ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

တူးရယ် ● ရဲဘော်တယောက်ရဲ့ကောက်ကြောင်း


တူးရယ် ● ရဲဘော်တယောက်ရဲ့ကောက်ကြောင်း
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂ဝ၁၆

ခရီးသွားတာ နှစ်ပတ်ထဲဝင်လာတဲ့အထိ ဒီရဲဘော်ကိုသိပ်တော့ ထူးထူးခြား ခြားသတိ မထားမိလိုက်ဘူး။ သူက နောက်ပိတ် တပ်စိတ်ထဲမှာ ဒါမှမဟုတ် ရှေ့ပြေးပွိုင့်မှာ အမြဲသွားတော့ သိပ်မတွေ့ရတာလဲပါတယ်။ လူပုံစံက ပိန်ပိန်ပါးပါး နေလောင် အသားအရည်နဲ့ ကရင်နီလူမျိုးမဟုတ်မှန်းတော့ သိတယ်။ ခပ်အေးအေးလေးပေမဲ့ ဖြတ်ဖြတ်လတ်လတ်ပါပဲ။ သံလွင်ကူးတုန်း က လူကြိုပို့လှေကို ခေါက်တုံ့ခေါက်ပြန် အားရပါးရလှော်တာကို ကြည့်ခြင်းအားဖြင့် ရေကျွမ်းတယ်ဆိုတာ ခန့်မှန်းလို့ရတယ်။ တခါတလေ ရွာထဲနားတဲ့အခါ၊ ဆေးမှူးတွေ ဆေးကုပြီး ကျန်းမာရေးပညာပေးတဲ့အခါ၊ ဒါမှမဟုတ် ရွာလူငယ်တွေနဲ့ ဆွေးနွေး ပွဲလုပ်တဲ့အခါတွေမှာ ခပ်လှမ်းလှမ်းကနေ ကျနော့်ကို အကဲခတ်နေတယ်လို့ ထင်ရတယ်။ သူ့ကိုကြည့်ရတာ ကျနော့်ကို သူစကားပြောချင်နေသလိုပဲ။

နောက်ပိုင်းမှာ ရဲဘော်အချင်းချင်းခေါ်ကြရာမှ သူ့နာမည် ခင်ဇော်ဆိုတာ သိလိုက်ရတယ်။ ဗမာစစ်တပ်ကနေ အလင်းဝင် လာတာတဲ့ (မှတ်ချက်။ ။တိုင်းရင်းသား လူမျိုးစုတွေက အစိုးရတပ်ကို ဗမာစစ်တပ်ဟုသာ ခေါ်ကြသည်)။ သြော် ဒါကြောင့် ကိုး။ သူ ကျင်လည်လာခဲ့တဲ့ရန်သူ့စစ်တပ်မှာက အဆင့်ဆင့် ကြီးနိုင်ငယ်ညဉ်း အထက်အောက် စနစ်က တင်းတင်းကြပ်ကြပ် ရှိနေတယ်လေ။ ဒီခရီးစဉ်မှာကျနော်က ရုံးအဖွဲ့ထဲမှာပါတော့ ကျနော့ကိုအရာရှိထင်ပြီး စကားမပြောရဲတာလဲဖြစ်နိုင်တာပဲ။ နောက်ပိုင်းတော့ ကျနော်က တခြားရဲဘော်တွေနဲ့ ရောရောဝင်ဝင် ထမင်းအတူဝိုင်း၊  ဟင်းအတူသွားရှာ၊ စကားဖောင်ဖွဲ့ စတာတွေလုပ်တော့ သူလည်း ကျနော့်နား တဖြည်းဖြည်းကပ်လာတယ်။ ရင်းနှီးမှုဆိုတာ တခါမှ မမြင်ဖူးသူတွေအတွက် အချိန်အတိုင်းအတာတခုတော့ ယူကြရတာပါ။

