တယ်။ ကိုအောင်ထိုက်ဟာ ခုနကလုပ်ငန်းတွေအားလုံး တပြိုင်ထဲလုပ်ခဲ့တာပါ။ သူ့အရည်အချင်းမှာ ထူးခြားတာက သဘောထားမတူသူများဆီကတောင် လက်ခံလာနိုင်အောင် ဆက်ဆံနိုင်တာပါပဲ။ ဒါပေမဲ့ သူဆုပ်ကိုင်ထားတဲ့ မူဝါဒ လက်မလွှတ်ပစ်ခဲ့ပါ။

သူ့လုပ်ဆောင်ချက်တွေပြောရရင် အများကြီးမို့ ကိုယ်ရေးကိုယ်တာလေး ဝင်ပြောပါ့မယ်။

နှစ်တွေကြာပေမဲ့ သတိရလို့ပါ။ သူ့ဆိုင်ကို မိသားတစု မကြာခဏရောက်ပါတယ်။ ဆိတ်စွပ်နံပြားဆိုတာလည်း မှတ်မိသလောက် သူ့ဆိုင်ရောက်မှဟုတ်တိပတ်တိ စားဖူးတာပါ။ တနေ့တော့ ပါနေကြဦးလေးတယောက်ကလာပြီး စကားပြောတဲ့ကိုအောင်ထိုက်ကို မြို့လှမှာ ဟိုတုန်းက သူငယ်ချင်းတယောက်ရှိတယ်ဆိုပြီး တရုတ်နာမည်တခု ရွတ်ပြတယ်။

ကိုအောင်ထိုက်ကလည်းအံ့အားသင့်ပြီး အဲဒါ ကျွန်တော့အဖေပါပဲလို့ ပြန်ပြောပါတယ်။

ဒီလိုနဲ့ စိတ်တိုင်းကျဟာ ဆိုင်တွေအများကြီးဖြစ်လာပါတယ်။ အပေါင်းအသင်းတွေမိသားစုတွေအများကြီးကို ဟင်းစားလည်းပေး၊ ကွန်ချက်လည်းပြ၊ အလုပ်တွေရကြပါတယ်။

တချိန်မှာတော့ ကမ္ဗောဇရိပ်သာထဲက အခုနေတဲ့အိမ်ကြီးထဲရောက်လာပါတော့တယ်။ မှတ်မှတ်ရရ တညနေခင်း သူ့အိမ်ရှေ့မှာ အေးအေးဆေးဆေး စကားပြောဖြစ်ပါတယ်။ ရှေ့တည့်တည့်မှာ ပြာပြာညှို့ညှို့နဲ့ ချင်းချောင်းနန်းတော်လို့ခေါ်တဲ့ အဆောက်အဦအမြင့်ကြီး မြင်နေရပါတယ်။ ဒီနေရာဟာ တချိန်က ချင်းချောင်းသဌေးကြီးရဲ့စံရာ ဖြစ်ပါတယ်။ နောက်တော့ မဆလခေတ်မှာ ထိပ်သီးပုဂ္ဂိုလ်ကြီးများအတွက် နေရာဖြစ်လာပါတယ်။ စိမ်းစိမ်းစိုစိုနဲ့ လူကုန်တန်များရဲ့မင်းကြိုက် စိုးကြိုက်ကာလသားများနဲ့ လားလားမှမထိုက်ဆိုတဲ့နေရာပါပဲ။
သူကလက်ညှိုးထိုးပြပြီး ဒါကဘယ်သူ့နေရာ၊ ဒါက ဘယ်ဝါ့နေရာဆိုပြီး ပြောပြနေပါတယ်။ နေရာတော်တော်များများကတော့ တပါးသူတွေ လက်ပြောင်း ခေတ်ပြောင်း  ပြောင်းဖြစ်နေပါပြီ။
အခုတော့ ကိုအောင်ထိုက်ရေ။ ခင်ဗျားကိုထောင်ချ ကျောင်းထုတ်ပစ်ခဲ့တဲ့ သွားလေသူ သမ္မတဟောင်း ကြီးအိမ်ဝိုင်းနားက ခင်ဗျားအိမ်ကြီးထဲမှာ သမ္မတသစ်ကြီးရဲ့ ဝမ်းနည်းဂုဏ်ပြုပန်းခြင်းကြီး ရောက်နေ လေရဲ့ဗျာ။