ကိုအောင်မှိုင်း ● တမ်းချင်း

 
ကိုအောင်မှိုင်း ● တမ်းချင်း
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၆

ငါ့ရှေ့ မှာကဗျာ
ကဗျာရှေ့ မှာငါ
ငါ့တကိုယ်လုံး ကဗျာတွေနဲ့ဖုံးခဲ့။

ကဗျာကို ငါကမိတ်ဆက်
ကဗျာက ငါ့ကိုမိတ်ဆက်
တို့တွေ သူငယ်ချင်းဖြစ်ခဲ့။

ကဗျာနဲ့ငါ  Rock သီချင်းတွေအတူဆိုခဲ့ကြ
ကဗျာနဲ့ငါ  Tango အကတွေအတူကခဲ့ကြ
ကဗျာနဲ့ငါ  ဟိမ၀န္တာတောင်ကိုလည်း အတူတက်ခဲ့ကြ
ကဗျာနဲ့ငါ  ကမ္ဘာတပတ်လှေလှော်ခဲ့ဖူးကြ
ကဗျာပျော်တယ် ငါလည်း ပျော်တယ်။

ဆီးရီးယားကအပြန် ကဗျာငိုတယ်
မနောမြေကအပြန် ကဗျာငိုတယ်
ချယ်ရီတောကအပြန် ကဗျာငိုတယ်
ဇွဲကပင်ကအပြန် ကဗျာငိုတယ်။

ကဗျာငိုတော့ ငါလည်း ငိုတယ်
ငါးလေးတွေလည်း ငိုတယ်
ငှက်လေးတွေလည်း ငိုတယ်
ကလေးလေးတွေလည်း ငိုကြတယ်။

သေနတ်တွေက ကဗျာဖြစ်
ကဗျာက မြေမြုတ်မိုင်းဖြစ်
ဗိုလ်ချူပ်ကြီးတွေက ကဗျာဖြစ်
ကဗျာက နိုင်ငံရေးသမားဆိုသူတွေဖြစ်
လူလိမ်တွေလို့ ငါအော်ပစ်လိုက်တယ်။

တော်လဲသံတွေနဲ့အတူ
ပုပ္ဗါးမီးတောင်ကြီး ပြန်ရှင်သန်လာခဲ့
ဖူဂျီယာမကြီးလည်း မီးတောက်တွေနဲ့
အမေဇုံတောကြီး ကမ္ဘာမြေကပျောက်သွားခဲ့။

အော်
ဒါကမ္ဘာစစ်ကြီးပဲ
ငါ့ရှေ့ မှာ ခိုဖြူလေးတကောင်ပြုတ်ကျလာတယ်။

သူသေသွားပြီ။
ကမ္ဘာကြီးတော့ သေသွားပြီ။
ဒို့ကဗျာတွေများ သေသွားဦးမလား။

ကိုအောင်မှိုင်း