တရက်မှာ လုဝါဆိုတဲ့ရွာလေးဆီရောက်ဖို့ တောင်မြင့်မြင့်တလုံးတက်ရတယ်။ အမြင့်ရောက်လာလေ အေးလာလေပဲ။ တောင်ထိပ်ကရွာဆီကိုရောက်တော့ မပီ ဝိုးတဝါးနဲ့ နှင်းတွေဝေလို့ ခပ်ဝေးဝေးကို သဲသဲကွဲကွဲသိပ်မမြင်ရဘူး။ ရွာသားတွေက တောင်အောက်ကိုမြည်းနဲ့ရေသွားခပ်တာ နေ့တဝက်ကျော်သွားရတယ်။ အစက ဘာလို့ ဒီမှာ ရွာလာတည်တာလဲ စဉ်းစားမရ ဘူး။ နောက်တော့ ဘိန်းစိုက်ခင်းအတွက်လို့ သိရတယ်။ ဒီဒေသကအေးတဲ့အတွက် ဘိန်းကလွဲလို့ အခြားသီးနှံ မဖြစ်ဘူးလို့ ပြောတယ်။ ရွာသားတွေက ဒါနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုနေရတယ်လေ။ ဒီဘိန်းစိုက်ပျိုးရေးကို ပိတ်ပင်ဖို့ဆိုတာ သက် ဆိုင်ရာဒေသခံအဖွဲ့အစည်းတွေ ဒေသခံတွေနဲ့ စီမံကိန်းဆွဲပြီး အများကြီးလုပ်ရမှာပါ။ ထားပါတော့။

လုဝါမှာ ခဏနားပြီး တောင်ရဲ့ဟိုးအောက်ဘက် ပွန်ချောင်းဆီကိုဆင်းပြီး ခရီးပြန်ဆက်ရတယ်။ ခွဲခွာသွားတာကြာပြီဖြစ်တဲ့ ဇာတိမြေ လွိုင်ကော်မြို့နဲ့ တဖြည်းဖြည်း နီးလာခဲ့ပြီပဲလေ။ စိတ်ထဲမှာ လွမ်းသလိုလို ဆွေးသလိုလိုတော့ ခံစားခဲ့ရတယ်။ ပွန်ချောင်း ကိုကူးပြီးတဲ့အချိန်မှာ မိုးချုပ်နေပြီ။ တနေကုန် တောင်တက်တောင်ဆင်းခရီးဆက်ကြတာ အရမ်းပင်ပန်းနေကြ တာပေါ့။ ပွန်ချောင်းဘေးမှာ ပုခက်တွေချည်၊ မိုးကာတွေခင်းနဲ့ တခဏ လေးအတွင်းမှာပဲ တခေါခေါနဲ့အိပ်ပျော်ကြတော့တယ်။ ကျနော်က လုပ်နေကျ မအိပ်ခင် ဒိုင်ယာယီရေးရင်း လက်စွဲရေဒီယိုလေးဖွင့်ပြီး သတင်းနားထောင်နေမိတယ်။ သတင်းထဲမှာ တော့ အဘတွေစိုးမိုးတဲ့တိုင်းပြည်မှာ ထူးမခြားနားသတင်းတွေနဲ့သာ အပ်ကြောင်းထပ်နေလေရဲ့။

ထိုအခိုက် အမှောင်ထဲမှာခပ်ရေးရေးနဲ့ ကျနော့်ဆီကို ရဲဘော်တယောက် ကပ်လာတာ တွေ့လိုက်ရတယ်။ အနီးရောက်လာမှ ခင်ဇော်ဆိုတာသိလိုက်တယ်။ `ဆရာ တော်တော်ပင်ပန်းနေပြီထင်တယ် အိပ်မရဘူးလား`တဲ့။ ကျနော့်ပုခက်ဘေးနားမှာ သူထိုင် ချရင်းမေးတယ်။ ပင်ပန်းတဲ့အကြောင်း သူ့ကိုပြန်ဖြေတယ်။ `အရင်ရက်တွေကတည်းက ဆရာ့ကိုစကားပြောမလို့ လုပ်တာ မပြောရဲလို့ အခုမှလာပြောတာပါ။ မပြောရဲလောက်အောင် ကျနော်ကဘာမို့လို့လဲကွာ ရဲဘော်အချင်းချင်းပဲ၊ ညီအစ် ကိုတွေလို ပွင့်ပွင့်လင်းလင်းပေါ့ မဟုတ်ဘူးလား၊ `ဆရာလို့ မခေါ်ပါနဲ့ ရှက်စရာကြီး၊ အကိုလို့ခေါ်နိုင်ပါတယ်`။ ကျနော်သူ့ကိုရင်းရင်းနှီးနှီးပြန်ပြောတော့ အတင့်ရဲလာပြီး သူပိုပျော်လာတာ တွေ့ရတယ်။ ဒီလိုနဲ့ ဟိုအကြောင်း ဒီအကြောင်း ခရီးစဉ် အကြောင်းတွေ တစွန်းတစပြော ကြတာပေါ့။ သူ ခလရ (-) ကနေ ကရင်နီတပ်မတော်ဆီ အလင်းဝင်လာတဲ့အကြောင်းတွေ။ ထိုင်းဘက်ကို အလုပ်သွားလုပ်လို့ရပေမဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ကရင်နီတပ်မတော်နှင့်လက်တွဲပြီး တိုက်ပွဲ ဝင်လိုတာကြောင့် ကရင်နီတပ်ထဲပြန်ဝင်ခဲ့ကြောင်း။ ဒီခရီးမထွက်ခင်လေးမှာ သူအိမ်ထောင်ကျတဲ့အကြောင်း။ အိမ်တောင်မှ ကောင်းကောင်း  မဆောက်ပြီးသေးတဲ့အကြောင်း။ တလတောင်မပြည့်သေးတဲ့ ချစ်ဇနီးလေးက သူရှေ့တန်း ကပြန်လာမဲ့နေ့ ကို မျှော်နေမှာသေချာကြောင်း အားရပါးရ သူကျနော့်ကို ပြောပြရှာတယ်လေ။

နောက်တော့ သူရုတ်တရက် ငိုင်ကျသွားတာ သတိထားလိုက်မိတယ်။ သူက ဆက်ပြီး `အကိုရေ ဒီတသက်တော့ ကျနော့် မိဘတွေ မိသားစုဝင်တွေနဲ့ တွေ့ရတော့မှာမဟုတ်ပါဘူးကွာ``သူတို့နဲ့ခွဲသွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ`တဲ့။ ခပ်ဆွေး ဆွေးလေး သူပြောရှာတယ်။ `ဒါနဲ့ညီက ဘယ်ဇာတိလဲ?`ကျနော်က သူ့ကိုမေးတယ်။ `ကျနော် ချင်းပြည်နယ်ကပါ။ ချင်း လူမျိုးပါ။ မိဘတွေစီးပွားရေးအဆင်မပြေလို့ စစ်တပ်ထဲရောက်သွားတာပါ။ စစ်ထဲဝင်ပြီးကတည်းက ချင်းပြည်နယ်မှာမနေ ရတော့ပဲ တနယ်ပြီးတနယ်ပြောင်းရင်း ကယားဒေသကို ရောက်လာတာပါ။

ကျနော်သူ့ကိုထင်ထားတာက ဗမာလူမျိုးပါ။ အခုသူက တိုင်းရင်းသား ချင်းလူမျိုးပါပဲလား။

`မိသားစုနဲ့ ပြန်တွေ့ရမှာပါကွာ။ ကျနော်လည်း ဘာထူးလဲ။ ကျနော့ရွာက နီးနီးလေး။ ဒီကနေသွားရင် နေ့တဝက်ပဲရှိတယ်။ ဒါပေမဲ့ မိသားစုဝင်တွေနဲ့မတွေ့ရတာ (၁ဝ) နှစ်နီးနီး ရှိပြီ။ တိုင်းပြည်အခြေအနေမကောင်းလို့၊ အစိုးရမကောင်းလို့၊ စနစ်မ ကောင်းလို့ ပြန်မတွေ့ကြသေးတာပါ။ ကျနော်တို့ ညီတို့ တော်လှန်ရေးလုပ်တာ တိုက်တာ ဒီအတွက်ပဲမဟုတ်လား။ တနေ့ကျ ရင် ဒီအာဏာရှင်စနစ်ကျဆုံးပြီး စနစ်အသစ်နဲ့ အစိုးရအသစ်နဲ့ဖြစ် လာရမှာပါကွာ။ အဲဒီအခါကျရင် ညီလေးပြောတဲ့ ချင်းပြည် နယ်ဆိုတာ နီးနီးလေးကွ။ မိဘတွေ မိသားစုတွေကို အချိန်မရွေးပြန်လည်တွေ့ဆုံလို့ရပြီပေါ့ကွာ`။ ကျနော်သူ့ကို တတ် နိုင်သလောက်အားပေးတယ်။ သူ့ကိုကြည့်ရတာ တော်တော်လေး စိတ်ဓာတ်ကျတဲ့ပုံပါ။ `အကိုပြောသလို ဖြစ်လာပါစေလို့၊ ကျနော်တို့အားလုံးကံကောင်းပါစေလို့ ဘုရားသခင်ထံ ဆုတောင်းရမှာပဲအစ်ကို`။

သ ကျနော့်ကိုရင်ဖွင့်ရလို့ တော်တော်လေးရင်ထဲပေါ့သွားရှာတာနဲ့ တူပါရဲ့။ ဒါပေမဲ့လေ။ ဒါပေမဲ့ပေါ့။ သူဆုတောင်းမပြည့်ခဲ့ပါဘူး။ အဲဒီတခေါက်သူနဲ့ကျနော် စကား ပြောရတဲ့ညဟာလေ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဆိုတာ အဲဒီတုန်းက မသိခဲ့တာပါ။ လောကကြီးက တခါတလေ တော်တော်ဆန်းတယ်လို့ထင်မိတယ်။  အဲဒီနောက် တပတ် နှစ်ပတ်အထိ သူနဲ့သိပ်မဆုံဖြစ် တော့ဘူး။

အဲဒီအချိန်တုန်းက ကရင်နီပြည် အလယ်ပိုင်းဂွင်ဘက်မှာ ကိုယ့်ဖက်တပ်တွေနဲ့ ရန်သူနဲ့တိုက်ပွဲဖြစ်တယ်။ ရန်သူက အဲဒီဘက် ကိုစစ်အင်အား အလုံးအရင်းနဲ့မဲနေတယ်။ အဲဒီတော့ ရန်သူ့ဦးတည်ချက်လမ်းကြောင်း ဒွိဟဖြစ်သွားအောင် ဒီအပေါ်ဘက်မှာ လည်း စစ်ရေးလှုပ်ရှားပေးဖို့လိုတယ်။ ဗိုလ်မိုရှေး (ကျဆုံး) က သူ့တပ်တွေနဲ့ စစ်ဆင်ရေးတခု ဆွဲကြတယ်။ `လွိုင်လင်လေး`က ရန်သူ့တပ်ကိုဝင်တိုက်ဖို့ လက်ရွေးစင်တပ်စိတ်ကို ရွေးတဲ့အထဲမှာ ခင်ဇော်ပါသွားတယ်လေ။

နောက်တပတ်ကျော်လောက်မှာ ကျနော်တို့က ပွန်ချောင်းအရှေ့ဘက် တောင်ပေါ်ကိုပြန်ရောက်လာခဲ့ကြတယ်။ တနေ့ကျ တော့ ခါတိုင်းလိုပဲ ကျနော်နဲ့ဗိုလ်ကြီးမိုရှေး လယ်ကွင်းထဲက တဲကလေးထဲမှာ စကားစမြည်ပြောနေကြတုန်း စက်သတင်းဝင် လာ တယ်။ စေလွတ်သွားတဲ့ အထူးတပ်စိတ် မနေ့ညက လွိုင်လင်လေးရှိ ရန်သူကိုဝင်တိုက် ကြောင်း။ ရန်သူတွေကျဆုံး ကြောင်း၊ လက်နက်တွေရကြောင်းပေါ့။ ဒါပေမဲ့ မိမိတို့ဘက်က တယောက်ကျဆုံးကြောင်း။ ခင်ဇော်ဖြစ်ကြောင်း၊ မတတ်သာ လို့ အလောင်းကို ချန်ထားခဲ့ရကြောင်း စသဖြင့် စက်ထဲကနေသတင်းပို့လာတယ်။ ကျနော်ရော ဗိုလ်မိုရှေးရော တဒင်္ဂ အ တွင်း ကြောင်တောင်တောင် ဖြစ်သွားတယ်။ ဗိုလ်ကြီးမိုရှေးဆို ပိုခံစားရတာပေါ့။ သူရဲ့ ချစ်လှစွာသော ရဲဘော်တယောက် လက်လွတ်လိုက်ရပြီကိုး။ သွားကြိုဖို့ သူ့တပ်ကို ချက်ချင်းစုလိုက်တယ်။ တိုက်ပွဲကပြန်လာမဲ့တပ်စိတ်ထဲ လူတယောက်လျော့ လာမှာ သိနေ တာကြောင့် စိတ်ထဲမှာဟာတာတာ ဖြစ်နေမိတယ်။ ညနေပိုင်းရောက်မှ ပြန်လာတဲ့ တပ်စိတ်နဲ့ဆုံတွေ့ကြတယ်။ ဗိုလ်မိုရှေးဆီ သိမ်းဆည်းရလာတဲ့ လက်နက်ပစ္စည်းတွေ လာအပ်ကြတယ်။ အဲဒီပစ္စည်းတွေကို ကျနော်စိတ်မဝင်စားဘူး။ သွေးတွေပေစွန်းနေသေးတဲ့ ခင်ဇော်ရဲ့အီကွင့်မစ် (equipment)နဲ့ သေနတ်ကိုပဲ တွေတွေကြီးစိုက်ကြည့်နေမိခဲ့တယ်။ `ဒီတသက်မိသားစုနဲ့ မတွေ့ရတော့ပါဘူးလေ`ဆိုတဲ့ သူ့စကားသံကိုပဲ ပြန်ကြားယောင်နေမိတယ်။ `စကားနောက် တရား ပါ`ဆိုတာ ဒါမျိုးပေပဲလား။ ခင်ဇော်တယောက် ကောင်းရာသုဂတိလားပါစေ လို့စိတ်ထဲကနေ မေတ္တာပို့ပေးခဲ့တယ်။ နောက် တန်းမှာ သူ့ရဲ့ ချစ်ဇနီးသစ်လေးနဲ့ပြန်တွေ့ခဲ့ရင် ကျနော်ဘယ်လိုစကားလုံးတွေကိုသုံးပြီး ပြန်ပြောပြရမှာပါလိမ့်။
××××   ×××××          
      
အခုတော့လဲ ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ (၁၅) နှစ်ကျော်တုန်းက အဖြစ်တွေပါ။ ဗိုလ်ကြီးမိုရှေးကိုယ်တိုင်အပါအဝင် အဲဒီသူ့တပ်ခွဲထဲ က ရဲဘော်တချို့လည်း တော်လှန်ရေးအတွက် အသက်ပေးလှူသွားခဲ့ကြပြီလေ။ တချို့လည်း ခြေထောက်တွေ ဆုံးရှုံးခဲ့ကြ တယ်။ ခံယူချက်တခုအတွက် ပေးဆပ်မှုတွေက တော်တော်ကြီးမားခဲ့ကြပေါ့။ ရဲဘော်တို့ အားလုံးကို ကျနော်အစဉ်အမြဲ စိတ်ထဲကနေအလေးပြုနေမှာပါ။

နှစ်တွေဖြတ်သန်းလာခဲ့ပြီးတဲ့နောက် ဒီကနေ့မြန်မာပြည်မှာ ခင်ဇော်ဖြစ်ချင် တွေ့ချင်တဲ့ အပြောင်းအလဲတွေ တဖြည်းဖြည်း တွေ့လာရပါပြီ။ ပြည်သူရွေးတဲ့ ဒါမှမဟုတ် တိုင်းရင်းသားတွေအတွက် မျော်လင့်ချက်ကြိုးတစဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရလည်းတက်လာပါပြီ။ အာဏာကိုထိန်းချုပ်ဖက်တွယ်ထားတဲ့ အဘတွေလည်း တဖြည်းဖြည်းသဘောထားပျော့လာတော့မှာပါ။ ပြည်သူတွေကလည်း အမြင်ကျယ်လာကြပြီလေ။ ထောင်သောင်းချီတဲ့ ကလေးစစ်သားနဲ့ အရွယ်ကောင်းလူငယ် လေးတွေ၊ များစွာသောအဖေတွေကို တိုင်းပြည်ကာကွယ်ဖို့မဟုတ်ဘဲ အဘတွေရဲ့ မျိုး ဆက်စည်းစိမ် ကာကွယ်ဖို့လောက်နဲ့ ထပ်ပြီးအသက်မဆုံးရှုံးချင်ကြတော့ဘူး။ အရှေ့ဘက်ဆီက ရောင်နီလေးသန်းလာခဲ့ပြီပေါ့။ အဲဒီရောင် နီလေးက ဗမာအပါအဝင် တိုင်းရင်းသား အားလုံး ငြိမ်းချမ်းစွာအတူယဉ်တွဲနေထိုင်တဲ့ နေ့ဆီကိုပါ။

တူးရယ်